Saturday, October 31, 2009

ကျနော့်လက်က ကျပျောက်သွားတဲ့ လ တစင်း



မိုးကလေးတွေ တဖွဲဖွဲရွာ ကျောင်းပြန်ဖွင့်စမှာ …
သူငယ်ချင်းတွေ ပြန်ဆုံတွေ့ ဒို့တတွေ ပျော်တယ်ဟေ့ …
ဟေ့ ဒို့တတွေ ပျော်တယ်ဟေ့ …

ကျောင်းပြန်ဖွင့်ရက်၏ နံက်ခင်းဖြစ်သောကြောင့် ကျနော်တို့ SAW အထက် တန်းကျောင်းတွင် အဖြူအပြာလေးများ သစ်လွင်တောက်ပပြီး တက်ကြွနေ ကြသည်။ အတန်းငယ်လေးများဆီမှ ကဗျာဆိုသံများ တပုဒ်ပြီးတပုဒ် ပျံ့လွင့် နေပြီး တချို့အတန်ကြီးများ ဘက်တွင်တော့ မိတ်ဆက်ခြင်းများ စာသင်ခန်း တွင် လိုအပ်သည့် မြေပုံကားချပ်များ အခြားသင်ထောက်ကူ ရုပ်ပုံကားချပ် များနဲ့ ကျောင်းသား ကျောင်းသူများ ရေးဆွဲထားသော လက်ရွေးစင်ပန်းချီ ကားဟောင်းများ စသည်တို့ကို တပ်ဆင်နေရာချနေကြသည်။ နှစ်လခွဲခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့သောကျောင်းသည် အခုတော့ သူ့ရင်ခွင်တွင် ပညာ အမွေပေးသူ ပညာအမွေဆက်ခံသူတို့နှင့် ပြည့်နှက်လို့ အသက်ဝင်လှုပ်ရှားနေ ခဲ့ပြီး စာသင်ခန်းတခန်းစီကို အခြေအနေ လှည့်လည်ကြည့်ရင်း ကိုးတန်းအ ခန်း အရောက်တွင် ကျောင်းသား ကျောင်းသူများ၏ မျက်နှာများကို ကျနော် တယောက်ပြီးတယောက် သေခြာစွာ ကြည့်နေမိသည်။
မနှစ်က ဒီကျောင်းက ရှစ်တန်းအောင်ခဲ့သော ကျောင်းသားကျောင်းသူအများစုနှင့် အခုမှတွေ့ဖူးသော ကျောင်းသားကျောင်းသူအသစ် ငါးယောက်၊ အခေါက်ခေါက်အခါခါ ပြန်ကြည့်မိသည်။ အထူးသဖြင့် အရှေ့ဆုံးအတန်းဆီ၊ ရင်ထဲတွင်ဟာသွားသည်။ ကျောင်းသား ကျောင်းသူများဆီမှ အကြည့်ကိုခွာပြီး ပန်းချီကားများရှိရာသို့ လျှောက်သွားလိုက်သည်။ အလွတ်ရနေပြီဖြစ်သော ပန်းချီကားတချပ် အရှေ့ တွေဝေစွာရပ်ရင်း ပန်းချီကားထောင့်အစွန်းမှ နာမည်ကို ရင်ထဲမှာ ပဲ့တင်ထပ်နေအောင် အော်ခေါ်နေမိသည်။
မစန္ဒာလင်း …
စန္ဒာလင်း …
စန္ဒာလင်း ကလေးရေ …
“ဆရာ ဒီမှာကြည့်ပါအုံး သမီးဆွဲထားတဲ့ပုံ လှတယ်မဟုတ်လား”
“ဟာ ဟုတ်ပ ကြည့်စမ်း ကြက်ဥကြော်ပုံတွေ လှတယ် လှတယ်”
“အာ … ဆရာကလည်း သေခြာကြည့်ပါအုံး ဒါနေကြာပန်းပုံလေ”
ပန်းချီကားကို မျက်စိနားသို့ ထိုးပြသည်။
“သြော် အေး တူတော့တူပါတယ်လို့ ဆောရီးဆောရီး ဒါမျိုးနေကြာပန်း ဆရာမှ အပြင်မှာ မမြင်ဖူးတာ” ပန်းချီကားကို ယူ၍ သေခြာစွာ ကြည့်ပေးနေလိုက်သည်။
“ဘယ်မြင်ဖူးမလဲ ဆရာရဲ့ အဲဒါ ဗင်ဆင့်ဗန်ဂိုရဲ့ နေကြပန်းလေ၊ သူများတွေ ဒေါ်လာအများကြီး ပေးဝယ် တာတောင် မရဘူတဲ့”
ကြားဖူးသားပဲ ဒီစကားကို လွန်ခဲ့တဲ့အပတ်က ပန်းချီဆရာက ပန်းချီသင်ရင်းနဲ့ သူတို့အတန်းမှာ ပြောသွားတာ၊ အဲဒီနေ့ကတည်းက ဗန် ဂိုစာအုပ်ကို သူငှားနေတာလေ။
“အခု သမီးက ဘယ်လောက်နဲ့ လေလံတင်မှာလဲ ဆရာ့မှာ ဒေါ်လာတော့ မရှိဘူးနော်”
သူမရယ်နေသည် ပြီးမှ …
“မဟုတ်ပါဘူးဆရာရဲ့ ဆရာ့အခန်းမှာကပ်ဘို့ သက်သက်ဆွဲလာတာ”
ကျနော်နေထိုင်သော ဘော်ဒါဆောင် အခန်းကျဉ်းလေးရဲ့နံရံတွင် နေထွက်နေသော တောင်တန်းပုံ၊ ပန်းပုံ၊ ဂါဝန်းနှင့် မိန်းခလေးပုံ၊ ၀လုံးများမျဉ်းကြောင်းများရှုပ်ထွေးနေသော စပိုက်တာမန်းပုံ၊ စက်ရုပ်ပုံ၊ သရဲပုံ စသည့်ကလေးများ၏ လက်ရာ ပန်းချီကားများရှိသည်။ ပန်းချီကားအားလုံးလိုလိုဟာ ကလေးဆန်းစွာ လှပနေကြပြီး ထိုပန်းချီကားများကြားမှာ ပညာရှင်ဆန်စွာ ခန်းညားသော ပန်းချီကားနှစ် ချပ် လည်းရှိသည်။ အနီးအဝေး၊ အလင်းအမှောင်စနှစ်ကို သုံးထားသော ပုဂံရှေးဟောင်းဘုရားများပုံနှင့် ပိရ မစ်ပုံတို့ဖြစ်သည်။ ထိုပန်း ချီ ကားနှစ်ချပ်လုံးမှာ ဒီ မဗန်ဂိုလေး ရေးဆွဲထားသော ကားများပင် ဖြစ်သည်။ ယ္ခုပုံလည်း သူမအားစိုက်ထားမှန်း သိသာသည်။
“ဆရာနောက်တာနော်သမီး ဒီပုံက အရမ်းကောင်းတယ် ဆရာဘောင်ကွတ်ပြီး စာသင်ခန်းထဲမှာ ချိတ်ထားပေးမယ် ဧည့်သည်တွေ ဘာတွေလာရင် ကြွားလို့ ရတာပေါ့” သူမ ကျေနပ်ပျော်ရွှင်သွားသည်။
“ကောင်းတယ်ဆရာ ကောင်းတယ်”
စန္ဒာလင်း
လင်းလက်နေသောလမင်းလို့ အဓိပ္ပါယ်ရတဲ့ နာမည်ပိုင်ရှင်ကျောင်းသူလေး သူမ မြန်မာပြည်တွင် ဒုတိယတန်းအထိ ကျောင်းနေခဲ့ရပြီး မိဘများအဆင်မပြေဖြစ်တာ ကွာရှင်းပြတ်စဲခဲ့သောကြောင့် သူမနှင့် သူမ၏ညီမငယ်မှာ အမေဖြစ်သူနှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်လာခဲ့သည်။ မဲဆောက်တ၀ိုက်တွင် ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်နေရင်း ကျနော်တို့ကျောင်းနှင့် အဆက်အသွယ်ရကာ ရောက်လာခဲ့သည်။ အမေဖြစ်သူမှာ အလုပ်ကိုင်နှင့် နေရာထိုင်အခင်းအတည်တကျ မရှိသေးသောကြောင့် သူမကို ကျနော်တို့ဂေဟာ တွင် အဆောင်နေ၍ ကျောင်းတက်ရန် အပ်ထားခဲ့သည်။ သူမသည် ပညာကို အလွန်လိုလား၍ ကြိုးလည်းကြိုးစားသည်။
ကျနော်တို့ကျောင်းတွင် တတိယတန်းမှစတက်ပြီး အဋ္ဌမတန်းအထိကို အဆင့်များနှင့် အောင်မြင်ခဲ့သည်။ ပန်းချီနှင့် ဂီတဘက်တွင် လည်း ထူးချွန်သော ကျောင်းသူ ဖြစ်သည်။ သူမ ဆဋ္ဌမတန်းတက်နေစဉ်အတွင်း သူမအမေသည် အလုပ်ရှင်ထိုင်းအဘိုးကြီး တ ယောက်နှင့် လက်ထပ်လိုက်၍ အိုးအိမ်အတည်တကျ ရရှိသွားသည်။ သူမအမေနှင့် ထိုထိုင်းအဘိုးကြီးမှာ အသက်နှစ်ဆယ်ခန့်ကွာ သည်။ ကျောင်းရက်ရှည်ပိတ်ရက်များတွင် မဲဆောက်နှင့် ကီလိုလေးဆယ်ခန့်ဝေးသော ဖုတ်ဖရရှိ သူမအမေနှင့် ညီမလေးထံသို့ သူမ သွားရောက်လည်ပတ်လေ့ရှိသည်။
သူမရှစ်တန်းနှစ်က တနေ့သော ကျောင်းဖွင့်ရက်တွင် သူမထံသို့ အလွန်တရာလိုက်ဖက် မညီသော စုံတွဲတတွဲဆိုင်ကယ်နှင့် လာ ရောက်လည်ပတ်ခဲ့သည်။ အသက်သုံးဆယ်ကျော်ခန့်ရှိသော ဗိုက်ပူပူ ထိုင်း အမျိုးသားတယောက်နှင့် ဆယ့်လေးနှစ်ခန့်သာရှိပြီး ထိုင်း မိန်းမလေးများစတိုင် ၀တ်ဆင်ထားသည့် မြန်မာမလေးတယောက် သူမနှင့် ရယ်ရယ်မောမော စကားတွေပြောနေကြသည်။ သူမက စ ကားပြောနေရင်း ဆိုင်ကယ်အသစ်ကြီးကို ခဏခဏကိုကြည့်နေသည်ကို တွေ့ရသည်၊ စကားပြောပြီး အပြန်တွင် ထိုင်းစတိုင်နဲ့ ကောင် မလေးက ဆိုင်ကယ်ကိုအနောက်ကမစီးပဲ ဆိုင်ကယ်မောင်းသူ ထိုင်းအမျိုးသား၏ အရှေ့ရင်ခွင်ထဲက ပျော်ရွှင်စွာစီး၍ ထွက်သွားကြ သည်။ သူမ ကျောင်းထဲသို့ ပြန်ဝင်အလာတွင် ကျနော်လှမ်းမေးလိုက်သည်။
“စန္ဒာလင်း ဘယ်သွားတာလဲ”
“ဧည့်သည် သွားတွေ့တာပါဆရာ”
“ဧည့်သည်တွေက ဘယ်သူတွေလဲ”
သူမချက်ချင်းပြန်မဖြေ မျက်နှာအနည်းငယ်ပျက်သွားတာကို သတိထားလိုက်မိသည်။ ပြီးမှ အသံတိမ် တိမ်နှင့် …
“သမီး ညီမလေးပါ”
“ဘာ”
ကျနော့်အသံအနည်းငယ် မာကျောကျယ်လောင်သွားခဲ့မည် ထင်သည်။ သူမ ချာခနဲ လှည့်ထွက်၍ အတန်းထဲသို့ ၀င်သွားသည်။
မိဘများသည် ကလေးများအတွက် အကောင်းဆုံးအုပ်ထိန်းသူ ဖြစ်သည်။
မနှစ်က ဒီလိုကျောင်းဖွင့်စရက်၏နေခင်း ထမင်းစားချိန်တွင် ကိုးတန်းအခန်း၌ ကျနော်နှင့် အခြား ဆရာနှစ်ယောက်ထမင်း အတူစား နေရင်း ဘေးနားမှ ကျောင်းသူတသိုက်ထမင်းစားရင်း နွေရာသီကျောင်းပိတ်ရက်က အကြောင်းများပြောနေကြသည်ကို နားစွင့်နေမိ သည်။
“နင်တို့သိလား ငါ့ညီမလေးမှာလေ အလှပြင်ပစ္စည်းတွေ အများကြီးရှိတယ် အ၀တ်စားတွေကလဲ မိုက်မှ မိုက်ပဲ၊ ငါ့အမေက ငါ့ကို နောက်တယ်သိလား နင်အဲဒါတွေ လိုချင်ရင် အိမ်ရှေ့အိမ်ကထိုင်းနဲ့ ယူလိုက်ပါလားတဲ့ ဟီဟိ.. အဲဒီထိုင်းကြီးကလည်း အားနေရင် ငါကိုပဲ လိုက်ကြည့်နေတယ် …”
ကျနော်ဆက်နားထောင်၍ မရတော့ ဒီတခေါက်သူမအမေဆီက ပြန်လာပြီးကတည်းက သူမပြောင်း လဲလာသည်။ ဆံပင်ကို ဖြောင့် စင်းထားပြီး အရင်ကထက် မျက်နှာကို ပိုချယ်သလာသည်။
“စန္ဒာလင်း ဆရာတို့ဝိုင်းကို ခဏလာပါအုံး ဒီမှာဟင်းကောင်းလို့”
သူမစားလက်စ ထမင်းချိုင့်လေးကိုကိုင်ပြီး ကျနော်တို့ဝိုင်းသို့ ကူးလာသည်။
“သမီးဒီကျောင်းပိတ်ရက်မှာ ပန်းချီဆွဲဖြစ်သေးလား”
“မဆွဲဖြစ်ဘူးဆရာ အမေ့ဆီသွားလည်နေလို့”
“သမီးအမေတို့ကော နေကောင်းကြရဲ့လား”
“ဟုတ်ကဲ့ ကောင်းပါတယ်”
“သမီးညီမလေး အိမ်ထောင်ကျသွားပြီးဆို”
သူမ ခဏငြိမ်သက်သွားသည်၊ ပြီးမှ ခေါင်းညိတ်ပြသည်။
“သမီးအသက်က အခုဆယ့်ခြောက်နှစ်ဆိုတော့ သမီးညီမအသက်က”
သူမမျက်နှာပျက်သွားသည် ပြီးတော့ ကျနော်တို့ဝိုင်းမှ ထထွက်သွားသည်၊ ကျနော်လည်း ထမင်းဆက်စား၍ မရတော့၊ ကျနော်မှား သွားပြီးလား၊ မမေးသင့်တဲ့မေးခွန်းတွေကို ကျနော်မေးမိခဲ့ပါသလား၊ သူမကို ကျနော်စကားပြောနေစဉ်အတွင်း ကျနော်မျက်နှာနှင့် အ သံတွေ ဘယ်လိုပုံစံရှိနေခဲ့သလဲ၊ ကျနော်သတိမထားမိခဲ့၊ ကျနော်အာရုံထဲတွင်တော့ ထိုင်းအဘိုးကြီးနှင့် လက်ထပ်လိုက်သော သူမ အမေ၊ ဆယ့်လေးနှစ်ခန့်သာရှိသေးသော သမီးငယ်ကို အသက်ကြီးကြီး ထိုင်းအမျိုးသားနှင့် လက်ထပ်ပေးခဲ့သူ၊ ပညာကောင်းစွာ မ သင်ကြားခဲ့ရသော သူမရဲ့ညီမငယ် … “နင် အဲဒါတွေလိုချင်ရင် အိမ်ရှေ့အိမ်က ထိုင်းနဲ့ ယူလိုက်ပါလား” ဆိုတဲ့စကား မကြာခင်မှာ ဖူးပွင့်လာတော့မည့် ကျနော်တို့ နှစ်ရှည်လများ ပျိုးလားခဲ့သည့်ပန်း ကျနော့်ရင်ထဲ မွန်းကျပ်လာသည်။
ထိုအချိန်မှစ၍ ဆရာရင်းနှင့် တပည့်ရင်းဖြစ်သော လက်ထောက်ကျောင်းအုပ်ကျနော်နှင့် ကိုးတန်းကျောင်းသူ သူမတို့ ဆက်ဆံရေး သိပ်မကောင်းမွန်တော့၊ ကျောင်းစာသင်ချိန်မှအပ ကျန်အချိန်များတွင် ကျနော့်ကို ရှောင်လာခဲ့သည်။ ကျနော့်မှတော့ သူမအတွက် စကားလုံးတွေ ရင်နှင့်မဆံ့ အချိန်ကိုသာ စောင့်စားနေရသည်။ သူမနေသော မိန်ခလေးဂေဟာသို့ ယောက်ကျားလေးများသွားလာလေ့ မရှိ သောကြောင့် ကျနော်လည် မသွားဖြစ်ခဲ့။ ဒီလိုနဲ့ ပထမအစမ်းဖြေဆိုမယ့် ကာလကိုရောက်ရှိခဲ့သည်။ စာမေးပွဲဖြေဆိုပြီး သီတင်း ကျွတ်ကျောင်းပိတ်ရက်တွင် သူမအမေထံသို့ အလည်သွားသည်ဟု သိရသည်။ ကျနော်မိန်းခလေးဂေဟာ တာဝန်ခံဆရာမဆီသို့ ဖုန်း ဆက် မေးကြည့်တော့ …
“မလွှတ်လို့ရမလားဆရာရယ် စာမေးပွဲ မဖြေခင်ကတည်းက သူအမေက တဂွမ်ဂွမ်နဲ့ ဖုန်းဆက်နေတာ၊ သူကလည်း သွားချင်နေတာ လေ၊ ကလေးတွေက သိတဲ့အတိုင်းပဲ ကိုယ်ကသာ သံယောဇဉ်တွယ်နေတာ သူတို့အဖေအမေတွေ လာခေါ်လို့ကတော့ ကောက် ကောက်ပါအောင် လိုက်သွားလိုက်ကြတာ ပြန်တောင်လှည့်မကြည့်ဘူး” တဲ့ …
ဖုန်းချအပြီး ကျနော့်ရင်ထဲ့မှာ တမျိုးကြီး ဖြစ်နေသည်၊ သူမအတွက် တစုံတခုကို စိုးရွှံ့နေသလိုမျိုး၊ ဘာပဲဖြစ်ဖြစ်လေ သူမပြန်လာရင် တော့ သူမသဘောကျတတ်တဲ့ ရောင်စုံဗူးကောင်းကောင်းလေး တဗူးလောက်ပေးပြီး ပြန်ချဉ်းကပ်ရမည်၊ ပြီးရင် ပညာရေးကိုပဲ ဦးစား ပေးပြီး ဆက်ကြိုးစားသွားဘို့နဲ့ အောင်မြင်မှုဟာ လက်တကမ်းလောက်မှာပဲ ရှိတော့တဲ့အကြောင်း သူမ လက်ခံနိုင်မည့် စကားလုံး များနှင့် ဆုံးမမည်၊ သူမနှင့်စကားပြောသည့်အခါ မျက်နှာနှင့် အသံကိုလည်း တင်းတင်းကြီးဖြစ်မနေအောင် သတိထားရမည်။
ကျောင်းဆယ်ရက်ပိတ်၍ ပြန်ဖွင့်သည်၊ သူမရောက်မလာသေး၊ တနေ့ပြန်ရောက်လာနိုးနှင့် မျှော်နေမိသည်။ ဒုတိယအစမ်းပင် ဖြေဆို ပြီး ခရစ္စမတ်နှင့် နှစ်သစ်ကူးကျောင်းပိတ်သည်။ သူမပြန်ရောက်မလာခဲ့။ အတန်းတင် စာမေးပွဲကြီး ဖြေဆိုသည်အထိ သူမကို မတွေ့ရ တော့။ အခုကျောင်းတောင် အသစ်ပြန်ဖွင့် နေပြီး…
“မင်းဘာလို့ပြန်မလာတာလဲ စန္ဒာလင်း ကလေးရယ် ကြယ်စင်တွေထက် လင်းလက်တော့မယ့်မင်းရဲ့ဘ၀ အခုဘယ်နေရာမှာများ ရောက်နေလဲကွယ် အများအတွက်အေးမြတဲ့ ရောင်စင်တွေကို မဖြန့်ကျက် နိုင်ရင်တောင် ရောက်တဲ့နေရာမှာ မင်းဘ၀လေးတခုတော့ အေးမြတောက်ပစွာ လင်းလက်နိုင်ပါစေကွာ တကယ်လို့များ မတွေးကောင်းမထင်ကောင်း မင်းဘ၀မှာ အဆင်မပြေမှုတွေနဲ့ အရမ်းမွန်း ကျပ်ပြီး လောကကြီးရဲ့ မာယာတိမ်တိုက်တွေထဲက လွတ်မြောက်ချင်တဲ့ တနေ့ကြရင် မင်းနားခိုသွားခဲ့ဖူးတဲ့ ဟောဒီကျောင်းနဲ့ ဂေဟာ ဆီကို ပြန်လာခဲ့ပါကလေးရယ်၊ ဆရာတို့အမြဲတမ်း စောင့်ကြိုနေပါတယ်”
“ကလင် ကလင်”
“ကလင် ကလင်”
“ကလင် ကလင်”
ကျနော် မည်မျှအတွေးကျွံနေသည်မသိ အချိန်ပြောင်းခေါင်းလောင်းသံကြားမှ နေကြာပန်းပုံပန်းချီ ကားချပ်ရှေ့မှခွာ၍ ကျောင်းရုံးခန်း ဘက်သို့ ထွက်လာခဲ့သည်။ လမ်းလျှောက်နေရင်း သူငယ်ချင်းကဗျာ ဆရာတယောက်ရဲ့ ကဗျာလေးကို အမှတ်ရလိုက်မိသည်။
တကယ်တော့
ဆရာဆိုတာ ခရေပင်ကြီးလိုပါပဲ
ပန်းချစ်တတ်သူတစု ခရေတွေစုပြီး ပြန်သွားချိန်မှာ
ခရေပင်ကြီးခမျာ မပျော်နိုင်ရှာပါဘူး
ဘာတတ်နိုင်မှာလဲလေ
သူ့ရဲ့ရနံတွေကို နောက်ဆုံးလက်ဆောင်အဖြစ်ထည့်ပေးပြီး
ကျန်ရစ်နေခဲ့ရရုံပေါ့။ ။

No comments: