ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွါးခဲ့တာ အခုဆိုရင် ၂၁ နှစ်ကြာ ရှိခဲ့ပြီ။ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ လိုလား တောင်းဆိုချက်တွေကို မျက်ကွယ်ပြု နင်းခြေဖျက်ဆီးပြီး တပါတီ အာဏာရှင်စနစ်ကို စစ်အာဏာရှင်စနစ်နဲ့ အစားထိုးခြင်းခံရတာ ၂၁ နှစ် ရှိခဲ့ပြီ။ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲကာလလည်း ၂၁ နှစ်ရှိခဲ့ပြီ။ ပြီးတော့ ကျနော်လည်း အမေနဲ့ ကျနော်ချစ်တဲ့ မောင်နှမ တွေကို ခွဲခွါ ခဲ့ရတာ ၂၁ နှစ်ရှိခဲ့ပြီပဲ ။
ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က ရက်စက်စွာ နှိမ်နင်းဖြိုခွင်းခဲ့ပြီးနောက်မှာ မိသားစုပေါင်းများစွာရဲ့ ဘဝအသိုက်အမြုံတွေ ဟာကစဥ့်ကလျား ပြိုကွဲပျက်စီးခဲ့ရတယ်။ ကျောင်းသားပြည်သူ ရဟန်းရှင်လူ ထောင်နဲ့ချီပြီးပစ် ခတ်သတ်ဖြတ်ခံခဲ့ရတယ်။ ရာနဲ့ချီပြီး အဖမ်းဆီးခံခဲ့ရသလို ထောင်နဲ့ချီတဲ့ ကျောင်းသားလူငယ်တွေဟာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန် တိုက်ခိုက်ဖို့ လူမျိုး စုလက်နက်ကိုင် အဖွဲ့အစည်းများတည်ရှိရာ နယ်စပ်ဒေသများသို့ ထွက်ခွာခဲ့ကြတယ်။ မိခင်တွေ၊ဇနီးသည်တွေ၊ သားသမီးတွေရဲ့ငိုသံ တွေညံခဲ့ရတဲ့နေ့ရက်တွေ ပါပဲ၊ အနိဋ္ဌာရုံအပြည့်နဲ့ အမှောင်လွှမ်းတဲ့ နေ့ရက်တွေပါပဲ။
အဲဒီကာလတုန်းက အမေဟာ ကျနော်ကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့တယ်။ ကျနော် တခုခုလုပ်တော့မယ်ဆိုတာ အမေသိနေ တယ်။ အမေ့ရဲ့မျက် နှာမှာကျနော့် အတွက်စိုးရိမ်ပူပန်တဲ့ အရိပ်အရောင်တွေကို တွေ့နေရတယ်၊ ဘာမှမသိသလို ဟန်ဆောင်နေရင်း တဖက်က တော်လှန်ရေးနယ်မြေကို ထွက်ခွာဖို့သူငယ်ချင်းများနဲ့ တိုင်ပင်နေခဲ့တယ်။ သူတို့မှာသွားဖို့အစီအစဉ်မရှိကြ။ “မင်းနဲ့မဖြစ် ပါဘူးကွာ” လို့ဆိုပြီး ကျနော်ကိုပါ ဝိုင်းပြီးတားကြတယ်။ ဒီလိုတားကြတာကလည်း အကြောင်းရှိပါတယ်။ ကျနော် ၁၃ နှစ်သားအရွယ် က ကားတိုက်ခံရပြီး ဘယ်ဘက်တင်ပဆုံရိုး ကျိုးသွားခဲ့တယ်။ ကျနော့်ခြေထောက်တဖက်က ကောင်းကောင်းမသန်။ ကြမ်းတမ်းတဲ့ အခြေအနေနဲ့ ကျနော်နဲ့မဖြစ်လို့ သူတို့ပြောကြတာပါ။ ကျနော်ဟာလက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လုံးဝလက်မခံနိုင် ဘူးဖြစ်နေတယ်။ ဒေါသတွေနဲ့ကျနော်ဟာ တယောက်ထဲ ပေါက်ကွဲနေခဲ့တယ်။
ဒီအတိုင်းနေလို့မဖြစ်၊ တလနီးပါးအချိန်ကို ဖြုန်းခဲ့ပြီးပြီ။ ရည်ရွယ်ရင်း ဒီခရီးလမ်း သွားကိုသွားရမှဖြစ်မယ်။ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာ မာချပါတယ်။ ရည်ရွယ်ချက်တွေကိုသယ်ပိုး အမေ့အိမ်က ကျနော် တိတ်တိတ်ခိုးထွက်ခဲ့တယ်။ အမေဘယ်လိုဖြစ်ကျန်ရစ်မလဲ၊ မောင် နှမတွေ ကျနော်အတွက် စိတ်ထိခိုက်နေမလား၊ ကျနော်မစဉ်းစားခဲ့ပါ။ ဘယ်သူကမှတိုက်တွန်းခဲ့တာမဟုတ်၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဒီခရီးကြမ်းကို တယောက်ထဲ ထွက်ခဲ့တယ်။ ကျနော်ကသားတွေထဲမှာ အငယ်ဆုံးအလိုလိုက်ခံရသူ၊ ကျနော်အထက်မှာ အကို သုံး ယောက်၊ အမတယောက်၊ အမကအကြီးဆုံး။ ညီမတယောက်ရှိသေးတယ်။ ညီမလေးက ကျနော်နဲ့ ၁၃ နှစ်ကျော် အသက်ကွာတယ်။ ကျနော်ထွက်လာတော့ ညီမလေးက ၅ နှစ် သမီးသာရှိသေးတယ်။ အဖေက ၁၉၈၆ ခုနှစ်ကတည်းက ဆုံးပါးခဲ့ပြီးပြီ။ ကျနော် တယောက်လျော့လို့ အိမ်မှာဘာမှမဖြစ်နိုင်၊ အမေကို ကျန်တဲ့သူတွေ ကြည့်လိမ့်မပေါ့။ ဒါကအဲဒီတုန်းက ကျနော်ရဲ့အတွေးပါ။
အိမ်ကထွက်လာတာက ၁၉၈၈ခု၊အောက်တိုဘာလ ၂၄ ရက်။ လမ်းမှာ ၁၀ ရက် ကြာတယ်၊ ကံကောင်းတယ်လို့ပြောရမှာပါ၊ လမ်းခရီး တလျောက် တောခိုသွားမယ့် ကျောင်းသားမှန်းသိတဲ့အခါ လူတွေက အားတက်သရော လမ်းညွှန်ကြ၊ လိုက်ပို့ကြ၊ တည်းခိုခွင့်ပေးကြ၊ အစားအသောက်တွေနဲ့ဧည့်ခံကြတယ်။ သားသမီးချင်းကိုယ်ချင်းစာလို့ မျက်ရည်တွေကျပြီး လမ်းမှာစားဖို့စားစရာတွေထုပ်ပိုးပေးလိုက် တဲ မွန်အမျိုးသမီးကြီးတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ မြစ်၊ ချောင်း၊ တောတောင် လျှိုမြောင်၊ ရေတံခွန်၊ စိမ့်စမ်း၊ လွင်ပြင်တွေ ဖြတ်ခဲ့ပြီး ခရီးအဆုံးမတော့ KNU ကရင်အမျိုးသားအစည်းအရုံး ထိမ်းချုပ်ရာ သေ့ဘောဘိုးကျေးရွာကို ဘေးမသီ ရန်မခ ရောက်ရှိခဲ့တယ်။ ကျနော့်အရင် ရောက်နှင့်ပြီးသူတွေက ထောင်နဲ့ချီနေပြီ။ ကျနော်ရောက်တာ နိုဝင်ဘာလ ၃ ရက် ။ကျနော် ကျောင်းသားနံပါတ်တောင် ၃၀၄၅ ရှိပြီ။ နောက်ထပ်လည်း တဖွဲဖွဲရောက်နေတုန်း။
မှတ်မှတ်ရရ ရောက်ပြီးတရက်ကြာ နိုဝင်ဘာလ ၅ ရက်နေ့ကကျနော်မွေးနေ့၊ ကျနော် ၁၉ နှစ်ပြည့်တယ်။ အဲဒီနေ့က အမေနဲ့ မောင်နှမ တွေကို ကျနော် အရမ်းလွမ်းနေမိတယ်။ ဘယ်တော့များမှ ပြန်ဆုံတွေ့ကြမလဲဆိုတာကို မတွေးတတ်တော့။ ငါလိုပဲမိသားစုနဲ့ ခွဲလာ ကြတဲ့သူချည်းပဲဆိုတဲ့အသိနဲ့ အားပြန်တင်းခဲ့ရတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းပြီးတဲ့အခါ သေ့ဘောဘိုးဒေသရောက် ကျောင်းသားလူငယ်များကို ယာယီစုဖွဲ့မှုအနေနဲ့ တပ်ရင်း (၁) (၂) (၃) ဆိုပြီး ဖွဲ့စည်းခဲ့တယ်။ ကျနော်က တပ်ရင်း (၃) ကိုရောက်သွားတယ်။ အဲဒီတုန်းက အဖွဲ့အစည်းတွင်းမှာ အုပ်စုစွဲ၊ ဒေသစွဲသိပ်ကြီးကြတယ်။ ကျနော် ရောက် သွားတဲ့ တပ်ရင်း (၃) က မော်လမြိုင်သားတွေများတယ်၊ ရန်ကုန်သားဆိုလို့ ကျနော်နဲ့ တခြားရဲဘော်တယောက် ပေါင်း ၂ ယောက်ပဲရှိတယ်။ အခြေခံစစ်ပညာသင်တန်းကို တပ်ရင်း (၃) မှာပဲ KNU ကသင်တန်းပို့ ချပေးတယ်။
အဲဒီကာလက ကျနော်တို့အတွက် အပင်ပမ်းအဆင်းရဲဆုံး ကာလပါပဲ။ အစားအသောက်၊ အနေအထိုင်ဆင်းရဲလို့ အဟာရချို့တဲ့ကြ ရတဲ့အပြင် ငှက်ဖျားဒါဏ်ကို အလူးအလဲ ခံကြရတယ်။ ငှက်ဖျားဒါဏ်နဲ့ အိပ်ယာထဲတ ယောက်ထဲလဲနေတဲ့အချိန်ဆို အင်မတန်မှ စိတ် အားငယ်ပြီး အမေရယ်၊ မိသားစုရယ်ကို သတိရလွမ်းဆွတ်ရတဲ့ ဒါဏ်ဟာ ရင်အကွဲရဆုံးပဲ။ တယောက်ထဲအိပ်ယာထဲမှာ ကြိတ်ပြီး မျက်ရည်ကျရတယ်။ ကျနော်တို့ ရဲဘော်တွေအချင်းချင်း အားပေးနှစ်သိမ့်ကြပြီး တယောက်နဲ့တယောက် ပြုစုဖေးမခဲ့ကြတယ်။ ငှက် ဖျားဒါဏ်နဲ့ လူတွေရဲ့မျက်နှာတွေဟာ ဖောသွပ်သွပ်ဖြစ်နေကြတဲ့အပြင် တစုံထဲသောယူနီဖေါင်းကို အမြဲဝတ်ပြီး သင်တန်းတက်နေ ကြရလို့ဝဲတွေပါ စွဲနေခဲ့ကြတယ်။ ကျနော်ရဲ့ကျန်းမာရေးအခြေအနေနဲ့ အခြားသန်သန်မာမာ ရဲဘော်တွေနဲ့ တန်းတူစစ်သင်တန်းကို အ မီလိုက်တက်ရတဲ့အတွက် ကျနော်အဖို့ရာ မထောင်းတာလှ။ အမေ့အိမ်မှာဘော်ကျော့နေခဲ့တဲ့ ကျနော်အတွက်တော့ ရေရေလည် လည် ကျွတ်ခဲ့ရတဲ့ အချိန်တွေပါပဲ။
နောက်ပိုင်း တပ်ရင်း ၁၊ ၂၊ ၃ ကို တပ်ရင်း (၂၀၄) (၂၀၅) (၂၀၆) ဆိုပြီး ပြန်လည်ဖွဲ့စည်းကြတယ်။ တပ်မှုးအပြောင်းအလဲ၊ တပ်ရင်း လူအပြောင်းအရွှေ့တွေရှိခဲ့တယ်။ တပ်ရင်း (၂၀၄) (၂၀၅) က သေ့ဘောဘိုးစခန်း မှာအခြေစိုက်ပြီး၊ တပ်ရင်း (၂၀၆) က သေ့ဘော ဘိုးစခန်းကနေ လမ်းလျှောက်ရင် ၄၅ မိနစ် ခရီးအကွာ ဝါးမီထရွာလေးအနီးမှာ အခြေစိုက်တယ်။ ၁၉၈၉ ခုနှစ် မတ်လအတွင်းမှာ ကျနော်နဲ့ အခြားရဲဘော် ၆ ယောက် တပ်ရင်း (၂၀၆) ကနေ တပ်ရင်း (၂၀၅) ကို ပြောင်းရွှေ့ခဲ့ကြတယ်။
(၂)
KNU ဟာ ကရင့်အမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် မြန်မာအစိုးရ အဆက်ဆက်ကို ခိုင်မာတဲ့ မူဝါဒတွေနဲ့ တွန်းလှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းကြီး တခု ဆိုပေမယ့် အောက်ခြေစည်းရုံရေးနဲ့ အခြေခံဒေသတည် ဆောက်ရေးမှာ လူမျိုး ရေးကိုအခြေခံပြီး တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ကရင်-ဗမာစစ်ပွဲရယ်လို နားလည်လက်ခံကျင့်သုံးနေကြသူ အများအပြား ရှိနေပါတယ်။ ကရင်အရာရှိတ ယောက်က ကျနော်ကို ပြောပြခဲ့ဘူးတယ် “ခင်ဗျားတို့ ကျောင်းသားတွေ စရောက် လာတော့ ကျနော်တို့မှာ အောက်ခြေနဲ့အခြေခံဒေသတွေမှာ ခင်ဗျားတို့ကျောင်းသားတွေကို လက်ခံဖို့ရာအတော်လေးကို စည်းရုံးနား ချခဲ့ရတယ်ဗျ” လို့ သူက ဆိုပါတယ်။
သူတို့မှာလည်း သူတို့အမြင်နဲ အခက်အခဲတွေရှိမှာပါပဲ။ ဒီအခြေအနေတွေအပေါ်မှာ စစ်သွေးတွေသိပ်ကြွနေကြတဲ့ ကျနော်တို့ ကျောင်းသားရဲဘော်တွေဟာ အားမလိုအားမရဖြစ်ကြရ၊ စိတ်ပျက်မကျေမနပ် ဖြစ်ကြရတယ်။ စခန်းအုပ်ချုပ်မှုကော်မတီဟာ တဖက် က ကိုယ်ပိုင်လက်နက်တွေဝယ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး၊ တဖက်ကလည်း ကျောင်းသားရဲဘော်/ရဲမေတွေ စွမ်းရည်ထက်မြက်နိုးကြား နေစေဖို့ မွမ်းမံစစ်သင်တန်းတွေ၊နိုင်ငံရေး စည်းရုံရေးသင်တန်းတွေ၊ ဆေးသင်တန်းတွေ၊ ဘာသာစကားသင်တန်းတွေ ဖွင်လှစ်ပို့ချပေး ခဲ့တယ်။ ထပ်မံပို့ချပေးတဲ့ မွမ်းမံစစ်သင်တန်းတွေကိုတော့ ကျောင်းသားလူငယ်တွေနဲ့အတူ တော်လှန်ရေးနယ်မြေကိုရောက်ရှိလာ ကြတဲ့ စစ်တပ်က စစ်သည်ဟောင်းတွေက သင်တန်းဆရာများအဖြစ် ကြီးကြပ်ပို့ချပေးခဲ့တာ ဖြစ်ပါတယ်။
ကျနော်ကတော့တပ်ရင်း (၂၀၅) ကို ပြောင်းရွှေ့လာပြီးနောက်မှာ အသစ်ပြန် လည်ဖွဲ့စည်းတဲ့တပ်ရဲ့တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင် ခဲ့ရတယ်။ တပ်ရဲတပ်ဖွဲ့ဝင်တွေဟာ တပ်တွင်းစည်းကမ်း၊ ဒေသန္တရစည်းကမ်းတွေကို ကြီးကြပ်ရေး၊ စခန်းလုံခြုံရေး အပြစ်ဒါဏ်ကျ အချုပ်သားရဲဘော်တွေကို ထိမ်းသိမ်းရေး စတဲ့တာဝန်တွေကို ထမ်းဆောင်ရပါတယ်။ အတော်လေးခေါင်းစားပြီး၊ လူမုန်းများတဲ့ တာဝန်ပါပဲ။ ကျနော်တို့ ကျောင်းသားရဲဘော်တွေအားလုံး ကိုယ်ကျရာတာဝန်တွေ၊ ကိုယ်နဲ့သက်ဆိုင်ရာသင်တန်းတွေနဲ့ မအားမလပ် နိုင်အောင်ရှိနေခဲ့ကြတယ်။ တောထဲရောက်တာလည်း ၆ လ ၇ လ ရှိပြီဆိုတော့ နေသားလည်းကျလာကြပါပြီ။ ကျနော်တို့ အိမ်နဲ့ မိသားစုကိုကြိုးစားပြီးမေ့ထားတတ်ကြပြီ။ တယောက်နဲ့တယောက်လည်း မိသားစုအကြောင်း အစဖေါ်စကားလုပ်ပြောလေ့မရှိကြဘူး။ အလိုအလျောက်နားလည်ကြတဲ့အရာပါပဲ။
၁၉၈၉ နှစ်ဦးပိုင်းကစပြီး စစ်အစိုးရတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အရေး ပါတဲ့ဒေသတွေကို ထိုးစစ်စတင်ဆင်နွှဲပါတော့တယ်။ KNU ရဲ့ အဓိကခံစစ်စခန်းတွေဖြစ်ကြတဲ့ တပ်မဟာ (၇) မှ ဝမ်ခစခန်းနဲ့ သေ့ ဘောဘိုးစခန်းတည်ရှိရာ တပ်မဟာ (၆) မှ ဖလူးစခန်းတို့ကို စစ်တပ်က ပြင်းပြင်းထန်ထန်ထိုးစစ်ဆင် တိုက်ခိုက်ပါတော့တယ်။ ရန်သူ့ထိုးစစ်သိပ်ပြင်းထန်လာတဲ့အခါ KNU တာဝန်ရှိသူတွေက ကျောင်းသားတပ်ရင်းတွေကို ခံစစ်ဆင်တိုက်ခိုက်ရာမှာ ပါဝင်ဆင်နွှဲဖို့ ကမ်း လှမ်းလာခဲ့တယ်။ ကျောင်းသားရဲဘော်တွေ စစ်ရေးအတွေ့အကြုံရရှိစေဖို့၊ KNU ရဲ့ ကျောင်းသားတပ်ဖွဲ့တွေအပေါ် ယုံကြည်မှု တိုး တက်ခိုင်မာလာစေဖို့အတွက် စခန်းတာဝန်ရှိသူတွေက တပ်ဖွဲ့ဝင်ရဲဘော်တွေကို ဝမ်ခနဲ့ ဖလူးစခန်းစစ်မြေပြင်ဆီသို့ စေလွှတ်တိုက် ခိုက်စေခဲ့တယ်။
ဒီလိုပဲ နယ်စပ်ဒေသအသီးသီးမှာရှိကြတဲ့ ကျောင်းသားတပ်ရင်းတွေဟာ အခုလိုမျိုး ယုံကြည်မှုတည်ဆောက်ရေး တိုက်ပွဲတွေကို ဆင် နွှဲခဲ့ကြရတယ်။ မာနယ်ပလောဗဟိုဌာနချုပ်ဖက်ကို ရောက်ရှိခဲ့ကြတဲ့ ကျောင်းသားရဲဘော်တွေဆိုရင် စစ်မြေပြင်မှာ ကျည်ဆံ၊ ရိက္ခာ တွေ ထမ်းပို့ပေးရတဲ့ ပေါ်တာဝန်ထမ်းတွေအဖြစ်တောင် လုပ်ဆောင်ပေးခဲ့ရတယ်။ ကျောင်းသားရဲဘော်တွေ ထိခိုက်ဒါဏ်ရာရတာ၊ သေကြေကျဆုံးတာတွေ ရှိခဲ့တယ်။ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းဒီမိုကရေစီအင်အားစု တွေအ ကြား အပြန်အလှန် ယုံကြည်နားလည်မှုရရှိရေးအတွက် ကျနော်တို့ အတတ်နိုင်ဆုံး စတင်တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။
ကျနော်တို့တပ်ရင်း (၂၀၄) (၂၀၅) မှ ရဲဘော်များနဲ့ စခန်းအုပ်ချုပ်မှုကော်မတီဟာ ရန်သူကိုနယ်စပ်မှာ ခံစစ်သေတိုက်ခိုက်ရတာထက် ပြည်တွင်းကိုဝင်ရောက်ပြီး လှုပ်ရှားစစ်ကြောင်းများနဲ့ စစ်ဆင်တိုက်ခိုက်တာကို ပိုပြီးဆန္ဒရှိကြပါတယ်။ စခန်းတာဝန်ရှိသူတွေက ပြည် တွင်းလှုပ်ရှားစစ်ဆင်ရေးအတွက် အဓိကထားဆောင်ရွက်ခဲ့ပြီး၊ ၁၉၈၉ ခု စက်တင်ဘာလအတွင်းမှာ (၂၀၅) တပ်ရင်းမှုးဦးဆောင်တဲ့ ပူးပေါင်းအင်အားစစ်ကြောင်းတကြောင်းကို တပ်မဟာ (၆) ရှေ့တန်းစစ်မြေပြင်ကို စေလွှတ်နိုင်ခဲ့တယ်။ တိုက်ခိုက်ရေးစစ်ကြောင်းဟာ တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ ကျိုက်ဒုံကျေးရွာမှာ ရှေ့တန်းဌာနချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီး မကြာမီ ဝမ်ခနဲ့ ဖလူးစစ်ပြေပြင်က ပြန်လည် ရောက်ရှိလာတဲ့ တပ်ရင်း (၂၀၄) (၂၀၅) တိုက်ခိုက်ရေးရဲဘော်များ၊ ဆေးတပ်ဆွယ်တခု၊ နိုင်ငံရေးအလုပ်တဖွဲ့ ပူးပေါင်းပါဝင်တဲ့ စည် ရုံးရေးစစ်ကြောင်းတခုကို စခန်းကော်မီတီဥက္ကဋ္ဌနဲ့ တပ်ရင်း (၂၀၄) တပ်ရင်းမှုးတို့ဦးဆောင်ပြီး ရှေ့တန်းနယ်မြေကို ထွက်ခွာခဲ့ကြ တယ်။ ဒီလိုမျိုး စည်းရုံရေးစစ်ကြောင်းအနေနဲ့ လှုပ်ရှားတာကို ကရင်အာဏာပိုင်တွေဟာ နှစ်သက်လိုလားခြင်းမရှိပါဘူး။ အကန့်အ သတ်တွေကြားမှာ အလုပ်လုပ်ကြရတယ်။ “ငါ့တို့နယ်မြေ၊ ငါ့တို့စည်းရုံးပြီးသား ဘာမှထပ်စည်းရုံးစရာမလိုဘူး၊ အိမ်ကြီးပေါ် အိမ်ငယ် လာမဆောက်နဲ့၊ လှေကြီးပေါ်လှေငယ်လာမဆင့်နဲ့” ဆိုတဲ့စကားတွေ တကယ်ပဲပြောခံခဲ့ရသလို၊ ကျနော်တို့ တကယ်ပဲစိတ်ပျက်ခဲ့ကြ ရတယ်။ သူတိုရဲ့နယ်မြေမှာ သူတို့အာဏာစက်က သိပ်ပြင်းကြသလို၊ ကျနော်တို့ကလည်း သူတို့ပြောရင်ပြီးသွားတဲ့ လူစားတွေမဟုတ် ကြလေတော့၊ ကိစ္စတိုင်းဟာ လွယ်လွယ်နဲ့မပြီးတတ်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့တပ်မှုးတွေနဲ့ ရဲဘော်တွေဟာ လူထုစည်းရုံးရေး၊ မဟာမိတ်ဆက်ဆံရေးကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် စည်းရုံးတည်ဆောက်ခဲ့ကြတယ်။
အခြေခံဒေသတချို့မှာဆို ဗမာကျောင်းသားနဲ့ ရည်းစားမထားရ၊ အိမ်ထောင်မပြုရဆိုပြီး အမိန့်ထုတ်ပြန်ထားတာတွေတောင် ရှိခဲ့ တယ်။ ဗမာစကားပြောတာနဲ့ ဗမာစာသင်ကြားတာတွေတောင် အားမပေးအကန့်အသတ်ကြီးတယ်။ ကရင်အရာရှိတွေနဲ့ ဆက်ဆံတဲ့ အခါလည်း ပေါ့သေးသေးမထင်နဲ့ခင်ဗျာ “စကားစပြောရင် ကျနော် ဗမာလိုကောင်းကောင်းမတတ်ဘူးလို့ စပြောတာပြီးရင် ပိဿာ လေးနဲ့ဘေးပစ်သလို ဗမာစကားကိုပြောတာ၊ ကတ်ကတ်သတ်သတ်လည်းပြောတတ်ကြတယ်။” ဒါပေမယ့် စိတ်ရင်းကောင်းပြီး၊ ရိုး သားကြတာတော့အမှန်ပါပဲ။ ဆက်ဆံရတာလည်းပုံစံအမျိုးမျိုးရှိတယ်။ ဗုဒ္ဓဘာသာပိုးကရင်ကိုဆက်ဆံရတာကတမျိုး၊ တောင်ပေါ်က ရင် (စကော) ကို ဆက်ဆံရတာတမျိုး သူတို့ကဟင့်အင်းဆိုရင် နှစ်ခါထပ်မပြောနဲ့ မရဘူး၊ မြစ်ဝကျွန်းပေါ်ကလာတဲ့ ကရင်အရာရှိတွေ က ခေတ်ပညာတတ်ပြီးဗမာရည်လည်တယ်။ ကျနော်တို့ကျောင်းသားတွေအပေါ် ကိုယ်ချင်းစာနားလည်မှုအများကြီး ရှိကြတယ်။ အ ထက်ကကန့်သတ်အမိန့်ရှိရင်တောင် အောက်ခြေမှာ အဆင်အပြေဆုံးဖြစ်အောင် ကျနော်တို့ကို ကူညီဆောင်ရွက်ပေးလေ့ရှိတယ်။ အ စောပိုင်းကပြောခဲ့တဲ့ ကရင်အရာရှိဆက်ပြောပြတာ ရှိသေးတယ် “အောက်ခြေမှာ ခင်ဗျားတို့ကိုလက်ခံအောင် နားသာချခဲ့ရတာပါဗျာ ခင်ဗျားတို့မောင်ကျောင်းသားတွေနဲ့လည်းတွေ့ကြရော အမိုးရယ်၊ ဖထီးရယ်၊ ဖိုခွားရယ်နဲ့ပဲ သူတို့သမီးတွေတယောက်ပြီး တယောက် မောင်ကျောင်းသားတွေနောက် ပါကုန်တာပါပဲ။” လို့ရီရီိမောမောပြောပြတယ်။ အမှန်ပါပဲ၊ ကျနော်တို့ကျောင်းသားတပ်ဖွဲ့တွေ ကရင် ပြည်နယ်အတွင်း စတင်လှုပ်ရှားခွင့်ရချိန်ကစပြီး လူမျိုးရေးအမြင်မကြည်မှုတွေကို အတတ်နိုင်ဆုံးချေဖျက်နိုင်ခဲ့ကြတယ်။ ကရင်ပြည် သူတွေအတွင်းမှာ၊ မဟာမိတ်ရဲဘော်တွေနဲ့ ဆက်ဆံရာမှာ တသားတည်းဖြစ်အောင် စည်းရုံးတည်ဆောက်ခဲ့ကြတယ်။
၁၉၈၉ ခု ဒီဇင်ဘာလအတွင်းမှာပဲ နိုင်ငံခြားသား ၄ ဦး ကရင်ပြည်နယ်အတွင်း အခြေအနေနဲ့ ကျောင်းသားစစ်ကြောင်း လှုပ်ရှားမှုတွေ ကို မှတ်တမ်းတင်လေ့လာဖို့လိုအပ်တာတွေ ထောက်ပံ့ကူညီပေးနိုင်ဖို့အတွက် ရှေ့တန်းဌာနချုပ် ကျိုက်ဒုံကျေးရွာကို စခန်းကော်မတီ ရဲ့အစီအစဉ်နဲ့ သွားရောက်ခဲ့တယ်။ ကျနော်က ဒီဧည့်သည်နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးတာဝန်နဲ့ ရှေ့တန်းဌာနချုပ်ကို လိုက်ပါလာ ခဲ့တယ်။ ကျနော် နိုင်ငံခြားသားတွေနဲ့အတူ တပ်မဟာ (၆) နယ်မြေအတွင်း မှတ်တမ်းတင်လုပ်ငန်းတွေ လုပ်ဆောင်နေကြစဉ်အတွင်း မှာပဲ မမျှော်လင့်တဲ့ သတင်းဆိုးကြီးကိုကြားကြရပါတယ်။ KNU တပ်ဖွဲ့တွေနဲ့ ကျောင်းသားတပ်ရင်း (၂၀၆) တို့ ခံစစ်ဆင် တိုက် ခိုက်နေကြတဲ့ ဖလူးခံစစ်စခန်းကို ရန်သူတပ်တွေ ၁၉၈၉ ခု ဒီဇင်ဘာ (၂၉) ရက်နေ့ညက သိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့ သတင်းဆိုးကြီး ပါပဲ။ အခြေအနေတွေ ရုတ်ချည်းပြောင်းလဲကုန်တယ်။ ဖလူးစခန်းကိုသိမ်းပြီးတာနဲ့ ရန်သူတပ်တွေဟာ နယ်စပ်တလျှောက်ကို ဆက်ပြီး ထိုး စစ်ဆင်မှာပါပဲ။ ဒီထိုးစစ်မစခင် နိုင်ငံခြားသားဧည့်သည်တွေကို နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲပြန်ပို့နိုင်ဖို့ အရေးတကြီးစီစဉ်ရပါ တယ်။ တဆက်တည်းမှာပဲ တပ်မဟာ (၆) နယ်မြေအတွင်းပိုင်းကိုလည်း ရန်သူစစ်ကြောင်းတွေ ထပ်တက်လာတယ်ဆိုတဲ့ သတင်းကြောင့် တိုက်ခိုက်ရေးစစ်ကြောင်းတွေက ရန်သူကို ဆီးကြိုတိုက်ခိုက်ဖို့ ပြင်ဆင်ကြရတယ်။ ကျနော်နဲ့ အခြားရဲဘော် ၂ ဦးက ဧည့်သည်တွေ ရဲ့လုံခြုံရေးကို တာဝန်ယူပြီး သေ့ဘော ဘိုးစခန်းကို အမြန်ဆုံးပြန်လာခဲ့ကြရတယ်။
(၃)
ကျနော့်ဆရာ သင်တန်းမှုးကိုယ်တိုင်က ဖလူးခံစစ်စခန်းမှာ ကွပ်ကဲ အုပ်ချုပ်တိုက်ပွဲ ဝင်နေခဲ့ သူတဦး၊ ဖြစ်စဉ်တွေကို ဧည့်သည်တွေနဲ့ ကျနော်တို့အားရှင်းပြနေတဲ့ သူရဲ့ မျက်နှာလည်း အတော်လေး မကောင်းဖြစ်နေခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီဝေါလေ ရွာမှာ ကရင်နှစ်သစ်ကူးပွဲတော်ကို အကြီးအကျယ်ကျင်းပပြုလုပ်ခဲ့တယ်။ ဖလူးခံစစ် စခန်းမှာ ကွပ်ကဲအုပ်ချုပ်တဲ့ အရာရှိအားလုံးနီးပါး နှစ်သစ်ကူးပွဲတော်ကို ရောက်ရှိနေ စဉ်အတွင်း ရန်သူတပ်တွေက ရုတ်တရက် ထိုးစစ်ဆင်လာခဲ့တယ်။ အသေအခြာ ကြီးကြပ်မဲ့ အရာရှိတွေမရှိတဲ့အခြေအနေမှာ ရန်သူရဲ့ရုတ်တရက်ပြင်းထန်တဲ့ တိုက်ခိုက်မှုကို အလစ်အငိုက်ခံလိုက်ရတဲ့အခါ ဘယ်လို မှမခံနိုင်တော့ပဲ ခံစစ်စီးကြောင်းအချို့ကျိုးပေါက်ကုန်တယ်။ ကတုတ်ကျင်းအချို့ကို ရန်သူက သိမ်းလိုက်တာကိုမသိပဲ ဆက်တိုက်တဲ့ သူကတိုက်၊ ဆုတ်တဲ့သူကဆုတ်ဖြစ်ကာ အခြေအနေတွေရှုတ်ထွေးကုန်ပြီး သူလူကိုယ်လူ ရောထွေးကုန်တယ်။ နောက်ဆုံးမတော့ စ နစ်တကျမဟုတ်ပဲကို ဆုတ်ခွါခဲ့ကြရပြီး၊ တပ်မဟာ (၆) ရဲ့ အရေးပါလှတဲ့ ဖလူးခံစစ်စခန်း ကို လက်လွတ်ဆုံရှုံး ခဲ့ရပါတော့တယ်။ နောက်ဆက်တွဲ အကျိုးဆက်အပြောင်းအလဲတွေကတော့ ကြီးမားလှပါတယ်။
ကျနော် စခန်းကိုပြန်ရောက်တော့ စခန်းကရဲဘော်တွေအားလုံး အဆင့်သင့်ဖြစ်နေကြပြီ။ ရန်သူကိုပြန်တိုက်ဖို့ မဟုတ်ပါဘူး၊ စခန်းက နေဆုတ်ခွါဖို့၊ မဆုတ်ဘယ်လိုလုပ်မလဲ။ ရာနဲ့ချီတဲ့ ကျနော်တို့ ကျောင်းသားရဲဘော်တွေမှာရှိတာ မီးကျိုးမောင်းပျက် သေနတ် ၃၊ ၄ လက်နဲ့ ရန်သူကိုဘယ်လိုသွားတိုက်မလဲ။ အဲဒီအချိန်စခန်းမှာ မိသားစုတွေရှိနေပြီ။ ရဲဘော် ၄ ယောက်ကရဲမေ ၄ ယောက်နဲ့ အိမ် ထောင်ကျတယ်။ တောခိုလာတဲ့ လင်ယောင်္ကျားတွေနောက်ကို သားသမီးတွေနဲ့လိုက်လာတဲ့ မိသားစုတွေရှိတယ်။ ကျနော်ပြန် ရောက်တဲ့နေ့ ညဖက်မှာပဲ ကျနော်တို့တတွေ စခန်းကနေနယ်စပ်ကို ထွက်ခွါခဲ့ရတယ်။ ပြောမယ်ဆိုပြောစရာလေးတော့ရှိတာပေါ့ဗျာ။ ကျနော်တို့ ဆုတ်လာတာကတော့ ဖလူးစခန်းကလိုမဟုတ်ဘူး စနစ်တကျလေးပေါ့။ အဲဒီစနစ်တကျဆုတ်ခွါစဉ်ထဲက အမှတ်တရ လေးတခု။ ကျနော်တို့ ဆုတ်လာတဲ့လမ်းရဲ့တောစပ်မှာ ဝက်ကြီးတကောင်နဲ့ ပက်ပင်းသွားတွေ့တယ်။ တောထဲက ပြေးထွက်လာတဲ့ ဝက်ကြီးဟာ ညဖက်အမှောင်ကြီးထဲ ဘာသံမှမထွက်ပဲလျှောက်လာတဲ့ လူတန်းကြီးနဲ့ ရုတ်တရက်တွေ့လိုက်ရတော့ ကြောင်ပြီးဆက်မ ပြေးပဲရပ်ကြည့်နေတယ်။ အဲဒီအချိန် တောင်ပိုင်းမင်းသမီးစခန်းက သင်တန်းလာတက်တဲ့ ရဲဘော်တယောက်က “ဟာ တောဝက်ကြီး တောဝက်ကြီး” ဆိုပြီးဓါးနဲ့ပြေးထိုးတာ တချက်ပဲ၊ သေရော။ ကျနော်တို့လည်းဝမ်းသာအားရနဲ့ ဝက်ကြီးသယ်သွားဖို့ လုပ်နေတုန်း ကရင်ရွာသားတယောက် တောထဲကပြေးထွက်လာပြီး ဝက်တကောင်မတွေ့ဘူးလား မေးလာတယ်။ ပြီးတော့သေနေတဲ့ သူ့ဝက်လည်း တွေ့ရော ထိုင်ပြီးငိုပါလေရော့ဗျာ။ လက်စသတ်တော့ စစ်ပြေးမလို့လုပ်တုန်းလွတ်ထွက်လာတဲ့ဝက် ဖြစ်နေတယ်။ နောက်တန်းမှူးက ဝက်ပိုင်ရှင်ကိုချော့မော့ပြီး ဝက်ဖိုးငွေအလျှော်ပြန်ပေးလိုက်ရတယ်။ ဟိုမှာကချော့နေတုန်း ဒီမှာရဲဘော်တွေက ဝက်ကိုသယ်သွားကြ ပြီ။ ကျနော်တို့တပ်ဖွဲ့တွေ ပထမတဆင့် တပ်ဆုတ်သွားခဲ့ရတဲ့နေရာက ထိုင်း-မြန်မာနယ်စပ်စည်းဖြစ်တဲ့ သောင်ရင်းမြစ်ဘေးက KNU ရဲ့ မူဆလင်တပ်ဖွဲ့တပ်စခန်းထဲကိုပါ။ ကျနော်တို့ရောက်တဲ့အချိန်တပ်ဝင်းထဲ ဘယ်သူမှမရှိတော့။ တပ်ဝင်းတခုလုံး ကျောင်းသား ရဲဘော်တွေပြည့်သွားတော့တယ်။ ကျနော်တို့နဲ့ ပါလာတဲ့ဝက်ကြီးကို မူဆလင်တပ်ရဲ့ အိမ်ထောင်သည်လိုင်းထဲမှာပဲ ပေါ်ပြီး ရဲဘော် တွေအားလုံး ဝေလိုက်ကြတယ်။ ဝက်သားလည်းမစားရတာကြာပြီမို့ အဲဒီမနက်က ထမင်းမြိန်လိုက်ကြတယ်ဖြစ်ခြင်း။ နောက်ပိုင်း ပြန်ကြားရတာက ကျနော်တို့ဆီကလူကြီးတွေ မူဆလင်တပ်မှုးကို အတော်လေးတောင်းပန်လိုက်ရတယ်ဆိုတာပါပဲ။ တခါတလေ ကျနော်တို့က လမ်းသိပ်မယူကြဘူး။ သိပ်ညစ်လာတဲ့အခါမျိုးပေါ့။
ဖလူးစခန်းကျပြီးတဲ့နောက်ပိုင်းမှာတော့ နယ်စပ်တလျှောက်မှာနေထိုင်ကြတဲ့ ကျောက်ခတ်၊ မော်လီချိုင်း၊ သေ့ဘောဘိုး၊ မိုးကဲ၊ တောင် အုပ်၊ ဝေါလေစတဲ့ကျေးရွာတွေမှာ မှီတင်းနေထိုင်ကြတဲ့ ကရင်ပြည်သူတွေဟာ ပိုင်ဆိုင်သမျှကိုစွန့်ပြီး တနိုင်တပိုင်သယ်နိုင်သမျှလေး တွေသယ်ပြီး နယ်စပ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲကိုပြေးဝင်ခိုလှုံ ခဲ့ကြရပါတယ်။ တောင်အုပ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေလို အတွင်းပိုင်း ကျတဲ့ရွာတွေက ပြည်သူတွေဆိုရင်ဖြင့် ရန်သူစစ်ကြောင်းတွေကိုရှောင်တိမ်းရင်း တောထဲတောင်ထဲ လနဲ့ချီပတ်ပြေးပြီးမှ နယ်စပ် ကိုဖြတ်ကျော်နိုင်ကြပါတယ်။ ကျနော်တို့ကျောင်းသားတပ်ဖွဲ့တွေ နယ်စပ်မူဆလင်တပ်စခန်းထဲကို ရောက်နေပေမယ့် ထိုင်းနိုင်ငံထဲကို ဖြတ်ကျော်လို့မရသေးပါဘူး။ တဖက်နယ်စပ် ထိုင်းနိုင်ငံဖက်ခြမ်းမှာ ထိုင်းစစ်တပ်က အဆင်သင့်နေရာယူထားပါတယ်။ ကျနော်တို့ ရောက်နေတဲ့ မူဆလင်တပ်ဝန်းထဲမှာ ထိုင်းသစ်လုပ်ငန်းရှင်ကြီးတယောက်ပိုင်တဲ့ သစ်စက်ကြီးတလုံးရှိတယ်။ အတော်လေးကိုကြီးတဲ့ သစ်စက်ကြီး။ လုပ်ပြီးသား တံခါဘောင်တွေ၊ တံခါးချပ်တွေ၊ ပြူတင်းပေါက်ဘောင်တွေဟာ အပုံလိုက်၊ အထပ်လိုက်ထောင်နဲ့သောင်း နဲ့ချီပြီးတော့ကို ရှိတယ်။ ဒီလောက်အသည်းအသန်ဖြစ်နေတဲ့ကြားထဲမှာပဲ ထိုင်းတွေက ကားကြီး၊ကားငယ်တွေနဲ့ကို ဒီပစ္စည်းတွေကို သယ်ထုတ်၊ ကဲ့ထုတ်နေကြလေရဲ့။ ဒါက KNU နဲ့ သူတို့လုပ်ထားတဲ့အလုပ်။ ကျနော်တို့မှာတော့ ဒီမြင်ကွင်းကိုကြည့်ပြီး ကျနော်တို့ ပိုင်ဆိုင်ရာ၊ မြတ်နိုးရာ တစုံတခုကို ရင်ထဲက ဆွဲယူနုတ်ခံနေရသလို ခံစားကြရတယ်။ ကျနော်တို့ ဘာများတတ်နိုင်ကြမည်နည်း။
မူဆလင်တပ်ဝင်းထဲရောက်ပြီး ၂ ရက်အကြာမှာ ဗဟိုကော်မီတီက ထိပ်ပိုင်းတာဝန်ရှိသူတွေ ရောက်လာကြပြီး အခြေအနေ အရပ် ရပ်ကို စခန်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးကြတယ်။ ပြီးတဲနောက် ကျနော်တို့ ရဲဘော်တွေအားလုံးကိုတန်းစီစေပြီး ဗဟိုကော်မီတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးက အားပေးနှစ်သိမ့်စကား ပြောပါတယ်။ သူ့ရဲ့မိန့်ခွန်းပြီးတဲ့အခါ သူကမေးပါတယ်
“ရဲဘော်တို့အခုဘာလိုအပ်နေလဲ” တဲ့
တန်းစီနေတဲ့ ရဲဘော်တွေအားလုံး တိတ်ဆိတ်ပြီးဘာသံမှ ထွက်မလာကြ။ စက္ကန့်အတော်လေးကြာပြီးတဲ့အခါ ရဲဘော်တယောက်ရဲ့ ပြန် ဖြေသံကိုကြားလိုက်ရတယ်။
“ကျနော်တို့ “ဆား” လိုပါတယ်။ ကျနော်တို့စားဖို့ “ဆား” မရှိတော့ဘူး”။
“ဟာ”
ဆိုတဲ့အသံကြီးနဲ့အတူပဲ တန်းစီပွဲလည်းပျက်ကရော။
ကျနော်တို့အခုလိုနေတာကတော့၊
“သေနတ်တွေ၊ကျည်ဆံတွေပဲဗျ”
ကျောင်းသား၊ ပြည်သူတွေကိုလမ်းမတွေပေါ်မှာ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဒီစစ်တပ် ကိုပြန်ပစ်ဖို့၊
“သေနတ်တွေ၊ ကျည်ဆံတွေ”
ကျနော်တို့လိုအပ်နေတယ်။ ကျနော်တို့လိုအပ်နေတာ
“သေနတ်တွေ၊ ကျည်ဆံတွေပဲဗျ”။
၃ ရက်မြောက်တဲ့နေ့မှာတော့ KNU တပ်မှုးတချို့ရောက်လာပြီး ကျနော်တို့တပ်ဖွဲ့တွေကနေ တိုက်ခိုက်ရေးတပ်ဖွဲ့တဖွဲ့ ဖွဲ့စေပြီး လက် နက်တပ်ဆင်ပေးပါတယ်။ ကျန်တဲ့သူတွေကတော့ နယ်စပ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲကို ရှောင်ပြေးကြရမှာပါ။ လက်နက်တပ်ဆင်ပေး ခံရတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့၊ နယ်စပ်တလျှောက်ထိုးစစ်ဆင်လာတဲ့ ရန်သူတပ်တွေကို ခံစစ်ဆင်တိုက်ခိုက်ဖို့ထွက်ခွါသွားကြပြီးနောက်၊ ၄ ရက်မြောက်နေ့မှာ ထိုင်းစစ်တပ်က အရာရှိတပ်မှုးကြီးတွေ ရောက်ရှိလာပြီး စခန်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံကာ ကျောင်းသားတပ် ဖွဲ့တွေကို ထိုင်းနိုင်ငံထဲဖြတ်ကျော်ခွင့် ပြုပါတယ်။ ရန်သူတပ်တွေတက်လာပြီဆိုတာ ကျနော်တို့ သိနေကြရပြီ။
ဒုတိယတဆင့် ကျောင်းသားတပ်ဖွဲ့တွေ ခိုနားဖို့နေရာကိုသတ်မှတ်ပေးပါတယ်။ ကျနော်တို့တတွေ ထိုင်းနိုင်ငံထဲဖြတ်ကျော်ပြီး ဒုတိယ စုရပ်ကို ရောက်ယုံရှိသေးတယ်၊ မူဆလင်တပ်ဝင်းထဲကသစ်စက်ကြီး မီးဟုန်းဟုန်းလောင်နေတာကို တွေ့ရပါတော့တယ်။ ကျနော်တို့ အတော်လေးကို အထိတ်တလန့်ဖြစ်သွားခဲ့ကြတယ်။ အခုပဲနယ်စပ်ကိုဖြတ်တယ် အခုပဲ ရန်သူတပ်တွေရောက်လာတယ်ဆိုတော့ လန့်ဆိုလဲလန့်စရာပါပဲ။ နောက်တော့ ရန်သူတပ်တွေရောက်မလာသေးဘူးလို့ သိရပြန်တယ်။ ဒုတိယစုရပ်ကိုရောက်ပြီး နေရာချပြီး လို့ နောက် ၄ နာရီလောက်အကြာမှာတော့ တဖက်ကမ်းကရင်နယ်မြေထဲကနေ ကြောက်မက်ဖွယ်ပေါက်ကွဲသံကြီးကိုကြား လိုက်ရပြီး လက်နက်ကြီး၊ ငယ်ပေါင်းစုံတပြိုင်တည်း ပစ်ခတ်လိုက်တဲ့အသံကို ကြားရပါတော့တယ်။ ဘယ်လောက်ပြင်းထန်သလဲဆို ကျနော်တို့ ရှိနေတဲ့ ထိုင်းငံဖက်ခြမ်းက မြေကြီးတွေပါ သိမ့်သိမ့်တုန်တယ်။ ထိုင်းဖက်ခြမ်းနယ်မြေထဲကိုလည်း ရန်သူရဲ့ လက်နက်ကြီးကျည်ဆံ တွေကျရောက်ပေါက်ကွဲတယ်။ ရွာသားတချို့ထိခိုက်ဒါဏ်ရာရကြတယ်။ တိုက်ပွဲကနာရီဝက်လောက်ကြာတယ်။ ကျနော်တသက်နဲ့မှာ ဒီလောက်ပြင်းထန်တဲ့ လက်နက်ပေါက်ကွဲသံတွေ မကြားဘူးတော့ငှာ၊ ရင်ထဲလှိုက်ကနဲ၊ လှိုက်ကနဲဖိုပြီး လူပါလေထဲမြောက်ပါသွားသ လို ခံစားခဲ့ရတယ်။ ရုတ်တရက်ဆိုသလိုပဲ ပေါက်ကွဲသံတွေဟာ တိကနဲရပ်ပြီးတိတ်ဆိတ်သွားတော့တယ်။ တိတ်ဆိုဘာသံမှ မကြား ရတော့။ ကြောက်မက်ဖွယ် တိတ်ဆိတ်သံကြီးဆိုတာကို စပြီးကြားခဲ့ဘူးတော့တာပါပဲ။
တဖက်ကအခြေအနေတွေ ဘာဖြစ်မှန်းမသိရသေး။ လက်ရှိဒီဖက်မှာကိုယ်လူတွေကို ပြန်စစ်ရပါတယ်။ ဘာတွေဖြစ်သွားခဲ့သလဲ။ လူစုံ တက်စုံ ကျန်ရစ်သူမရှိ။ လူစုံမှပဲအကြောင်းစုံသိရတာက၊ မီးလောင်သွားတဲ့သစ်စက်ကြီးက ရန်သူလက်ချက်မဟုတ်၊ ကိုယ်တွေဆီက ရဲဘော်ကြီး ၂ ယောက်က မီးတင်ရှို့ခဲ့တာတဲ့ဗျား။ ကိုယ့်ဆရာ ၂ ယောက်ကမီးရှို့ပြီး ဒီဖက်ကမ်းကူးလာတော့ ထိုင်းသတင်းထောက် တွေနဲ့ အင်တာဗျူးတွေဘာတွေလုပ်ပြီး၊ ဓါတ်ပုံပါအရိုက်ခံလာသေးဆိုပဲ၊ ကြည့်လုပ်ပေါက်က။ အဟုတ်ပဲဗျာ၊ နောက်နေ့ ဘန်ကောက် ပို့စ်သတင်းစာမျက်နှာဖုံးမှာ ကိုယ့်ဆရာ ၂ ယောက် မီးဟုန်းဟုန်းလောင်နေတဲ့ သစ်စက်ကြီးနောက်ခံနဲ့ လက်သီးလက်မောင်းတန်း ကြွေးကြော်နေတဲ့ ဓါတ်ပုံကြီးပါလာတော့တာပဲ။ ကျနော်သူတို့ ၂ ယောက်ကိုမေးကြည့်တယ်။ “အကိုတို့ ဘာတွေကြွေးကြော် နေတာ လဲလို့” ပြန်ဖြေတာလည်းကြည့်ဦး “ကျောင်းသားများရဲ့ လက်နက်မဲ့တော်လှန်ရေးအောင်ရမည်အောင်ရမည်လို့” ကြွေးကြော် ခဲ့တာ တဲ့ဗျား။
ကျနော်တို့တပ်ဖွဲ့တွေ ထိုင်းနိုင်ငံထဲက ဒုတိယခိုနားရတဲ့နေရာလေးကိုတော့ နံမည်လှလှလေးပေးခဲ့တယ်။ “ချမ်းမြေ့သာယာကုန်း” တဲ့။ တကယ်တော့ စိတ်ချမ်းမြေ့စရာတကွက်မှမရှိ။ တပ်ရင်း (၂၀၆) မှ ရဲဘော်တွေနဲ့ အိမ်ထောင်သည်တွေ ထပ်ရောက်လာကြပြန်ပါ တယ်။ အဲဒီနေရာလေးမှာ ကျနော်တို့တတွေ သီတင်းပတ် ၃ ပတ်လောက်နေခဲ့ရတယ်။ အဲဒီမှာရှိနေကြစဉ်အတွင်းမှာပဲ ရှေ့တန်း နယ်မြေက သတင်းဆိုးကြီးတခုကို ကြားကြရပါတယ်။ တပ်မဟာ (၆) နယ်မြေအတွင်းပိုင်းမှာ စစ်ဆင်ရေးထွက်နေတဲ့ တပ်ရင်း (၂၀၅) တပ်ရင်း မှူးဦးဆောင်တဲ့ စစ်ကြောင်းနဲ့ ရန်သူထိပ်တိုက်တွေ့ပြီး ကျနော်တို့ ရဲဘော် ၃ ယောက်ကျပြီး၊ ၁ ယောက်ကို ရန်သူကအရှင် ဖမ်းမိ သွားတယ်ဆိုတဲ့သတင်းပါပဲ။
အဲဒီနေ့ဟာ ကျနော်တို့ရင်ထဲ မီးလောင်တဲ့နေ့ ပါပဲ။
No comments:
Post a Comment