Friday, May 21, 2010
မွှေးသည့်ပန်းများ (နိဂုံးပိုင်း)
နံနက်လင်းတော့ ထမင်းကြမ်းခဲလေးစားပြီးတော့ အဲဒီနေရာကိုပြန် သွားကြည့်မိသည်။
မကြာပါချေ နံနက် ၉း၀၀ နာရီမထိုးခင်လောက်မှာ အောက်ခြေ က ၀ိုက်ပြီးဆင်းတုန်းဟန်တူပါသည်။ AK, AR, G3, G4 သံ တွေညံသွားသည်။ စက်လတ်သံနှင့် 40m အသံလည်းထွက် လာသည်။ ခံကတုတ်ကျင်းထဲက ခေါင်းထောင်ပြီး ရဲဘော် မြင့်သိန်း ကျသွားသည့်နေရာက လက်လှဲ ဒူးလှဲနှင့်တက်ပြီး ကြည့်မိသည်။ ရှေ့က ကျွန်းပင်ကြီးနံဘေးက ခြုံပုတ်လေး လည်း ကြည့်မိသည်။ ကျည်ကွယ်မျက် ကွယ်နေရာလေးပါပဲ အဲဒီနေရာကို ခေါင်းလေးနဲနဲထောင်ပြီးတော့ ပစ်မှတ်ရှာကြည့် သည်။ မြန်မြန်လေးပင် ရွှီကနဲ ကာဘိုင်ကျည် တတောင့်က မိမိခေါင်းပေါ်ဖြတ်သွားသည်။ တထွာကျော်ကျော်လောက်ရှိ မည် ထင်ပါသည်။ စိတ်ထဲအေးကနဲဖြစ်သွားပြီး ပြန်ဝပ်ချလိုက် သည်။ သိပြီ် ဒီနေရာက ဒီကောင်လာချောင်းနေကျ။ KNLA က ရဲဘော်လေးတယောက်လည်း သူ့ရင်က ကျခဲ့ဖူးတယ်တဲ့။ တခြားနေ ရာကလှည့်ပြီး ပစ်မှတ်ရှာဦးမည်။
“ဟေ့ကောင်… ဇာဇာ မထနဲ့ အတင့်မရဲနဲ့ အဲဒီကျွန်းပင်ဘက်မှာ ရန်သူလာလာစောင့်တတ်တယ် သတိထား”
နောက်က ရဲဘော်လေးအော်သံကိုကြားတော့ လှည့်ကြည့်မိလိုက်သည်။ မနေ့ကလိုပဲ သနပ်ခါးဘဲကြားနှင့် “ဂေး” ပုံစံနဲ့ ရဲဘော်က RPG.5 ကိုင်ပြီး ပြေးတက်လာသည်။ မိမိက …
“ဟေ့ကောင် ကျည်လမ်းကြောင်းနိမ့်တယ်နော်”
“သိတယ် ဖယ် ဖယ်”
၂ ခွန်းပဲ အော်ပြီးတော့ ရုတ်တရက်ဒူးထောက်လိုက်ပြီး ကျွန်းပင်ကိုပစ်ထည့်လိုက်သည်။ ကျွန်းပင်တ၀က်ပြတ်သွားပြီး နံဘေးကခြုံ ပုတ်လည်း လွင့်သွားသည်။ “ဇာဇာ” လှိမ့်ချလိုက်ပြီး နောက်တလုံးတပ်ပြီးတော့ မိမိရှေ့က ထပ်ထုလိုက်သည်။ “ဇာဇာ” RPG နောက်ပြောင်းဝ မီးပွားရှည်ကြီး မပွင့်မီ မိမိက မှောက်ချလိုက်သည်။ ဖုတ်ပေါ်က မြေကြီးနှင့် မိမိနှခေါင်းထိသွားသည်။ တော်ပါသေးရဲ့ ဝပ်မိလို့။
“စစ်ကြောင်းမှူး ထကြည့်စမ်း မအေပေး သွားပြီ”
ကျွန်းပင်ကြီး လူတရပ်ကျော်ကျော်လောက်က ထက်ပိုင်းပြတ်သွားပြီးဘေးနားက ခြုံပုတ်လည်းမရှိတော့။ ဒီကောင် RPG5 ရှယ်လား ကြက်ကန်းတိုးတာပဲလားလို့ တွေးပြီးကြည့်နေမိသည်။ အသံတွေ တိတ်သွားကုန်ပြီး ထော် ထော် ကျား ကျား အသံတွေက ဝေး ဝေး သွားသည်။
မငုံ့လို့မဖြစ်ပါ မရှောင်လို့လည်း မဖြစ်။ RPG5 နောက်ပွင့်မီးက ကျနော့်မျက်နှာနှင့်မျက်စေ့ကို လောင်ကျွမ်းသွားနိုင်ပါသည်။ “ခွေးသခိုး ဇာဇာ” ရှေ့ကရန်သူမထိခင် ငါအရင်ရှောသွားတော့မလို့။ ကျောကုန်းနှင့်တင်ပါးကို အပူလမ်းကြောင်းတခုစီးဆင်းသွားသည်ဟု ခံစား သိလိုက်ရသည်။
ညနေ ၄း၃၀ လောက်မှာတော့ ဒီကောင်တွေဆုတ်သွားပြီ မင်းတို့အကူစစ်ကြောင်းလဲ ပြန်နိုင်ပြီ နယ်မြေခံတပ်မှူး ရဲဘော်တွေနဲ့ပဲ ထားခဲ့တော့မယ် လူစစ် ကျဉ်စစ် ရိက္ခာစစ်။ မနက်ဖြန် ၉း၀၀ လောက်ပြန်ကြမယ်။ ရိက္ခာနဲ့ ကျည်တချို့ထားခဲ့မယ်။ ကျည်တဘောက် စီပဲ ယူသွားမယ်။
အဲဒီညက အိပ်လို့ကောင်းလိုက်တာ သောင်ပြင်ကသဲပေါ်မှာ လွတ်လွတ်လပ်လပ် တိမ်ကလည်းကင်းနေလို့ ကြယ်လေးတွေကလည်း တလက်လက်နဲ့ …။
စခန်းရောက်တော့ ရဲဘော်တွေနားကြပြန်သည်။ ဝမ်းခါ၊ သေ့ဘောပိုး၊ သံလွင် ၂၀၄၊ ၂၀၅၊ ၂၀၆၊ ၂၀၇ ကျောင်းသားတပ်ရင်းတွေ လူစုံ သည်။ ထမင်းချက်ပြုတ်စားကြသည်။ ရဲဘော်တယောက်က
“ဟေ့ကောင် ဇာဇာ။ မင်းက ဟင်းချက်ကောင်းတယ် တော်တယ်ကွာ ဟင်းတော့ မင်းပဲ ချက်လိုက်တော့နော်”
ယ္ခုမှသတိရမိသည် တနေ့က “ဇာဇာ” အတိုင်းပင်။ အဲဒီရဲဘော်ကို။ “ဂေး” မျက်စောင်းမျိုးနဲ့ …
“မအေ -ိုး တွေ ငါ့ကိုညာညာခိုင်းတယ် အင်း အင်း သေကြ သေကြ စောစောလေးသေကြ၊ ငါကတော့ ဟင်းချက်ပြီးမှသေတော့မယ်” ခပ်ပြုံးပြုံး ပင် …
ကျနော်တို့ တရေးနိုးလာတော့ “ဇာဇာ” ချက်ပြီးအသင့်။ ရေချိုးထားသည်။ ဘယ်ကရမှန်းမသိသော သနပ်ခါးခပ်ကြဲကြဲ လိမ်းထား သည်။ ခေါင်းကကြက်တောင်စည်းနှင့် ယူနီဖောင်းဝတ်ထားလို့သာ။ မ၀တ်ထားလျှင် သူ့ရုပ်သွင်ကို မြင်တာနှင့်သိနိုင်သည်။ အစစ် အ စစ်။
ကျနော်တို့ ထမင်းစားတော့ သူလည်းသူ့ရဲဘော်များနှင့်အတူစားကြသည်။ ကင်မလင်းဟင်းရွက်ချဉ်ဟင်းက ခံတွင်းတွေ့လှ၏။ ငါး ဖောင်ရိုးကင်ကလည်း လိုက်ဖက်ဖြစ်နေ၏။
“ကင်မလင်းဟင်းချိုရှိသေးလား” လို့
ကျနော်က ထပ်တောင်းမိသောအခါ သူကလာပေးသည်။ အမြင်ကပ်ဆုံးမျက်စောင်း ရယ်ကြဲကြဲမချိုမချဉ်နှင့် ချဉ်ဟင်းကိုလာချရင်း။
“ဟင်း ဟင်း ဟိုကျွန်းပင်ကြီးလဲကျသွားတုန်းက စစ်ကြောင်းမှူးနှာခေါင်း ထယ်ထိုးတာမြင်လိုက်ရတယ်တဲ့ ဟိ ဟိ”
ကျနော် ဒေါသထွက်သွားသည် ဟုတ်လည်း ဟုတ်ပါသည် မငြင်းနိုင်ပါ။ ဒုတိယပစ်လိုက်သော RPG အလုံးသည်။ ကျနော့် ကျောနှင့် တင်ပါးကို ပူကနဲဖြစ်သွားခဲ့သည် မဟုတ်ပါလား။ အဲဒီ RPG တလုံးတည်းနှင့် ရှေ့က ရန်သူတပ်ကြပ်ကြီးရော နောက်က စစ် ကြောင်း မှူး ဟုဆိုသည့် ကျနော်ပါ ပြတ်သွားနိုင်သည်။ စိတ်ထဲက ကျိတ်ဆဲမိသည်ေ-ွး မသား။ ခဲတလုံးနှင့် ငှက်နှစ်ကောင်ကိုပစ်တဲ့ကောင်လို့ ကျနော်ကအရင်ခံရမည် နောက်မှ ရန်သူတပ်ကြပ်ကြီးက တွေးရင်း ကိုယ့်တင်းပါးကိုစမ်းမိသည်။ ဘာမှမဖြစ် တော်ပါ သေးရဲ့။
ကျနော့်ကိုကြည့်ပြီး ရယ်ကြဲကြဲနှင့် တခြားထမင်းဝိုင်းဘက်လှည့်ထွက်သွားသည်။ ရဲဘော်များက
“ဟုတ်လား စစ်ကြောင်းမှူး” တဲ့…
မျက်နှာထားခပ်ထန်ထန်နှင့် ကျနော်က…
“အေး ဟုတ်တယ် ဟုတ်တယ် အဲဒီတုန်းက ငါ့နှခေါင်းထယ်မထိုးမိရင် ဇာဇာလက်ချက်နဲ့ ငါ မျက်ခွက်လဲ အခုလို ထမင်းစားနိုင်မှာ မဟုတ်တော့ဘူး” လို့
“ဟား ဟား ဟား ဟား”
ထမင်းဝိုင်းလေးတွေ ပျော်စရာဖြစ်သွားတော့သည်။
“ဟေ့ကောင် မင်းကို ဟိုဈေးဆိုင်က လာတိုင်တယ်၊ သူ့ဆီက ငွေတွေယူထားပြီး ပြန်မပေးဘူးဆို၊ ဟိုကောင်တွေမေးကြည့် တော့ လည်း ဟုတ်တယ်တဲ့။ မကလယ် လာပြောသွားသေးတယ်”
“ဟာ စစ်ကြောင်းမှူးကလဲ ဘာဆိုင်လို့လဲ။ သူတို့ဟာ သူတို့ယတြာချေချင်တယ်ဆိုပြီးပေးထားတာ။ သော်လဲထ သွားပြီးတော့ ပစ္စည်း တွေ ဝယ်ရဦးမှာ အလကား ဘေးပြောတာမယုံနဲ့ သွားမေးကြည့်”
ဇာဇာ ကလည်း အဲဒီလို ပြဿနာရှာတတ်တဲ့ကောင်
“ဟေ့ ဖိုးတွမ်တီးမလုပ်နဲ့နော် ဒို့ကျောင်းသားတွေနာမည်ပျက်မယ်”
“ဟင်း.ဟင်း ဟုတ်ကဲ့ ဟုတ်ကဲ့”
ဇာဇာသိတ်မကြည်တော့။ သေ့လောထဈေးဆိုင်မှာ အရက်ဝယ်သောက်ရင်းရန်ဖြစ်ကြပါသည်။ ဇာဇာ ခေါင်း ကွဲသွားတယ်တဲ့။ (၅) ယောက် ဝိုင်းသောက်နေရာက ဇာဇာ ကို ဝိုင်းရိုက်ကြခြင်းဖြစ်သည် တဲ့…
စိတ်ပူသွားမိသည်။ ဒီကောင်တွေ ဂေး ကိုတောင်ဝိုင်းရိုက်သတဲ့ လား။ ကြားရတာက ရှက်စရာကြီး။
ဇာဇာ ပြန်ရောက်လာပါပြီ။ ခေါင်း ၂ ချက်ကွဲထားသည်။ သွေးသိပ်မထွက်သေး။ ဆေးမှူးခေါ်ပြီးချုပ်ခိုင်းသည်။ မရ။ ကိစ္စမရှိဘူးဟု ပြောပြီး အတွင်တွင်ငြင်းနေသည်။ ကြိမ်းမောင်းတော့မှ အရက်ပျံနှင့်ဆေးပြီးတော့ အိုင်အိုဒင်းသုတ်ပြီးပလာစတာနှင့် ကပ်ထားလိုက် ရသည်။
အမှုစစ်တော့ ၅ ဦး ထိုင်သောက်ပြီး စကားများကြသည်။ သူတို့ ၄ ဦးက တဘက် “ဇာဇာ” က တဘက် ထထိုးကြမည်လုပ်တော့ ဇာဇာ က အရက်ပုလင်းထဆွဲပြီး မိမိခေါင်းကို ၂ ချက်ခပ်ဆတ်ဆတ်ရိုက်ပြသည်။ ပြီးတော့
“သတ္တိရှိရင်လာ ဇာဇာ ကွ မိန်းမလျာ ကွ” တဲ့။
“မင်းတို့ထက်မိုက်လို့ “ဂေး” လုပ်နေတာကွ” တဲ့
၎ ယောက်က ခေါင်းသွေးထွက်တာမြင်တော့ ပြန်ချော့ကြသည်။
၅ ယောက်စလုံးအချုပ်ထဲမှာ ထိတ်တုံးခတ်လိုက်သည်။ ဇာဇာ က အမူးမပြေတပြေမှာ
“စစ်ကြောင်းမှူး ကျနော့်ကို တယောက် ထဲ တခြားထိတ်တုံးမှာခတ်ပေးပါ။ သူတို့နဲ့ ဝေးဝေးထားပါ”
“ထိတ်တုံးခတ်ရင်လဲ တပေါက်ခြားပြီး ပက်လက်ပဲထားပေးပါ။ မှောက်ခုံမထားပါနဲ့။ ဒီကောင်တွေနဲ့ အချုပ်စောင့်တွေက ဘော်ဒါတွေ” တဲ့ …
“မအေပေးတွေ စိတ်မချရဘူး” တဲ့ …
ဇာဇာ ဘာပြောသည်ကို ကျနော်နားမလည်ခဲ့ ဇာဇာ သည် ကျနော့်ထက် အသက်တနှစ်ကြီးသည်။ သူ့အတွေ့အကြုံနဲ့ ဖြတ်သန်း ရင့်ကျက်လာခဲ့ပုံကို ကျနော်မသိနိုင် မတွေးနိုင်တော့ပါ။
မမူးရင်လည်း ရဲဘော်တွေရဲ့ အင်္ကျီစုတ်ကစပြီး ချုပ်ပေးသည်။ လေသံပျော့လေးနှင့် စိတ်ရှည်လက်ရှည်ပင်။ ရဲဘော်ငယ်ငယ်ချောချော ကလေးများနှင့်တွေ့ရင်တော့ ဘေးနားကထိုင်ပြီး စကားဖောင်ဖွဲ့ပြောမည်။
ဂေး ၏ မျက်စောင်းက အကြောင်း ၃ ပါးမရွေး။
တခါ သူ့နေရာ တဲလေးဘက်ရောက်ခဲ့သည်။ အခြေအနေ စစ်ဆေးချင်တာလည်းပါသည်။ ဇာဇာ RPG5 ပြောင်းတိုက်နေသည်။ တွေ့ တော့ပြုံးပြုံးပင်…
“ဟေ့ကောင်ဇာဇာ မင်းတို့ငါတို့က သေပေါ်ရှင်ဘက်ရဲဘော်ရဲဘက်တွေနော် ငါတို့ဟာ တော်လှန်ရေးရဲဘော်တွေနော် စိတ်ထိန်းရမယ်။ ညီညီ ညွတ်ညွတ်” “သိသားပဲ ဘာတရားမှလာမဟောနဲ့”
“အေး ငါတည့်တည့်ပဲပြောမယ်ကွာ မင်းနောက်ဖေးသွားတိုင်း သေးပေါက်တိုင်း တန်းလန်းကြီးမြင် နေရတာတောင် ဂေး ဖြစ်ချင်နေ သေးလား”
“ဒါက ရှေးရှေး ဘ၀က”
“တော်တော် ဆက်မပြောနဲ့ ဒီလိုလား ဟိုးရှေးရှေးဘ၀တုန်းက သူများသားမယားပြစ်မှားခဲ့လို့ ငရဲခံရပြီးတော့ လူပြန်ဖြစ် လူဖြစ်တော့ လဲ “ဂေး” ဖြစ်တယ်လို့ ပြောဦးမလို့ မဟုတ်လား”
ကျနော် သူ့ထက်တောင်မပြောတတ်တော့ အံ့ဩပြီးစိုက်ကြည့်မိနေတုန်း…
“သိပါတယ် သိပါတယ် ဟင်း ကောင်လေးချောချောလေး သားသားနားနားလေးမြင်ရင်တော့ သူ့ကို ကြိုက်ချင်တဲ့စိတ်က တားလို့မှ မရတာ”
“စစ်ကြောင်းမှူးလဲ ဂေး ဖြစ်ရင်သိလာမှာ ဂေး တွေလို ခံစားတတ်လာမှာ” တဲ့။
ကျနော့် နားထင်ကျောပါ စိမ့်သွားသည်။ သူ့နဲ့ဆက် ပြီး မပြောနိုင်တော့ပေ။ တော်ပြီ ဒီကောင်နဲ့။
ဝမ်းခါဘက် ရန်သူက စစ်ကြောင်းတွေနဲ့ တအားဖိထိုးနေလို့ ဗိုလ်မှူးရောဘဇံ တို့အဖွဲ့ကို ပြန်ခေါ် လူစုနေပြီတဲ့။ သူကအတွေ့ အကြုံ များသူ ဥပတိရုပ်လည်းကောင်းသူ။ အဖေသွေးများများပါသည်ထင့်။ ကျောင်းသားတပ်ထဲမှ လမ်းမယူသူများကို သူက လမ်းပြပေးနိုင် သည်။ ထိမ်းထားနိုင်သည်။ သင့်တော်သည့် သင်တန်းများပေး ထားနိုင်သည်။ စိတ်ဝင်စားရာ ကျွမ်းကျင်ရာ လက်နက်ငယ်များကို အ ထူးလေ့ကျင့်ပေးထားနိုင်သူပင်။
အကိုကြီးသဖွယ် အဖြစ်လည်းရင်းနှီးကြသည်။ ကျနော်တို့လည်း လေးစားကြသည်။ သူကလည်း တလေးတစားဆက်ဆံသည်။ သူ့ တ ပည့်ရဲဘော်ကို ထိလျှင်လည်း တာဝန်ခံ တာဝန်ယူခေါ်ထုတ်သွားတတ်သည်။ ဝမ်းခါ စစ်ပူပြီ ပြန်ရတော့မည်ဆိုတော့ ဇာဇာ တို့ ဝမ်း သာကြသည်။ ဇာဇာ က ဘိုင့်ဘိုင် တဲ့။ ဖလိုင်းကစ်နဲ့နှုတ်ဆက်သွားသည်။ ဘိုင့် ဘိုင် ဇာဇာ ငါဒို့လဲမင်းလိုပါပဲရင်ထဲ ပေါ့သွားသလိုလို။
မာနယ်ပလော စစ်ရုံးချုပ်သတင်းအရ ဝမ်းခါ က တိုက်ပွဲက တော်တော်ကြမ်းလာသည်။ မိမိတို့ကျောင်းသားတပ် ကေအဲန်ယူနယ် မြေရုံးရှိသည်။ ရခိုင်တပ်တချို့ မွတ်ဆလင်တပ်တချို့ တပ်ပေါင်းစု တပ်တချို့ရှိနေသည်။ အင်အားတော့ စိတ်ချရသည်။
ရန်သူက ဒီ ဝမ်းခါ ခံစစ်သေးကို လိုချင်သည်။ ဖြိုချင်သည်။ နာမည်ကြီးခံတပ်.တခုအဖြစ်ထင်ရှားနေသည်။ အိုမီဂါရှိတ်နဲ့မို့ ခံစစ် သတ် ကွင်းက ရှင်းနေသည်။ သတ်ကွင်းပစ်မှတ်ကလည်း ကျဉ်းကျဉ်းပေမဲ့ ထင်းနေသည်။ ရန်သူလာဖို့ ဒီဘက် တပေါက်ထဲရှိသည်။ ထိုင်း ဘက်က လာမှ ၀မ်းခါ ကျနိုင်မည်။ ထိုင်းဘက်ကလည်း လုံခြုံရေးအပြည့်နှင့် ကျူးကျော်မည်ကို လက်မခံနိုင်။
ထိတ်တိုက်ဖုတ် (ဘန်ကာ) များထဲက စိတ်ကြိုက် စိန်ပြေနပြေ ကျည်ပုံးဖင်ခုထိုင်ပြီး ပစ်၍ရသည်။ ဂျီဖိုး၊ စက်လတ်တွေနှင့် အတွဲလိုက် ကျည်မိုးရွာပေးနိုင်သည်။ တခါတက်လာလိုက် တခါကျသွားလိုက်ကြနှင့်၊ ငှက်ပျောပင်များအရင်းကလဲသလိုပင် ရန်သူ့အလောင်းက အပုတ်နံ့တွေကြောင့် အတွင်းကရဲဘော်များပင် နှာခေါင်းစည်းထားရ၊ ရေမွှေးဆွတ်ထားရသည်။ တိုက်ပွဲတပွဲအပြီး တခါတခါ အချိန်ရ ရင် ပစ်ရှင်းပြီး လက်နက်များကောက်ရသည်။ တဘက်က ပွိုင့်ဖိုက်ကိုတော့ သတိထားရသည်။ စည်းရိုးနားကပ်သည့်နှင့် လန်လန် ကျ သွားကြသည်။ မြင်မကောင်းတော့ပေ။ အလောင်းတွေကိုအလစ်မှာခိုးရွှေ့ပြီး တခါတရံ မီးရှို့ရသေးသည်။
တခါတခါ တက်တော့မည်ဆိုလျှင် သူတို့လူစုသည်။ ဗျူဟာဆွဲသည်။ တက်တော့မည်ဆိုလျှင် လက်နက်ကြီးကို ဖိသုံးသည်။ ၁၂၀၊ ၈၄၊ ၈၁၊ ၇၅ နှင့် ၈၄ တို့သုံးလာသည်။ လက်နက်ကြီးကျည်များက ဝမ်းခါထဲမှာ စက္ကန့်နှင့်အမျှကျနေသည်ဟု ခံစားရသည်။ “တုံ” ဟု ၁၂၀ အသံကြားလျှင် ရဲဘော်များက ရေတွက်သည် တထောင့်တစ်၊ တထောင့်နှစ်၊ တထောင့်သုံးရောက်လျှင် ဖုတ်ကျင်းထဲဝင် ကြသည်။ ဝုန်းကနဲ ပေါက်ကွဲပြီးရင် ပြန်ထွက်လာကြသည်။ အတွေ့အကြုံက သင်ပေးနေခြင်းပင်။
ဝါးပိုးဝါးရုံကြီးများကလည်း ဝမ်းခါ ၏ သဘာဝ ကျည်ကွယ်မျက်ကွယ်ဖြစ်နေတော့သည်။ ဝါးပိုးမခုတ်ရ။ ပြတ်ကျသောအပင် များသာ ရှင်းရသည်။ လျှောက်မြောင်း ဘန်ကာ (မိမိတို့က ဖုတ်ဟု ခေါ်ကြသည်) များကိုအမြဲတမ်းရှင်းထားသည်။ ဆက်သွယ်ရေးစနစ် က လည်း ကောင်းသည်။ ရိက္ခာ ကျည် ရေသန့် အဆင်ပြေအောင် စီစဉ်ထားသည်။ ရေသန့်အဝီစိတွင်းပင် ကျောင်းသားတပ်များက တူး ထားနိုင်သည်။
ဝါရင့် KNLA, KNDO တပ်မှူးကြီးများဖြစ်သည်။ ဗိုလ်ချုပ်တောလား၊ ဗိုလ်မှူးကြီးသန်းမောင်၊ ဗိုလ်မှူးကြီးကျော်သောင်းနှင့် ၀ါရင့်စီနီ ယာ ဗိုလ်ကြီးရင်မောင်တို့က ကိုယ့်နေရာနှင့်ကိုယ် တာဝန်ယူထားသောကြောင့် ခံစစ်က ပိုပြီးတောင့်တင်းခိုင်မာနေသည်။
ရန်သူ့ ကြားဖြတ်သတင်း၊ လှုပ်ရှားမှု လမ်းကြောင်းတွေကလည်း ဥာဏ်ရည်တူ အဆင့်မြင့်သောကြောင့် စစ်ရေးခန့်မှန်း၊ ကြိုတင်အကဲ ခတ်မှုများကလည်း ထိရောက်နေသည်။ ဆက်သွယ်ရေးနဲ့ အရံလမ်းကြောင်းကို ဗိုလ်မှူး ဖေါဒို နှင့် ခွဲမှူး စောနေဦး တို့က အထူးတာ ဝန် ယူထားသဖြင့် ရန်သူတိုးမပေါက်နိုင်ဘဲ အလောင်းတွေတောင် ပြန်မသယ်နိုင်ကြ။
ကျန်းမာရေးအတွက် ယခင်က ဆေးရုံပုန်းလေးဖြစ်နေသော ဒေါက်တာစင်သီယာဆေးခန်းမှ အတွေ့အကြုံရှိ လေ့ကျင့်မှုရှိထားသော ဆေးမှူးငယ်များကလည်း တက်တက်ကြွကြွ လာရောက်ကုသပေးနိုင်သည်။ အတူနေအတူစား တိုက်ပွဲပြင်းထန်နေလျှင်ဆေး မှူးများ က ဆေးအိပ်မကိုင်တော့။ ရန်သူ့ထံမှရသော ဂျီသရီး ဂျီဖိုး၊ စက်လတ်များကို သွားဆွဲတော့သည်။ လုံခြုံရေးစနစ်၊ ဖုတ် (ဘန်ကာ) များ ကောင်းသောကြောင့် ပစ်ခတ်အားလည်းကောင်းသောကြောင့် ဝမ်းခါထဲက မထွက်ချင်ကြပေ။
ရန်သူများက လက်နက်ကြီး ကျည်အားနှင့်နှိမ်သည်။ ထုံစံအတိုင်း မိမိတို့ရဲဘော်များ ဖုတ် (ဘန်ကာ) ကျင်းထဲမှာ ခေါင်းမဖေါ်နိုင် အောင်လုပ်ထားပြီး။ လက်နက်ကြီးအလုံးတွေ ခပ်စိတ်စိတ်ကျလာလေလေ သူတို့က နီးလာလေလေ။ နီးရင် အော်တိုဆွဲပြီး ကျား တက်ထိုး တတ်ကြသည်။ ဒီ ရိုးစင်းသော ဗျူဟာကအတွေ့အကြုံက ဖန်တရာကြေနေပေပြီ။ တခါတခါ ရဲဘော်များက တပွဲပြီးတိုင်းပြီး တိုင်း …
“မအေးပေးတွေေ-ွး မသားတွေ ရဲဘော်တွေပဲ တက်ခိုင်းတယ် ဒင်းတို့ပါလာရင်တော့ သိပ်ပြီးမြိန်မှာပဲ”… တဲ့။
ရဲဘော်များက ခိုးပြီးနားကြသည်။ မဲဆောက်ထဲကို ထွက်ကြသည်။ အလှည့်ကျမို့ အစီအစဉ်ကလည်း လည်ပတ်နေသည်။ ထင် ထင် ပေါ်ပေါ်တော့ မလည်ရဲကြ မဆောက်က ပုလိပ်နှင့်တပ်ကဖမ်းမိသွားလျှင် ဟိုဘက်ကမ်းပြန်ပို့မည်။ မပို့လျှင်လည်းငွေက သောင်း ဂ ဏန်းမက သိန်းဂဏန်းနှင့် ချီ၍ကုန်ပေဦးတော့မည်။
ဝမ်းခါထဲက ကျောင်းသားရဲဘော်ရဘက်တချို့နှင့် တပ်ပေါင်းစု ရဲဘော်များက ဂျီသရီးနှင့်ဂျီဖိုး စက်လတ်များကို လုကိုင်ကြသည် ကျည် ခွံများကို အလဟဿမဖြစ်ဖို့ ဘေးနား ကျည်ထွက်ပေါက်နားတွင် ဂုံနီအိပ်ပါးပါး (သို့) မြွေခွံအိပ်ကို ဟထားသည်။ ပစ်ပြီး ကျည်ခွံများ က အိပ်ထဲဝင်သွားကြသည်။ ကျည်ဆံခွံ တကီလိုသည် ပေါက်ဈေးက ကောင်းနေသည်။ အကြံအဖန်လည်းလုပ်တတ်ကြပေ့။ မဲ ဆောက်က လာဝယ်သော ကုလားများကို ထွက်ရောင်းကြသည်။
ဝမ်းခါ သတင်းကလည်း မွှေးပါ၏ မဲဆောက်က ကုန်သည်ကြီးချို့က စိတ်ဝင်စားသည်။ ဒီ တပတ် ဗမာစစ်သားတက်လျှင် ၀မ်းခါ ကျ မည် မကျမည်ကိုလည်း လောင်းကြေးထပ်ကြသေးသည်။ ကြံကြံခိုင်နေသော ၀မ်းခါ ဘက်က သူတို့အနိုင်ရသည့်ုသတင်းများနှင့် နိုင် သောသူတို့က ဝမ်းခါ ထဲကို အချိုရည် အစားအစာလေးများ လှူဒါန်းကြပါသေးသည်။
တာဝန်အရ ဝမ်းခါ လေးငါးခြောက်ခေါက်လောက်ရောက်သည်။ တရက် နှစ်ရက် တည နှစ်ညအိပ်ပြီးသတင်းယူ ရဲဘော်တွေအား ပေးပြီး ပြန်သွားရသည်က များသည်။ တနေ့ကို အလုံးကြီး ၆၀၀ မှ ၁၀၀၀ လောက်အထိကျသည်ဟု ပြောကြသည်။ ကျနော် ရောက် စဉ်ကအခါ ပြောင်ကြီး (ကိုစိုးညွန့်) ကျောင်းသားစခန်း ဥက္ကဋ္ဌ အပြင်တာဝန်ယူစဉ်က နှစ်ညအိပ်ခဲ့ရသည်။ နေ့ဘက်ထမင်း စားချိန်မှ အပ လက်နက်ကြီးမိုးက တဖွဲဖွဲပင်။
စိတ်ကူးကောင်းလှသည့် ရဲဘော်တချို့နှင့် KNLA ရဲဘော်တချို့က သက်သာချောင်ချိရေး လက်ဖက်ရည်ဆိုင်လေးပင်ဖွင့်ထားသေး သည်။ အကြံအဖန်ရထားသော ငွေစလေးများနှင့် တခြားသူငယ်ချင်းတွေ စခန်းတွေကပေးထားသော ငွေစလေးများနှင့် လက်ဖက် ရည်ဆိုင်လေး ထိုင်ကြသည်။ လက်ဖက်ရည်ဆိုင်နေရာသည် လက်နက်ကြီးကျည် အကျနည်းသောနေရာကို ရွေးထားခြင်းဖြစ်သည်။
လက်ဖက်ရည်သောက်တုန်း
“တောက်ဖုန်း တောက်ဖုန်း တောက်ဖုန်း” ဆိုသော ပွိုင့်ဖိုက်သံကိုဂရုမစိုက်။
“တုံး.. တုံ.. တုံ” ဟူသော အသံသာဂရုစိုက်ကြသည်။ ၀မ်းတွမ်တီးလက်နက်ကြီးအသံကို ကောင်းကောင်းကျက်မိကြသည်။ တုံး ဟု အသံကြားလျှင်ဖုတ်ထဲမဝင်ကြသေး စိတ်ထဲက ထောင့်တစ်၊ ထောင့်နှစ်၊ ထောင့်သုံးရွတ်ပြီးရင် ဖုတ်ထဲဝင်သည်။ ထောင့်သုံးမှာ ဝုန်း ကနဲ ကွဲသည်။ ဝမ်းတွမ်တီး အတွဲလိုက်ပစ်သလို ခံစားရသည်။
ကြုံတောင့်ကြုံခဲ မှတ်မိပါသေးသည်။ မိမိက သံလွင်စခန်းမှ ဖျားနာနေသော ရဲဘော်တဦးနှင့် ဒါဏ်ရာပြင်းထန်သော ရဲဘော်တဦးကို မဲဆောက်သို့ပို့ပြီး (မယ်တော်ဆေးခန်း) “ဆေးရုံပုန်း” လေးတွင် လာရောက်ကုသပါသည်။ ဖျားနာ၊ ဒါဏ်ရာ ရဲဘော် ၂၀ လောက်ရှိ မည်ထင်ပါသည်။ ဒေါက်တာစင်သီယာ ဆရာမနော်ထူး ကိုဝဏ္ဏ၊ စောစိန်ဟန်၊ စောချစ်ဝင်း၊ စောသိုက်စိုးနှင့် အကူရဲဘော်များလည်း လက်မလည်ကြ။ ဂရုစိုက် ပြုစုကုသနေကြပါသည်။ ဝမ်းခါ၊ သေ့ဘောပိုး ရေကျော်စခန်းတို့မှ ရဲဘော်များ ဖြစ်ကြပါသည်။
မိမိ “မယ်တော်ဆေးခန်း ဆေးရုံပုန်း” တွင် ရဲဘော်များကိုပို့ပြီး နေရာချပြီးသောအခါ အကိုကြီးကဲ့သို့ရင်းနှီးသော ဗိုလ်မှူးစိုးစိုးအိမ် ကို ခေတ္တသွားလည်ကြပါသည်။ ဖါသာ (သင်းအုပ်ဆရာ) တို့ စုပေါင်းလှူထားသော Drip ဆားရည်ပုလင်းနှင့် အခြားထိုးဆေးစားဆေးများ သွားယူရန် လည်းဖြစ်ပါသည်။ ညနေစောင်းမှ ဆေးခန်းကိုပြန်တော့မည်ဟု စိတ်ကူးထားသည်။
ညနေစာစားပြီး ဆေးခန်းလေးပြန်မလို့လုပ်စဉ် ဝမ်းခါ က သတင်းပို့တယ် အဖူးကျော်သောင်း (ဗိုလ်မှူးကျော်သောင်း) နေမကောင်းလို့ တဲ့။ ဆရာမကို လာရောက်ကုသပေးဖို့ အကူအညီတောင်းတယ်။ ဒီနေ့ညပဲသွားရမယ် နေ့ဘက်သွားရင် ရန်သူသိမယ်။ လုံခြုံရေးကိစ္စ အရေးကြီးတော့။ ခင်ဗျားလဲ လိုက်သွားရမယ် ဒီမှာဘယ်သူမှမရှိတော့ဘူး။ ဗိုလ်နောင်နောင် (အထူးကွန်မင်ဒို တပ်ဗိုလ်ကြီး) က ကား မောင်းပို့မယ်။ ခင်ဗျားက လိုက်သွားရမယ် ဘော်ဒီဂတ်ပေါ့တဲ့။ မငြင်းပါ သွားဖို့ဆုံးဖြတ်ကြပါသည်။ ဆရာမက ဆေးလွယ်အိပ်ပြင် သည်။ ဗိုလ်နောင်နောင်က ကားဆီသွားဖြည့်သည်။ ကျနော် သံလွင်စခန်းမှ ဝှက်ယူလာသော မဂ္ဂနယ်ပစ်စတိုလေးတလက်နဲ့ ကျည် ၄ တောင့်ယူခဲ့သည်။ ည ၇း၀၀ နာရီကျော်ကျော်လောက်မှ ထွက်လာသည်။ ရှေ့ခန်းမှာ ဆရာမက အတူလာထိုင်ဖို့ပြောသေးသည်။ မ ထိုင်ချင်ပါ ဆရာမနဲ့ ဗိုလ်နောင်နောင်တို့ လုံခြုံရေးယူရမည့်အသိက ခေါင်းထဲဝင်နေသည်မို့ နောက်ပွင့်မှာပဲ ထိုင်လိုက်ခဲ့မည်ဟုပြော ပြီးထွက်လာခဲ့ကြသည်။ ကတ္တရာလမ်းကကျော်လာပြီး တောလမ်းရောက်တော့ ပုရစ်သံကညံနေပြီ မိမိက နောက်ပွင့်ကားပေါ်မှ မတ် တပ်ရပ်လိုက်ခဲ့သည်။ လေလေးက တဟူးဟူးနှင့် စက်သံနှင့်မီးရောင်ကို ရန်သူဘက်ကမ်းကတွေ့နိုင်သည်။ သည်အချိန်မှာ သတိထား ပြီးဘေးဘယ်ကြည့်ပြီး မောင်းလာခဲ့ကြသည်။ မယ်ပကျော်တော့ လမ်းကနည်းနည်းကြမ်းသည်။ ၀မ်းခါ ရောက်ခါနီး ၃ ကီလိုလောက်မှာ ဝုန်းကနဲ ကားရှေ့က ခွေးလောက်ရှိတဲ့ အကောင်နှစ်ကောင်ဖြတ်ပြေးသည်။ မီးရောင်အတိုင်း ၂ ကောင်က မီးရောင်ကို တချက်ကြည့် လိုက်တော့မှ တောယုန်ကြီး ၂ ကောင်ဖြစ်မှန်းသိသည်။ ဗိုလ်နောင် နောင်က လီဗာကိုဆောင့်နင်းလိုက်ပြီးတော့ အရှိန်တိုးလိုက်သည်။ တကောင်ကဘေးကို ခုန်ထွက်သွားသည်။ တကောင်က ရှေ့အခုန်မှာ ကားနှင့်ဝင်တိုက်မိသည်။ ဝုန်း ကနဲ ကားအသံမြည်သွားသည်။ ဗိုလ်နောင်နောင်က ကားကိုခေတ္တရပ်ပြီး မီးမှိတ်ပြီးတော့ နောက်မီးလေးနှင့်ဆုတ်လာသည်။ ယုန်လို့မထင်ရ၊ ခွေးလို့ထင်ရသည်။ ဖြူဖြူ ဖွေးဖွေးတောယုန်ကြီးတကောင်ရလိုက်သည်။ အတော်ပဲ မနက်ဖြန်နံနက်စာတော့ အဆင်ပြေသွားပြီတဲ့။
ဝမ်းခါ အဝင်ကားမီးနဲ့ အချက်ပြပြီးတော့ လှေကိုလှမ်းခေါ်သည်။ အသင့်စောင့်နေကြပြီမို့ လာခေါ်သည်။ သောင်ရင်းမြစ် ရေလည်တွင် “ဒီကောင်တွေ ဒီညတက်ဦးမယ်ပြောတယ် မကြေပွဲ” … တဲ့။
ကိုယ့်မြန်မာဘက်ကမ်းခြေချမိတော့ ဝမ်းသာသလိုလိုပင်။
“မြန်မြန်လာ မြန်မြန်ဝင် ဒီကောင်တွေလာတော့မယ် ပစ်တောာ့မယ်…” တဲ့။
“တုံ” ဝမ်တွမ်တီးတလုံး အသံကြားပြီးနောက် …
“တုံ .. တုံ” များဆက်သွားသည်။
နီးစပ်ရာ ဖုတ်ကျင်းထဲကို တိုးဝင်ကြသည်။ ကျနော်ကတကျင်း ဆရာမနဲ့ ဗိုလ်နောင်နောင်တို့ကတကျင်း ဆက်တိုက်ကျနေသော လက်နက်ကြီးအသံများက တ၀ုန်းဝုန်း လင်းကနဲလက်ခနဲ လျှပ်လက်သလို မိုးကြိုးပစ်သလို အလင်းရောင်များကြောင့် တဦးနဲ့ တဦး ဖြတ်ကနဲလင်းကနဲ တွေ့လိုက်ရသည်။ ဖုတ်ကျင်းအဝမှာ ဗိုလ်နောင်နောင်နဲ့ ဆရာမတို့က ကျနော်တို့ဘက်ကြည့် နေကြသည်ကို တွေ့ ရသည်။ ကျနော်လဲပြုံးပြမိသည်။
ဗိုလ်နောင်နောင်လည်း ပြုံးပြသည်။
နိုက်တင်ဂေးလည်း အပြုံးမပျက်ပါလား။
ရဲဘော်တွေက ပြုံး။
ဝုန်း .. ၀မ်း .. ဂုန်း .. ဂွမ်း
ကျနေတဲ့ ပေါက်ကွဲသံတွေ ညံနေတယ်။
အဲဒီတုန်းက အပြုံးကိုယ်စီနဲ့ ဗုံးမိုးတွေကြားက။
ဝမ်းခါ ရဲ့ ည။
အတွေ့အကြုံတွေကလည်း ရှိလာပြီ ဆိုတော့ ရန်သူတက်လာတိုင်း လန်လန်သွားကြသည်။ ဇာဇာ လည်း ၀မ်းခါထဲမှာရှိနေသည် ဘာစိတ်ကူးပေါက်မှန်းမသိ ထိတ်တိုက် ဖုတ် (ခံကတုတ်ကျင်း) ပေါ်တက်ပြီး ရန်သူပွိုင့်ဖိုက်ပစ်နေသည့်ဘက်ကို ဖင်ကုန်းပြသည် ပါး စပ်ကလည်း ဆဲနေသည်။ ၁၀ မိနစ် ၁၅ မိနစ်လောက် ကြာမည်ထင်ပါသည်။
“မအေ -ိုး တွေ ဟော့ဒီထဲ တည့်တည့်ပစ် ထိအောင် ပစ် နင်တို့ကိုဒါပဲထင်တယ်” ဟုပြောပြီး …
သူ့တင်ပါးကို လက်ညှိုးထိုးထိုးပြောနေသည်။ အဝေးကြည့်မှန်ပြောင်းမှ မြင်နေရသောရန်သူက ဒေါသထွက်ပြီး ပွိုင့်ဖိုက်နှင့်ပစ်သည်။ “တောက် ဖုန်း တောက်ဖုန်း” အသံထွက်လာသည်။
ဇာဇာ ကို မထိ ဘန်ကာအောက်ခြေသာ လာမှန်သည်။ နောက်တချက်ပစ်လိုက်သော ၈၄ အလုံးကြီးက ဘန်ကာအောက်ခြေကို လာ မှန်ပြီး မီးခိုးနှင့်ဖုန်မှုန့်များရောသွားသည် သူငယ်ချင်းရဲဘော်တွေက လှမ်းဆဲပြီးသတိပေးတော့မှ ဇာဇာ တယောက် မဆင်းချင်ဆင်း ချင် နှင့် ဖုတ်ပေါ်က ပြန်ဆင်းလာသည် ဇာဇာ တင်ပါးတွင်သွေးနီကွက်တွေ့ရသည်။ ၈၄ အစလေးတစမှန်သွားခြင်း ဖြစ်သည်။ ဇာဇာ က ပြုံးဖြဲဖြဲနှင့်။ မတော်လို့ များ အထဲသာဝင်သွာလျှင်…။
ဝမ်းခါ သည် သေမင်းတမာန်ငရဲဘုံလေးထဲက အိုအေစစ်လေးတခုလည်း ဖြစ်နေသည်လားမသိ။ လက်နက်ကြီးများကျသော အ ချိန်နည်းသွားလျှင် ရန်သူတွေအတင်းမတက်သေးပဲ အနားယူစစ်ကစားနေသောအချိန်တွင် အလှည့်ကျနားရသူများက ဝိုင်းကလေး များ ဖြစ်နေတတ်သည်။
ဇာဇာ လည်းပါသည်။ သူတို့ခေတ်လူငယ်စကားအရတော့ ကောင်း နေကြပါသည်။ ကျောင်းသားတပ်မတော်သည် လူစုံလွန်းသည် ဘဝနာလွန်းသည်။ ခံစားတွေ့ထိချက်ကလည်း ပြင်းထန်လွန်းသည်။ ၀ိုင်းထဲ သောက်ရင်းစားရင်း ရင်ဖွင့်ရင်းနှင့် တပ်မှူးငယ်တ ယောက်က …
“ဟေ့ ဇာဇာ ငါတို့ တော်လှန်ရေးသမားဘ၀မရောက်ခင်က လူစုံကွ မလုပ်ရဲတာလဲ ဘာမှမရှိဘူး မလုပ်ဖူးတာလဲဘာမှ မရှိဘူး မင်းသိ လား မင်းသိလား”
ထပ်ခါထပ်ခါရစ်နေတော့ ဇာဇာ ဒေါသထွက်လာသည်။ ဝိုင်းက အမြည်းပန်းကန်နှင့် ဖန်ခွက်ကိုကန်လိုက်ပြီး။
“တကယ်လား မင်းတကယ်ပြောတာလား ဒီလိုဆိုရင်မင်း _င် ခံဖူးလား” လို့ …
မေးလိုက်တော့ မျက်နှာကြောရှုံ့သွား တာကိုတွေ့လိုက်ရတယ်လို့ ဇာဇာ နဲ့ ဝိုင်းထိုင်ဖူးတဲ့ ရဲဘော်တယောက်ကပြန်ပြောပြဖူးသည်။
DKBA ခွဲထွက်သွားသောကြောင့် ၀မ်းခါ အထာများသိပြီး။ ကရင် ကရင်ချင်းပြန်မတိုက်ချင်သောကြောင့် “အောင်မြင်စွာနဲ့ ဆုတ်ခွါ” ပေးလိုက်ပါတယ်ဟု တာဝန်ခံတပ်မှူးတဦးက ပြောခဲ့ပါသည်။ မာနယ်ပလောကျသွားပြီဆိုတော့လည်း ထောက်/ပို့ ဆက်သွယ် ယန္တ ယားလည်းအားနည်းသွားပြီ ဖြစ်ပါသည်။ တပ်ပေါင်းစုရဲဘော်များကို သက်ဆိုင်ရာမိခင်တပ်ဖွဲ့တွေဆီ ပြန်ပို့ပေးသည်။ နှစ်နှင့်ချီပြီး ခံ စစ်သေထဲတွင် တာဝန်ကျေစွာ ထမ်းဆောင်နေသော မိမိတို့ ကျောင်းသားရဲဘော်တချို့လည်း တတိယနိုင်ငံများသို့သွားလိုပါကလည်း ခွင့်ပြုကြောင်း မိမိတို့ကျောင်းသားတပ်မှူးတချို့က နားလည်စွာ ဖြင့်ခွင့်ပြုပေးခဲ့သည်။
ဝမ်းခါ က မထွက်ချင်ဘဲ ထွက်လာကြရသည်။ လက်နက်အချို့ကိုသယ်နိုင်သမျှသယ်ပြီး တချို့ကိုဖျက်ဆီးခဲ့ကြသည်။
ဇာဇာ က တတိယနိုင်ငံသို့မသွားခဲ့။ မဲဆောက်နှင့်နီးသော မိမိတို့ကျောင်းသားတပ်မတော်ရှိသော။ မြန်မာဘက်ကမ်းတွင် အခြေစိုက် သော တပ်ရင်းသို့ ပြန်လာခဲ့ပါသည်။ မကျေနပ် ဝမ်းခါ ကဲ့သို့သော ခံစစ်သေ၏ အတွေ့အကြုံများမှ နောက်တန်းစခန်းအဖြစ်ထားပြီး စစ်ကြောင်းများဖြင့်ထွက်တိုက်ချင်သည်။ နောက်ထပ် တပ်ဖွဲ့တခုဖွဲ့နိုင်ဖို့ လိုက်စည်းရုံးသည်ဟု ကြားရသည်။ မိမိတို့ ဒေါင်းခွင်ဘက်သို့ တော့ပြန်မလာ။ မိမိတို့လည်း ၀ဲကြီးစခန်းသို့ ဆုတ်သွားရသည်။
“ဇာဇာ” သတင်းကြားရသည်။ ခံစားချက်ပြင်းထန်နေသည်။ ခံယူချက်လည်းမလျော့ချင်။ ခေတ္တစစ်ရေးချိုထားရသောအချိန်တွင် အ ထူးတိုက်ခိုက်ရေးတပ် တခုလိုနေသည်ဟု စည်းရုံးနေသည်။ ဘဲကလော်စခန်းသို့ တက်လာပြီး ထုံးစံအတိုင်း သောက်ပြီးရစ်တော့ သည်။
“ဟေ့… မင်းတို့မတိုက်ရဲရင် ဂေးနီတပ် (RGF) ထောင်မယ် တက်တိုက်မယ် ဇာဇာ တဲ့ကွ”
ဇာဇာ သောင်းကျန်းပြီ။ အရက်ဆိုင်အပြင်ဘက်ထွက်ပြီး ထုံးစံအတိုင်း ပုလင်းနှင့်ခေါင်းကို ဆက်ခါ ဆက်ခါရိုက်သည် ခေါင်းသွေးချင်း ချင်းနီသွားသည် စခန်းလုံခြုံရေးက ထိုင်းစစ်သားနှင့် တာဝန်ရှိသူများလာခေါ်သွားသည်ဟု သိလိုက်ရသည်။ ဇာဇာ အကြောင်းနောက် မကြားရတော့ချေ။
မည်သို့ပင်ဖြစ်ပါစေတော့ “ဇာဇာ” သည် မိမိတို့ ကျောင်းသားတပ်မတော်မှ လက်နက်ကိုင်တိုက်ပွဲဝင် ရဲဘော်တဦး ဖြစ်ခဲ့ပါသည်။ ရန် သူအပေါ်ပြတ်သည်။ လက်နက်ကိုင်တော်လှန်ရေးကို မတွေဝေယုံပြီး တိုက်ခဲ့သည်။ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲ ဝင်ခဲ့သော ဒီမိုကရေစီသူရဲကောင်းများစာရင်းတွင် “ဇာဇာ” ကို ကဗျည်းထိုး မှတ်တမ်းတင်ဂုဏ်ပြုရမည် ဖြစ်ပါသည်။
ဇာဇာ သည် ရတနာ ဖြစ်သွားပါပြီ။ ရဲဘော်ဝလုံးရေးခဲ့သော အန္တိမစိတ် တော်လှန်တေးထဲမှ မြေမှာကြွေသည်ထိ မွှေးမယ့်ပန်းများထဲမှ ပန်းတပွင့် ဖြစ်သွားခဲ့ပါသည်။
ဇာဇာ သည် ရတနာစစ်စစ် ဖြစ်သွားပါပြီ။
ဇာဇာ ရတနာအား ကျနော်တို့ လေးစားဂုဏ်ပြုမှတ်တမ်းတင်ထားရမည်ဖြစ်ပါသည်။
ဇာဇာ ကဲ့သို့ ကျဆုံး၊ သေဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော်များအား ဦးညွှတ်အလေးပြုလျှက်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment