ဒီနေ့အချိန်ဟာ နိုင်ငံရေး အမြင် အလွန်ရှုပ်ထွေးတဲ့ ကာလတခု ဖြစ်ပါတယ်။ ညီအစ်ကို မသိတသိ ကာလမျိုးလို့ ဆိုရပါ မယ်။ ရန်သူလား၊ မိတ်ဆွေလား မကွဲပြားလောက်အောင် အမြင်ရှုပ်ထွေးတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီသမား ပါ လို့ ဆိုသူတွေထဲမှာတောင် ဗိုလ်ခင်ညွန့်ကို
ခွင့်လွှတ်မေတ္တာထားပြီး၊ ဦးဂမ္ဘီရ သော့ရိုက်ချိုးတာကို သဘော ထားတင်း မာသူပါလို့ အပြစ်တင်ချင်သူတွေ ရှိနေကြတဲ့ ကာလ ဖြစ်ပါတယ်။ အတွေးအခေါ်ရှုပ်ထွေးရင် နိုင်ငံရေး ရှုပ်ထွေးပြီး ညီ ညွတ်ရေး ပြိုကွဲတတ်ပါတယ်။ ညီညွတ်ရေး ပြိုကွဲရင် ရန်သူဘက်က အနိုင်ရ အသာစီးရသွားတတ်ပါတယ်။ သတိကြီးကြီး ထားနိုင်မှ တော်ကာကျပါလိမ့်မယ်။
စစ်အာဏာရှင် အုပ်စုအတွင်းမှာ အပျော့အမာကွဲနေတယ်လို့ ဆိုကြပါတယ်။ ဒီအပျော့အမာကိစ္စကို ကြံ့ဖွံ့အစိုးရ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ ဆောင်းပါးမှာ ကျနော်ပြောခဲ့ဖူးပါတယ်။ အပျော့ အမာတွေ ကွဲနေတယ်ဆိုတာ မှန်းဆချက်ပါ။ ဘယ်သူမှ အထောက်အထားနဲ့ သေသေချာချာ ပြောနိုင်တဲ့ အရာ မဟုတ်ပါ ဘူး။ ဒါပေမဲ့ အရင်က စစ်အာဏာရှင်အဆက်ဆက် လုပ်ခဲ့သလို ရာထူး ဖြုတ်တာ တောရှင်းတာမျိုးတော့ မတွေ့ရသေး ပါဘူး။ အဲသလို တောရှင်းတာမျိုး မတွေ့ရတဲ့အပြင် သူတို့ကို အပျော့အမာကွဲနေတယ်ဆိုပြီး လူတွေက ထင်ကြေးပေး မှန်းဆနေတာကို စစ်အစိုးရက နှစ်သက်နေ သလားလို့တောင် ထင်စရာရှိပါတယ်။ သူတို့ကိုယ်တိုင်က တချို့က အမာပုံ နဲ့ထွက်၊ တချို့က အပျော့ပုံနဲ့ထွက်ဆိုပြီး ဇာတ်တိုက် ကပြနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရင်ကလည်း ဒါမျိုး လုပ်ခဲ့ ဖူးပါတယ်။ စိန်လွင်က ဘီလူးဆိုင်းနဲ့ထွက်၊ ဒေါက်တာမောင်မောင်က အပျော့ဆွဲနဲ့ထွက် ဆိုတာမျိုးလုပ်ခဲ့ဖူးပါတယ်။ တ ကယ်တန်းကျတော့ ဒီပုပ်ထဲက ဒီပဲတွေချည့်ပါပဲ။
သူတို့ထဲမှာ အပျော့အမာကွဲမကွဲတော့ မသိဘူး။ ကျနော်တို့ထဲမှာတော့ အပျော့အမာ ကွဲနေပါပြီ။ ဗြန်းကနဲနှစ်ခြမ်းကွဲ ထွက်တာမျိုးကို မျက်ဝါးထင်ထင် မတွေ့မြင်ရသေးပေမဲ့၊ အတွေးအခေါ်အရ ကွဲနေပါပြီ။ စိတ်ဝမ်းကွဲနေကြပါပြီ။ ဒီလိုကွဲ နိုင် တာမျိုးကို တွေးမိလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်ရေး မဆုံးဖြတ်ခင်တုန်းကရေးတဲ့ ကျနော့်ရဲ့ ကျုံးသွင်း ခံရသော ဆင်ကြီးတကောင် ဆောင်းပါးမှာ သတိပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ မူအရကွဲလာတဲ့အခါ လူအရတွဲဖို့ဆိုတာလည်း ခက်လာပါတယ်။ မလွဲမရှောင်သာ ကွဲလာကြပါတယ်။ အတွေးအခေါ်အကွဲရဲ့ အဓိက အက်ကြောင်းနေရာက ၂၀၀၈ အ ခြေခံဥပဒေ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ဖြစ်ပါတယ်။ ၂၀၀၈ ခု အခြေခံဥပဒေကို လုံးဝ လက်မခံနိုင်တဲ့ အုပ်စုကို ခေါင်းမာသူတွေလို့ တခြားဒီမိုကရေစီသမားတွေက ခေါ်ကြပါတယ်။ သူတို့ကတော့ သူ တို့ကိုယ် သူတို့ ပြတ်သားသူတွေလို့ ခံယူကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာမယ့်သူတွေကိုတော့ တခြား ဒီမိုကရေစီ အုပ်စုက ပျော့ညံ့သူတွေလို့ ခေါ်ကြပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ပျော့ပျောင်းသူတွေလို့ ခံယူကြပါတယ်။ ဒီတော့ နှစ်ဦးနှစ်ဘက် လက်ခံနိုင်မယ့် ပြတ်သားသူနဲ့ ပျော့ပျောင်းသူ အပျော့နဲ့ အမာလို့ပဲ ကျနော်သုံးစွဲ ပါမယ်။
တချို့က ညီညွတ်ရေး ရှေ့ရှုပြီး အပျော့ကလည်း အပျော့၊ အမာကလည်း အမာ နည်းမျိုးစုံနဲ့ တပြိုင်တည်း လုပ်သွားကြ မယ်လို့ ဆိုပါတယ်။ ဒီသဘောထားဟာ အမြော်အမြင် ကြီးမားတဲ့ အမြင်ပါ။ ဒါပေမဲ့ တကယ်လက်တွေ့ ဖြစ်နိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာ ရှိလာပါတယ်။ ဘာ့ကြောင့် သံသယ ဖြစ်မိပါသလဲ။ ကျနော်ပြောပါမယ်။ ဒေါ်နော်အုန်းလှ က လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားတော့ Weekly Eleven က မီဒီယာပြီပြီ မီဒီယာနေရာမနေဘဲ ဒီအချိန်မှာပွဲဖျက် နှောက်ယှက်လာရင် ဘယ်သူ့မှ သည်းမခံဘူးလို့ ပြောလာပါတယ်။ ဆရာဦးစိန်ဝင်းကလည်း ဒီအချိန်ဟာ လူကြီး လူ ကောင်းဆန်ဆန် လုပ်ရမယ့် အချိန်လို့ ဆိုလာပါတယ်။ ဒီမိုကရေစီဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ဆရာဦးစိန် ဝင်းလို ပုဂ္ဂိုလ်မျိုးကတောင် လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို လူကြီးလူကောင်းမဟုတ်သလိုမျိုး ပြောထွက်လာတာကို တွေ့ရပါတယ်။ ၈၈ မှာ တနိုင်ငံလုံး လမ်းပေါ်ထွက်ခဲ့ကြလို့ ဒီနေ့ဒီလောက် ဒီမိုကရေစီ စကားပြောခွင့်ရလာတယ် ဆိုတာ ကိုတော့ သတိမေ့သွားသယောင်ယောင် ပါပဲ။ ဒါဟာ ပြတ်သားသူတွေကို ပျော့ပျောင်းသူတွေက ထိုးနှက်တိုက်ခိုက်ခဲ့တဲ့ နမူနာပါ။ မန္တလေးမှာ ဦးသောပါက ခေါင်းဆောင်တဲ့ ဆန္ဒပြသူ သံဃာတော်ငါးပါးကို ကြံ့ဖွံ့ စစ်အစိုးရက ဖြိုခွဲတဲ့ ကိစ္စမှာ ကျနော်တို့ရဲ့ ဒီမိုကရေစီ ဘက်တော်သားများဟာ သူတို့ဘက်ကနေ အားပေးကူညီမှု မပြုခဲ့ရုံသာမက အစိုးရဘက်ကို ကူ ညီပြီး ဆန္ဒပြသံဃာတော်တွေရဲ့ ရည်ရွယ်ချက် ပျက်ပြားအောင် လုပ်ဆောင်ခဲ့ပါတယ်။ သံဃာတော်တွေကို မစိုးရိမ်တိုက် ဟောင်းကနေ မောင်းထုတ်ခဲ့ပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စာနာစကားကလေးမှ ပြောဖော်မရဘဲ နှာစေးနေခဲ့ပါတယ်။ ဒါဟာလည်း ပြတ်သားသူတွေကို ပျော့ပျောင်းသူတွေက တိုက်ခိုက်ထိုးနှက်ခဲ့တာနဲ့ လျစ်လျူရှု ခဲ့တာရဲ့ နောက်ထပ် နမူနာပါ။
တောင်သူလယ်သမားတွေနဲ့ ကိုဖိုးဖြူတို့က လယ်သမားအခွင့်အရေး အတွက် ဆန္ဒပြကြတော့လည်း အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ်က နှာစေးပြန်ပါတယ်။ ဘာမှ အကူအညီမပေး။ ထောက်ခံမှု မပေးခဲ့ပါ။ ဖမ်းဆီးသူတွေ၊ တရားစွဲသူတွေကို တောင်မှ တချက်ကလေး ဝေဖန်ဖော်မရပါ။ ဒီမိုကရေစီ အခွင့်အရေးအတွက် ထောက်ခံပြောဆိုဖို့ရာ ဒီချုပ်ဘာကြောင့် ပျက်ကွက်ခဲ့ပါသလဲ။ ဦးသိန်းစိန်နဲ့ နားလည်မှု ပျက်ပြားမှာစိုးလို့ နှုတ်ဆိတ်နေတာပါလား။ အသေးကလေးလို့ တွေးသူ တွေ ရှိချင်ရှိကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ ဒီမိုကရေစီအတွက် စကားမပြောရဲရင် ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီ နောင်ရေးဟာ ရင်လေးစရာ ဖြစ်ပါလိမ့်မယ်။ တကယ်ဆိုရင် ဒေါ်စုနဲ့ NLD အနေနဲ့ ရေငုံနှုတ်ပိတ်နေတဲ့ အဖြစ် ဟာ မသင့်တော်ပါဘူး။ အချောင်ဆန်တဲ့ အပြုအမူ ဖြစ်ပါတယ်။ တာဝန်မဲ့တဲ့ အပြုအမူ ဖြစ်ပါတယ်။ လယ်သမားနဲ့ အစိုးရ ဖြစ်တာ ငါတို့နဲ့ မဆိုင်ဆိုပြီး ဘေးထွက်ထိုင်နေသလို ဖြစ်နေပါတယ်။ တကယ်လို့ ကိုဖိုးဖြူတို့ လုပ်ရပ်ကို မကြိုက်လို့ မ ထောက်ခံနိုင်ဘူးဆိုရင်လည်း မထောက်ခံနိုင်ကြောင်း ဘာ့ကြောင့် မလုပ်သင့်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောသင့်ပါ တယ်။ ထောက်ခံတယ်ဆိုရင်လည်း ထောက်ခံကြောင်း ပြသသင့်ပါတယ်။ ဒီကိစ္စမျိုးမှာ ကြားနေလို့ မရပါ။ လူထုခေါင်း ဆောင်ဆိုတာ လူထုအရေးကို မသိချင်ယောင်ဆောင်နေရင်လည်း မသင့်တော်ပါ။ ဒီဖြစ်စဉ်ဟာလည်း ပျော့ပျောင်းသူ တွေက ပြတ်သားသူတွေဘက်က မရပ်ဘဲ ဦးသိန်းစိန်ဘက်က ရပ်ခဲ့တဲ့ နောက်ထပ် ဥပမာတခု ဖြစ်ပါတယ်။
ထောင်ကျခံ တန်းကျခံပြီး ဟုတ်တိုင်းမှန်ရာကို ရဲရဲပြောခဲ့ကြသူတွေလည်း ဒီနေ့ခေတ်မှာ ဦးသိန်းစိန်အရိပ်အကဲကို အရိပ် တကြည့်ကြည့် ကြည့်ပြီး မပြောရဲ မဆိုရဲ ဖြစ်ကုန်ကြပါပြီလား။ ဒုက္ခ ခံစားကြရသူတွေကို ဥပေက္ခာပြုမှပဲ ဒီဆွေးနွေးရေး က အလုပ်ဖြစ်တော့မှာပါလား။ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ပါးစပ်လိုက်ပိတ်မှသာ ပြောင်းလဲရေးရှေ့ဆက်နိုင် မှာပါလား။ ဒါဆိုရင် သူတို့ ပြောနေတဲ့ ပြောင်းလဲရေးဆိုတာ ဘယ်လိုပြောင်းလဲရေးပါလဲ။ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။
ဆရာတော် အသျှင်ဂမ္ဘီရက မဂ္ဂင်ကျောင်းတိုက်ကို သော့ရိုက်ချိုးပြီး ဝင်နေခဲ့ပါတယ်။ နောက်ထပ်မတရား ချိတ်ပိတ်ခံထား ရတဲ့ ကျောင်းနှစ်ကျောင်းကိုလည်း သော့ရိုက်ချိုးခဲ့ပါတယ်။ ဒါကိုလည်း ကျနော်တို့ရဲ့ ဒီမိုကရေစီသမားများဆိုသူတွေက ဥပဒေ ချိုးဖောက် ရကောင်းလားဆိုပြီး အပြစ်တင်ကြပါတယ်။ မတရားတဲ့ ဥပဒေကို လိုက်နာဖို့ တောင်းဆိုနေကြပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီ အရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေကြသူတွေဖြစ်ပါတယ်။ စစ်အစိုးရထုတ်သမျှ ဥပဒေ ကို လိုက်နာနေမယ်ဆိုရင် ဘာမှ တိုက်ပွဲ ဝင်နေစရာ မလိုတော့ပါဘူး။ စစ်အစိုးရ ထုတ်ပြန်တဲ့ ဥပဒေတွေနဲ့ ကိုယ့်ကိုယ် ကိုယ် တုပ်နှောင်ထားပြီး တိုက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့ဟာ စစ်အစိုးရလက်ထဲမှာ ကလေးကစားစရာ အရုပ်ကလေး တွေလို ဖြစ်နေပါလိမ့်မယ်။ စစ်အစိုးရအနေနဲ့ ကျနော်တို့ကို ဟန့်တားဖို့ အတွက် ဘာမှ ကြိုးစားအားထုတ်နေစရာ မလိုပဲ၊ ဥပဒေတမျိုးပြီး တမျိုး ထုတ်နေရုံပါပဲ။ ဥပဒေကို လေးစား လိုက်နာမှု မရှိတဲ့ ဆရာစံကို ဗြိတိသျှနယ်ချဲ့အစိုးရက ပုန်ကန် သောင်းကျန်းသူ၊ သူခိုးဓါးပြတွေလို့ ခေါ်ပါတယ်။ ဆရာစံကို ကြိုးမိန့်ပေး သတ်ဖြတ်ခဲ့သူ ဒေါက်တာဘဦး ကိုတော့ လူကြီး လူကောင်း ဥပဒေသမား တရားသူကြီးလို့ သဘောထားပါတယ်။ ပြည်သူတွေရဲ့ သမိုင်းက ဆရာစံနဲ့ ဒေါက်တာဘဦးကို ဘယ်လို ဆုံးဖြတ်သလဲ ဆိုတာကိုတော့ ပြည်သူအားလုံး သိကြတဲ့ အတိုင်းပါပဲ။
တကယ်တော့ ဆရာတော်ဦးဂမ္ဘီရကို ငြိုငြင်ကြတာဟာလည်း အပျော့သမားတွေ ရဲ့ စိုးရိမ်ပူပန်မှုဖြစ်ပါတယ်။ဆရာတော်ရဲ့ ရဲရဲတောက် အပြုအမူတွေဟာ စစ်တပ်အတွင်းက သဘောထားတင်းမာသူတွေအတွက် စိုးရိမ်ပူပန်စရာတွေ ဖြစ်နေလေ မလား။
သဘောထားတင်းမာ သူတွေကစိုးရိမ်ပူပန်ကြရင် အပျော့သမားဆိုတဲ့ သမ္မတဦးသိန်းစိန်ဒုက္ခရောက်မလား။ ဒေါ်စု ရဲ့ တွေ့ဆုံဆွေးနွေးရေးကို အနှောက်အယှက် ဖြစ်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ စဉ်း စားကြဖို့က အပြောင်းအလဲဖြစ်လာဖို့ အတွက် သူတို့ စိတ်ကောက်မှာကို စိတ်ပူနေကြရတယ်ဆိုရင် ကျနော်တို့ မျှော်လင့် နေကြတဲ့ အပြောင်းအလဲ ဆိုတာဟာ ဘယ်လောက်ခိုင်မာသလဲ ဆိုတဲ့ အချက်ပါ။ သူတောင်းစားလို လက်ဖြန့်တောင်းခံ နေလို့ ဒီမိုကရေစီရမယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ သူတို့ စေတနာ သဒ္ဓါပေါက်မှ ပေးမယ့် ဒီမိုကရေစီမျိုးကို ကျနော်တို့ မမျှော်ကိုးပါဘူး။
အခြေခံဥပဒေကို ပြန်ဖတ်ကြည့်ကြပါ။ ကျနော်တို့ သိပ်ကြိုးစားကြလို့ နောက်ဆုံးတနေ့မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရင်တောင် စစ်တပ်က ပြန်ပြီး အာဏာသိမ်းလိုက်ရင် တချက်ပါပဲ။ အခြေခံဥပဒေက သူတို့အတွက် ဒီ လောက် အာမခံချက် ရှိလို့ စစ်အစိုးရဟာ အခုလို ဖွင့်ကစားနေတာပါ။ ခေါင်းမာတဲ့သူတွေ စိတ်ကောက်မှာ စိုးလို့ ကိုယ်လူ့ အချင်းချင်းကို ဟို့လူ့ပါးစပ်လိုက်ပိတ်၊ ဒီလူ့ပါးစပ်လိုက်ပိတ်လုပ်နေတာဟာ ဘယ်သူတွေ အကျိုးရှိနေပါသလဲ။ ကိုယ့်ရဲဘော် ရဲဘက်တွေ အပေါ်မှာရော တရားပါရဲ့လား။ ဒီလိုလုပ်ရပ်တွေကြောင့် ကိုယ့်နောက်ကလူထုတရပ် လုံးမှာ အတွေးအခေါ် တွေ ဘယ်လောက်ရှုပ်ထွေးကုန်ပါပြီလဲ။ လူထုကြားမှာ ဘယ်လောက် အငြင်းအခုန်ဖြစ်ကုန်ကြပါပြီလဲ။ ဘယ်လောက် တွေဝေ ကုန်ပါပြီလဲ။
ဘယ်လောက် တွေဝေကုန်ပြီလဲ ဆိုရင် လမ်းပေါ်ထွက် ဆန္ဒပြဖို့ပြောရင် ပြောတဲ့သူကို ခေတ်မမီတဲ့သူ၊ ငပေါငကြောင်လို့ တောင် ထင်လာ ပြောလာကြတဲ့ အထိပါပဲ။ လူထု အဖွဲ့အစည်းတွေဟာ ကျနော်တို့ရဲ့ အင်အားဖြစ်ပါတယ်။ လမ်းပေါ် ထွက် ဆန္ဒပြတာဟာ လူထုအင်အားကို ပြသတာဖြစ်ပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြတာလောက် ဘာကိုမှ စစ်အစိုးရက အရေးမလုပ်ဘူးဆိုတာကို ကျနော်တို့ အကြိမ်ကြိမ် တွေ့ခဲ့ကြပြီးပါပြီ။ ဘယ်လို အာဏာရှင် စနစ်မျိုးပဲ ဖြစ်ပါစေ၊ လူထုရဲ့ သဘောထား၊ လူထုရဲ့ ဆန္ဒကို လုံးဝ လျစ်လျူရှုပစ်ပယ်ပြီး ရေရှည်ရပ်တည်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် တနည်း နည်းနဲ့ လူထုထောက်ခံမှုကို ရယူဖို့ ကြိုးစားကြ ပြသ ကြရတာချည့်ပါပဲ။ ကြံ့ဖွံ့တွေက လူထုသဘောထား ဆန္ဒခံယူပွဲဆိုပြီး အတုအယောင်ပွဲကြီးတွေ ဖန်တီးခဲ့တာတွေဟာ အဲသလို ကြိုးစားမှုတွေရဲ့ တစိတ်တဒေသဖြစ်ပါတယ်။
တကယ်တန်း စစ်အစိုးရကို ရွှေ့လာအောင် လှုပ်လာအောင် လုပ်နိုင်တာဟာလည်း လူထုလှုပ်ရှားမှုတွေသာ ဖြစ်ပါတယ်။ ၁၉၈၈ လူထုလှုပ်ရှားမှုကြီးကြောင့်သာ ၁၉၉၀ ခုနှစ်မှာ ဒီချုပ်မဲနိုင်တဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်လာတာပါ။ ၂၀၀၇ ခု သံဃာ့ အရေးအခင်းကြီးကြောင့်သာ ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရဟာ မလွဲမရှောင်သာ ရွေးကောက်ပွဲ ကျင်းပလာခဲ့ရတာ ဖြစ်ပါ တယ်။
ကိုမင်းကိုနိုင်ထောင်က လွတ်လာတော့ ဓါးအိမ်ကို ကြည့်လို့ ဓါးကောင်းမှန်းမသိရင်၊ ဓါးကို ထုတ်ပြရဲတဲ့ သတ္တိရှိသလားလို့ မေးခဲ့ပါတယ်။ လူထုက တခဲနက် ထောက်ခံပါတယ်။ ကိုမင်းကိုနိုင်က အရပ်သားအစိုးရကို သံသယရှိပေမဲ့ အမျိုးသား ပြန် လည် သင့်မြတ်ရေး အတွက် ပါးစပ်ပိတ်ထားပေးမယ်လို့ ဆိုပါတယ်။ ကိုမင်းကိုနိုင်ဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစား လိုက်နာပါမယ့် အကြောင်း ဝန်ခံလက်မှတ်ရေးထိုးချင်စိတ် ရှိပုံမရပါဘူး။ ကိုကိုကြီးကလည်း ဒေါ်အောင်ဆန်း စုကြည် ရွေး ကောက်ပွဲဝင်တာကို ထောက်ခံရတာဟာ အင်မတန် စွန့်စားရတဲ့ ထောက်ခံမှုလို့ ဆိုပါတယ်။ ဒါပေမဲ့ ၈၈ မျိုးဆက်ထဲမှာ ဒေါ်စုရွေးကောက်ပွဲဝင်တာကို နှစ်နှစ်ကာကာ ထောက်ခံသူတွေလည်း ရှိကြပါတယ်။
အပျော့သမားတွေက ကိုမင်းကိုနိုင်ရဲ့ ဓါးကိုလည်း စိုးရိမ်ပုံရပါတယ်။ ကိုမင်းကိုနိုင်ရဲ့ လူထုထောက်ခံမှုပမာဏကလည်း သိပ် ကြီးမားလို့ အတိအလင်း ဝေဖန်ပြောဆိုသံမျိုးကိုတော့ သိပ်မကြားရပါဘူး။
ဒါပေမဲ့ မစန္ဒာမင်းကို ထောင်ကလွတ်အလာစောင့်ပြီး ရွေးကောက်ပွဲဝင်ဖို့ နေရာချန်ထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဟာ ၈၈ မျိုးဆက် ကျောင်းသားတွေကိုတော့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာမျိုး မတွေ့ရပါဘူး။ (ကျနော် မသိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။) ဘာပဲဖြစ်ဖြစ် ၈၈ မျိုးဆက်ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘော ထားသလဲ ဆိုတာကတော့ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။၈၈ မျိုးဆက်ကျောင်းသားများနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာမှ လူချင်းပြန်ဆုံတွေ့ခွင့်ရကြသူတွေ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တွေ ဟာ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ အရေးတော်ပုံကြီးတွေကို ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ကြသူတွေ ဖြစ်ပြီး၊ ဒေါ်အောင် ဆန်းစုကြည် ကတော့ ပြည်သူလူထု ထောက်ခံမှု၊ နိုင်ငံတကာ ထောက်ခံမှုကို အကြီးမားဆုံးရရှိထားသူ ဖြစ်ပါတယ်။ အားလုံးဟာ သူရဲကောင်းတွေပါ။ သူတို့ဘယ်လိုများ လက်တွဲပြီး တိုင်းပြည်ကောင်းကျိုး သည်ပိုးကြမလဲ ဆိုတာဟာ အား လုံးသိချင်ကြသလို မျှော်လင့်နေကြတဲ့အရာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ စောစောက ပြောခဲ့တဲ့ ဥပမာတွေကို ထောက်ထားကြည့်ရင် ဒီမိုကရေစီ သမားတွေ အကြားမှာ အပျော့အမာ လက်တွဲပြီး တအုပ်စုနဲ့ တအုပ်စု အကြားမှာ အကူအညီပေး ချီတက်ကြဖို့ ဆိုတာဟာ အပြောလွယ်သလောက်လက်တွေ့ သိပ်မလွယ်လှဘူးဆိုတာ တွေ့လာရပါတယ်။ ဒါ့ကြောင့် သံသယ ဖြစ်မိတယ်လို့ ကျနော်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ နည်းမျိုးစုံ၊ အသွင်သဏ္ဌာန်မျိုးစုံနဲ့ ချီတက်ရေး လမ်းကြောင်းဟာ ကျနော်တို့ အ နေနဲ့ မလွဲမရှောင်သာ သွားရတော့မှာပါ။ ဒီတော့ မလွယ်လှဘူးဆိုတဲ့ ကိစ္စကို ဖြစ်အောင်လုပ်ကြရပါတော့မယ်။ တကယ် တန်း ဒီလို သွားရ တော့မယ်ဆိုရင် တဖက်နဲ့ တဖက် စည်းစောင့်ကြဖို့ တတ်နိုင်သမျှ တဖက်နဲ့ တဖက် ကူညီကြဖို့၊ အ တွေး အခေါ်အရရော၊ လက်တွေ့ အရပါ တဘက်ကို တဘက် အနှောက်အယှက် မပေးကြဖို့ဟာ သိပ်အရေးကြီးပါတယ်။
ပြတ်သားသူတွေဘက်က ရွေးကောက်ပွဲဝင်သူတွေကို မဝင်ပါနဲ့လို့ မတားရုံသာ မက သဘောထားကြီးကြီးနဲ့ ဝန်းရံပေးပါ မယ်လို့တောင် ဆိုခဲ့ကြပါပြီ။ ပါးစပ်ပိတ်ပေးသူတွေကလည်း ပိတ်ပေးခဲ့ကြပါပြီ။ ပြတ်သားသူတွေဘက်က ဒီလို သဘော ထား ကြီးကြသလို ပျော့ပျောင်းသူတွေဘက်ကလည်း သဘောထားကြီးကြဖို့ လိုပါတယ်။ ဆန္ဒပြတာ ဒေါ်စုကို နှောက်ယှက် တယ် လို့ မပြောပါနဲ့။ ဒေါ်စုကို ဆန္ဒ ပြတာမဟုတ်၊ စစ်အစိုးရကို ဆန္ဒပြနေတာဆိုတာကို နားလည်ပေးဖို့ လိုပါတယ်။
ပြတ်သားသူတွေနဲ့ ဦးသိန်းစိန်ကြားမှာ ပျော့ပျောင်းသူက ကြားကဝင်လာတာမျိုးဟာ ပြတ်သားသူတွေ အတွက် အခက် တွေ့စေနိုင်ပါတယ်။ ဦးသိန်းစိန်ရှေ့မှာ ပျော့ပျောင်းသူတွေက ဒိုင်းလုပ်ပြီး အကာအကွယ်ပေးနေရင် ပြတ်သားသူတွေ အခက်တွေ့စေနိုင်ပါတယ်။ အဲသလို အခက်တွေ့ရင် စိတ်ဝမ်းကွဲပြားမှုတွေ တိုးပွားလာပြီး ညီညွတ်ရေး ပျက်ပြားမှာကို စိုး ရိမ်ရပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရှိနေသမျှမှာ လူထုဆန္ဒပြပွဲတွေဖြစ်မှာကို စိုးရိမ်စရာ မလို ဘူးလို့ ဗိုလ်သန်းရွှေကပြောကြောင်း သတင်းတခုထွက်ခဲ့ဖူးပါတယ်။ ဒီသတင်းမှန်နေသလားဆိုတာ အခု ပြန်စဉ်းစားစရာ ဖြစ်နေပါတယ်။ လူထုတွေ ဆန္ဒမပြဖို့ ၊ လူထုလှုပ်ရှားမှုတွေ မလုပ်ဖို့ အတွက် ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေသလားဆိုတာ မျိုးတောင် စဉ်းစားစရာ ဖြစ်လာပါပြီ။ လူထုဆန္ဒပြပွဲ၊ လူထုလှုပ်ရှားမှုတွေကို ဒေါ်အောင်ဆန်းစု ကြည် တခါမှ ဦးမဆောင်ခဲ့ဖူး၊ မပါဝင်ခဲ့ဖူးပါဘူး။ ၁၉၈၈ ခု၊ ၂၀၀၇ ခု လူထုလှုပ်ရှားမှုတွေဟာ ဒေါ်စုမပါတဲ့ လူထုလှုပ်ရှားမှု တွေ ဖြစ်ပြီး ဒေါ်စုကတော့ အဲဒီ လူထုလှုပ်ရှားမှုတွေရဲ့ အောင်သီးအောင်နှံကို စားသုံးခွင့်ရသူသာ ဖြစ်ပါတယ်။ တကယ် တန်း ဒေါ်စုကသာ ခေါင်းဆောင်မယ်ဆိုရင် လူထုက နောက်ကလိုက်ဖို့ အဆင်သင့်ပါ။ ဒါပေမဲ့ ဒေါ်စုဟာ လူထုလှုပ်ရှားမှုကို ဘယ်တုန်းကမှ အားမပေးခဲ့ပါဘူး။ ဦးမဆောင်သလို ကိုယ်တိုင် လည်း မပါဝင်ဖူးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထု လှုပ်ရှားမှုကို မယုံကြည်ရင်လည်း ရှိပါစေ။ လူထုရဲ့ အားပေးယုံကြည်မှု ရထားသူ ခေါင်းဆောင် တယောက်အနေနဲ့ သူယုံကြည်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်တာကို တလေးတစား စောင့်ကြည့်သည်းခံ ပါ့မယ်။ ဒါပေမဲ့ လူထု လှုပ်ရှားမှုတွေကို မဟန့်တားစေချင်ပါ။ ဒေါ်စုကိုယ်တိုင် ဟန့်တားတာမျိုးကို ကျနော်တွေ့လို့ ပြော တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒေါ်စုလုပ်သမျှ ထောက်ခံသူတွေက လူထုလှုပ်ရှားမှုကို ဟန့်တား ကန့်ကွက် ရှုတ်ချလာတာ မျိုး တွေ၊ တိုက်ခိုက်ထိုးနှက်လာတာမျိုးတွေ ရှိနေလို့ပြောတာပါ။ ဒီရှုတ်ချမှုတွေ၊ တိုက်ခိုက်ထိုးနှက်မှုတွေဟာ ဒေါ်စု နှုတ်ဖျား ကနေ တိုက်ရိုက်ထွက်မလာပေမဲ့ ဒေါ်စုရဲ့ ဆန္ဒ၊ ဒေါ်စုရဲ့ အမြင်ကို တိုက်ရိုက်ထင်ဟပ်နေပါတယ်။ ဒီအချိန် ဒီအခါမှာ ညီ ညီညွတ်ညွတ်ချီတက်ကြဖို့ ဆိုရင် ကိုယ့်တပ်ကိုယ် ပြန်မနင်းကြဖို့လိုပါတယ်။ ကိုယ့်လူပါးစပ်ကိုယ် လိုက်မပိတ်ဖို့ လိုပါ တယ်။ သမ္မတကြီး အထင်လွဲမှာစိုးလို့၊ ခေါင်းမာဂိုဏ်းတွေ ကြောက်ပြီး နောက်ပြန်ဆုတ်သွားမှာစိုးလို့ ပြတ် သားသူတွေကို ငြိမ်ငြိမ်နေကြလို့ တားဆီးတာမျိုး မလုပ်ဖို့ လိုပါတယ်။
နောက်ထပ် ပြောချင်တာတခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျနော်ဝေဖန်ခဲ့ပါတယ်။ ခုလည်း ဝေဖန်နေဆဲပါ။ ဒါပေမဲ့ ဒါဟာ တိုက်ခိုက်တာမဟုတ်ဘူးဆိုတဲ့ အချက်ကို အလေးအနက် ပြောချင်ပါတယ်။ ဒေါ်စုနဲ့ NLD ကို ဒီမိုကရေစီ အရေး အတွက် ပြတ်ပြတ်သားသား ရပ်တည်စေချင်လို့သာ အခုလို ဝေဖန်တာဖြစ်ပါတယ်။ ဆက်ပြီး လည်း ဝေဖန်ဦးမှာပါ။ ဒီလို ဝေဖန်တာဟာ မျှော်လင့်ချက် ထားနေသေးလို့သာ ဖြစ်ပါတယ်။ ညီညွတ်ရေး ပျက်ပြားအောင် ဝေဖန်တာမဟုတ်ပါဘူး။ ညီညွတ်ရေး မပျက်ပြားစေချင်လို့ ဝေဖန်တာ ဖြစ်ပါတယ်။
အခုထိ ပြောခဲ့တာဟာ ဒီမိုကရေစီ အင်အားစုတွေ အကြားမှာ ညီညွတ်ရေး မပျက်ပြား မထိခိုက်ပဲ၊ သူ့လမ်းသူလျှောက် ကိုယ်လမ်းကိုယ် လျှောက်နည်းအမျိုးမျိုးနဲ့ ချီတက်နိုင်ရေး အတွက် ညှိနှိုင်းတဲ့သဘောပါ။ ကျနော်တို့အကြားမှာ အမြင်ကွဲ တွေရှိနေတာကိုတော့ အရှိကို အရှိအတိုင်းလက်ခံကြပါစို့။ ဒီနေ့အချိန်မှာ ကျနော်တို့ လက်မခံလို့ မရတော့ပါဘူး။ ဒါကို လက်ခံမှလည်း ကျနော်တို့ ရှေ့ဆက်လို့ ရမှာပါ။ အမြင်ကွဲတာကို လက်ခံပြီး ကျနော်တို့ လမ်းခွဲ လျှောက်ကြရအောင် ပါ။ ဒါပေမဲ့ လမ်းခွဲလျှောက်ကြတဲ့ အခါ ရန်သူတွေလို မခွဲဖို့၊ သူစိမ်းတွေလို မခွဲဖို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။ မိတ် ဆွေတွေလို ခွဲဖို့ ၊ ရဲဘော်ရဲဘက်တွေလိုခွဲဖို့ ဒီဆောင်းပါးကို ရေးပါတယ်။ ငြင်သာပျော့ပျောင်းတဲ့ ခွဲလျှောက်နည်း ကတ္တီပါ လမ်းခွဲ ခွဲကြဖို့ ဖြစ်ပါတယ်။
နောက်တပတ် ဆက်ရေးမယ့် ဆောင်းပါးမှာတော့ ရွေးကောက်ပွဲမှ မဝင်ရင် ဘာဆက်လုပ်မလဲ၊ ဒါကလွဲပြီး တခြား ဘာ ဆက်လုပ်စရာရှိသေးလို့လဲ လို့မေးခွန်းထုတ်ကြသူတွေအတွက် ကျနော်တို့ ဘာဆက်လုပ်ကြမယ်ဆိုတာကို ပြောပါ မယ်။ သဘောထား ပြတ်သားသူ၊ ရွေးကောက်ပွဲလမ်းကြောင်း မလိုက်လိုသူတွေ အတွက် ရှေ့ဆက်လုပ်ကြရမယ့် အပိုင်းကို ဆက်ပြီး ဆွေးနွေးချင်ပါတယ်။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
No comments:
Post a Comment