Friday, November 25, 2011

ဘ၀.. ရသ.. ကော်ဖီခါးခါး

လက်ရှိအနေအထားမှာ အချိန်အများစုက အထီးကျန်သလိုခံစားနေရတယ်။ မျှော်လင့်ချက် ခပ်ပါးပါး။ အနာဂတ်က မှုန် ၀ါးဝါး။ ဘယ်စခန်း သွားရမှာလည်း မရေရာ။ လက်လှမ်းမီသမျှ စာလေးတွေဖတ်လိုက်။ လက်ဖက်ရည်ဆိုင်မှာ အကြာကြီး ထိုင်၊ တွေ့ရာလူနဲ့ (အများအားဖြင့် လူရင်းတွေနဲ့) တောင်ရောက် မြောက်ရောက် ရောက်တတ်ရာရာတွေ ပွားလိုက်။ ရံ ဖန်ရံခါ ရင်ထဲမှာအောင်းနေတဲ့ လေပူတွေကို BBC,VOA လေလှိုင်းကတဆင့် လွှင့်ထုတ်လိုက်။ အိပ်ယာထဲမှာ ခွေရင်း
အတိတ်အကြောင်းတွေ ပြန်တွေးလိုက်။
ဒီလိုနဲ့ စိတ်ကူးလေးတွေသွက်လာတယ်။ လက်ကလေးတွေလှုပ်လာတယ်။ စာရွက်ပေါ်မှာ စာကြောင်းလေး တွေထင် လာတယ်။ ကောင်းတာမကောင်းတာ အသာထား.. စာလုံးတွေက အင်တာနက်ပေါ်ထိ ခုန်ပေါက် ဖြန့်ကျက်လာတယ်။

အင်တာနက်စပိနဲ့ပြေးရင်းလွှားရင်း တချို့ တချို့သောမျက်လုံးတွေ.. ကိုယ်ဖြန့်ခင်းထားတဲ့ စာလုံးတွေပေါ် ခလုတ်တိုက် လဲကျမိတော့.. comment ဆေးစက်လေးတွေ ချထားခဲ့တယ်။ ဘာပြောကောင်း မလဲ... ဒီကကောင်ရောဂါတိုးပါလေ ရော။
သွေ့ခြောက်နေတဲ့ ဦးနှောက်မှတ်ဥာဏ်ကို အတင်းရေစိုအောင်ဆွတ်ပြီး အထပ်ထပ်အခါခါ ညှစ်ချ။ ရသမျှအတွေးတွေနဲ့ ဖြစ်နိုင်သမျှ အရုပ်တခုရအောင်ဖန်တီး။ လှသလား အကျည်းတန်သလား နားမလည်။ အင်တာနက် ဈေးကွက်မှာ အချိန် မီအရောက်တင်။ အင်း...ခုဆိုရင် ဖေ့စ်ဘုတ် စင်ပေါ်မှာ ကိုယ်တင်ထားတဲ့ အရုပ်တွေ မျက်စိရှုပ်လောက်အောင်ကို အ တော်များနေပါပေါ့လား။

နောက်ဆက်တွဲပြဿနာတခုက ဘယ်တုန်းကမှ မရင်းနှီးဘူးတဲ့ အဲဒီ အင်တာနက်ဆိုတဲ့ မိတ်ဆွေကို တနေ့တခါလောက် မှမမြင်ရရင် မနေနိုင်လောက်အောင် စွဲလမ်းနေမိတာ။ အိမ်သူက စိတ်လိုလက်ရ အိတ်ထဲထည့် ပေးထားတဲ့ အကြွေစ လေးတွေရော... တခါတလေ သူမသိအောင် ဘတ်ထားတဲ့ ဘတ်ငွေအစစ်တွေပါ အင်တာနက်ဆိုင်မှာပဲ ဂိတ်ဆုံးဆုံး သွား။ စိတ်ထွက်ပေါက်လေး တခုအဖြစ်ပါ။
ကြာတော့ အိမ်သူသက်ထားကပါ သိပ်ပြီးမသင်္ကာ ဖြစ်လာတယ်။ ဘာတွေလုပ်နေတာလဲ.. ဘယ်သူတွေနဲ့ ဆက်သွယ် တာလဲ...။ အွန်လိုင်းဇာတ်လမ်း တွေကလည်း သူ့ဟာသူ ကောင်းကင်မှာမနေဘဲ မြေပြင်ထိ ဆင်းဆင်းလာတတ်တော့ မိသားစုတွေကြားမှာ ယုံထင်ကြောင်ထင် ဖြစ်ရတာပေါ့။

အွန်လိုင်းပေါ်လမ်းလျှောက်နေရင်း သိကျွမ်းခွင့်ရလာတဲ့ မိတ်သစ်တွေ၊ မထင်မှတ်ဘဲပြန်ဆုံခွင့်ရလိုက်တဲ့ မိတ်ဟောင်း တွေနဲ့ စကားပြောခွင့်ကြုံတဲ့အခါ ရင်ထဲမှာ စိတ်သက်သာရာရသလိုလို။ ဒါပေမယ့် ကိုယ်ပိုင်းဖြတ်ထားတဲ့ သတ်မှတ်ချိန် ထက် ပိုပိုသွားတတ်တယ်။ မိတ်ဟောင်းတွေနဲ့ အတိတ်အကြောင်း စကားလက်ဆုံ ကျတဲ့အခါမျိုးမှာတော့ သွားလေရော့ ဇာတ်မျောကြီး။ ဇာတ်လမ်းအရှိန်သတ်မရတော့ Bill စာရင်းက တက်ပြီးရင်း တက်။ ဒါတွေရှင်းဖို့ မဆလာခွင်ကို ခရီးယာ ယီထွက်။ မခက်ပါဘူးနော်... နေတတ်ရင် ပျော်စရာကြီး။

ရင်ထဲရှိရှိသမျှ အားရအောင် စားမြုံ့ပြန်ပြီးတဲ့နောက် ကိုယ့်အပြစ်နဲ့ကိုယ် ခပ်ရို့ရို့လေးအိမ်ပြန်လာတဲ့အခါ နွေးထွေးစွာ စောင့်ကြိုနေတဲ့ အိမ်ကစီအို(ဇနီး)ရဲ့ နှုတ်ခမ်းပါးက ကျိုက်ထီးရိုးဝင်းစတားပစ်သလို ဒလစပ် ပေါက်ကွဲထွက်လာတဲ့ အ ပြစ်တင်သံတွေအောက်မှာ ငမိုက်သား ပြားပြားကြီးဝပ်ကာ ခံပေရော့။

သူ့ကိုတုန့်ပြန်နေလည်း ပြေလည်စရာအကြောင်းမမြင်။ အကောင်းဆုံးက အိမ်နောက်ဖေးကိုတည့်တည့်သွား အသင့်စိမ် ထားတဲ့ အ၀တ်တစ်ဇလုံကို သူ့ကိုယ်စား အားရပါးရ လျှော်ပစ်လိုက်တယ်။ ပါးစပ်ကလည်း တတွတ်တွတ်။

ဘယ်ရမလဲ...သင်းလောက်တော့ ဘယ်တော့မှအောက်ကျို့မခံဘူး။ အထူးလေ့ကျင့်ထားတဲ့ ရေတပ်သား။ ပင်လယ်ကို ခါးစောင်းတင်ထားတဲ့ကောင်။ သူထားသမျှအလုပ် မခိုင်းဘဲရှာကြံလုပ်လိုက်တဲ့အခါ သခင်မနှုတ်ဖျားက အကြင်နာစကား ဟ,မလာတောင်မှ သနားသဖြင့် ဖျော်ပေးတဲ့ကော်ဖီတခွက်အပြင် ကွမ်းယာလေးပါ အပိုဆုရလိုက်သေး။

ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာလည်း လုပ်ခဲ့ပြီးပြီမို့ ကျေနပ်ပါတယ်လေ.... ရေရှည်မှာ ဒီအခြေအနေအတိုင်း ဆက်ရှိနေ အုံးမှာလားဆိုတာကတော့ အများပြောပြောနေတဲ့ သမ္မတကြီးရဲ့အစိုးရလို စောင့်ကြည့်ရဦးမှာပေါ့လေ။

(ခုလိုရေးလိုက်တာလည်း မွန်းကျပ်မှုကိုဖြေလျှော့တဲ့ ထွက်ပေါက်တခုပဲလို့ ထင်မိပါတယ်)
စိတ်အနှောက်အယှက်ဖြစ်ရင် ခွင့်လွှတ်ကြပါ။

နေမင်းသူ
၂၄ နိုဝင်ဘာ ၂၀၁၁

No comments: