ကောက်သစ်နံ့တွေ သင်းပျံ့နေမယ့် ခုလိုရာသီမှာ ကျမ ဖေဖေတယောက် ကျေးရွာလေးတခုမှာ ကောက်လှိုင်းတွေ သယ် နေရော့မယ်။ လယ်ကန်သင်းရိုးကို အနားသတ်ထားတဲ့ထန်းပင်တွေကို လေတိုးလို့ ထန်းရွက်တွေ တဖြန်းဖြန်း ထနေတဲ့ အသံ၊ ကျေးငှက်သံတစာစာက မိသားစုနဲ့ တကွဲတပြားနေရတဲ့ ဖေဖေ့ကို အဖော်ပြုနေပါလိမ့်မယ်။ လယ်ရေကို အမှီပြုပြီး ရှင်သန်နေရတဲ့ လယ်ကန်စွန်းညွန့်လေးတွေ၊ မှိုနတိုတွေကို
လယ်တောကအပြန် ဖေဖေခူးပြီး တို့စရာ လုပ်စားမှာပဲ။ ဒီလို ဆိုရင်တော့ ဖေဖေတယောက် မေမေ့ကို အထူး သတိရသွားမှာ ကျမ မြင်ယောင်သေးတယ်။ မေမေက ဖေဖေ့အကြိုက် ငါးပိရည်၊ တို့စရာကို ရာသီနဲ့ယှဉ်ပြီး ဖွယ်ဖွယ်ရာရာ လုပ်ကျွေးတတ်သူပါ။
ဖေဖေနဲ့ မေမေက ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အပိုင် ထူးကြီးဇာတိသားတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း အစားအ သောက် အကြိုက်ချင်းတူကြတယ်။ သာမန်ကျေးတောသူ မေမေက ဖေဖေ့ကို ချစ်တဲ့စိတ်ကြောင့် ဖေဖေ ယုံကြည်တဲ့ အဘိဓမ္မာတွေ၊ အယူဝါဒတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားနေထိုင်ခဲ့ပါတယ်။ ဖေဖေ ရှာဖွေပေးတဲ့ အိမ်စရိတ်ကို လောက်ငှအောင် သုံးတတ်သူတယောက်လည်း ဖြစ်ပါတယ်။
မေမေက အိမ်မကိစ္စကို ကျွမ်းကျင်တဲ့ အိမ်ရှင်မကောင်းတဦးလည်း ဖြစ်ပါတယ်။ငါးပိရည်အိုးအတွက် မြေအိုးကို သပ်သပ် ထားပါတယ်။ မြေအိုးအသစ်ကို ငါးပိရည်မကျိုခင် မန်ကျည်းရွက်အရင့်တွေ လက်နဲ့သပ်ပြီး မြေအိုးအပြည့်ထည့်၊ မီးပြင်း ပြင်းနဲ့ ပြုတ်ထားတတ်ပါတယ်။ မန်ကျည်းရွက်ရဲ့ဓာတ်ကြောင့် မြေအိုးအတွင်းသားတွေက ဝါဖန့်ပြီး ပြောင်တင်းလာ တယ်။ ဒီမြေအိုးနဲ့ ငါးပိရည်ကို မေမေနေ့တိုင်း ကျိုရပါတယ်။
ကျမ မေမေရဲ့ ငါးပိရည်ဖျော်ပုံလေး ပြောပြချင်သေးတယ်။ ငရုတ်သီးစိမ်းကို ထမင်းအိုးနပ်ခါနီးမှာ ထည့်လိုက်တယ်။ ထမင်းအပူနဲ့ ငရုတ်သီးအစိမ်းကို ကျက်အောင်လုပ်သလို၊ ငရုတ်သီးကို ဝါးသီတံမှာ တံစို့ထိုးပြီး မီးကင်တတ်ပါတယ်။ ငါးပနော၊ ငါးသင်းအုံ၊ ငါးခူ၊ ငါးကျည်းလို ငါးမျိုးကို ထင်းမီးရဲရဲနဲ့ ကင်တတ်ပါတယ်။ ကျက်သွားတဲ့အခါ ငါးနဲ့ ငရုတ်သီးကို ရောထောင်း၊ ညက်ညက်ထောင်းထားတဲ့ ငရုတ်သီးနဲ့ငါးကို မြေအိုးထဲက ငါးပိရည်ကျိုပျစ်ပျစ်နဲ့ ရောလိုက်တယ်။ ခုလို မိုးရာသီမှာ သံပရာသီး၊ ရှောက်သီးပေါတာမို့ အချဉ်အတွက် သံပရာရည်ကို ငါးပိရည်ခွက်ထဲ ညှစ်ချလိုက်တယ်။
ငါးပိရည်နံ့၊ သံပရာရည်အနံ့နဲ့ ကျမတို့မိသားစု အချစ်တွေ တိုးစေသလို ထမင်းကိုလည်း မြိန်စေပါတယ်။ တို့စရာ အညွန့် အဖူးတွေကို အသက်သေရုံ ပြုတ်ပြီး ညိုမသွားဘဲ စိမ်းဖန့်နေအောင် ရေအေးနဲ့ မေမေက စိမ်ထားတတ်ပါတယ်။ တခါ တရံ တို့စရာ နည်းနေရင် ခြံထဲက သင်္ဘောညွန့်၊ သရက်ရွက်အညွန့်၊ ခရမ်းကစော့သီးတွေကို ရေစင်စင်ဆေးပြီး တို့စရာ အဖြစ် ဖေဖေ စားတတ်ပါတယ်။
ကျမတို့မိသားစု ထမင်းဝိုင်းလေးဟာ ငါးပိရည်တို့စရာ ပန်းကန်ကကြီးပြီး ဟင်းခွက်ကလေးက သေးသေးလေးပါ။ ဖေဖေ က သူ့ဟင်းခွဲတမ်းကို အမြဲတမ်း ကျမတို့ကို ဝေပေးတတ်ပါတယ်။ ထမင်းဝိုင်းမှာ အားရပါးရစားနေတဲ့ ဖေဖေ့ကို မေမေက ပြုံးကြည့်နေတတ်ပါတယ်။ “စားလို့ ကောင်းလိုက်တာ၊ ထမင်းမြိန်လိုက်တာ” လို့ ဖေဖေပြောရင် မေမေက ထမင်းပန်းကန် ကို လက်နှုတ်ပြီး ထမင်း ဝသွားတတ်ပါတယ်။
တကယ်လည်း မေမေ့လက်ရာ ထမင်းဟင်းကို ဖေဖေ့ရဲဘော်တွေ စားရတိုင်း အမြဲချီးကျူးတတ်ပါတယ်။ ၁၉၆၂ ကျောင်း သားခေါင်းဆောင် ဦးလှရွှေကနေ၊ တတိယမျိုးဆက်သစ် ကျမတို့အလှည့်မှာ အိမ်ကို အလည်လာတတ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အထိ မေမေချက်တဲ့ထမင်းဟင်းကို ပြောမဆုံးတော့ပါဘူး။
ဖေဖေက ကျမ သား တသက် (၁၈ နှစ် ရှိပြီ) မိသားစုနဲ့ ခွဲခွာနေရတာပါ။ ဖေဖေရဲ့သမီး ကျမလည်း နိုင်ငံရေးကို အသွေး အသားလို တန်ဖိုးထားသူ ခင်ပွန်းသည်ကြောင့် ဘဝလုံခြုံမှုအတွက် ဒုက္ခသည်စခန်းမှာ ဒုက္ခသည်အဖြစ်နဲ့ နေနေရတာ။ မိဝေးဖဝေး၊ ဆွေဝေးမျိုးဝေး၊ ဘုရားတန်ဆောင်း၊ ကျောင်းပြာသာဒ်၊ ဆည်းလည်းသံ၊ ခေါင်းလောင်းသံနဲ့ ဝေးနေရတဲ့ နေ ရာမှာ အားငယ်စရာတွေ၊ စိတ်ညစ်စရာတွေနဲ့ ကြုံရတိုင်း ကျမရဲ့ငယ်ဘဝ သတိရပြီး စိတ်ခွန်အား ဖြစ်ရပါတယ်။
ကျမ ဖေဖေကို ၇ နှစ် သမီးကျမှ တွေ့ဖူးရတာပါ။ ဖေဖေ ကျွန်းကပြန်လာတော့ ဖေဖေ့ရဲဘော် သုံးဦးကိုပါ အိမ်ကိုခေါ်လာ လို့ ကျမအဖေ ဘယ်သူမှန်း မသိခဲ့ဘူး။ ဖေဖေ့ရဲဘော် အဲဒီဦးလေးတွေ ရိုးမထဲ ကျဆုံးသွားတော့ ကျမ ငိုရသေးတယ်။ ကိုကိုးကျွန်းပြန် ကျမ ဖေဖေရဲ့အရိပ်က အင်မတန် ကြီးမားကျယ်ပြန့်လှပါတယ်။လွတ်မြောက်နယ်မြေကို ရောက်တဲ့အခါ ဗိုလ်ဓမ္မ သမက်နဲ့ သမီးပါလို့ပြောလိုက်တာနဲ့ KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် ကျမတို့ရှိတဲ့နေရာကို ချက်ချင်း ရောက်လာပြီး အစစအရာရာ ကူညီခဲ့တာ ယနေ့အချိန်ထိ ပါပဲ။ ဖေဖေတို့ခေတ်ရဲ့ ရဲဘော်ရဲဘက်စိတ်က အင်မတန်မှ လေးစား တန်ဖိုးကြီးလှတယ်ဆိုတာ ဖဒိုမန်းငြိမ်းမောင်က သက်သေပြခဲ့ပါတယ်။
ချမ်းသာခြင်းနဲ့ ဆင်းရဲခြင်းဟာ နံရံပါးပါးလေးပါလားဆိုတာ ကျမသိရတဲ့အချိန်က ဖေဖေ ဒုတိယအကြိမ် ထောင်ကျခါနီး ကျမ ၁၂ နှစ်သမီးအရွယ်မှာပါ။
မဂျော် (မန်ကျည်း) ဖျော်ရည် လို့ အအေးဆိုင်ဖွင့်ထားတဲ့ ဦးရှုတင်အိမ်ကနေ မနက်ပိုင်း ဖေဖေ့ကိုဖမ်းသွားပြီး ကျမတို့ အိမ်ကို နေလည် ၂ နာရီလောက်မှာ စစ်ထောက်လှမ်းရေးတွေ ရောက်လာပါတယ်။ ပေ ၁၂ဝ ပတ်လည် ခြံကြီးထဲမှာ တဲ တန်းလျားရှည်ကြီးထိုးပြီး ကြက်မွေးမြူရေးလုပ်တဲ့ ကျမတို့အိမ်လေးရဲ့ ဝါးကြမ်းခင်းတွေက ဆွေးနေတယ်။ အိမ်ထဲဝင် တော့လည်း ခေါင်းငုံ့ဝင်ရတာကို အရိုအသေပေးပြီး ဝင်ရတာလို့ စစ်ထောက်လှမ်းရေးတွေက ထင်ပုံရတယ်။ ဝါးကြမ်းခင်း တွေကို ဒေါသနဲ့ နင်းလိုက်ချိန်မှာ စန္ဒရားခလုတ်တွေကို ထိလိုက်သလိုပဲ ဒေါသသံစဉ်တွေ ပြေးထွက်လာတယ်။
ကျမတို့ စန္ဒရားမတီးတတ်ပေမယ့် ဘယ်နေရာနင်းရင် ဘယ်လိုဖြစ်မယ်၊ ဘယ်လိုသံစဉ်ထွက်မယ်ဆိုတာ ကျမမောင် ၆ လသားလေးက အစ သိတယ်။ ဘဝချင်း မတူတာကိုးလို့ ဖေဖေ့အတွက် ကျမ စိုးရိမ်နေတဲ့ကြားက တွေးမိတာကို မှတ်မိ နေသေးတယ်။
ဖေဖေ့ကို လက်ထိတ်ဖြုတ်ပေးပြီး ထမင်းကျွေးလိုက်ပါလို့ ထောက်လှမ်းရေးတွေက ပြောပါတယ်။ ကျမတို့ အိမ်လေးကို ထောက်လှမ်းရေးတွေ ရှာလိုက်တာ ကြွက်တွင်းတောင် မကျန်ပါဘူး။ မေမေရဲ့ လျှပ်တပြက် မိန်းမဉာဏ်၊ ရိုးမထဲမှာ တောခိုဖူးတဲ့ မေမေရဲ့ဘဝပေးအသိကို ထောက်လှမ်းရေးတွေ အရှုံးပေးသွားရတယ်ဆိုတာသိကြရင် သူတို့ ယူကြုံးမရ ဖြစ်သွားလိမ့်မယ်။ သူတို့လိုချင်တဲ့အရာကို ဖေဖေ့ကို ဖမ်းသွားပြီလို့ သတင်းရတဲ့ မနက်စောစောကတည်းက မေမေက ကျမ ညီမအငယ် အိအိဇင်ကို အိမ်ခေါင်ပေါ်တက်ခိုင်းပြီး အိမ်အမိုးဓနိပျစ်တွေကြား ဝှက်ထားခိုင်းပြီးပြီ။
ဖေဖေ့သတင်းကြားပြီး ကျမတို့အိမ်မှာ ထမင်းဟင်း မချက်နိုင်တော့ဘူး။ မနက်စောစော ဖေဖေမှာသွားတဲ့ ကုလားပဲဟင်း အချိုချက်၊ မြင်းခွာရွက် သုပ်စားမယ်ဆိုတဲ့စကားအတိုင်း ကုလားပဲပြုတ်က ဒီအတိုင်းပဲရှိတာမို့ ငါးပိရည်နဲ့ တို့စရာပါရော ပြီး ထမင်းစားပွဲ ချ၊ ဖေဖေ့ကို ကျွေးရပါတယ်။ ကျမတို့ မောင်နှမလေးယောက်က ဖေဖေနားမှာ ထိုင်နေကြတယ်။ မေမေ့ အစ်ကိုအကြီးဆုံးရဲ့သမီး ကျမညီမဝမ်းကွဲတွေက ကျမတို့ခေါ်သလို ဖေဖေ့ကို ဖေဖေလို့ပဲ ခေါ်ကြပါတယ်။ မေမေ့မိခင် ကျမအဘွား ဒေါ်ပန်းရည်က လေဖြတ်ထားသူပါ။ တောင်ဝှေးထောက်ပြီး ဖေဖေ့ဆီရောက်အောင်လာပါတယ်။
“မောင်တင်စိန် မင်းကို ထပ်ဖမ်းကြပြန်ပြီလား” လို့ပြောပြီး ငိုပါတော့တယ်။ ဒီမှာတင် ထောက်လှမ်းရေးက “ခင်ဗျား သား သမီး ၆ ယောက်နဲ့ မိခင်အိုကြီးနဲ့ ဆင်းရဲလိုက်တာဗျာ။ ဒီဆင်းရဲမှုကနေ လွတ်မြောက်ဖို့ ကျနော်တို့နဲ့ ပူးပေါင်းပါ။ ကျနော် အထက်ကိုတင်ပြပြီး အားလုံးတာဝန်ယူနိုင်တယ်” ပြောပါတယ်။ သူ့စကား၊ သူ့မျက်နှာပေးက ကျမတို့ မိသားစုကို တ ကယ် စာနာပုံမျိုး သရုပ်ဆောင်ထားတယ်။
ဖေဖေက စားလက်စကိုရပ်ပြီး ဝမ်းလျားမှောက်နေတဲ့ ကျမမောင် အငယ်ဆုံးကို လက်ညှိုးထိုးပြီး မေမေ့ကို လှမ်းပြော လိုက်ပါတယ်။
“မသန်းစိန် .. ဒီကလေးကို ‘လဂွန်းအိမ်’ လို့ နာမည်ပေးလိုက်ပါ။ ရဲဘော်တွေကမေးရင် ပြောပါ။ အရှင်သခင် နှစ်ယောက် မထားဘူးလို့”
ဖေဖေ့စကားအဆုံးမှာ ခုနက ကျမတို့ကို စာနာနားလည်ပါတယ်ဆိုတဲ့ လူကြီးဒေါသတွေထွက်ပြီး၊ ဖေဖေ့ကို လက်ထိတ် ခတ်လိုက်ပါတယ်။ လက်ထိတ်တန်းလန်းနဲ့ ဖေဖေ လက်ဆေးရပါတယ်။ ဖေဖေ့ ယုံကြည်ချက်ကို မေမေနားလည် ခံစား ပေးသလို ကျမလည်း နားလည်ခံစားနိုင်ခဲ့ပါတယ်။
ဖေဖေကြောင့် အမှန်တရားကို ကျမ ချစ်မြတ်နိုးရသလို ဓမ္မနဲ့အဓမ္မကိုလည်း ခွဲခြားနိုင်ခဲ့တာပါ။ အသက် ၁၂ နှစ်အရွယ်မှာ ကျမခံစားရတဲ့အသိကြောင့် NLD လူငယ်အဖြစ်နဲ့ အကျဉ်းကျမိသားစုဘဝကို ဖြတ်သန်းနိုင်ခဲ့သလို အသက် ၄၆ နှစ် အ ရွယ် ယနေ့အချိန်မှာ ဒုက္ခသည်ဘဝကို ရဲရဲရင်ဆိုင်ပြီး ခေတ်စနစ်ကြောင့်ဖြစ်ရတဲ့ လောကဓံထဲ လက်ပစ်ကူးနိုင်ခဲ့တာပါ။
ဖေဖေ ပြောဖူးတယ်။
“အသက်ရှင်နေထိုင်ခြင်းက ဒုက္ခ မဟုတ်ဘူး၊ ယုံကြည်ချက်အတွက် အသက်ရှင်နေတာ” … တဲ့။
အရေးတော်ပုံဂျာနယ် အတွဲ ၁၊ အမှတ် ၇ မှ …
No comments:
Post a Comment