Thursday, December 22, 2011

၂၀၁၂ ကို မျော်ကြည့်ခြင်း

အခုတလော မြန်မာပြည်ထဲက မိတ်ဆွေတွေ၊ ဆွေမျိုးတွေဆီကနေ စိတ်ပျက်လက်ပျက် ချူသံပါအောင် ငြီးငြူ နေကြပါ တယ်။  အကြောင်းကတော့ လျှပ်စစ်ဓါတ်အားခတွေကို တိုးကောက်တော့မတဲ့။ ဒု-၀န်ကြီးက သူတို့ အစိုးရ အရှုံးပေါ်နေ လို့ ဆိုပြီး ပြောတယ်တဲ့။ ခက်တော့ခက်နေပါပြီ။ ပထမတုန်းကတော့ ဒုဝန်ကြီးက ၂ ဆ တိုးကောက်မယ်လို့ဆိုပေမယ့် အခုတော့ မြန်မာ့အလင်းသတင်းစာကနေ တရားဝင် တယူနစ်ကို ၃၅ ကျပ်ကောက်တော့မှာလို့ ဆိုပါတယ်။ မီးမလာတဲ့ တိုင်းပြည်မှာ ဘာကြောင့်များ
လျှပ်စစ်ဝန်ကြီးဌာနက အရှုံးပေါ်နေတာလဲ ကျမတော့ နားမလည်နိုင်တော့ပါ။

ကျမ မြန်မာပြည်မှာနေတုန်းက လျှပ်စစ်မီး မှန်မှန်မရပါဘူး။ ရပ်ကွက်အလိုက် အပိုင်း ၃ ပိုင်းပိုင်းပြီး အချိန်လိုက်မီးပေးတဲ့ စနစ်ပါ။ မိုးတွင်းဆိုရင်တော့ မီးလာရမဲ့ အချိန် မှန်မှန်လာတာများပေမဲ့ ဆောင်းနဲ့ နွေမှာ မီးလုံးဝလောက်နီးနီးမလာပါဘူး။ မီးလာသည်ဖြစ်၊ မလာသည်ဖြစ်စေ မီတာခက တလတလကို ၄ ထောင်အောက်မကျပါဘူး။ ဘယ်နိုင်ငံမှာမှမရှိတဲ့ မီတာ ဘောက်ထိမ်းသိမ်းခ ၅၀၀ ကျပ်ကလည်း ပေးနေရပါတယ်။ မီတာဘောက်ထိမ်းသိမ်းခလို့ ဆိုပေမဲ့ အဲဒီ မီတာဘောက် ကို ယောင်လို့တောင်မှ လာကြည့်သူမရှိပါဘူး။ အခုတော့ မီတာဘောက်ထိမ်းသိမ်းခကို ကျပ် ၁၀၀၀ ကောက် နေပါပြီလို့ ပြောကြပါတယ်။

ကျမတို့ ထိုင်းကိုရောက်တော့ မီတာခက လျှပ်စစ်တယူနစ်ကို ၃.၁၀ ဘတ်လောက် ကျပါတယ်။ ဒါပေမဲ့ ယူနစ် ၉၀ မ ကျော်တဲ့ အိမ်တွေက မီတာခ ပေးဆောင်စရာမလိုပါဘူး။ ယူနစ် ၉၀ ကျော်သွားရင်တော့ မီတာခအပြည့် ပေးဆောင်ရပါ တယ်။ ထိုင်းကိုရောက်နေတဲ့ မြန်မာအတော်များများက မီတာခကို ယူနစ် ၉၀ မကျော်အောင် ဂရုတစိုက်သုံးကြပါတယ်။ တ ကယ်လို့ ကျော်ခဲ့ရင်လည်း မီတာခကရတဲ့ လစာနဲ့ ယှဉ်ရင် သိပ်မများလှပါဘူး။ ရေခဲသေတ္တာ၊ ပန်ကာ၊ ကွန်ပျူတာ တွေ သုံးတာတောင် အလွန်ဆုံးကျလှ ဘတ် ၅၀၀ လောက်ပါပဲ။ ကျမအိမ်မှာ တီဗွီတလုံး၊ ကွန်ပျူတာတလုံးနဲ့ မီးချောင်း တွေ ဖွင့်တာတောင်မှ ယူနစ် ၉၀ မကျော်တဲ့အတွက် မီတာခ ဆောင်ဖို့မလိုတဲ့ လ များပါတယ်။

ဘွဲ့မရတဲ့ ထိုင်းလူမျိုးတဦးအတွက် အနိမ့်ဆုံးဝင်ငွေဟာ မဲဆောက်မှာဆိုရင် ၆၀၀၀ နဲ့ ၈၀၀၀ ကြားလောက်ရှိပါတယ်။ ဘွဲ့ ရသူတွေအတွက် တလအနိမ့်ဆုံးဝင်ငွေဟာ ဘတ် ၁ သောင်း ၂ ထောင်လောက်ရှိပါတယ်။ အဲဒီငွေဟာ မဲဆောက်လိုနေ ရာမှာ လူတဦးအတွက် လုံလုံလောက်လောက် ရပ်တည်နိုင်ပါတယ်။ ဒီ့အပြင် အစိုးရက အရစ်ကျ ငွေချေစနစ်နဲ့ လူသုံး ကုန်ပစ္စည်းတွေကို ရောင်းချပေးနေတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ တော်တော်အသုံးများကြပါတယ်။ ဒါပေမဲ့ မီတာခ က တလကို ၅၀၀၊ ၆၀၀ လောက်သာကြတော့ မထောင်းသာပါဘူး။ တောနေလူတန်းစားတွေတောင် ရေခဲသေတ္တာ၊ ပန် ကာ၊ တီဗွီ၊ ရေအေးစက်တွေအသုံးပြုကြပါတယ်။ ထိုင်း နိုင်ငံအနေနဲ့ မြန်မာပြည်ကနေ သဘာဝဓါတ်ငွေ့ဝယ်ပြီး လျှပ်စစ် ဓါတ်ထုတ်လုပ် အသုံးပြုနေတာပါ။ ကျမတို့ ထိုင်းကို ရောက်တာ ၃ နှစ်လောက် ရှိပြီဖြစ်ပေမဲ့ မီးပြတ်သွားရင် အလွန်ဆုံး ၁၅ မိနစ်လောက်အထိပဲ ကြုံဖူးပါတယ်။ ဒါတောင် ၁ နှစ်နေလို့ တခါမပြတ်ပါဘူး။

ကျမတို့ မြန်မာပြည်မှာ လက်ကိုင်ဖုန်းကိုင်နိုင်သူဟာ သဋ္ဌေးတွေပါပဲ။ လူလတ်တန်းစားတယောက်တောင်မှ လက်ကိုင် ဖုန်းကိုင်ဖို့ သိပ်မလွယ်ပါဘူး။ လက်ကိုင်ဖုန်းကိုင်ဆောင်ဖို့ ဖုန်းကဒ်ဝယ်ရင်တောင် ငွေ သိန်းဂဏန်းကုန်ပါတယ်။ တလ တလ ဖုန်းဆက်ခ ကျသင့်ငွေက အနည်းဆုံး ၅ သောင်းလောက်ကျပါတယ်။ သူများဆီက ဖုန်းကို ငှားသုံးရင်တောင် ဖုန်း ငှားခ တလကို ၃ သောင်းလောက်တော့ ပေးရပါတယ်။ ဖုန်းလိုင်းတွေကလည်း မကောင်းပါဘူး။ တခါတလေ ဒီဘက်က ဖုန်းခေါ်ရင် လူကြီးမင်းနဲ့ တွေ့နေပါတယ်။ ဒါကြောင့် လိုင်းဖုန်းနဲ့ ပြောင်းခေါ်တော့ ဖုန်းဝင်ပါတယ်။ ဘာကြောင့် ဖုန်းပိတ် ထားတာလဲမေးရင် ကာယကံရှင်က ဖုန်းမပိတ်ဘူးလို့ ပြန်ဖြေတာမျိုးကြုံရပါတယ်။ တခါတရံ ဖုန်းပြောနေရင်း တီ..တီ.. မြည်လာပြီး ဖုန်းလိုင်းကျသွားတတ်ပါသေးတယ်။ တော်တော်များများအခြေအနေက ဒီဘက်က စကားသံကို ဟိုဘက်က မကြားရတာမျိုးတွေဖြစ်တတ်ပါတယ်။

ကျမ ထိုင်းနိုင်ငံကိုရောက်ရောက်ခြင်း ဖုန်းတလုံးလောက်မှ မရှိရင် သူငယ်ချင်းတွေကို ဆက်သွယ်လို့ မရနိုင်ဘူးဆိုတာ သိတော့ ဖုန်းကဒ် တကဒ်ဝယ်ဖို့ ကျိုးစားပါတယ်။ ကျမမှာ ဖုန်းခွံတခုရှိပါတယ်။ မြန်မာပြည်မှာကတည်းက ၀ယ်ထားတဲ့ ဖုန်းပါ။ ကျမတို့ အဲဒီဖုန်းခွံ့ဝယ်တုန်းက မြန်မာငွေနဲ့ ၉ သောင်း ၆ ထောင်ပေးရပါတယ်။ အဲဒီဖုန်းခွံကို ထိုင်းရောက်တဲ့ အခါ ဈေးမေးကြည့်တော့ အဟောင်းဆိုရင် ၂၀၀ လောက်နဲ့ ရပါတယ်။ အဲဒီမော်ဒယ်မဟုတ်ပေမဲ့ အဲဒီလိုမျိုးဖုန်းတွေက အသစ်စက်စက်ဆိုရင် ၈၀၀ လောက်ပဲတန်ပါတယ်။ အဲဒီအချိန်က မြန်မာငွေ ၉ သောင်းကို ဘတ်နဲ့ တွက်ရင် ဘတ် ၃ ထောင်လောက်ရပါတယ်။ ဘတ် ၃၀၀၀ တန်ဖုန်းဆိုရင် ဖန်ရှင်အစုံပါတဲ့ လှတပတ ဖုန်းခွံတခုရနိုင်ပါတယ်။

ဖုန်းကဒ်တွေရောင်းတဲ့ ဆိုင်ထဲကို ၀င်သွားတော့ ကျမကကိုယ့်မှာပါတဲ့ ပိုက်ဆံနဲ့ မလောက်မှာကို စိုးရိမ်နေမိပါတယ်။ ဒါ ကြောင့်မရဲတရဲနဲ့ ဖုန်းကဒ်တကဒ်ဘယ်လောက်လဲလို့ မေးကြည့်မိတော့ ၄၅ ဘတ်လို့ ဖြေပါတယ်။ ကျမနဲနဲတော့ အံသြ သွားမိတာပေါ့။ ဒါကြောင့် ကဒ်ဝယ်ပြီးရင် အနည်းဆုံးပိုက်ဆံဘယ်လောက်ထပ် ထည့်ရမလဲလို့ မေးမိတော့ ဆိုင်မှာ အ လုပ်လုပ်တဲ့ မြန်မာမလေးက “အမ ထည်ချင်သလောက်ထည့်လို့ရတယ်။ အခုလဲ ဒီကဒ်ထဲမှာ ၂၀ ဖိုးပါသေးတယ်” လို့ ပြန်ဖြေပါတယ်။ ဒါနဲ့ ကျမလည်း ဖုန်းထဲကို ဘတ် ၅၀ ဖိုးထပ်ထည့်လိုက်ပါတယ်။ အားလုံး စုစုပေါင်း ၉၉ ဘတ်နဲ့ ကိုယ် ပိုင်ဖုန်း တလုံးပိုင်ဆိုင်သွားပါတယ်။ ထိုင်းကိုရောက်ပြီးမှ ကျမသိလာတာက ထိုင်းမှာ ဖုန်းကို လူတိုင်းကိုင်နိုင်တယ်ဆို တာ ပါပဲ။ ဖုန်းခွံအဟောင်းတွေဆိုရင် ၂၀၀- ၃၀၀ လောက်နဲ့ဝယ်လို့ရပါတယ်။ ဖုန်းထဲကို ပိုက်ဆံထည့်ရင်လည်း ၁၀ ဘတ်ဖိုးကနေ စထည့်လို့ရပါတယ်။

ထိုင်းနိုင်ငံမှာ ဖုန်းတခါခေါ်ရင် ၁ ဘတ်ဝန်းကျင်လောက်ပဲ ကျပါတယ်။ နောက်ပြီး ဖရီးကောလို့ ခေါ်တဲ့ ဖုန်းစနစ်တွေ လည်းရှိပါတယ်။ လူတယောက်က ဖုန်းထဲကို ၁၉၉ ဘတ်ထည့်လိုက်ရင် ဖရီးကော သုံးလို့ရပါတယ်။ ဖရီး ကောချိန်ကို ၂ ချိန်ခွဲထားပါတယ်။ မနက် ၅ နာရီကနေ ညနေ ၅ နာရီအထိ တချိန်နဲ့ ညနေ ၅ နာရီကနေ နောက်မနက် ၅ နာရီ အထိပါ။ တလကို ၁၉၉ ဘတ်ပဲကုန်ကျတဲ့ ဖုန်းဆက်သွယ်နည်းပါ။ တခုတော့ ရှိတာပေါ့ ဖရီးလုပ်ထားတဲ့ သူအသုံးပြုရမဲ့ အချိန် ကျော်သွားပြီးဆက်သွယ်ရင်၊ အမျိုးမတူတဲ့ အခြားဖုန်းကဒ်တွေကို ဆက်သွယ်ရင်  တမိနစ်ကို ၃ ဘတ်ကျသင့်သွား ပါ တယ်။ ထိုင်းမှာက အဓိကအသုံးပြုနေတဲ့ ဖုန်းကဒ်က ၀မ်းတူးကောနဲ့ ဒီတက်ဖြစ်လို့ ၀မ်းတူးကနေ ဒီတက်ကိုခေါ်ရင် ပိုက်ဆံပိုကုန်ပါတယ်။ ၀မ်းတူးအချင်းချင်းဆိုရင် ဖရီးလုပ်ထားတဲ့ အချိန်အတွင်း စိတ်ကြိုက်ပွားခွင့်ရပါတယ်။ တချို့က တော့ ၁၉၉ ဘတ်မသုံးဘဲနဲ့ ဖုန်းများများပြောဖို့လိုတဲ့နေ့မှာ တနေ့အတွက် ၉ ဘတ်နဲ့ တနေ့စာ ဖရီးလုပ်လိုက်ပါတယ်။

ကျမတို့ အိမ်အလုပ်တွေကူဖို့ လူခေါ်ချင်ရင် လက်ကိုင်ဖုန်းဆက်ပြီး အလုပ်လုပ်မည့်လူကို ခေါ်လိုက်တာပါပဲ။ သူများအိမ် မှာ အလုပ်လိုက်လုပ်နေသူပေမယ့် အထင်တော့ မသေးလိုက်လေနဲ့ လက်ကိုင်ဖုန်းတော့ ရှိကြပါတယ်။

ကျမ မြန်မာပြည်မှာတုန်းက အင်တာနက်ဆိုင်ကို တော်ယုံနဲ့ မသွားဖြစ်ပါဘူး။ အင်တာနက်တွေက ကွန်နက်ရှင်တွေက မကောင်းပါဘူး။ ဂျီမေလ်းတခါသုံးဖို့ ကော်နက်ရှင်တက်အောင်စောင့်ရတာက မိနစ် ၂၀ လောက်ကြာပါတယ်။ တခါ ကော်နက်ရှင်ကလည်း မမှန်ပါဘူး။ အခုတက်လိုက်၊ အခုကျလိုက်နဲ့ဆိုတော့ တနာရီ ၃၀၀ ကျပ်ပေးပြီး အင်တာနက်သုံး တယ်လို့ ဆိုပေမယ့် ၄၅ မိနစ်လောက်က အင်တာနက်ဆိုင်မှာ ကွန်နက်ရှင်ကို ထိုင်စောင့် နေရသလိုပဲဖြစ်နေတာကြောင့် တော်ယုံ မသုံးချင်ပါဘူး။ ကိုယ်ပြန်ခါနီး အင်တာနက် ကွန်နက်ရှင်ကျသွားတော့ မစောင့်နိုင်လို့ အိမ်ပြန်၊ ကိုယ့်ရဲ့ အီး မေလ်းကို ပြန်မပိတ်ခဲ့ရ၊ နောက်ဝင်သုံးတဲ့ လူက ကိုယ့်အီးမေလ်းကို အားရပါးရ သုံးတာတွေလည်း ရှိနေတတ်ပါသေး တယ်။

အိမ်မှာ ကိုယ်ပိုင် အင်တာနက်တပ်ဆင်ဖို့အတွက် အနည်းဆုံး $ ၇၀၀ လောက်ကျပါတယ်။ လစဉ်ကြေးအဖြစ် အနိမ့်ဆုံး က ၃ သောင်းကျော်လောက်ကြပြီး အမြင့်ဆုံးက ၁ သိန်းလောက်အထိ ကုန်ကျစရိတ်ရှိတာကြောင့် တော်ယုံလူ အင်တာ နက်မသုံးနိုင်ပါ။ တချို့ကုမ္ပဏီတွေကတော့ $ နဲ့ ရှင်းပေးရတာပါ။ မြန်မာပြည်တွင်းမှာ အင်တာနက်ကိုယ်ပိုင် သုံးဖို့ဆိုတာ မလွယ်ပါဘူး။

ကျမတို့ ထိုင်းမှာတော့ တော်ယုံလူ အင်တာနက်သုံးနိုင်ပါတယ်။ အင်တာနက်စတင်တပ်ဆင်ဖို့အတွက် ငွေ ဘတ် ၁၀၀၀ ကျော်ပဲကျပါတယ်။ လစဉ်ကြေးအနေနဲ့ အိမ်သုံးဆိုရင် ဘတ် ၅၉၀ ပဲကျတာပါ။ ရုံးတွေမှာ သုံးဖို့ဆိုရင် တလအတွက် ဘတ် ၉၀၀ ပဲ ကျသင့်ပါတယ်။

ကျမ မဲဆောက်ဆေးရုံမှာ မျက်စိသွားပြတုန်းက ကျမတို့ငွေရှင်းကောင်တာကိုသွားဖို့ ဘောက်ချာတခုပဲပေးလိုက်တာပါ။ ဘာစာရွက်စာတမ်းမှ မပေးလိုက်တော့ ကျမတို့လင်မယား တယောက်မျက်နှာတယောက်ကြည့်ပြီး ဘာတွေလဲပေါ့လေ။ ဆေးရောမှန်မှန်ကန်ရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကလည်း ရှိနေပါတယ်၊ ဒါပေမယ့် ငွေရှင်းကောင်တာရောက်တော့ ကျမ တို့ရဲ့ ဆေးမှတ်တမ်းဟာ အွန်လိုင်းကနေတဆင့် ရောက်နေနှင့်ပါပြီ။ ကျမတို့ကတောင်မှရောက်တာ နောက်ကျနေအုံး မယ်။

ထိုင်းနိုင်ငံရဲ့ ရုံးတွေမှာ စားပွဲတလုံးကနေတလုံး စာရွက်စာတမ်းကို အင်တာနက်ကနေပဲ ပို့ဆောင်ကြပါတယ်။ လူကိုယ် တိုင်ထပြီး ပို့တာမျိုးတွေမတွေ့ရပါဘူး။ အချက်အလက်တွေလိုချင်ရင်လဲ ကွန်ပျူတာတွေကနေပဲ ရှာဖွေကြပါတယ်။ ၂၀၁၀ ခုနှစ်က ဘန်ကောက်မှာ အနီဝတ်တွေ အကြီးအကျယ်ဆန္ဒပြတာတောင်မှ အင်တာနက်တွေ နှေးသွားတာ၊ ပျက် သွားတာမျိုးတွေ မရှိပါဘူး။ ကျောင်းတွေမှာ အတန်းကြီးလာပြီဆိုရင် ဆရာ၊ ဆရာမတွေက လေ့လာရမယ့် သင်ခန်းစာ တွေရဲ့ လင့်တွေကိုပေးလိုက်ပါတယ်။ အဲဒီလင့်တွေကနေ ရှာဖွေပြီး ဖတ်ရှုရမှာပါ။

အဓိက အကျဆုံးအချက်ကတော့ ထိုင်းမှာ အင်တာနက်ပဲသုံးသုံး၊ ဖုန်းပဲသုံးသုံး ၊ မီတာခပဲဖြစ်ဖြစ် ကျသင့်တဲ့ ငွေဟာ သူတို့နိုင်ငံသားတွေအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်ပါဘူး။ ဒါကြောင့်လည်း လူတွေအတော်များများက လူတန်းစေ့ နေနိုင်ကြ ပါတယ်။

ထိုင်းနိုင်ငံမှာ ဂစ်တ်ကိုလည်း ပေါပေါလောလောအသုံးပြုကြပါတယ်။ ကျမတို့အိမ်မှာသုံးတဲ့ ၆ ကီလိုဆန့်တဲ့ အိုးကို ဂတ်စ်ထည့်ရင် ဘတ် ၁၁၀ ပဲ ကျပါတယ်။ ဂတ်စ် အချိန် ၁၀ လောက်ဆန့်တဲ့ အိုးကြီးက တခါထည့်ရင် ၃၀၀ ဘတ်ပဲကျ သင့်ပါတယ်။ ဒါကြောင့် ထိုင်းကိုရောက်လာကြတဲ့ ရွေ့ပြောင်းအလုပ်သမားတွေတောင် ဂတ်အိုးသုံးကြပါတယ်။ ဂတ်စ် ထည့်တဲ့ ဆိုင်တွေကလည်း ပေါများပါတယ်။ ကြိုက်တဲ့ ဆိုင်မှာထည့်လို့ရပါတယ်။ ဒါတောင်မှ မြန်မာနိုင်ငံကနေ ဂတ်စ် ကို ၀ယ်ယူနေတာပါ။ အဲဒီ့ဂတ်စ်ကနေ လျှပ်စစ်ဓါတ်အား ထုတ်ယူပြီး မြ၀တီမြို့အထိ လျှပ်စစ်ဓါတ်ကို ပေးဝေနိုင်ပါ တယ်။ မြ၀တီမြို့မှာ တနေ့ကို မီး ၁၂ နာရီ ရနေပါတယ်။

ကျမတို့ မြန်မာနိုင်ငံက ဂတ်စ်တွင်းတွေဟာ နောင်နှစ်ပေါင်း ၅၀ လောက်အထိ ထုတ်ယူနိုင်တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ ဒါပေမဲ့ နောက်ဖေးချောင်သုံးဖို့ ဂတ်စ် အချိန် ၁၀ ကိုကျပ် ၅၀၀၀၀ လောက်ပေးရတာကြောင့် လူတန်းစား ပေါင်းစုံမသုံးနိုင်ပါဘူး။ ဒိတ်ဒိတ်ကျဲတွေပဲ ၀ယ်ယူအသုံးပြုကြပါတယ်။ သာမန်ပြည်သူတွေအနေနဲ့ ရိုးရာမပျက် မီးသွေးနဲ့ ထင်းကိုပဲ သုံးကြရတာပါ။ မီးသွေးကို အသုံးပြုတာကြောင့် သစ်တောပြုန်းတီတာတွေ၊ ထင်းကိုအသုံးပြုတာကြောင့် ကာ ဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့အထွက်များပြီး ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက် စေနိုင်သလို၊ သစ်တောပြုန်းတီးမှုတွေ လည်း ဖြစ်နေတာပါ။ အရာရှိတွေအတွက် ဂတ်စ်ထုတ်ယူဖို့ စာအုပ်တွေ ပေးထား ပါတယ်။ ဒါကြောင့်မြောက်ဒဂုံ မန္တလေးလမ်းပေါ်က နောက်ဖေးချောင်သုံးဂတ်စ်ဆိုင်မှာ လဆန်းဆိုရင် ကားကြီးကားငယ် နဲ့ ဂတ်စ်လာထုတ်ကြတာ ကိုတွေ့ရပေမယ့် ရပ်ကွက်နေပြည်သူတွေတော့ ဂတ်စ်နဲ့ဟင်းချက်တယ်လို့ မကြားမိပါ။

ဘယ်လိုပဲဖြစ်ဖြစ် အစိုးရအနေနဲ့ ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းကို ပေါက်ဈေးနဲ့တွက်ပြီး မြန်မာပြည်မှာ ဈေး သက်သာနေတယ်လို့ ပြောနေတာထက်စာရင် ဒေသတွင်းနိုင်ငံတွေက အစိုးရတွေအနေနဲ့ သူ့ပြည်သူတွေဘယ်လို သက်သာအောင် လုပ်ဆောင်နေတယ်ဆိုတာကို လေ့လာသင့်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ထိုင်းပြည်သူတွေကို ယူနစ် ၉၀ အထိ အလကားပေးသုံးတယ်ဆိုရင် သူတို့ အရှုံးပြမှာသေချာပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရရဲ့ စီမံကိန်းထဲမှာ ယူနစ် ၉၀ မကျော်ရင် ပိုက်ဆံမပေးရဘူးလို့ သတ်မှတ်လိုက်တော့ လျှပ်စစ်ဖိုးမပေးနိုင်တဲ့လူတွေအနေနဲ့ ယူနစ် ၉၀ မကျော် အောင် ချွေတာသုံးကြတာကြောင့် “လျှပ်စစ်ချွေတာသုံးဖို့ ပညာပေးစရာ” မလိုတော့ပါဘူး။ လူတွေအားလုံး သူ့အသိနဲ့သူ ချွေတာကြပါတယ်။

ကျမ မြင်တွေ့နေရတာက ထိုင်းပြည်သူတွေဟာ ၀န်ထုပ်ဝန်ပိုးတွေနဲ့ လေးလံမနေကြပါ။ သူတို့ဘ၀တွေမှာ ကျိုးစားရင် ကျိုးစားသလောက်တော့ အကျိုးခံစားခွင့်ရှိနေကြပါတယ်။ ထိုင်းပြည်သူတွေရဲ့ ဘ၀ဟာ စိတ်ချလုံခြုံမှုတွေနဲ့ ပြည့်ဝနေ ပါတယ်။ ထိုင်းအစိုးရက သူ့ပြည်သူတွေ သဘာဝဘေးဒဏ် ခံနေရချိန်မှာတောင် အစိုးရအနေနဲ့ ဘီလျံသန်းနဲ့ ချီဆုံးရှုံး သွားခဲ့ပေမယ့် ပြည်သူတွေကို ထောက်ပံကြေးတွေပြန်ပေးယ်လို့ ကြေညာခဲ့ပါသေးတယ်။ ကျမတို့ မြန်မာပြည်သူတွေ အနေနဲ့ အလွန်ဆိုးဝါးလှတဲ့ နာဂစ်လိုသဘာဝဘေးအန္တရာယ်တွေ၊ ရေကြီးရေလျှံတာတွေကို ရင်ဆိုင်နေခဲ့ရပေမဲ့ အကူအ ညီတွေကို ပြည်သူအချင်းချင်း ပေးနေရတာတွေ၊ အစိုးရဆီက လုံလောက်တဲ့ အထောက်အပံတွေမရရှိခဲ့ကြပါဘူး။ ကျမ တို့ မြန်မာပြည်သူတွေရဲ့ဘ၀ ဘယ်တော့များမှ စိတ်ချလုံခြုံမှုတွေရမှာလဲလို့ တွေးတောနေမိပါတယ်။၂၀၁၂ ဟာ ရောက် လာပါတော့မယ်။ အဲဒီ ၂၀၁၂ ဟာ မြန်မာပြည်သူတွေရဲ့ဘ၀ကို တိုးတက်မှုတွေနဲ့ ပြည့်စုံပါစေလို့ ဆန္ဒပြုချင်ပါတယ်။

ခင်ငြိမ်းသစ်

No comments: