“တံတားဦးက ကွမ်းနုဝါ၊ ငမြာက ဆေး၊ ကွမ်းသီးတောင်ငူနှင့် ကိုင်းထုံးဖြူ ပြည်ရှား၊ သာဝါးလို့ထွေး….”
ကျောင်းနေစဉ်က မြန်မာစကားပြေမှာ သင်ကြားခဲ့ရသည့် စာသားလေးကို မှန်းဆစဉ်းစား ရွတ်ဆိုလိုက်ခြင်း ဖြစ်ပါသည်။ ရှေးခေတ် မြန်မာဘုရင်များလက်ထက်က
ကွမ်းကြိုက်သူတွေအကြောင်း ရေးစပ်ဖွဲ့ဆိုခဲ့ကြသည်။ ထိုကဗျာစာသားလေး တွေထဲမှာ ကွမ်းကြိုက်တတ်သည့် အလေ့အထနောက်ကွယ်မှ လူနေမှုအဆင့်နှင့် ဂုဏ်ဒြပ်ကွာခြားမှု ပုံရိပ်တွေ ထင်ဟပ် ပေါ်လွင်နေ၏။
အထက်ပါ ကဗျာတိုလေးမှာ မင်းမျိုးမင်းနွယ်၊ သြဇာအရှိန်အဝါကြီးသူ၊ သူဋ္ဌေးသူကြွယ် အသိုင်းအဝိုင်းမှ ကွမ်းကြိုက်သူ တွေအကြောင်း အမွှမ်းတင်ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ အထက်တန်းလွှာ အဆင့်မြင့်ပုဂ္ဂိုလ်တို့ ဖြစ်သည့်အားလျှော်စွာ ဘာမဆို ကောင်းပေ့ဆိုသည့် အညွန့်အဖူးလေးများကို ဆွတ်ယူစားသုံးတတ်သည့် သဘောသဘာဝကို သရုပ်ဖော်ထား ၏။
ထိုအချိန်က တံတားဦးအရပ်မှထွက်သော ကွမ်းရွက်မှာ အထူးထင်ရှား နာမည်ကြီးပုံရပါသည်။ (ယခုအချိန်မှာ မည်သို့ရှိ သည်ကိုတော့ ရွှေမန်းသားမဟုတ်သော ကျနော့်အနေဖြင့် အတိအကျ ဖော်ပြရန် မလွယ်ကူပါ) တဖန် ငမြာအရပ်မှ ထွက် သော ဆေးရွက်ကြီး၊ စစ်ကိုင်းအရပ်မှ ထုံး၊ ပြည်အရပ်မှ ရှားစေး တို့မှာလည်း ကွမ်းသမားတွေ ပါးစပ်ဖျားမှာ ပြောစမှတ် တွင်သည်။ ‘ကွမ်းသီးကြိုက် တောင်ငူပို့’ ဆိုသည့် စကားကိုတော့ ကွမ်းကြိုက်သူတွေ သာမက လူကြီးလူငယ် အရွယ်သုံး ပါး ကျား/မ မရွေး နေ့စဉ်လိုလို သုံးနှုန်းပြောဆိုနေကျ နေ့စဉ်သုံးစကားပင် ဖြစ်နေပါပြီ။
အထက်လွှာ အဝန်းအဝိုင်းမှာသာမက ကျေးရွာဇနပုဒ်မှာနေထိုင်သော တောင်ယာလယ်လုပ် ထင်းခုတ် ငါးရှာ အလုပ်ဖြင့် အသက်မွေးသူ ဆင်းရဲသား တောသူတောင်သားတွေထဲမှာလည်း ကွမ်းကို စွဲမက်ခုံမင်သူတွေ မနည်းမနော ရှိပါသည်။ သို့ရာတွင် သူတို့အနေဖြင့် ဆင်းရဲနုံချာသော ဘဝအခြေအနေအရ ငွေကြေးဓန ချို့တဲ့နွမ်းပါးလှသောကြောင့် မိမိတို့ ဝါသနာကို သူ့ထက်ငါ ဂုဏ်တုဂုဏ်ပြိုင် အရသာခံနိုင်ခွင့် မရရှိကြပါ။ မိမိတို့ လက်လှမ်းတမီ အလွယ်တကူရတတ်သမျှ သော ပစ္စည်းလေးများဖြင့်သာ ကွမ်းတယာကို အာပေါက်မတတ် (ငုံ၊ ဝါး၊ ထွေး) ကာ စိတ်အာသောဖြေ နေရကြောင်း ဖော်ပြစပ်ဆိုထားသည့် ကဗျာတိုလေး တပုဒ်လည်း ရှိပါ သေးသည်။
“ကွမ်းရွက်ရယ်ညှာကြွေ၊ ရေစိမ်တဲ့ဆေး ……အာပေါက်လို့ထွေး”
အလယ်မှာ အစက်ချထားသောနေရာရှိ စာသားများကို ကျနော်မမှတ်မိတော့သဖြင့် ချန်ထားခဲ့ရခြင်း ဖြစ်ပါသည်။ မှတ်မိ သူတို့ ဖြည့်စွက်ပေးနိုင်မည်ဆိုပါက ပို၍ ရသပေါ်လွင်စွာ ခံစားနိုင်ကြပါလိမ့်မည်။
မည်သို့ဆိုစေ ကွမ်းစားခြင်းဓလေ့မှာ မြန်မာလူမျိုးတို့ အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သော မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဖြစ်သည်မှာ အငြင်းပွားဖွယ်ရာ ရှိလိမ့်မည်မထင်။
ကွမ်းစားခြင်းနှင့်ပတ်သက်၍ ရှေးမြန်မာမင်းများခေတ်က ဘုရင်တပါးလက်ထက်မှာ နန်းတွင်းရှိကွမ်းစားသူများ ကွမ်းယာ ပြီးပိုသောထုံးကို နန်းတော်တိုင်သုတ်မိကြရာ ဘုရင်မင်းမြတ်က ‘နန်းတော်တိုင်ကို ထုံးမသုတ်ကြရန်၊ သုတ်သောသူ မိပါက လက်ဖြတ်ခံရမည်’ ဟု အမိန့်တော်ထုတ်ပြီးနောက် မင်းညီမင်းသားအစုံအလင်ရှေ့မှောက် ဘုရင်ကိုယ်တိုင်သုတ်မိ သဖြင့် ဘုရင်လက်ကိုဖြတ်ရသော သာဓက တခုဖတ်ခဲ့ဖူးပါသည်။
တချို့အရပ်ဒေသများတွင် ရပ်ရွာဓလေ့ တရားစီရင်ဆုံးဖြတ်ရာမှာ အမှုပြီးပြတ်ချိန် အမှုသည်နှစ်ဘက်စလုံးက တရားဆုံး ဖြတ်သူ လူကြီးများကို ကွမ်းဖိုးလက်ဘက်ဖိုး ပေးရသည့် ထုံးစံရှိခဲ့ဖူးကြောင်း သိရပါသည်။ (ဤနေရာတွင် တခေတ်တ ခါက ရေပန်းစား ထွန်းကားခဲ့ဖူးသသော ‘ကွမ်းအစ်တည်’ ယဉ်ကျေးမှုကို မဆိုလိုကြောင်းလည်း သိသာစေလိုပါသည်။
ကွမ်းစားယဉ်ကျေးမှုအကြောင်း ဤရွေ့ဤမျှ နိဒါန်းချီ ရေးသားဖော်ပြနေခြင်းမှာ ရည်ရွယ်ချက်တခုတော့ ရှိပါသည်။ ဤ သည်က ကျွန်တော် ကွမ်းအလွန်ကြိုက်သည်။ ကြိုက်သည်ဆိုသည်ထက် ပို၍ပင် စွဲလမ်းပါသည်။ ကွမ်းကို နေ့စဉ်နီးပါး မပြတ်ဝါးလာခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ် တိုင်ခဲ့ပါပြီ။
ငယ်ငယ်တုန်းကတော့ အိမ်မှာ အဖေ့ကွမ်းအစ်ရှိသည်။ အဖေလည်း ကွမ်းကြိုက်သူဖြစ်သည်။ ကွမ်းချိုးကပ်နေသော အဖေ့သွားတွေက နှစ်ပေါင်းကြာရှည် ကွမ်းဝါးခဲ့ကြောင်း သက်သေထူနေ၏။ သို့သော် အဖေက လူတမျိုး။ တနှစ်မှာ ရာ သီဥတုဖောက်ပြန်သဖြင့် ကွမ်းရွက်ရှားပါးကာ ဈေးနှုန်းအတက်ကြမ်းသွား၏။ ဒါကို ဘဝင်မကျသော အဖေက ကွမ်းဖြတ် ဖို့ ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုနေ့မှစ၍ ကွမ်းအစ်ကို သူလှည့်မကြည့်တော့။ ကွမ်းအစ်ကလေး ခြောက် ကပ်သွားသလို အဖေဝါးပြီးသား ကွမ်းဖတ်ကို စောင့်မျှော်ရယူတတ်သော ကျနော် ခမျာလည်း ငတ်ကြောဆိုက်သွားရ တော့၏။
အထက်တန်းကျောင်းသားဘဝမှာ တခါတရံ အပေါင်းအသင်းများနှင့်အတူ ကွမ်းဝါးဖြစ်ပါသည်။ ဆေးထည့် မစားတတ် သေးပါ။ ပြောရလျှင် တပ်ထဲရောက်မှ ဆေးထည့်စားတတ်လာခြင်း ဖြစ်သည်။ အမူးအမော် ဒဏ်အမျိုးမျိုး ခံစားကာ လေ့ ကျင့်ယူခဲ့ရပါသည်။ မလေ့ကျင့်လို့ကလည်း မဖြစ်၊ ကွမ်းသမား အများစုမှာ ဆေးထည့်စားသူတွေ ဖြစ်ကြသည်။ ဆေး ထည့်စားသည်ဆိုသော်လည်း ကျနော် စားနေကျပုံစံမှာ ‘ဗမာဆေးပါးပါး နွယ်ချို’ ဖြစ်၏။ သို့နှင့်တိုင် တခါတလေ ကိုယ် ဝယ်နေကျမဟုတ်သည့် ဆိုင်များတွင် လွဲမှားတတ်သေးသည်။ ကိုယ်က ဆေးပါးပါးဟု ပြောလိုက်သည်ကို ဆိုင်ရှင်က ဆေးများများဟု အမှတ်မှားကာ ထည့်လိုက်သည့်အတွက် နီးစပ်ရာ အမှီတခုမှာ ခေါင်းထိုးဂျွမ်းစိုက်ရသူက ကျနော်။
နောက်ပိုင်းတော့ အထာနပ်သွားသည်။ မသင်္ကာသည့် ကွမ်းယာတိုင်းကို မဝါးမီဖွင့်ကြည့်ပြီးမှ စိတ်ချလက်ချ ဝါးဖြစ် တော့သည်။
နံနက်ခင်းတိုင်း အိပ်ယာထ မျက်နှာသစ်သွားတိုက်ချိန်မှာ ကွမ်းကိုစိတ်နာမိသလောက် မျက်နှာသုတ်ပြီးတာနှင့် ခံတွင်း ချဉ်လာသည်။
ပါးစပ်ထဲမှာ ကွမ်းယာလေးတမြုံ့မြုံ့ဝါး၊ ကွမ်းတံတွေး ပလုပ်ပလောင်းငုံထားရင်း အတွေးပွားရတာ ဈာန်ဝင်၏။ အလုပ် လုပ်ရတာ အာရုံငြိမ်၏။ ထိုအချိန်မျိုးမှာ တစုံတဦးစကားလာပြောမည်ကို အင်မတန် စိုးရိမ်မိလေသည်။
ကျနော့်အင်္ကျီတိုင်းမှာ ကွမ်းတံတွေးစွန်းရာ အမှတ်တံဆိပ်တွေရှိသည်။ အိမ်သူဒေဝီ မဟေသီက ကျနော့်ကို အဖြူရောင် ဝတ်ဆင်ခွင့် ဘယ်တော့မှမပြုပါ။ အသားမဲမဲ အရောင်မွဲအဝတ်အစားနှင့်ဆိုတော့ ကွမ်းသမား ကျနော့်ဘဝ ဘယ်မှာ အရောင်တောက်နိုင်ပါတော့မလဲ။
သူငယ်ချင်းတွေနှင့် အဆက်အသွယ်မရတာကြာလှပါပြီ။ အခွင့်သင့်၍ တချို့တလေနှင့် အွန်လိုင်းမှာ ဆုံတွေ့ သည့်အခါ တိုင်း အရင်ဆုံးအမေးခံရတာက ‘ကွမ်းတွေ ဝါးနေတုန်းပဲလား’ တဲ့။
ဝါသနာတူချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုသလို အဝေးရောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း မြေးကလေး တွေနှင့် ကြုံရတတ်ပါသည်။ ဆရာကြီးမှိုင်းဓာတ်ပုံထဲမှ ကွမ်းအစ်ကြီးကို မျက်စိထဲကမထွက်သဖြင့် ကွမ်းကြိုက်သူတွေကို ဆရာကြီးမြေးတွေအဖြစ် တင်စားလိုက်ခြင်းဖြစ်ပါသည်။ သူတို့တတွေလည်း အမိမြေမှ ကွမ်းယာဆိုင်လေးတွေကို တမ်း တမ်းတတ ပြောဆိုကြသည်။
ကွမ်းမကြိုက်သူတွေက ကွမ်းဝါးခြင်းဟာ ဂျဲန်တဲလ်မင်း မဆန်၊ လူမဝင်ဆန့်သော လုပ်ရပ်အဖြစ် သဘောထားကာ နှာ ခေါင်းရှုံ့ချင်ကြသော်လည်း ကွမ်းသမားတွေအဖို့မူ ဟန်ကျပန်ကျ လူနေမှုစတိုင်ထက် မိမိဝါသနာအတိုင်း ကွမ်းယာလေး မြုံ့ကာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေး နေရတာကို ပို၍ နှစ်သက်ခုံမင်ပေလိမ့်မည်။
မြန်မာပြည်မှာ ခေတ်မီမြို့တော်စီမံချက်တွေ ဘယ်လောက် အကောင်အထည်ဖော်ဖော်၊ မြို့တော်သန့်ရှင်း လှပရေး စည်း ကမ်းချက်တွေ ဘယ်လိုပင် ထုတ်ထုတ် မြန်မာအမျိုးသားတို့၏ ကွမ်းစားခြင်းဓလေ့ အလွယ်တကူ မှေးမှိန်ပျောက်ကွယ် သွားဦးမှာ မဟုတ်ပေ။
ကျနော် တခုပြောလိုသည်မှာ မိမိလွတ်လပ်ခွင့်သည် အခြားသူအတွက် စိတ်အနှောက်အယှက်မဖြစ်စေရန် ကိုယ်စီ ကိုယ်စီ စည်းကမ်းလေးတွေထားကာ မိမိတို့၏ကွမ်းတံတွေးကို လမ်းဘေးအမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ကြပါရန် ကွမ်းကြိုက်တတ်သူချင်း ကိုယ်ချင်းစာနာစိတ်ဖြင့် လက်တို့အသိပေး တိုက်တွန်းချင်ပါသည်။
နေမင်းသူ
၂၂ - ၉ -၂၀၁၂
No comments:
Post a Comment