Thursday, October 4, 2012

သတင်းထောက်နဲ့ စေတနာ၊ သတင်းထောက်နဲ့ ရပ်တည်ချက် (ကိုညို)

“ခင်ဗျား သတင်းထောက်ဆောင်းပါးကလည်း တပုဒ်နဲ့တပုဒ် စောင့်ဖတ်ရတာ ဘုရားတဆူ၊ တဆူပွင့်လောက်တယ်” လို့ လုပ်ဖော်ကိုင်ဘက်တယောက်က ကောင်းကင်မဂ္ဂဇင်းက ဖော်ပြနေကျ၊ ကျနော်ရေဒီယိုသတင်းထောက်လို့ နာမည်ပေး ထားတဲ့ အခန်းဆက်ရေးနေတဲ့ ကျနော့် စာမူအရမ်းကြာလွန်းလို့ ဝေဖန်တယ်။ ကျနော်ကလည်း
သတင်းထောက်သာဖြစ် တယ်၊ စာရေးအင်မတန်ပျင်းတဲ့ ခတ်ညံ့ညံ့ သတင်းထောက်။ စာဖတ်ရတာမပျင်းပေမဲ့ စာရေးပျင်းလို့ သူ့အချိန်အခါ၊ ရာ သီဂွင်နဲ့ အညီရေးရမဲ့ သတင်းဆောင်းပါးတွေ၊ ဟိုစဉ်းစား၊ ဒီစဉ်းစားအချိန်တွေဆွဲပြီး ဘာတပုဒ်မှဖြစ်မလာတာတွေ အများ ကြီး။ သတင်းဆောင်းပါးဟာ၊ သင့်တော်တဲ့ အချိန်အခါကျတဲ့အခါမျိုးရေးမှ တန်ဘိုးပိုရှိတယ်။ ဖြစ်ပျက်မှုတွေက၊ လက်ရှိ ကာလနဲ့ရော၊ အချိန်အခါရော၊ တိုက်ဆိုင်မှုတွေရှိပေမဲ့၊ ဒီထက်ကောင်းတဲ့အချက်အလက်ရဘို့၊ ပြည့်စုံဘို့ဆိုတဲ့ စေတနာ လွန်ပြီး ရေးသင့်ရေးထိုက်တဲ့အချိန်မှာ မရေးမိရင် အလကားပဲ။ ကိုယ်က ပြည့်စုံအောင်ရေးဖို့ အင်တာဗျူးတွေ၊ အချက် အလက်တွေရှာနေတုန်း၊ သူများက ရတဲ့အချက်အလက်နဲ့ ဖြစ်အောင်ရေးသွားလို့ ကိုယ်ကနောက်ကောက်ကျပြီး မရေး ဖြစ်ခဲ့တာတွေက အများကြီး။ ဒါကြောင့် သတင်းသမားဟာ အချိန်အခါကို လက်ဦးမှုယူရေးနိုင်ရင် အကောင်းဆုံးပဲ။

ကိုယ့်ဖာသာမှတ်စုထုတ်ပြီးသုသေသန၊ လုပ်ထားသင့်တာ၊ စုဆောင်းရှာဖွေသင့်တာ၊ အချက်အလက်တွေကို စာဖတ်ရင်း နဲ့ ကောက်ခြစ်မှတ်သားတတ်တဲ့ အကျင့်ရှိအောင် လုပ်ခဲ့ရတယ်။ အရင်က အိန္ဒိယမှာနေခဲ့စဉ် အနှစ် (၂၀) အတွင်း (၁၀) နှစ်ကနိုင်ငံရေး တက်ကြွလှုပ်ရှားသူ (Activist) အနေနဲ့ပြီးတော့ (၁၀) နှစ်က RFA သတင်းထောက်အဖြစ် ရပ်တည်ခဲ့တာ ပါ။

အဲဒီတုန်းက ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံနဲ့၊ မှတ်သားမိတာတွေ၊ လက်လှမ်းမီသလောက် အသေးစားသုသေသန လုပ်ခဲ့ တာလေးတွေက အလကားတော့မဖြစ်ဘူး။ ဒီလိုအချက်အလက်တွေက စာရေးနေရင်း တိုက်ဆိုင်ရင် ဦးနှောက် မယ်မိုရီ ထဲလာ ခလုတ်တိုက်တတ်ပါတယ်။ ဒီတော့ရေးနေဘို့က အဓိကကျလာပါတယ်။ ကျနော်တို့ အများစုဟာ စာကိုလက်နဲ့ ရေးတာထက် ပါးစပ်ကပြောတာ ပိုသန်နေတတ်တယ်။ ကျနော်က ရေဒီယိုသတင်းနဲ့ ဆောင်းပါးလောက်ပဲ ရေးနေကျဆို တော့၊ ပုံနှိပ်မီဒီယာအတွက် စာကိုရေးဘို့ တွန့်နေတယ်။ မကြာခန စိတ်ကူးလေးရလာရင်.. ကောင်းကင်မဂ္ဂဇင်းရဲ့ အယ် ဒီတာ ပန်းချီ ထိန်လင်းကို ပါးစပ်နဲ့ရေးရေးပြလွန်းလို့ “လက်ကပဲချရေးလိုက်စမ်းပါ၊ ခင်ဗျားအခုပြောနေတာတွေ၊ အခုချက် ချင်းကောက်ရေးလိုက်” လို့ ခနခန တိုက်တွန်းတယ်။ ကျနော့်မှာလည်း အဆုံးမသပ်နိုင်တဲ့ တ၀က်တပျက်နဲ့ စာတွေက အများကြီး။

လွန်ခဲ့တဲ့ ၄ နှစ် ကျော်ကတည်းက နော်ဝေးနိုင်ငံမှာ အခြေချလာခဲ့တဲ့နောက်ပိုင်း၊ အရင်လို၊ စာရေးတဲ့၊ သတင်းရေးတဲ့ အလုပ်နဲ့ ရတဲ့ဝင်ငွေနဲ့ ရပ်တည်နိုင်တာ မဟုတ်ဘဲ အချိန်တော်တော်များများကို မိသားစုရပ်တည်ရေးနဲ့ ၀မ်းရေးအတွက် ပေးလိုက်ရတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့ ဘယ်လိုမှမဆက်စပ်တဲ့ အလုပ်တွေ လုပ်နေရတယ်။ စာရေးဘို့အချိန်ကို လုနေရတော့တယ်။ ရေဒီယိုအတွက် အပတ်စဉ်ဆောင်းပါးအပြင်၊ တပတ်ကိုဆောင်းပါးတပုဒ် မဖြစ်ဖြစ်အောင်ရေးရမယ် လို့ ချထားတဲ့ဆုံးဖြတ်ချက်ကို စာရေးပျင်းတဲ့စိတ်က တခါတခါ မင်းမူနေရာဝင်ယူသေးတယ်။ အဲဒီတော့ ပြည်ပရောက် ဘ၀တူတွေ ဘာကြောင့် ပါးစပ်နဲ့စာရေးတာ ပိုသန်သလဲဆိုတာ သဘောပေါက်လာတယ်။
…………………….

တလောက ကိုမိုးသီး တို့ အမေရိကားအဖွဲ့တွေ ပြည်တော်ပြန်တော့အထဲက ၀မ်းသာစွာနဲ့ကြိုဆိုသူ လုပ်ဖော်ကိုင်ဘက် အဟောင်းတွေ ရှိသလို၊ မကြိုဆိုနိုင်တဲ့ ရဲဘော်ဟောင်းတွေလည်း ရှိတယ်။ ကိုမိုးသီး တို့ ပြည်တော်ပြန်သတင်းကို၊ စိတ် သဘောထား ရိုးရိုးရှင်းရှင်းနဲ့ မေးမြန်းရေးကြတာရှိသလို၊ စိတ်အခံမကောင်းဘဲ (ငါတော့ ဒီတချက်တော့ ကစ်လိုက်အုံးမှ၊ ထဲ့လိုက်အုံးမှ ဆိုပြီး) နှိပ်ကွပ်လိုတဲ့စိတ်နဲ့ ရေးကြတဲ့စာတွေ၊ အင်တာဗျူးတွေ၊ ဆောင်းပါးတွေဖတ်ရတယ်။ သတင်း ဆောင်းပါး ဖြစ်ဖြစ်၊ အင်တာဗျူး ဖြစ်ဖြစ်၊ စာတပုဒ်ကိုသေချာဖတ်ရင် စာရေးသူရဲ့စိတ်စေတနာနဲ့ စိတ်အခံကို ခန့်မှန်းလို့ ရပါတယ်။ မိမိရဲ့တည်းဖြတ်မှု၊ အသားပေးဖော်ပြလိုတဲ့အချက်၊ ခတ်မှိန်မှိန်ဖြစ်လိုတဲ့ အချက်တွေအားလုံးဟာ မိမိရဲ့ စိတ် ပေါ် အခြေခံနေလို့ပါ။ ကိုယ့်အခံစိတ်က စေတနာပါရင် စာကဖတ်ကောင်းတယ်၊ စေတနာမဲ့ရင် ဖတ်မကောင်းဘူး။ နား ထောင်မကောင်းဘူး၊ ကြည့်မကောင်းဘူး။ အရေးကြီးတာ ကိုယ်ကစိတ်အခံကောင်းလေးနဲ့ စေတနာထည့်ရေးဘို့ပဲ။
စေတနာမပါရင် တဘက်သားကိုစော်ကားသလိုလည်း ဖြစ်တယ်။

တခါတုန်းက ပြည်သူက ချစ်ခင်လေးစားတဲ့ ပြည်ပမှာ နေထိုင်တဲ့ အနုပညာသမားတယောက်ကို အင်တာဗျူးတဲ့ ရုပ်သံ လွှင့်တခုကြည့်ရတယ်။ အဲဒီအနုပညာသမားဟာ တချိန်က ဗမာပြည်မှာ လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တယ်။ ပြည်သူ ချစ်တဲ့ အနုပညာသမားပါ။ အဲဒီ အနုပညာရှင်က စကားပြောရင် (ဗမာပြည်နဲ့ နှစ်အကြာချည်း ခွဲနေရလို့ထင်တယ်) စကားလုံးရွေးချယ်ပြောရာမှာ အခက်အခဲရှိနေတာ တွေ့ရတယ်၊ သူ့နေရာနဲ့သူ စကားအသုံးအနှုံးဆီလျှော်အောင် မပြော နိုင်ရှာဘူး။ ပြီးတော့ အနောက်တိုင်းဟန်အတိုင်း၊ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ရှိတယ်၊ အင်တာဗျူးတဲ့ အမျိုးသမီးနဲ့ လည်း စကားပြောတာ ရဲရဲတင်းတင်း ရှိတယ်။ ကဲထားပါတော့..

အဲဒီအင်တာဗျူးက သေချာတည်းဖြတ်တာမလုပ်တော့ ပြည်သူချစ်တဲ့အနုပညာရှင်ကြီး ခင်ဗျာ.. ပေါကြောင်ကြောင် အမူ အရာတွေနဲ့ ခတ်ပေါ့ပေါ့ စကားတွေပြောနေသလိုပဲ။ အမှန်တော့ တည်းဖြတ်သူစေတနာမှန်ရင် အဲဒီ အဆိုတော်ပြော တဲ့၊ နားထောင်ရတာ သိတ်အဆင်မပြေတဲ့ စကားလုံးတွေ အမူအရာနဲ့ လှုပ်ရှားမှုတွေကို ဂရုစိုက်တည်းဖြတ်ရင် အတော်လေး ကောင်းလာမဲ့သဘောရှိတယ်။

အမှန်တော့ ပြည်သူကလေးစားတဲ့ ပုဂ္ဂိုလ်တို့ အနုပညာရှင်တို့၊ နိုင်ငံရေးသမားတို့နဲ့ အင်တာဗျူးရင် သတိထားနိုင်လေ ကောင်းလေပဲ။ ကိုယ်ရဲ့စိတ်အမြင်အခံမကောင်းရင်ဖြစ်စေ၊ သာမန်အတိုင်း ခတ်ပေါ့ပေါ့သဘောထားပြီး တည်းဖြတ်
မယ်ဆိုရင်၊ ဒါမှမဟုတ် တွန်းချလိုတဲ့စိတ်ရှိရင်.. အဲဒီ အင်တာဗျူးဟာ ပွန်းပဲ့ချို့ယွင်းသွားတာပဲ။ ဒါကြောင့် သတင်း ထောက်ဟာ စေတနာထည့်ပြီး အလုပ်လုပ်တာ ကောင်းတယ်။ အတို့အထောင် အင်တာဗျူးတို့၊ တဖက်သားကို ဂျောက် ကျ အောင်တွန်းချင်တဲ့ မရိုးသားစိတ်နဲ့ လုပ်တဲ့အင်တာဗျူးတွေလုပ်တာလည်း ရှိနေတာပဲ။ အဲဒီ လိုင်းကသပ်သပ်။

ကျနော် ပြောချင်တဲ့ အပြုနိုင်ငံရေးလမ်းကြောင်းအပြင်က လုပ်နည်းလုပ်ဟန်တွေမို့ အဲဒါတွေ ကျနော်မဆိုလိုဘူး။ စာရေး သူတိုင်းက တချိန်လုံး သူရေးနေတဲ့အကြောင်းအချက်တခုမှာ စေတနာပါချင်မှပါမယ်၊ မပါရင်လည်းမပါဘူး။ ကိုယ့်ယုံ ကြည်ချက်တို့ ရပ်တည်ချက်တို့ပေါ်မှာလည်း မူတည်တယ်။ ကိုယ်က ဘယ်ဘက်မှာရပ်သလဲဆိုတာ အရေးကြီးမယ် ထင် တယ်။ ကိုယ်ရပ်တဲ့ဘက်က အမှန်တရားလည်း ဖြစ်မယ်၊ အများပြည်သူဘက်လည်းဖြစ်မယ်ဆို ဟုတ်သွားမှာပဲ။ စာဖတ် သူကသူ့စာတွေကို တလေးတစားဖတ်မယ်။ ဒါက ရှင်းတယ်။

ဘာကြောင့် စစ်အာဏာရှင်ခေတ်တလျောက်လုံး အစိုးရသတင်းစာတွေမှာရေးနေတဲ့ သတင်းစာဆရာတွေ၊ ကလောင် သွားမထက်တာလည်း တွေးကြည့်ရင်သိတယ်။

ကျနော့်ကို ဟိုတုန်းက ကျောင်းသားသမဂ္ဂခေါင်းဆောင်တယောက်လည်းဖြစ် ဘီဘီစီ၊ အာအက်ဖ်အေနဲ့ ခေတ်ပြိုင်သ တင်းစာတို့မှာ သတင်းတွေ၊ ဆောင်းပါးတွေ အများကြီးရေးခဲ့တဲ့ ဆရာဦးလှဖေ (တင့်ဇော်) သတိပေးဆုံးမခဲ့တာလေး သွားသတိရတယ်။ “ကိုညို ဘယ်ခေတ်ရောက်ရောက်၊ သတင်းထောက်ဆိုတာ ဒီမိုကရေစီဘက်မှာပဲ ရပ်ရတယ်၊ ကိုယ် ယုံကြည်တာက ကွန်မြူနစ်ဝါဒ ဖြစ်ဖြစ်၊ ဆိုရှယ်လစ်ဝါဒ ဖြစ်ဖြစ်၊ သတင်းသမားက ဒီမိုကရေစီကို လက်ခံကျင့်သုံးရမယ်၊ အားပေး ရတယ်။ အေး…ဒီမိုကရေစီဘက်မရပ်တဲ့ သတင်းသမားဟာ ဘယ်တော့မှ ကြာကြာ မရှင်သန်ဘူး” ဆရာ့စကား ဟာ ကြာလေ.. အရောင်ထွက်လေပဲ။

ဒီကနေ့ ကျနော်တို့ သတင်းလောကမှာ ကိုယ့်ကို ဝေဖန်ရင်၊ မခံမရပ်နိုင်ဖြစ်ပြီး တရားစွဲတာတို့၊ ပြန်လည်ခြိမ်းခြောက်တာ တို့၊ မဆက်ဆံလိုတာ၊ မိတ်ဆွေလိုသဘောမထားနိုင်တော့တာ၊ တချို့သတင်းဌာနတွေဆို အလုပ်ကရပ်စဲတာ၊ ထုတ် ပယ်တာအထိတောင် လုပ်တာကိုတွေ့ရတယ်။ ဒီမိုကရေစီဘက်တောင် မရပ်နိုင်တော့တာ တွေ့ရတယ်။ အံ့သြဘို့ကောင်း တာက ဒီမိုကရေစီနိုင်ငံကြီးတွေမှာ အခြေစိုက်ပြီး၊ ဒီမိုကရေစီစနစ်အောက်မှာ နေထိုင်နေတဲ့ သတင်းဌာနတချို့က လူ တွေကိုယ်တိုင် ဒီမိုကရေစီမကျင့်နိုင်၊ မလေးစားနိုင်တာ စိတ်မကောင်း စရာတွေ့ရတယ်။

၂၀၀၆ ခုနှစ် လောက်ဖြစ်မယ်၊ ဘီဘီစီ သတင်းဌာနအကြီးအကဲ ဒေါ်တင်ထားဆွေ နဲ့ အဖွဲ့ နယူးဒေလီကို ရောက်လာ တယ်။ ဘီဘီစီ မြန်မာပိုင်းဌာနရဲ့ ရေဒီယိုကအပတ်စဉ်ထုတ်ပေးတဲ့ “မေးဖြေစရာ ဒီချိန်ခါ” ဆိုတဲ့ အစီအစဉ်တခုအတွက် ပါ။ မလေးရှားနဲ့ ထိုင်းနိုင်ငံရောက် မြန်မာတွေနဲ့ အစီအစဉ်ထုတ်လွှင့်ပြီး အိန္ဒိယကို ရောက်လာတာပါ။ အစီအစဉ်လေးက စိတ်ဝင်စားဘို့ကောင်းတယ်။ မြန်မာပြည်နဲ့ပတ်သက်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ တိုင်းရင်းသားအရေးနဲ့ အဖွဲ့အစည်းကိစ္စ၊ ခေါင်းဆောင်ကိစ္စပါမကျန် ပရိဿတ်နဲ့ ဒိုင်ခံဆွေးနွေးသူတွေကြား အမေးအဖြေတွေထုတ်ပြီး ဆွေးနွေး ကြတာပါ။

အပြန်အလှန်ငြင်းခုံတာရော၊ ဆွေးနွေးတာရော၊ သိတ်မြိုင်မြိုင်ဆိုင်ဆိုင်ရှိတယ်။ သိတ်ပွင့်လင်းတယ်။ ဆွေးနွေးဘို့ ခေါင်း စဉ်လည်း ပေးထားတယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်တယ်။ ဒိုင်ခံဆွေးနွေးသူတွေကိုလည်း ပိရိဿတ်က ချောင် ပိတ်မေးတာရှိတယ်၊ ဝေဖန်တယ်။ ရှုံ့ချတယ်။ အပြစ်လည်းတင်တယ်။ ဒါပေမဲ့ ဖြေတဲ့သူကလည်း အပြုံးမပျက်ဘူး။ ပြန် ထောက်တယ်၊ ပြန်ချီတယ်။ အဓိကကတော့ နှစ်တွေကြာပြီး၊ တော်လှန်ရေး မအောင်မမြင်ကိစ္စ၊ ပြည်သူတွေထွက်ပေါက် မရှိ၊ ဆင်းရဲဒုက္ခကိစ္စ၊ အတွင်းအပြင် ခေါင်းဆောင်တွေ အရည်အချင်းမဲ့တဲ့ ကိစ္စ၊ ခေါင်းဆောင်တယောက်ထဲပေါ် မှီခိုနေ တဲ့ ကိစ္စ၊ မြန်မာတွေတော်တဲ့ ကိစ္စ၊ချော်တဲ့ ကိစ္စ… စုံနေတာပဲ။

ပွဲပြီးတော့ ဘီဘီစီ ဋ္ဌာနမှူး ဒေါ်တင်ထားဆွေ ကိုကျနော်ကမေးတယ်။ တခြားနိုင်ငံက မြန်မာတွေဆွေးနွေးတာနဲ့ ကျနော် တို့ အိန္ဒိယရောက်မြန်မာတွေဆွေးနွေးတာ ဘာကွာခြားလဲပေါ့..။ ဒီတော့ ဒေါ်တင်ထားဆွေ သုံးသပ်ပြတာ စိတ်ဝင်စား စရာကောင်းတယ်။

“အိန္ဒိယရောက် အင်အားစုတွေက ထိုင်းတို့၊ မလေးရှားတို့က လူတွေထက်ပိုပြီး ပွင့်လင်းတယ်၊ လွတ်လပ်တယ်၊ ကျမ အထင်တော့ အိန္ဒိယမှာနေတဲ့ လူတွေက ဒီမိုကရေစီအရသာကို ပိုပြီးခံစားထိတွေ့ရလို့နဲ့ တူတယ်” လို့ ဖြေခဲ့ပါတယ်။

ကျနော်တို့ရဲ့အတွေ့အကြုံနဲ့ ဖြတ်သန်းမှုအရ အဲဒီ သုံးသပ်မှုဟာ မှန်တယ်။ ဥပမာတခုပြောရရင် (အခုတော့ မှန်ချင်မှန် မယ်၊ မှားရင်လည်းမှားမယ်၊ တချိန်တုန်းကပေါ့) ထိုင်းမှာနေထိုင်တဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေဟာ ကိုယ့်အိမ်အ ပြင် ထွက်တာနဲ့ စကားပြောတဲ့လေသံက ပြောင်းသွားတယ်၊ တိုးသွားတယ်။ ဟုတ်မဟုတ်မသိဘူး၊ ဘန်ကောက်က ရဲဘော်တွေ ပြန်ပြောပြတာလေးတခု။ အိမ်ထဲ သူခိုးဝင်တာကိုသိတာတောင် သူခိုးသူခိုးလို့ မအော်ရဲဘူးတဲ့၊ သူခိုးကို လက်ဟန် ခြေဟန်နဲ့ အိမ်ထဲကထွက်သွားဘို့ နှင်ထုတ်တယ်ဆိုပဲ၊ အဲလိုဆိုတော့လည်း ကျနော်တို့တတွေ စိတ်မကောင်း ဖြစ်ကြတယ်။ တိုင်းတပါးမှာ တရားမ၀င်နေထိုင်ကြတော့ ဗမာစကားပြောရင် အဖမ်းခံရမှာ စိုးရိမ်ရတယ်လေ။ မြန်မာတွေ၊ ထိုင်းတွေကြားမှာ သိတ်စကားမပြောဘူး။ မျက်ရိပ်မျက်ကဲတွေနဲ့ ပြောကြ တယ်။ ကြုံတုန်း ရီစရာလား မောစရာလား ပြောပြအုံးမယ်။

၂၀၀၄ တုန်းက (မြန်မာသတင်းသမဂ္ဂ ညီလာခံအပြီး၊ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့လေးကို ကျနော်ရယ်၊ ဂျပန်နိုင်ငံ က ကိုသက်လင်းရယ်၊ ကိုရီးယားနိုင်ငံက ကိုရန်နိုင်ထွန်း ရယ်၊ သုံးဘီးတစီးပေါ်တက်ပြီး သူငယ်ချင်းတယောက်အိမ် သွားကြတယ်။ အဲဒီအချိန် ထိုင်းရဲတယောက် ဆိုင်ကယ်နဲ့ အနောက်မလှမ်းမကမ်းကနေ လိုက်လာတာကို သတိမထား မိကြဘူး။ မြို့အ၀င်တနေရာရောက်တော့ ရဲက ကျနော်တို့စီးလာတဲ့ သုံးဘီးကိုတားတယ်။ ကျနော်တို့က နားမလည်ဘူး ဘာလဲပေါ့။ ရဲက ဘယ်ကလဲ ဗမာပြည်ကလားလို့ မေးတယ်၊ ထိုင်းအာဏာပိုင်တွေ ခွင့်ပြုချက် စာရွက်စာတမ်းတောင်း တယ်။ ကျနော်တို့က နိုင်ငံခြားကဆိုတော့ ပတ်စ်ပို့စ်တောင်းတယ်။ ကျနော်တို့ ထုတ်ပြလိုက်တယ်။ ရဲကပတ်စ်ပို့ကို ဖင် ပြန်ခေါင်းပြန်ကြည့်လိုက်၊ ကျနော်တို့ မျက်နှာတွေကြည့်လိုက်နဲ့ ပြီးတော့ ကျနော်တို့ကို ဗမာတွေလားလို့ မေးပြန်တယ်။
နောက်တော့ ကိုရွှေရဲခမျာ.. ကျနော်တို့ ပတ်စ်ပို့တွေပြန်ပေးပြီး အူကြောင်ကြောင်နဲ့ လှည့်ပြန်သွားတယ်။

ကျနော်တို့ ၃ ယောက်ကတော့ ကိုယ့်ဘ၀တွေ ကိုယ်ပြန်တွေးပြီး ရီလိုက်ကြတယ်။ စဉ်စားကြည့်လေ၊ ကျနော်က အိန္ဒိယ နိုင်ငံကူးလက်မှတ် (အတုမဟုတ်) ကိုသက်လင်းက ဂျပန်စာအုပ်၊ ကိုရန်နိုင်ထွန်းက ကိုးရီးယားစာအုပ်၊ အရောင်လဲမတူ၊ နိုင်ငံလည်းမတူ ဒါပေမဲ့ စကားကအတူတူ၊ ဗမာပြည်သားတွေ။ နိုင်ငံတကာမှာ အကွဲကွဲအပြားပြားနဲ့ နေထိုင်ရောက်ရှိနေ တဲ့ ကျနော်တို့ညီအကိုတွေ၊ လုပ်ဖော်ကိုင်ဘက်တွေရဲ့ဘ၀ကိုသွားဆင်ခြင်မိပြီး ကျနော်တို့ ကြာကြာမရီနိုင်တော့ပါဘူး။

အခုန ထိုင်းနိုင်ငံရောက် မြန်မာတွေထက်၊ အိန္ဒိယမြန်မာတွေက ပိုလွတ်လပ်တာ ဆက်ပြောရအုံးမယ်။ ထိုင်းနယ်စပ်မှာ က လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရှိတယ်။ ကိုယ့်အဖွဲ့သူ့ အဖွဲ့အဖွဲ့မူတွေနဲ့ မဟာမိတ်ဆက်ဆံရေးမူတွေနဲ့ ရှိတယ်။ နိုင်ငံရေးအကြောင်းအရာကိစ္စတခုခုဖြစ်စေ၊ အဖွဲ့အစည်းကိစ္စဖြစ်စေ၊ ကိုယ့်သဘောထားအမြင်ကို ဦးစားပေးမပြောကြ ဘူး။ အမှားအယွင်းလည်း မခံကြဘူး။

ကျနော်တို့ အနောက်ဘက်သားတွေကတော့ လူကြားသူကြား၊ မြို့လည်ဖြစ်ဖြစ်၊ ပွဲလန်းသဘင်ဖြစ်ဖြစ် အော်ကျယ်အော် ကျယ်နဲ့၊ ကုလားတွေနဲ့စိန်ခေါ်ပြီး ရန်တွေတောင်ဖြစ်ကြသေးတယ်။ ပြောရအုံးမယ်။ အိန္ဒိယနိုင်ငံသားတွေ အများစုက၊ လက်သီးမထိုးတတ်ဘူး၊ ရန်ဖြစ်ရင် အပြန်အလှန် (ဘေးလူနားငြီးနေအောင်) စကားများတာပဲရှိမယ်။ အလွန်ဆုံးမှ တ ယောက်နဲ့တယောက် အင်္ကျီကော်လံတွေ ရင်ဘတ်အင်္ကျီစတွေဆွဲပြီး ဆဲနေတာပဲရှိတယ်။ မထိုးဘူး၊ သွေးထွက်သံယို ဖြစ်အောင် မလုပ်ဘူး။ သွေးထွက်အောင်သွားလုပ်ရင် ကိုယ်ဘယ်လောက်ပဲမှန်မှန်၊ ကိုယ်ထိလက်ရောက် စော်ကား တယ်ဆိုပြီး ရဲအမှုဖြစ်သွားတယ်။

ကျနော်တို့က စိတ်မရှည်ဘူး၊ လက်ဝှေ့တို့၊ ကာရာတေးတို့မတတ်ပေမဲ့ စိတ်ကြွတယ်၊ လက်သီးလောက်တော့ ထိုးတတ် တယ်။ ဒီတော့ အိန္ဒိယသားတွေနဲ့ရန်ဖြစ်ပြီး ကျနော်တို့ အချုပ်ထဲ ခနခနရောက်ဖူးတယ်။ နောက်ပိုင်းကျတော့လည်း နေ တတ်ထိုင်တတ်သွားတယ်။ ရန်ဖြစ်ရင် လက်မပါဘူး၊ လည်ချောင်းကြောတွေ ထောင်နေအောင်အော်တယ်။ ဒီမိုကရေစီ ကျကျ နေတတ်ထိုင်တတ်သွားတယ်။

အိန္ဒိယလွှတ်တော်ထဲမှာဆို နိုင်ငံရေးသမားကြီးတွေ လက်သီးနဲ့ခုံတွေထုပြီး တမျိုး၊ လူဝံကြီးတွေလို ကိုယ့်ရင်ဘတ်ကိုယ် ထုပြီး တဖုံ၊ လက်ညှိုးငေါက်ငေါက်ထိုးပြီးတော့ရောငြင်းခုန်နေကြတာ၊ အခုပဲ လုံးထွေးသတ်ပုတ်တော့မဲ့ အတိုင်းပဲ။
ဒါပေမဲ့ လွှတ်တော်အပြင်ရောက်ရင် လက်ဆွဲ၊ ပုခုံးဆွဲပြီး ရီရီမောမော လက်ဘက်ရည် အတူတူသောက်ကြတာပဲ။ အေး အေးငြိမ်းငြိမ်းပဲ။ ကျနော်တို့ ပြောနေကျစကားရှိတယ်။ စကားအနိုင်လုလို့ လက်ခုတ်သံများများရချင်ရင်၊ ကိုယ်က အနိုင် လိုချင်ရင်၊ အိန္ဒိယ နိုင်ငံရေးသမားတွေလို “မြန်မြန်ပြော၊ များများပြော၊ အသံကုန်အော်ဟစ်ပြော” ဆိုတာပဲ။

အဲဒီတော့ ပြောချင်တာက၊ အခု မြန်မာ့နိုင်ငံရေးလောကမှာ ရေပမ်းစားနေတဲ့ “ပွင့်လင်းမြင်သာမှု” ဆိုတာ ကိုယ်တိုင်က ဒီမိုကရေစီစိတ်ဓာတ်နဲ့ ကျင့်စဉ်အရ ဘယ်လောက် နေတတ်ထိုင်တတ်သလဲ ဆိုတဲ့အပေါ် မူတည်တယ်။ ထစ်ကနဲရှိ၊ ထိ ထိရောက်ရောက် တုန့်ပြန်ဖို့၊ ထုတ်ပြစ်ဖို့၊ အရေးယူဘို့၊ အဆက်ဖြတ်ဘို့၊ မဆက်ဆံဘို့ ဆိုတဲ့ စဉ်းစားချက်တွေဟာ အ တော်လေး မရင့်ကျက်တာဘဲလို့ ကျနော် မြင်တယ်။

သူ့လမ်းစဉ်မူဝါဒ မကြိုက်ရင်၊ သူရေးတဲ့စာမကြိုက်ရင်၊ အကြောင်းနဲ့ အကျိုးနဲ့ ဝေဖန်ပေါ့၊ တဘက်သားရဲ့ အယူအဆကို မကြိုက်ရင်၊ ထိထိရောက်ရောက် ဝေဖန်တာ သတင်းစာသမားတွေ သဘာဝပဲ။ ဝေဖန်တာမခံနိုင်ရင် ရင့်ကျက်အောင် ကျိုးစားပါ။ အနင်းခံရတဲ့စပါးက သန်တာပဲ။ အပြန်အလှန် ဝေဖန်စာတွေရေးတာ၊ မရိုင်းပါဘူး။ မဆဲရင်၊ ပုဂ္ဂိုလ်ရေးမထိ ခိုက်ရင် ဝေဖန်တာကို၊ ကြိုဆိုသင့်တယ်။ ဝေဖန်တာမကြိုက်ရင် အာဏာရှင်စနစ်ထဲအလျှားလိုက် လက်ပစ်ကူးနေရစ်ခဲ့ ရုံပေါ့။

အခုတလော ဖေ့စ်ဘွတ်ခ်လို့ခေါ်တဲ့ လူမှုကွန်ယက်က ဝေဖန်တာတချို့က ဆဲစာတွေလိုပဲ။ ဗရမ်းပတာ ဟစ်တိုင်သဘော ဆန်နေတယ်။ မရင့်ကျက်သေးခင်၊ ကာလတခု ဖြတ်သန်းနေတဲ့ သဘောလို့ပဲ၊ သက်သက်သာသာလေး မြင်ကြည့်တာ ပေါ့။ ကိုယ်ကပြန်ပြီး စိတ်ထားတတ်ရင်၊ တဘက်သားလည်း သူ့အလိုလိုပြင်သွားမှာပါ။ အုပ်စုတွေ၊ အဖွဲ့တွေ ဘယ်လိုပဲ ကွဲကွဲ ကျနော်တို့ သတင်းသမားတွေက၊ စိတ်စေတနာကောင်းလေးမွေးပြီး လုပ်ကြတာပေါ့။

ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ပါဘူး။

ကိုညို
စက်တင်ဘာ၊ ၂၀၁၂

(ဆောင်းပါးရှင်သည် ၀ါရှင်တန်အခြေ စိုက်လွတ်လပ်သောအာရှအသံ (RFA) မြန်မာပိုင်းဌာနတွင် ၁၄ နှစ် ကြာသတင်း ထောက်၊ အကြီးတန်းသတင်းထောက်အဖြစ် လုပ်ဆောင်ခဲ့ပြီး ယခုအခါ အလွတ်သတင်းထောက်တယောက်အဖြစ် ပြည် ပအခြေစိုက် အင်တာနက်သတင်းဌာနများ၌ သတင်းနှင့်၊ သတင်းဆောင်းပါးများ ရေးသားနေပါသည်)

No comments: