Tuesday, October 16, 2012

အပြောင်းအလဲဆိုတာထဲက အပြောင်းအလဲကိုတွေ့ရမှာလား


ကြံ့ဖွတ်အစိုးရ တကယ်တမ်းလည်ပတ်လုပ်လာတဲ့အခါမှာ ထသွားမှအကျိုးမှန်းသိရသလို မြင်တွေ့လာရတာတွေဟာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ တနှစ်ဆိုတဲ့ ဘာမှမကြာလှတဲ့ကာလတိုလေးအတွင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဆိုတာနဲ့ သမတဆိုသူအကြားက ကွဲလွဲချက်ရယ်လို့ပြောစရာ ကိစ္စရပ်ကြီးပေါ်ထွက်ခဲ့သလို ဝန်ကြီးတွေ၊ ဒုဝန်ကြီး တွေလည်းလဲရ၊ ဖယ်ရ ဖြစ်ကုန်ပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုခဏရပ်ပြီး
လွှတ်တော်ပြင်ပကလူတွေနဲ့ တိုင်ပင်ပြီးမှ ပြန်ဆက်တာလည်းတွေ့ရပါတယ်။ "ကာလုံ" ကောင်စီကနေ အဟမ်း-အဟမ်း ဆိုပြီး ချောင်းလှန့်သတိပေးသံကိုတောင် ကြားလိုက်ရသလား အောက်မေ့မိပါတယ်။

ပွင့်လင်းမှုစကားအများဆုံးပြောပြီး ပွင့်လင်းမှုလုံးဝမရှိတဲ့ ဒီအစိုးရထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ပြောရခက်လှပါ တယ်။ ပုံမှန်မဟုတ်ဘူးဆိုတာပဲ ပြောနိုင်မယ်ထင်ပါတယ်။

ကြံ့ဖွတ်အစိုးရအနေနဲ့ သူတို့ရဲ့အရင်ကအတိုက်အခံတချို့ကိုတောင် မတိုက်မခံဖြစ်အောင်လုပ်ထားနိုင်ချိန်မှာ သူတို့ချင်း ဘာတွေဖြစ်နေကြတာလဲ။ ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေးတို့ရဲ့အရေးတော်ပုံကြီးကို ဆက်ခံသယ်ဆောင်ရေး ယန္တရားကြီး ထဲမှာ ဝက်အူချောင်တာလား၊ ဗိုင်းရပ်စ်ပိုးဝင်တာလား။ စိတ်ဝင်စားစရာတွေပေါ်ထွက်လာနေပါတယ်။ သေချာ တာက တော့ ဟိုရှေးကနဲ့တော့မတူပါတယ် ဆိုတာပါပဲ။

ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေးတို့ဟာ အိုမင်းမစွမ်းဖြစ်ယုံမက အစွမ်းမရှိဖြစ်လာတာနဲ့အမျှ သူတို့စီစဉ်ခဲ့တာတွေကို လက် မခံလိုတာ၊ ပြန်ပြင်ချင်တာတွေ ပေါ်လာတတ်တာဟာ ဓမ္မတာပါပဲ။ မင်းတို့တတွေ ညီညီညွတ်ညွတ်နဲ့ ဆက်ချီတက်ကြ လို့ မှာထားခဲ့တဲ့စကားမျိုးတွေဟာ ရေပွက်ပမာပဲ ခံမှာပါ။ နံပတ်ဝမ်းကိုသာ နာခံလုပ်ကိုင်လေ့ရှိခဲ့တဲ့ စစ်အာဏာ ရှင်တွေ ရဲ့ ဆက်ခံသူတွေဟာလည်း နံပတ်ဝမ်းစနစ်နဲ့ပဲ အထာကျ၊ အကျင့်ပါနေကြတာပါ။ ဒီတော့ ဒီနေ့လို အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ အမြောက်အမြားရောက်စရာရှိတဲ့အချိန်၊  ပြည်တွင်းမှာလည်း လယ်တွေသိမ်း၊ မြေတွေလုပြီး အကြီးအ ကျယ်ရင်းနှီးမြှုပ်နှံ လုပ်ငန်းကြီးတွေ တိုးချဲ့ကြတော့မယ့်အချိန်မှာ စစ်ဗိုလ်ချုပ်တွေဟာ ငါးရံ့ရအတူတူ၊ ငါးခူရခွဲခြမ်းခွဲခြမ်း ဖြစ်လာပါတော့တယ်။ ဒီတော့ နံပတ်ဝမ်းရဲ့အခန်းနဲ့အစွမ်းကို အားလုံးက သတိရမိကြမှာပါ။ သူတို့ ဘေးက ခရိုနီတွေက လည်း ဒါကိုပဲ လက်တို့သတိပေးနေမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။

ဖြတ်သန်းခဲ့တဲ့ ၂၄နှစ် သမိုင်းအရ တပည့်မွေး-ဆရာမွေးစနစ်ကို ဗိုလ်ချုပ်များလည်း လက်ခံထားတယ်ဆိုတာ ထင်ရှားပါ တယ်။ ဒီလိုဆရာတင်တာကို သူတို့ သာယာကြည်နူးကြပါတယ်။ တပါတည်းမှာ တပည့်များကို "ချီမြှင့်" တဲ့ ဓလေ့ကို လည်း သူတို့ထူထောင်ခဲ့ကြပါတယ်။ ဒီတော့ နံပတ်ဝမ်းနေရာအတွက် စိတ်ကူးယဉ်တမ်းတမှုတွေ သူတို့ထိပ်သီးပိုင်းမှာ ပေါ်ထွက်လာတတ်တာဟာ မဆန်းပါဘူး။ ဒါကြောင့် အခုအခါ လွှတ်တော်ထဲမှာ မြင်တွေ့နေရတာတွေဟာ သာမန် "ချက်ကြီးနဲ့ ရွှေပန်း" ဇာတ်လမ်းမဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒီလို အာဏာနဲ့ ကိုယ်ကျိုးစီးပွားအပေါ် အခြေခံတဲ့ သူတို့ တွင်း ပဋိပက္ခတွေကို "အပျော့ ဂိုဏ်း" နဲ့ "အမာ ဂိုဏ်း" အကြားက ပဋိပက္ခလို့ပြောရင် မှန်မယ်မထင်ပါဘူး။

ဒင်းတို့တတွေ တောတတောထဲမှာ ကြက်ဖတကောင်ပဲရှိရမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ တွန်သံပေး၊ တောင်ပံ တဖြတ်ဖြတ် ရိုက်နေကြချိန်မှာ ပြည်သူလူထုက စက်ရုံတွေ၊ လယ်ကွင်းတွေထဲကနေ လက်ခမောင်းခတ်ပြပြီး သတိပေး နေကြပါ တယ်။ စက်ရုံတွေထဲက လည်ချောင်းထဲမှာ မီးတောက်မတတ် ဟစ်အော်နေကြတဲ့ ကြွေးကြော်သံတွေ ကြားလာရပြီး လယ်ကွင်းထဲမှာတော့ ဓားနှောင့်ဆောင့်လို့ ဖနောင့်ပေါက်ပြီ တက်ခေါက်လိုက်တဲ့ အသံတွေမြည်သထက် မြည်ဟိန်းလာ နေပါတယ်။ ဒါပေမဲ့ မှန်တာပြောရရင် လက်ပန်တောင်းတောင်အရေးဟာ စစ်အုပ်စုအဖို့ တဖဝါးမှ နောက်မဆုတ်နိုင်တဲ့ ကိစ္စ ဖြစ်နေပါတယ်။ အကြောင်းကတော့ ဒါဟာ မြန်မာ့ဦးပိုင်စီးပွားရေးလီမိတက်ရဲ့လုပ်ငန်းဖြစ်နေလို့ပါပဲ။

ဦးပိုင်စီးပွားရေးလီမိတက်ဟာ စစ်အုပ်စုအဆက်ဆက်ရဲ့ သူတို့ပိုင် စီးပွားရေးလုပ်ငန်းတွေထဲက မူလပထမ တံခွန်ထူ အလံစိုက်ထားတဲ့ လုပ်ငန်းကြီးပါ။ အင်္ဂလိပ်လိုဆိုရင် ဦးပိုင်ကုမ္ပဏီဟာ စစ်သင်္ဘောအစုရဲ့အမှတ်သညာလည်းဖြစ်၊ အဓိ ကလည်းကျတဲ့ စစ်အုပ်စုစီးပွားရေး လုပ်ငန်းတွေရဲ့ တံခွန်စိုက်သင်္ဘော (flagship) လည်း ဖြစ်ပါတယ်။ စစ်အုပ်စုအ ဆက်ဆက်နဲ့ ဒီသူတို့ရဲ့ခါးပိုက်ဆောင်တပ်ကြီးရဲ့ ဥစ္စာဓနတွေကို ထုတ်လုပ်ပေးရာ အဓိကလုပ်ငန်းကြီးဖြစ်သလို သူတို့ရဲ့ မာန်တွေမာနတွေကို ကိုယ်စားပြုတဲ့ လုပ်ငန်းကြီး ဖြစ်ပါတယ်။ ဒီတော့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သိန်းစိန်တို့ရဲ့ ဘုရားစူး အရပ်သားအစိုးရဟာ စစ်တပ်တခုလုံးရဲ့ အကျိုးစီးပွားနဲ့ ဂုဏ်သရေကို သစ္စာဖောက်တာမျိုး အဖြစ်ခံဝံ့မှာ မဟုတ်ပါဘူး။ ဦးပိုင်ကအလျှော့ပေးရတယ်၊ ရှုံးသွားတယ်ဆိုတဲ့ သမိုင်းမှတ်တမ်းမျိုး သူတို့အနေနဲ့မကျန်ရစ်စေချင်မှာ အမှန်ပါပဲ။ ဒီတော့ ဒီလက်ပန်းတောင်းတောင် အရေးအခင်းမှာ သူတို့ဘက်ကလည်း တပြားသားမှ လျှော့ပေးမယ့်လက္ခဏာ မရှိပါဘူး။

ဒီလိုအရှုပ်အထွေတွေကြားကပဲ တလောကတော့ ဖေ့စ်ဘုတ်တွေ၊ အီးမေးလ်တွေထဲမှာ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့် ရဲ့ သင်တန်းတခုက မှတ်စုလို့ ယူဆရတဲ့စာတမ်းတစောင် ပျံ့ထွက်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းကြီးတုန်းက ထောက်လှမ်းရေးရဲ့အခန်းနဲ့ အာဏာကိုဘယ်လိုသိမ်းခဲ့တယ်ဆိုတဲ့အကြောင်းတွေ ရေးထားတာပါ။ ဒီအချိန်မျိုးမှာ ဒါကို ဖြန့်လိုက်သူဟာ ဒီနေ့အခါမှာ ဗိုလ်ခင်ညွန့်အတွက်နေရာရအောင် ကြော်ငြာထုတ်နေတာလား၊ အာဏာ သိမ်းချင်ရင်အ လွယ်လေးလို့ သတိပေးနေတာလား စဉ်းစားစရာပါပဲ။

ရဲဘော် ဖိုးသံချောင်း

No comments: