ကျွန်းဟာ သစ်မာပင်ထဲမှာပါတယ်။ ပေါ့တယ်၊ ခိုင်တယ်၊ အရောင်အသွေးလှတယ်၊ ပရိဘောဂတွေရော အိမ်ဆောက်ဖို့ပါ အကောင်းဆုံးသစ် ဖြစ်ပါတယ်။ ကျွန်းတောထဲမှာ ကျနော် နှစ်ပေါင်းများစွာနေခဲ့တဲ့အတွက် ကျွန်းပင်အကြောင်း ကျွမ်း ကျင်တဲ့ မိတ်ဆွေတဦးရဲ့ပြောပြချက်အရ
ရှေးက လူကြီးတွေ ကျွန်းပင်ကို ခုတ်နည်းနဲ့ ကျွန်းစိုက်နည်းတွေကိုပါ သိခွင့်ရ ခဲ့တယ်။
ရှေးခေတ်က ကျွန်းတောကြီးကို အကုန်ခုတ်ခိုင်တာမျိုး မလုပ်ကြပါဘူး။ သက်တန်းပြည့်တဲ့ကျွန်းပင်ကိုပဲ ခုတ်ကြတယ်။ သက်တန်းမပြည့်တဲ့အပင် တွေကို ချန်ထားတယ်။
သက်တန်း မပြည့်တဲ့အပင်တွေကို သက်တန်းပြည့်ပြီးသား အပင်တွေနဲ့ညပ်ပြီးစိုက်ထားကြတယ်။ ဘာဖြစ်လို့လဲလို့ဆို တော့ သက်တမ်းမပြည်တဲ့အပင်တွေနဲ့ သက်တမ်းပြည့်တဲ့အပင်ကို ညှပ်ထားမှ ကျွန်းပင်တွေဟာ အပင်ဖြောင့်တယ်။ အကိုင်းတွေ အမြစ်တွေ နည်းသွားတယ်။ နေရောင်ကို လုတက်ရတဲ့အတွက်ဖြစ်တယ်လို့ ဆိုတယ်။ အပင်ကြီးတွေက ကျွန်းပင်ငယ်တွေအတွက်လိုအပ်တဲ့ လေထဲမှာရေပါဝင်မှုနှုန်းနဲ့ နေရောင်ကို ရယူနိုင်မှုနှုန်းတွေကို ထိမ်းပေးထားသလို ဖြစ်နေတယ်လို့ ဆိုတယ်။
ဥပမာ ဘောလုံးကွင်းလေက်ရှိတဲ့ မြေကွက်လပ်ထဲမှာ ကျွန်းပင်ပေါက်တွေကို စိုက်လို့ရတယ်။ ဒါပေမယ့် ပေါက်လာတဲ့ ကျွန်းပင်ပေါက်တွေဟာ သုံးလို့သိပ်မကောင်းဘူး။ အကိုင်းတွေများတယ်။ အမြစ်တွေများတယ်လို့ ဆိုတယ်။ သစ်ကိုခွဲ လိုက်တဲ့အခါမှာ မလှဘူး။ အစင်းတွေချည်းမဟုတ်ဘဲ အမြစ်ဆုံကြီးတွေပါလာတယ်။ ခွဲရခက်တယ်။ အသုံးပြုရခက် တယ်လို့ ဆိုတယ်။
အပင်ငယ်ငယ်နဲ့ အကိုင်းတွေ အများကြီးထွက်လာရတဲ့အကြောင်းက သစ်ပင်ဟာ ဘေးမှာ အပင်ကြီးတွေမရှိတဲ့အတွက် သစ်ပင်ရဲ့ဘေးကို နေရောက်ကျတဲ့ဒဏ်ကို ခံနိုင်ရည်ရှိနိုင်ဖို့ အကိုင်းတွေကို သဘာဝအလျှောက်ထပ်ထုတ်တယ်။ အရွက်တွေနဲ့ကာကွယ်လိုက်တဲ့အတွက် အကိုင်းတွေများပြီး အပေါ်ကိုတက်တာ နည်းလာတယ်လို့ ဆိုတယ်။
ဒါကြောင့် ကျွန်းတောကြီးကိုခုတ်ပြီး ကျွန်းပင်တွေကို စိုက်တာမျိုးမဟုတ်ဘဲ ကျွန်းတောထဲမှာ သက်တန်းပြည့်တဲ့အပင် ကို ခုတ်တယ်။ အဲ့ဒီနေရာမှာ အပင်ပေါက်တခုကို ပြန်စိုက်ကြတယ်လို့ ဆိုတယ်။ အပင်ကြီးတွေကြားထဲက ပေါက်တဲ့အ ပင်ငယ်ဟာ နေရောင်ကိုလုတက်နေရတဲ့ အကိုင်းသစ်ထပ်မထုတ်ဘဲ အပေါ်ကိုသာတက်ဖို့ အားယူကြီးထွားလာတယ်။ အပင်က ၁ဝ ပေ ကျော်ကျော်ဖြစ်တာတောင် ထိပ်မှာအကိုင်းလေ နှစ်ခုပဲရှိတယ်။ ဒါဆို သိပ်ကောင်းတယ်လို့ဆိုတယ်။ အပင်လုံးဖြောင့်တန်းပြီး ပေါက်လာတယ်။
တခါ အပင်ကြီးတွေက နေဒဏ် မိုးဒဏ် လေမုန်တိုင်းဒဏ်တွေကို ကာကွယ်ပေးထားတဲ့အတွက် အပင်လေးတွေ ရှင်သန် ဖို့ အခွင်းလန်းကောင်းတွေ ဖြစ်နေတယ်။ ဆင်အုပ်ကြီးက ဆင်ပေါက်လေးတွေကို ကာကွယ်ပေးထားသလိုပေါ့။ မိဘ တွေက သားသမီးကို စောင့်ရှောင့်သွားသလိုမျိုးပေါ့။ အတွေ့အကြုံရှိတဲ့သူဆီက အတွေ့အကြုံနည်းသူများက လေ့လာ ရေး ကာလရှည်တခုကို ဖြတ်သန်းနေရသလိုမျိုးပေါ့။
ကျနော် မလေးရှားကိုရောက်တော့ ပီနန်ကနေ ကွာလမ်လာပူအရောက် အဝေးပြေးကားလမ်း တဖက်တချက်မှာ မလေး ရှားအစိုးရက မြန်မာပြည်က ကျွန်းမျိုးစေ့တွေကိုယူပြီး စိုက်ထားတာကိုတွေ့ရတယ်။ အပင်တွေက ကိုင်းထွက် အရမ်းများ နေတာကို တွေ့ရပါတယ်။ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းပါတယ်။ ကျွန်းပင်ကိုစီးပွားရေးအတွက် သုံးမယ်ဆိုရင် တော့ အကိုင်းများတဲ့အပင်တွေ ဖြစ်နေတယ်။
ကျွန်းပင်၊ ပျဉ်းကတိုးနဲ့ တောပိထောက်တွေဟာ လွန်တန်ဖိုးရှိတဲ့သစ်မာတွေ ဖြစ်တယ်။ သူတို့ရဲ့ အစေ့ဟာလည်း စိုက် ရအလွန်ခက်ပါတယ်။ အစေ့ကို တခြားအပင်က အစေ့တွေလို့ မြေမြုပ်စိုက်ထားရင် ၃ နှစ် ၄ နှစ်နဲ့ မပေါက်ဘူးဆိုတယ်။
အစေ့ရဲ့အခွံက အလွန်မာတယ်။ အစေ့အပေါ်ခွံကို သွေးပြီးစိုက်ကြတယ်။ ရေနွေးမှာစိမ်ပြီးမှ စိုက်ကြတယ်လို့ ဆိုပါ တယ်။
သဘဝတောမီးဟာ ဒီသစ်စေ့တွေကို ပြန်ပေါက်နိုင်အောင်လုပ်ပေးတဲ့ သဘာဝဖြစ်စဉ်တခု ဖြစ်နေပါတယ်။ တောမီး လောင်တဲ့အခါမှာ အလွန်မာတဲ့ သစ်စေ့တွေဟာ အပူရှိန်ကြောင့်ကွဲအက်ပြီး မိုးတွင်းမှာပြန်ပေါက်ဖို့ အသင့်ဖြစ်လာတယ်။
သစ်မာတောကြီးထဲမှာ အစေ့တွေ သန်းနဲ့ချီပြီး ကြွေကျနေလေ့ရှိတယ်။ တောမီးကြောင့် အစေ့တွေ မီးကျွမ်းသွားကြ သလို မီးအရှိန်ကြောင့် အနေတော်ကွဲအက်ပြီး ပြန်ပေါက်နိုင်တဲ့သစ်စေ့တွေကတော့ မိုးကိုစောင့်ပြီး အပင်ပေါက်လာနိုင် ကြတယ်။ သဘာဝတရားရဲ့ ဖြစ်စဉ်တခုပေါ့။
သစ်ပင်ကို ခုတ်တဲ့အခါမှာလဲ ရှေးက မြေကြီးကနေ ၃ ပေ အကွာခန့်ကနေ ခုတ်ကြတယ်။ ဒီနေရာမှာ တောင်ပေါ်ကရင် တွေကလဲ အပင်ခြေရင်းကနေ ၅ ပေ လောက်ခွာပြီး ခုတ်ကြတာကိုတွေ့ရပါတယ်။ မြေစီလွှာတိုက်စားမှုကို ကာကွယ်နိုင် အောင်လို့ပါ။
သစ်တောတွေ သစ်ပင်တွေဆိုတာ သဘာဝမိခင်က ကျနော်တို့ကို စားသုံးနိုင်ဖို့ အသုံချနိုင်ဖို့ပေးထားတဲ့ လက်ဆောင် ဖြစ်ပါတယ်။ လူသားမျိုးနွယ်အားလုံးအတွက် ဖြစ်ပါတယ်။ ဒီနေ့ ကျနော်တို့ ကြုံတွေနေရတဲ့ အခက်ခဲကိုပဲကြည့်ပြီး သစ် တောတွေကို ကျနော်တို့ အကုန်ခုတ်ယူသုံးစွဲကြမယ်ဆိုရင် နောင်မျိုးဆက်တွေအတွက် ရပိုင်ခွင့် (သို့မဟုတ်) ရှင်သန်ဖို့ အတွက် စားသုံးမှုကို ကျနော်တို့ စားသုံးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ တကိုယ်ကောင်းဆန်ရာရောက်မယ်။
အပင်ကြီးတပင်ဟာ အပင်ငယ်တွေရှင်သန်ရေးအတွက် အရေးကြီးတယ်။ သတ္တဝါတွေနဲ့ အပင်ဟာ အပြန်အလှန် အမှီ ပြုနေတယ်။ အထူးသဖြင့် အပင်မရှိရင် သတ္တာဝါတွေ ရှင်သန်ရေးဟာ မလွယ်ကူနိုင်တော့ပါဘူး။ ဒါကို လူမဲ ကဗျာဆရာ မကြီး မာယာ အန်ဂျီလာ (Maya Angelou) When the great tree Fall ကဗျာ မှာ ပြောခဲ့သလို…
When great trees fall,
rocks on distant hills shudder,
lions hunker down
in tall grasses,
and even elephants
lumber after safety.
When great trees fall
in forests,
small things recoil into silence,
their senses
eroded beyond fear.
အပင်ကြီးပြိုသွားခဲ့ရင်တော့ အဝေးကျောက်တောင်ကြီး လဲပြိုမယ်။ ခြင်္သေ့လဲ သေမယ်။ မြက်ပင်ရှည်ကြီးကုန်မယ်။ ကုန် ကုန်ပြောရရင် ဆင်တောင်မှ မလုံခြုံတော့ဘူး။ အပင်ကြီးတွေလဲပြိုကုန်ရင်တော့ တောကြီးတခုလုံးမှာ တိတ်ဆိတ်လို့ အကြောက်တရားတွေ ဖုံးလွှမ်းသွားမယ်လို့ သတိပေးထားသလို့ပေါ။
အပင်ကြီးတွေရှိနေမှာ အပင်ငယ်တွေ ရှင်သန်နိုင်မယ်။ အပင်ကြီးတွေ အကုန်ပြိုသွားပြီဆိုရင်တော့ အပင်ငယ်လေးတွေ အတွက် ရှင်သန်ရေးတိုက်ပွဲဟာ အကြမ်းတမ်းဆုံးခရီးကြမ်းကို ဖြတ်သန်းရတော့မှာ ဖြစ်တယ်။
မိုးသီးဇွန်
ဇန် ၉ ၊၂ဝ၁၃။
No comments:
Post a Comment