ဘုရားသခင်မှ ငွေကြေးဆီသို့
ဟီဂယ်ရဲ့ အတွေးအခေါ်တွေကို ဘာသာရေး ဆန့်ကျင်ရေးလက်နက်အဖြစ် ပြောင်းလဲအသုံးပြုမှုတွေကို နောက်ထပ်အ စွန်းရောက် ဟီဂယ်လီယန်တဦးဖြစ်တဲ့ Feuerbach ဆိုသူကလဲ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အိန်ဂယ်က Feuerbach ကို နာမည်ကျော်စေခဲ့တဲ့ "ခရစ်ယန်ဘာသာ၏ အနှစ်သာရ" ဆိုသော
စာအုပ်ရဲ့ သက်ရောက်မှုတွေကို လေ့လာသုံးသပ်ခဲ့ပါတယ်။ သူ့ရဲ့ ရေးသားချက်တွေဟာ ဒီစာအုပ်ရဲ့ လွတ်မြောက်ရေးဆိုင်ရာ သက်ရောက်မှုတွေကို ဒါတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိသူမှသာ နားလည်နိုင်မှာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ တက်ကြွမှုဟာ လူငယ်ဘ၀မှာ ဖြစ်လေ့ဖြစ်ထ ရှိတာကြောင့် လူတွေအားလုံးဟာ တကြိမ်တခါတော့ Feuerbachians တွေ ဖြစ်ခဲ့ကြဖူး မှာ ဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။
Bauer နဲ့ အလားသဏ္ဌာန်တူပဲ Feuerbach ကလဲ ဘာသာရေးဆိုတာကို သွေဖည်ခြင်း သဏ္ဌာန်တရပ်လို့ သတ်မှတ်ခဲ့ပါ တယ်။ ဘုရားသခင်ဆိုတာ လူသားတွေရဲ့ လိုလားတဲ့ အချက်တွေကို ဖော်ပြပြီး၊ ထင်ယောင်ထင်မှားဖြစ်အောင် ပုံဖော် ထားခြင်းဖြစ်ကြောင်း သူက ရေးထားခဲ့ပါတယ်။ အမှန်တကယ်တော့ အသိဉာဏ်၊ ချစ်ခြင်းမေတ္တာနဲ့ အကြင်နာတရား တို့ကသာ လူသားတွေရဲ့ ကိုယ်ပိုင်အရည်အသွေးဖြစ်ပြီး၊ ဒါတွေကို ကိုယ်စားပြုသော ရိုးသားသန့်ရှင်းတဲ့ သဏ္ဌာန်တခု အနေနဲ့ ဘုရားသခင်ကို လူတွေက ဖန်တီးထားကြတာ ဖြစ်ကြောင်း Feuerbach က ဆိုထားခဲ့ပါတယ်။
သို့ပေမယ့် ဘုရားသခင်ဆိုတဲ့ သဘောတရားကို မြှင့်တင်လေလေ၊ လူတွေဟာ ကိုယ့်ဘာသာကိုယ် သေးသိမ်အောင် လုပ်လေလေ ဖြစ်နေတာကြောင့် ဖြေရှင်းနိုင်တဲ့ နည်းလမ်းကတော့ သီအိုလော်ဂျီဆိုတာ မှားယွင်းစွာဖော်ပြထားတဲ့ မနုဿဗေဒ အမျိုးအစားတခုအဖြစ် သိမြင်ရေးဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။ တကယ်တော့ ဘုရားသခင်ကို ယုံကြည်ရမယ့်အစား၊ လူတွေဟာ ကိုယ့်ဘာသာကို ယုံကြည်မှုပဲ ရှိသင့်တာကြောင့်၊ ဘာသာတရားပျောက်ကွယ်သွားတဲ့ အချိန်မှာ လူသားဆန်မှုတွေ ပြန်လည်ပေါ်ထွက်လာနိုင်ကြောင်း ရေးသားထားခဲ့ပါတယ်။
"ခရစ်ယန်ဘာသာ၏ အနှစ်သာရ" ဆိုတဲ့ စာအုပ်ပေါ်ထွက်ခဲ့တာ (၁၈၄၁) ခုနှစ်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အိန်ဂယ်အပေါ် တစုံတရာလွှမ်းမိုးမှုရှိခဲ့ပေမယ့် မာ့က်စ်ကတော့ သိပ်စိတ်မ၀င်စားခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ Bauer ကတဆင့် အလားတူအတွေးအခေါ်တွေကို မာ့က်စ်ကလဲ ဖော်ပြခဲ့ပြီး ဖြစ်လို့ပါတယ်။ သို့ပေမယ့် Feuerbach ရဲ့ နောက်ထပ်စာအုပ်တအုပ်ဖြစ်တဲ့ "Preliminary Theses for the Reform of Philosophy” ဆိုတဲ့ စာအုပ်ကတော့ မာ့က်စ်အပေါ်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ သက်ရောက်လွှမ်းမိုးမှု ရှိသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မာ့က်စ်ရဲ့ အတွေးအခေါ်ဖွံ့ဖြိုးမှုနဲ့ စပ်လျဉ်းတဲ့ နောက်ထပ်အရေးကြီးအဆင့်တဆင့်ကို လမ်းကြောင်းပေးသွားနိုင်ခဲ့လို့ပါ။
Feuerbach ရဲ့ နောက်ပိုင်းသုတေသနတွေက ဘာသာရေးဆိုင်ရာ ဝေဖန်မှုတွေကနေ ဟီဂယ်လီယန် ဒဿနိကဗေဒကို ဝေဖန်မှုအဆင့်ထိ ရောက်သွားခဲ့ပါတယ်။ ဒါကလဲ ဟီဂယ်ကို ဝေဖန်မှုတမျိုးဖြစ်ပြီး၊ Feuerbach ကိုယ်တိုင်က ဟီဂယ်လီ ယန် တယောက်ဖြစ်နေတဲ့အတွက် ဒဿနိကဗေဒတွေအားလုံးကို ဟီဂယ်ရဲ့ နည်းလမ်းသုံးပြီး၊ ဟီဂယ်ကို ပြောင်းလဲဖို့ ကြိုးပမ်းမှု ဖြစ်လာပါတယ်။ ဟီဂယ်က စိတ်ဆိုတာကို သမိုင်းရဲ့ရွေ့လျားအင်အားအဖြစ် သတ်မှတ်ခဲ့ပြီး၊ လူသားတွေကို စိတ်ရဲ့ ပြဌာန်းချက်တွေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ Feuerbach ရဲ့ အဆိုအရ ဒီအမြင်ဟာ လူသားရဲ့ အနှစ်သာရကို လူသားတွေရဲ့ ပြင်ပမှာ ထားရှိခြင်းဖြစ်တာကြောင့် ဘာသာရေးသဏ္ဌာန်လိုပဲ လူသားဘ၀ကနေ သွေဖည်မှု ဖြစ်ပွားစေ ကြောင်း ဆိုထားခဲ့ပါတယ်။
ဟီဂယ်နဲ့ အခြား idealist ကျောင်းတော်က ဂျာမန်ဒဿနိကဗေဒပညာရှင်တွေက သဘောတရားရေးရာများကို စဉ်းစား ရာမှာ ၀ိဉာဉ်၊ စိတ်၊ ဘုရားသခင်၊ အလုံးစုံ၊ အဆုံးအစမရှိမှု စတာတွေကနေ စတင်စဉ်းစားပြီး၊ ဒါတွေကို အမှန်တကယ် ဖြစ်တည်နေတဲ့ အရာတွေကို သတ်မှတ်ကြကြောင်းနဲ့ သာမန်လူသားတွေ၊ တိရစ္ဆာန်တွေ၊ စားပွဲခုံတွေ၊ တုတ်ချောင်းတွေ၊ ကျောက်တုံးတွေနဲ့ အခြားရုပ်ဝတ္ထုပစ္စည်းတွေကိုကျတော့ အကန့်အသတ်ရှိပြီး၊ မပြည့်စုံမှုတွေကို ဖော်ပြချက်တွေလို့ သတ်မှတ်ကြပါတယ်။ Feuerbach က ဒီလိုယူဆချက်တွေကို ပြောင်းပြန်တွေးခေါ် စဉ်းစားပြီး၊ ဒဿနိကဗေဒဟာ ရုပ်ဝတ္ထုကမ္ဘာကနေ စတင်ရမယ်လို့ ငြင်းဆိုဖော်ပြခဲ့ပါတယ်။ အတွေးအခေါ်က ဖြစ်တည်မှုကို ပြဌာန်းတာ မဟုတ်ပဲ၊ ဖြစ်တည်မှုက အတွေးအခေါ်ကို ပြဌာန်းခြင်း ဖြစ်ကြောင်း သူက ယူဆပါတယ်။
ဒါကြောင့် Feuerbach က သူ့ဒဿနိကဗေဒရဲ့ အလယ်ဗဟိုမှာ ဘုရားသခင်နဲ့ အတွေးအခေါ်တွေကို နေရာမပေးထားခဲ့ပါဘူး။ လူသားကိုသာ နေရာပေးထားခဲ့ပါတယ်။ ဟီဂယ်ဆိုထားတဲ့ လွတ်မြောက်ရေး ရရှိဖို့ သွေဖည်ရေးကို ကျော်လွှားရမယ်ဆိုတဲ့ စိတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပုံပြင်ဟာ Feuerbach အတွက်တော့ ဘာသာရေးနဲ့ ဒဿနိကဗေဒရဲ့ သွေဖည်မှုများကို ကျော်လွှားနိုင်သော လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြထားချက်အဖြစ် အသွင်ပြောင်းသွားပါတယ်။
ကားလ်မာ့က်စ်က ဟီဂယ်ရဲ့ နည်းလမ်းတွေကို အသုံးပြုပြီး၊ လူသားတွေရဲ့ ပစ္စုပ္ပန်အခြေအနေကို တိုက်ခိုက်ခဲ့တာကြောင့် ဟီဂယ်ရဲ့ အတွေးအခေါ်တွေက မြေကြီးပေါ် ဖုတ်ခနဲ ပြုတ်ကျသွားသလို ဖြစ်ခဲ့ရပြန်ပါတယ်။ Rhenish Gazette မှာ အယ်ဒီတာ လုပ်ရတဲ့ အတွေ့အကြုံတွေကြောင့်၊ ကားလ်မာ့က်စ်ဟာ ဟီဂယ်လီယန်ဒဿနိကဗေဒကနေ လက်တွေ့အရေးတွေဖြစ်တဲ့ ကွာရှင်းပြတ်စဲခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်း၊ တောထဲမှ ကျွန်းသစ်များကို စုပုံထားမှုအား ကန့်သတ်သော ပါရှန်းဥပဒေနဲ့ စိုက်ပျိုးရေးသမားများရဲ့ စီးပွားရေးယုတ်လျော့မှာ အခြေအနေများကို စိတ်ဝင်စားမှု ပိုများလာခဲ့ပါတယ်။ သတင်းစာထုတ်ဝေမှုကို ဖိနှိပ်ခံရချိန်မှာတော့ ကားလ်မာ့က်စ်က ဒဿနိကဗေဒရေးရာကို ပြန်လည်လေ့လာဖြစ်သွားပါတယ်။ ဒီလိုလေ့လာရင်းနဲ့ ဟီဂယ်ရဲ့ နိုင်ငံရေးဒဿနိကဗေဒကို Feuerbach ရဲ့ နည်းလမ်းများ သုံးပြီး၊ ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းမှုတွေ ရှိလာပါတယ်။
အဲဒီအချိန်ကာလ (၁၈၄၃) ခုနှစ်က မာ့က်စ်ရဲ့ အတွေးအခေါ်တွေဟာ ဆိုရှယ်လစ် မဟုတ်သေးပါဘူး။ လစ်ဘရယ်မှာပဲ ရှိပါသေးတယ်။ consciousness ကို ပြောင်းလဲခြင်းကသာ အဓိကလိုအပ်ကြောင်း ယူဆထားခဲ့ပါတယ်။ German-French Annals အတွက် အလုပ်လုပ်ရင်း ခင်မင်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက် Arnold Ruge ဆီကို ရေးသားခဲ့တဲ့ စာထဲမှာ မာ့က်စ်က လွတ်မြောက်မှုဟာ လူသားရဲ့ ဂုဏ်သိက္ခာဆိုင်ရာ ခံစားချက်ဖြစ်ပြီး၊ ဒါဟာ လူသားတွေဆီမှာ နိုးကြားဖို့ လိုကြောင်းနဲ့ ဒီခံစားမှုကသာလျှင် လူ့အဖွဲ့အစည်းကို အမြင့်မားဆုံးရည်ရွယ်ချက်ဖြစ်တဲ့ ဒီမိုကရက်တစ် နိုင်ငံတော် ပေါ်ပေါက်လာစေရေးအတွက် ဆောင်ကျဉ်းမယ့် လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲပေး နိုင်မှာဖြစ်ကြောင်း ရေးသားဖော်ပြထားခဲ့ပါတယ်။
Joint Venture နဲ့ ပတ်သက်ပြီး၊ Ruge ထံ နောက်ထပ်ရေးသားခဲ့တဲ့ စာတစောင်မှာလဲ အချိန်နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်ကို စာတစုတည်းနဲ့ ဖော်ပြလို့ရနိုင်ကြောင်း၊ မိမိကုယ်ကို နားလည်မှုရှိလာတဲ့ အချိန်အခါဟာ ရုန်းကန်မှုတွေ၊ လိုလားချက်တွေနဲ့ သက်ဆိုင်ကြောင်း၊ အပြစ်တွေကို ခွင့်လွှတ်ဖို့အတွက် လူသားက ဒီအပြစ်တွေဟာ ဘာတွေလဲဆိုတာ ကြေငြာဖို့သာ လိုအပ်ကြောင်းကို ရေးသားခဲ့ပါတယ်။ အဲဒီအချိန်အထိ မာ့က်စ်ဟာ ဟီးဂယ်ကို လူသားရဲ့ ဒဿနိကပညာရှင်အဖြစ်၊ Feuerbach က ပုံဖော်ဆောင်မှုမှာပဲ လက်ခံတွေးခေါ်နေခဲ့ပါတယ်။
သို့ပေမယ့် လူသားနဲ့ ပတ်သက်ပြီး၊ မာ့က်စ်ရဲ့ အမြင်တွေကတော့ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်၊ အတွေးအခေါ်နဲ့ ကိုယ်ပိုင်သိမြင်မှုတွေ အပေါ်မှာပဲ အာရုံစိုက်နေခဲ့ပါတယ်။ ဒီအခြေအနေကနေ လူသားတွေရဲ့ ရုပ်အခြေအနေနဲ့ စီးပွားရေးအခြေအနေတွေကို အာရုံစိုက်မှု စတင်လာခဲ့တဲ့ ပထမဆုံး လက္ခဏာတွေကို (၁၈၄၃) ခုနှစ်မှာေ၇းသားခဲ့တဲ့ "On the Jewish Question” အက်ဆေးမှာ စတင်တွေ့လာရပါတယ်။ ဒီအက်ဆေးက ဂျူးလူမျိုးတွေရဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အလမ်းများနဲ့ ပတ်သက်ပြီး Bruno Bauer ရေးထားခဲ့တဲ့ စာတမ်းနှစ်ခုကို ပြန်လှန်သုံးသပ်ထားတာ ဖြစ်ပါတယ်။
သူ့မိတ်ဆွေတွေက ဒီအရေးနဲ့ ပတ်သက်လို့ ဘာသာရေးရာ မေးခွန်းထုတ်ဖွယ်ရာအနေဲ့ သတ်မှတ်ချက်ကို မာ့က်စ်က လက်မခံပါဘူး။ စဉ်းစားသင့်တာက ဥပုသ်စောင့်တဲ့ ဂျူးတွေရဲ့ အရေးမဖြစ်သင့်ပဲ နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှားနေတဲ့ ဂျူးတွေအရေးဖြစ်ကြောင်း ဆိုထားခဲ့ပါတယ်။ ဂျူးတွေရဲ့ ဘုံလက္ခဏာဖြစ်တဲ့ ငွေကြေးလောဘရှိခြင်းနဲ့ အပေးအယူ လုပ်တတ်ခြင်းတွေကို တွေ့မြင်ပြီး၊ မာ့က်စ်က ဂျူးတွေရဲ့ လက္ခဏာကို အရပ်ဘက်လူ့အဖွဲ့အစည်းမှ ဂျူးဝါဒ (Civil Society's Judaism) အဖြစ် သတ်မှတ်ဖော်ပြခဲ့ပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ အပေးအယူပြုလုပ်ခြင်းနည်း လမ်းနဲ့ ဘဏ္ဍာရေးအကျိုးစီးပွားများကို အသုံးပြုပြီး၊ လူ့အဖွဲ့အစည်းကို လွှမ်းမိုးနိုင်မှု ဖြစ်ပါတယ်။ ဒါကြောင့် မာ့က်စ်က ဂျူးတွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းဟာ အပေးအယူလုပ်မှုကို ဖယ်ရှား နိုင်ရေးအတွက် လူ့အဖွဲ့အစည်းအား ပြန်လည် ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်ကြောင်း ဆိုထားပါတယ်။
ဒီအက်ဆေးရဲ့ အရေးပါမှုကတော့ လူသားတွေရဲ့ သွေဖည်ခြင်းကို ဘာသာရေးလို့ မမြင်ပဲ စီးပွားရေးဘ၀လို့ ရှုမြင်လာ တဲ့ မာ့က်စ်ရဲ့ အမြင်ဖြစ်ပါတယ်။ အခြား ဂျာမန်စာရေးဆရာတဦးဖြစ်တဲ့ Moses Hess ကလဲ Feuerbach ရဲ့ အတွေး အခေါ်တွေကနေ ဒီလမ်းကြောင်းကို တွေးခေါ်မှုဆိုင်ရာမှာ ဦးတည်သွားခဲပါတယ်။ ဒါကြောင့် သူ့ကို ကွန်မြူနစ်ဝါဒအား ဒဿနိကဗေဒလမ်းစဉ်မှ ပထမဦးဆုံး လမ်းထွင်ရှုမြင်သူအဖြစ် အိန်ဂယ်က သတ်မှတ်ခဲ့ပါတယ်။ (ဒဿနိကဗေဒရှုထောင့်ကနေ ရှုမြင်တဲ့ အခြားကွန်မြူနစ်တွေ ရှိပေမယ့် အိန်ဂယ်ဆိုလိုတာက ဟီဂယ်လီယန် ဒဿနိကဗေဒကို ဆိုလိုတာ ဖြစ်ပါတယ်)
တစတစနဲ့ မာ့က်စ်ကလဲ ဒီလမ်းကြောင်းပေါ် ရောက်လာပါတယ်။ "On the Jewish Question” ထဲမှာ မာ့က်စ်ရေးသားခဲ့တဲ့ စာပိုဒ်တပိုဒ်ဟာ ရေးသားတဲ့ ခုနှစ်သာ နှစ်နှစ်ခန့်စောခဲ့မယ်ဆိုရင် ငွေကြေးဆိုတဲ့ စကားလုံးအစား ဘာသာရေးဆိုတဲ့ စကားလုံးတခု ပါဝင်နေနိုင်တဲ့ စာပိုဒ်တခုဖြစ်ပါတယ်။ ဒီစာပိုဒ်မှာ ဖော်ပြထားချက်က ငွေကြေးဟာ သူ့ဘာသာသူ တန်ဖိုးသတ်မှတ်ထားချက် ဖြစ်ကြောင်းနဲ့ လူသားကမ္ဘာနဲ့ သဘာဝကမ္ဘာပါဝင်တဲ့ ကမ္ဘာတခုလုံးကို လုယက်ထားကြောင်း ဆိုထားခဲ့ပါတယ်။ ငွေကြေးဆိုတာ လူသားရဲ့ လုပ်အားနဲ့ ဘ၀ အတွက် သွေဖည်မှုရှိလာတဲ့ အနှစ်သာရဖြစ်ပြီး၊ ဒီသွေဖည်မှုဟာ လူသားတွေရဲ့ ကိုးကွယ်မှုကို လွှမ်းမိုးလာစေတယ်လို့ ဆိုလာခဲ့ပါတယ်။
နောက်ဆုံးစာကြောင်းမှာ ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ဖော်ပြထားပါတယ်။ ပထမဦးဆုံးအနေနဲ့ Bauer နဲ့ Feuerbachတို့ အပါအ၀င် ငယ်ရွယ်သော ဟီဂယ်လီယန်များဟာ ဘာသာရေးကို သွေဖည်နေသော လူသားအနှစ်သာရလို့ သတ်မှတ်ပြီး၊ ဒီသွေဖည်မှုကို ရပ်ဆိုင်းနိုင်ရေးအတွက် ခရစ်ယန်ဘာသာတရားကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။ အဲဒီကနေတဆင့် Feuerbach က ဘာသာရေးကို အာရုံမစိုက်တော့ပဲ လူ့သဘာဝရဲ့ စိတ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းကို သွေဖည်မှုသဏ္ဌာန်တမျိုးအဖြစ် အာရုံစိုက်သွားခဲ့ပါတယ်။ မာ့က်စ်ကတော့ လူသားတွေရဲ့ လွတ်မြောက်ရေးကို သွေဖည်စေတာက ဘာသာရေးလဲမဟုတ်၊ ဒဿနိကဗေဒလဲ မဟုတ်ပဲ၊ ငွေကြေးသာဖြစ်ကြောင်း ဆိုလာခဲ့ပါတယ်။ ဒါကြောင့် နောက်ထပ်အဆင့်တဆင့်ဟာ ဘောဂဗေဒကို ဝေဖန်ဆန်းစစ်ခြင်း ဖြစ်တဲ့အတွက် မာ့က်စ်ရဲ့ အတွေးအခေါ်နဲ့ သုတေသနက ဘောဂဗေဒဘက်ကို ခြေဦးလှည့်သွားပါတော့တယ်။
အခုလို မာ့က်စ်ရဲ့ အတွေးအခေါ် ဖွံ့ဖြိုးတိုးတက်လာမှု လမ်းကြောင်းကို ဆက်လက်မလေ့လာခင်မှာ၊ ဘောဂဗေဒနဲ့ အလားသဏ္ဌာန်တူပဲ မာ့က်စ်စိတ်ဝင်စားလာခဲ့တဲ့ အခြားအကြောင်းအရာတခုကိုလဲ ထပ်မံ လေ့လာသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရာတွေက မာ့က်စ်ရဲ့ အတွေးအခေါ်နဲ့ လှုပ်ရှားမှု တွေမှာ အဓိကကျတဲ့ အတွက်ပဲ ဖြစ်ပါတယ်။
ဘာသာပြန်သူ - ခင်မမမျိုး
(၁၁၊ ၂၊ ၂၀၁၃)
မူရင်းစာအုပ်အမည် - Marx: A Very Short Introduction
စာအုပ်ရေးသားသူ - Peter Singer
စာအုပ်ထုတ်ဝေနှစ် - ၁၉၈၀ (ပထမအကြိမ်)၊ ၁၉၉၆ (ပြန်လည်ထုတ်ဝေနှစ်)
No comments:
Post a Comment