Monday, March 11, 2013

တံတားဖြူကနေ တံတားနီဖြစ်သွားတဲ့ သမိုင်းကြောင်း

တံတားဖြူကနေ တံတားနီဖြစ်သွားတဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားသူများ ဝင်ဖတ်သွားကြပါ။

(အဖြစ်အပျက်အား ပြန်လည်ဖေါ်ပြ ရေးသားပေးသော မပျိုပျိုမေ အား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ပြော ကြားအပ်ပါသည်)။

၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့မှုများအကြောင်း အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့တယ်။ ရန်ကုန်တက္ကသိုလ် (ပင်မ) ၀င်းအတွင်းမှာ ကျောင်းသားထောင်ပေါင်းများစွာ စရုံး ကြပြီး မဆလအစိုးရ၏လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြကြတယ်။

ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြတယ်။ မွန်းလွဲ (၁) နာရီမှာ ရန်ကုန်တက္ကသိုလ် ဒုပါမောက္ခချုပ် ဦးဘသန်းဟက် ကျောင်းသားများကို စကားပြောခဲ့ပါတယ်။ အာဏာပိုင်များ၏ ကိုယ်စားလှယ်ဆိုသူက ကျောင်းသားများရဲ့ လိုလားချက်ကို မေးမြန်းတဲ့အခါ ကျောင်းသားအုပ်ကြီးက “ဖက်ဆစ်အစိုးရ ဖြုတ်ချရေး .. ဒို့အရေး” လို့ သံပြိုင်ဖြေကြားခဲ့တယ်။ ဒုပါမောက္ခချုပ် ဦးဘသန်းဟက်လည်း ကျောင်းသားများရဲ့ စိတ်ကို နားလည်သွားပြီး တားမရတဲ့အဆုံး ကျောင်းဝင်းတွင်းက မထွက်ရင် ဘာမှမဖြစ်စေရဘူးလို့လည်း အာမခံချက် ပေးခဲ့ပါ သေးတယ်။

အဲ့ဒီနောက် ကျောင်းသားတွေလည်း တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူ ဆောင်တွေကို လှည့်လည်ချီတက် လူစုရင်း ဆန္ဒပြခဲ့ကြတယ်။ ကျောင်းဆောင်တွင်းမှာ ကျောင်းသားများ ပူးပေါင်းလာ ကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ကြတယ်။ ဆေးတက္ကသိုလ် ကျောင်းသားအချို့လည်း ပါဝင်လာကြတယ်။

ကျောင်းသားများထဲမှအလှည်ကျ ဟောပြောသူ ကျောင်းသားတဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ ချီတက်ကြရန် လှုံ့ ဆော်လိုက်ရာ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာတပြိုင်နက် ထောက်ခံခဲ့ကြတယ်။ ကျောင်း သားများအားလုံး စုစည်းကြပြီး ညီညွတ်စွာနဲ့ ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမှ စတင်ထွက်ခွာခဲ့ ကြပါတယ်။

ပြည်လမ်းတလျှောက် ချီတက်ကြပြီး လှိုင်ကောလိပ်ကိုဝင်ပြီး သမိုင်းဝင်းတခုလုံးရှိ ကျောင်းသားအင်အားစုရန် ခရီးစဉ် ရေးဆွဲခဲ့ကြတယ်။ ပြည်လမ်းတခုလုံး ကျောင်းသားများနဲ့ ပြည့်နှက်နေပြီးအစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေး ကြော်ကာ ရန်ကုန်စက်မှုတက္ကသိုလ် ဆီသို့ ဦးတည်ပြီး ချီတက်ကြတာ အလွန်တက်ကြွဖွယ်ကောင်းတဲ့ မြင်ကွင်းတရပ် ဖြစ်ခဲ့ပါတယ်။

အဓိပတိလမ်းမထိပ် ကျောင်းသားထုကြီးရဲ့ ရှေ့ဆုံးမှာတော့ ခေတ်အဆက်ဆက် ကျောင်းသားတော်လှန်ရေးတိုင်းမှာ အသုံးပြုခဲ့ကြသော ခွပ်ဒေါင်းအလံကြီးကို စတင် တင်လွှင့်ခဲ့ကြတယ်။ ကျောင်းသားများ ချီတက်ရာ ပြည်လမ်းတောက် လျှောက်တွင်အထက်တန်းကျောင်းသားများလည်း ကျောင်းဝတ်စုံများနဲ့ ၀င်ရောက်ပူးပေါင်း ပါဝင်လက်တွဲလာကြတယ်။ ကျောင်းသားအုပ်ကြီးလည်း တဖြည်းဖြည်း အင်အားကြီးမားလာခဲ့ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကို ညီညွတ် စွာ သံပြိုင်ကြွေးကြော်လာကြတယ်။

ကျောင်းသားအုပ်ကြီး ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့် တံတားဖြူ ကန်ဘောင်ကို ကျော်လိုက်တာနဲ့ ရုတ်တရက် ကျောင်းသားထုကြီး ရပ်တန့်သွားခဲ့တယ်။ တံတားဖြူကန်ဘောင် အ ကျော်မှာ သံဆူးကြိုးခွေများနဲ့ ပိတ်ဆို့ ကာရံထားတာကို တွေ့လိုက်ရတယ်။

စစ်သားမြောက်များစွာက ကျောင်းသားအုပ်ဆီကို သေနတ်များနဲ့ ချိန်ထားပြီး တိုက်ပွဲဝင် အသင့်အနေအထားနဲ့ စောင့် နေကြတယ်။ ဘရင်းကယ်ရီယာများကလည်းစစ်သားများနောက်ကနေ ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ် ထားတယ်။ ကျောင်းသားများ အားလုံး အမျိုးသားသီချင်းနဲ့ တပ်မတော်သီချင်းကို သံပြိုင်သီဆို ဟစ်ကြွေးလိုက်ကြ တယ်။

အဲ့ဒီ အချိန်မှာပဲ ကျောင်းသားအုပ်ရဲ့ နောက်ဖက်ကနေ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ ၀ိုင်းရံလိုက်ကြတယ်။ ကျောင်းသားများ အသက်ရှူရပ်မတတ် ရုတ်တရက် ကြက်သေသေသွား ကြတယ်။ ပိတ်မိနေကြပြီ။ အရှေ့မှာ စစ်တပ်၊ အနောက်မှာ လုံထိန်းတပ်၊ ညာဘက်မှာ အင်းလျားကန်ဘောင်၊ ဘယ် ဘက်မှာ ကာရံထားသော ခြံစည်းရိုးများနဲ့ လေးဘက်လေးတန် ပိတ်မိနေကြကာ သတ်ကွင်းထဲသို့ အလိုလို ရောက်သွား ရတယ်။

ထိုအချိန်မှာပဲ အမိန့်ပေးသံ ထွက်ပေါ်လာပြီး လုံထိန်းများက ကျောင်းသားအုပ်ထဲသို့ နံပါတ်တုတ်များနဲ့ ၀င်ရိုက်ကြတော့ တယ်။ နံပါတ်တုတ်များနဲ့ ရိုက်သံက ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသံနဲ့ အတူ အတိုင်းသား ကြားနေရတယ်။ ကျောင်းသားများ ခြေဦးတည့်ရာကို ထွက်ပြေးကြတယ်။ ကန်ဘောင်ပေါ်တက်ပြေးကြတယ်။ အချို့လည်း အင်းလျား ကန်ထဲ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာကြတယ်။ လုံထိန်းများက မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ကြတယ်။

ပြည်လမ်းမပေါ်မှာ ကျောင်းသူကျောင်းသားများ သွေးအလိမ်းလိမ်းနဲ့ အတုန်းအရုန်း လဲကျကုန်ကြတယ်။ ကျောင်းသား အချို့ကလည်း နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြတယ်။ ကန်ဘောင်ပေါ် တက်ပြေးကြတဲ့ ကျောင်း သားတွေနောက်ကို လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူ ကျောင်းသားကျောင်းသူတွေကို အင်းလျားကန်ထဲ မောင်းသွင်း ပြီး ခေါင်းကို ရေနှစ်သတ်ကြတယ်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့ တံတားဖြူ ကန်ဘောင်လည်း ကျောင်းသားကျောင်းသူတို့ရဲ့ သွေးတွေနဲ့  တံတားနီအဖြစ် ရောက်ခဲ့ရတယ်။

အဲ့ဒီနောက် အသင့်စောင့်နေသော လုံထိန်းကားများက မောင်းဝင်လာကာ လမ်းမတလျှောက်လဲ ကျနေသူ၊ ဒဏ်ရာရသူ နဲ့ သေဆုံးသူများကို ကားပေါ်ပစ်တင်လိုက်ကြတယ်။ ဖမ်းဆီးမိတဲ့ ကျောင်းသားတွေကိုလည်း ကားပေါ်ဆွဲတင်သွားကြ တယ်။ ကားတွေ မောင်းထွက်သွားတဲ့ အခါမှာတော့ မီးသတ်ကားတွေ ချက်ချင်းဆိုသလို စောင့်ဆိုင်းရာက ၀င်ရောက် လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် အင်းလျားကန်ဘောင်နဲ့ တံတားဖြူကို ဆေးကြောသုတ်သင် လိုက် ကြပြန်တယ်။

ထိုသို့ ကျောင်းသားများအား ရိုက်နှက်သတ်ဖြတ်ရန်မှာ ကြိုတင်စီစဉ် အကွက်ချထားပြီး မြန်မာ့အသံ အဆောက်အဦ အတွင်းမှ အမိန့်ပေး ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမိန့်ပေး ညွှန်ကြားခဲ့သူမှာ မဆလ အစိုးရ အရှင်သခင် ဦးနေ၀င်း၏ ညာလက်ရုံး ဦးစိန်လွင် (စိန်လွင် ၆ တန်း တဇောက်ကန်းဟု အမည်တွင်ခဲ့သူ) ဖြစ်တယ်။

တံတားဖြူ လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး မတ်လ (၁၆) ရက်နေ့ ည (၁၂) နာရီခန့်မှာ အနီရောင် ပစ်ကပ်ကားတစီး အင်း လျားကန်ဘောင်မှာ ရပ်လိုက်ပါတယ်။ ကားပေါ်တွင် ပါလာသော လုံထိန်းများက မိန်းကလေး (၃) ယောက်ကို ကား ပေါ်မှ ဒရွတ်တိုက်ဆွဲချပြီး ကန်ဘောင်ပေါ်မှာ ပစ်ထားခဲ့တယ်လို့ မျက်မြင် သက်သေများက ပြောပါတယ်။ မိန်းကလေး (၃) ယောက်မှာ အောက်ပိုင်း တစ်ခုလုံး သွေးများနှင့် မြင်မကောင်းအောင် ဖြစ်နေရတယ်။ အသက်တော့ ရှိနေသေး တယ်။ သတိရ တချက် မရတချက် ဖြစ်နေတဲ့ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့တဲ့ ကျောင်းသားအချို့က အနီးဆုံး လက်ဘက်ရည်ဆိုင်ထဲ တိတ်တဆိတ် သယ်လာခဲ့တယ်။

မနက်မိုးလင်းတဲ့အထိ စောင့်ပြီး မနက် (၅) နာရီ လောက်မှာ ဆေးရုံကြီးကို ပို့ခဲ့ရတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း အခြားသော မတရားပြုကျင့်ခံရတဲ့ မိန်းကလေးများ ရောက်လာခဲ့တယ်လို့ သူနာပြုဆရာမ တယောက်က ပြောပြပါ တယ်။ မိန်းကလေးတယောက်မှာ အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရတဲ့အတွက် သားအိမ်ကွဲပြီး ဆေးရုံအ ရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၇) ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ ကျောင်းသားများ ထောင်နဲ့ချီပြီး ဘွဲ့နှင်းသဘင် ခန်းမရှေ့မှာ စုဝေးခဲ့ကြပြီး၊ လွတ်လပ်သော ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ကြတယ်။ အဲဒီ နောက် အပန်းဖြေရိပ်သာအနီးမှာရှိတဲ့ စင်မြင့်ပေါ်မှာ ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းသားဖြစ်သော ကိုမင်းဇေယျာ (ယခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်)၊ ကိုမောင်မောင်ကျော်နှင့် မယုယုမော်တို့က ဟောပြောခဲ့ကြတယ်။

ကိုဖုန်းမော်၏ ဈာပနကို ကြံတောသုဿာန်တွင် မီးသင်္ဂြိုဟ်မှာဖြစ်လို့ ကျောင်းသားထောင်ပေါင်းများစွာက ကြံတော သုဿာန်မှာ အကြာကြီးစောင့်နေခဲ့ကြတယ်။ ဒါပေမယ့် မွန်းလွဲ (၁) နာရီခန့်မှာ ကိုဖုန်းမော်အလောင်းကို တာမွေ သင်္ချိုင်းမှာ မဆလအာဏာပိုင်တွေက တိတ်တဆိတ်သင်္ဂြိုဟ်လိုက်ကြတယ်။ ကျောင်းသားများ အကြီးအကျယ် ပေါက်ကွဲ ခဲ့ကြတယ်။

ကျောင်းသားများ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းတွင်းကို ပြန်လာသောအခါ ကျောင်းဝင်းတစ်ခုလုံးကို လုံထိန်းများ ထောင်နဲ့ချီပြီး ဘရင်းကယ်ရီယာများနဲ့ ၀ိုင်းရံပိတ်ဆို့ထားတာ တွေ့လိုက်ရတယ်။ ဒုပါမောက္ခချုပ်ဦးဘသန်းဟက် က မိန့်ခွန်းပြောကြားခဲ့ပြီး ကျောင်းဝင်းပြင်ကို မထွက်ပါက လုံခြုံပါတယ်လို့ ပြောခဲ့ပါတယ်။

ကျောင်းဝင်းကို ၀ိုင်းထားတဲ့ စစ်သားတွေ လုံထိန်းတွေက နေ့လည် (၂) နာရီလောက်မှာ ကျောင်းဝင်းထဲ သေနတ်များ နံပါတ်တုတ်များနဲ့ ကျောင်းဝင်းကို ၀င်စီးလိုက်ကြတယ်။ မျက်ရည်ယိုဗုံးတွေကို ကျောင်းသားအုပ်ထဲ ပစ်သွင်းကြတယ်။ အချုပ်ကားတွေလည်း ကျောင်းဝင်းထဲဝင်လာပြီး ကျောင်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ကျောင်းဆောင် တွေထိပါ ၀င်လာပြီး ကျောင်းသားတွေကို ထွက်ခိုင်းကာ အချုပ်ကားပေါ် တင်သွားကြတယ်။ အချုပ်ကားထဲကို ကျောင်း သားကျောင်းသူများ အဆမတန် တင်ဆောင်လာတဲ့အတွက် ကားထဲမှာ မွန်းကျပ်ပြီး သေဆုံးခဲ့တဲ့ ဒဏ်ရာရ ကျောင်း သားတွေလည်း ရှိခဲ့ပါတယ်။ ဖမ်းဆီခေါ်လာတဲ့ ကျောင်းသားတွေကို အင်းစိန်ထောင်ထဲ ပို့လိုက်ကြတယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၈) ရက်နေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂက ကိုဖုန်းမော် အရေးအခင်းနှင့် တံတားဖြူအရေးအခင်းအပြင် ဆက်စပ်နေသော ပြသနာများကို ဖြစ်ရပ်မှန်အတိုင်း ကြေညာပေးရန် မဆလ အစိုးရကို တောင်းဆိုလိုက်တယ်။ အစိုးရက အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တစ်လအတွင်း အစီရင်ခံစာ တင်ပြရန် တာဝန် လွှဲပြောင်းပေးလိုက်တယ်။ (ဒီ မဆလအာဏာရှင်ရဲ့  အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ လိမ်ညာသောချက်အ လက်များနဲ့  အစီရင်ခံစာထုတ်ပြန်ခဲ့တယ်)။

အဲဒီနောက် တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများက မြို့ထဲသို့ ၀င်ရောက်ဆန္ဒပြရန်ဆုံးဖြတ်လိုက်ကြတယ်။ ကျောင်း သားကျောင်းသူများက အုပ်စုလိုက် အစုငယ်လေးတွေ ကိုယ်စီနဲ့ ဆူးလေဘုရားမှာ မွန်းတည့် (၁၂) နာရီမှာ စုစည်းခဲ့ကြ တယ်။ အဲဒီနောက် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆူးလေဘုရားကို ပတ်ပြီး စီတန်းလှည့်လည် ဆန္ဒပြကြတယ်။ နာရီအနည်းငယ်အတွင်း ပြည်သူတွေပါ ပူးပေါင်းပါဝင်လာပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြလူအုပ်ကြီး ဖြစ်ခဲ့တယ်။

ဒီလိုနဲ့ ကျောင်းသူကျောင်းသားတွေဦးဆောင်တဲ့ လှုပ်ရှားမှုကြီးဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဆီကို အရှိန်အဟုန်ပြင်းစွာနဲ့ အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကြံ့ကြံ့ခံရင်း မဆလ တပါတီစနစ်ကို ပျက်သုံးစေပြီး အာဏာရှင် နေ၀င်း ပြုတ်ကျတဲ့အထိ ဆောင်ရွက်နိုင်ခဲ့တယ်။

၁၉၈၈ ခုနှစ်၊ မတ်လကာလအတွင်းမှာ ပေးဆပ်ရင်းနှီးဆုံးရှုံးခဲ့ကြရတဲ့ ကျောင်းသူကျောင်းသားတွေရဲဘ၀တွေနဲ့ စိတ် ဓါတ်တွေကို လေးစားဂုဏ်ပြုကြရဖို့ ကျနော်တို့ အားလုံးရဲ့တာဝန်ဖြစ်သလို၊ မပြီးဆုံးသေးတဲ့ အာဏာရှင်ဆန့်ကျင် တော်လှန်ရေးကိုလည်း နောင်တော် ကျောင်းသူကျောင်းသားကြီးများရဲ့  ၀ိညာဉ်တွေနဲ့အတူ ဆက်လက်ဆင်နွဲရင်း အမိ မြန်မာပြည်ပေါ်မှာ အာဏာရှင်စနစ်ချုပ်ငြိမ်းပျောက်ကွယ်စေဖို့  စွမ်းစွမ်းတမာန် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

niknayman blog- Sat/March/2009

No comments: