ပထမ မာ့က်စ်ဝါဒ (အပိုင်း-၁)
မာ့က်စ်က အရေးကြီးတဲ့ အမြင်သစ်နှစ်မျိုးကို စတင်ဖော်ထုတ်လာပါတယ်။ ပထမအမြင်ကတော့ ဘောဂဗေဒဟာ လူသားသွေဖည်မှုဆိုင်ရာ အကြီးဆုံးသဏ္ဌာန်ဖြစ်ပြီး၊ ဒုတိယအမြင်ကတော့ လူသားဆန်မှုကို ဘောဂဗေဒက လွှမ်းမိုး နေမှုအပေါ် လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်မယ့် ရုပ်အင်အားကို
အလုပ်သမား လူတန်းစားတွေထဲမှာသာ ရှာ ဖွေတွေ့ရှိနိုင်တယ်ဆိုတဲ့ အမြင်ပါ။
ဒါပေမယ့်လဲ ဒီအဆင့်မှာအထိ အမြင်သစ်တွေကို အတိုချုပ်အနေနဲ့သာ ဖော်ပြထားပြီး၊ အက်ဆေးတွေ ထဲမှာ တခြားအ ကြောင်းအရာတွေလဲ ရောယှက်ပါဝင်နေပါတယ်။ နောက်ထပ်အဆင့်ကတော့ ဒီအမြင်သစ်တွေကို သစ်လွင်ပြီး စနစ်ကျ တဲ့ ကမ္ဘာ့အမြင်ရဲ့ အခြေခံအဖြစ် အသုံးပြုနိုင်ရေး ဖြစ်ပါတယ်။ ဒီလိုကျယ်ပြန့်တဲ့ ကမ္ဘာ့အမြင်ဟာ ဟီဂယ်လီယန်စနစ်နဲ့ ဒီစနစ်မတိုင်ခင်က ပြောင်းလဲမှုတွေအားလုံးကို ပြောင်းလဲအစားထိုးနိုင်တဲ့ အမြင်သစ်ကို ဆိုလိုတာ ဖြစ်ပါတယ်။
ဘောဂဗေဒနဲ့ ပတ်သက်တဲ့ လေ့လာဆန်းစစ်ချက်တွေကို (၁၈၄၄) ခုနှစ်မှာ မာ့က်စ်က စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီလေ့ လာဆန်းစစ်ချက်တွေကို မာ့က်စ်ရဲ့ ကြီးမြတ်သော လုပ်ဆောင်ချက် တခုဖြစ်တဲ့ အရင်းကျမ်းထဲမှာ ထည့်သွင်းဖော်ပြ ထားပါတယ်။ အရင်းကျမ်းပထမတွဲကို (၁၈၆၇) ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပြီး အခြားအတွဲတွေကတော့ မာ့က်စ်သေဆုံးပြီး ချိန်မှာမှ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပါရီမှာ မာ့က်စ်ရေးသားခဲ့တဲ့ (၁၈၄၄) ခုနှစ်၊ စီးပွားရေးနဲ့ ဒဿနိ ကဗေဒ စာမူကြမ်းတွေဟာ သူ့ဘ၀တလျှောက်လုံးကို တနည်းတဖုံ ဆက်လက်စိုးမိုးသွားစေခဲ့တဲ့ ပရောဂျက်တခုရဲ့ ပထမဆုံး version လို့ ဆိုနိုင်ပါတယ်။
မာ့က်စ်ဝါဒရဲ့ (၁၈၄၄) ခုနှစ် version ကို (၁၉၃၂) ခုနှစ်အထိ ပုံနှိပ်ထုတ်ဝေခြင်း မရှိခဲ့ပါဘူး။ စာမူကြမ်းထဲမှာ အဆက် အစပ်မရှိတဲ့ ကဏ္ဍတွေလဲ ပါဝင်နေပြီး၊ အချို့ကဏ္ဍတွေကတော့ သိသာထင်ရှားစွာ ပြီးဆုံးခြင်း မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ မာ့က်စ်က ဘာလုပ်ဖို့ ကြိုးစားခဲ့တယ် ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။
မာ့က်စ်က အမှာစာမှာ ဟီဂယ်ရဲ့ ယုတ္တိဗေဒဆိုင်ရာ လေ့လာချက်တွေနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ သီအိုရီဆိုင်ရာ တော် လှန်ရေးကို ရေးသားခဲ့တဲ့ တဦးတည်းသော စာရေးဆရာအဖြစ် Feuerbauch ကို ချီးမွမ်းပြောဆိုထားပါတယ်။ နောက် ပိုင်းကဏ္ဍတွေမှာတော့ လုပ်ခလစာဆိုင်ရာ ဘောဂဗေဒ၊ အမြတ်အစွန်းနဲ့ ငှားရမ်းမှုတွေအကြောင်းကို ရေးသားထားပြီး၊ classical economics ကို တည်ထောင်သူ့ဖခင်ကြီးတွေဖြစ်တဲ့ J.B. Say နဲ့ Adam Smith တို့ရဲ့ အတွေးအမြင်တွေကို လေ့လာဆန်းစစ်ထားပါတယ်။
မာ့က်စ်က ရှင်းလင်းဖော်ပြထားရာမှာ classical economics အရ အလုပ်သမားတွေဟာ ကုန်ပစ္စည်းဖြစ်နေပြီး၊ အလုပ် သမားထုတ်လုပ်မှုကလဲ ၀ယ်လိုအားနဲ့ ရောင်းလိုအားပေါ်မှာ မူတည်နေပါတယ်။ ရောင်းလိုအားဟာ ၀ယ်လိုအားထက် ပိုများနေရင် လုပ်ခလစာနှုန်း ကျဆင်းပြီး၊ အချို့အလုပ်သမားတွေ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံရနိုင်ပါတယ်။ ဒါကြောင့် လုပ်ခလစာတွေဟာ လုံလောက်တဲ့ လုပ်သားရောင်းလိုအားတွေ ရှင်သန်မှုနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အနိမ့်ဆုံးအ ဆင့်မှာပဲ ရှိနေနိုင်ပါတယ်။
မာ့က်စ်က အခြားအရေးကြီးတဲ့ အချက်တချက်ကိုလဲ ထောက်ပြထားပါတယ်။ အလုပ်သမားတွေကို အလုပ်ခန့်ထားတဲ့ အရင်းရှင်တွေဟာ အလုပ်သမားတွေရဲ့ လုပ်အားတွေကြောင့် ကြွယ်ဝချမ်းသာမှုတွေ ရှိလာကြပါတယ်။ အရင်းရှင်တွေ ချမ်းသာလာမှုဟာ အလုပ်သမားတွေက ထုတ်လုပ်လိုက်တဲ့ တန်ဖိုးတွေကို သူတို့အတွက် သိမ်းဆည်းထားလို့ပဲ ဖြစ်ပါ တယ်။ အရင်းအနှီးဆိုတာ တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ တကယ်တော့ လုပ်အားပေါင်းစပ်တန်ဖိုးပဲ ဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ လုပ်အားက အလုပ်ရှင်တွေရဲ့ အရင်းအနှီးကို တိုးမြင့်လာစေပါတယ်။ ဒီအရင်းအနှီးတွေကို ပိုမို ကြီးမားတဲ့ စက်ရုံတွေ တည်ဆောက်ရေးနဲ့ စက်ကိရိယာတွေ ၀ယ်ယူရေးမှာ အသုံးပြုပါတယ်။ အဲဒီကတဆင့် အလုပ်ခွဲ ဝေပိုင်းခြားမှု တိုးမြင့်လာပါတယ်။ ဒီအခါမှာ ကိုယ်ပိုင်အလုပ် လုပ်ဆောင်နေကြတဲ့ အလုပ်သမားတွေက အလုပ်လက်မဲ့ တွေ ဖြစ်ကုန်ပါတယ်။ ဒီအခါမှာ သူတို့ရဲ့ လုပ်အားတွေကို ဈေးကွက်ကို ရောင်းချရပါတယ်။ ဒီလိုရောင်းချမှုက တဆင့် အလုပ်ရဖို့အတွက် အလုပ်သမား အချင်းချင်းအကြားမှာ ပြိုင်ဆိုင်မှုတွေ ဖြစ်ပွားလာပြီး၊ လုပ်ခလစာကလဲ လျော့နည်း လာပါတယ်။
မာ့က်စ်ဖော်ပြခဲ့တဲ့ အချက်တွေကို orthodox economics ရဲ့ ရှုမြင်ချက်တွေအဖြစ် သတ်မှတ်နိုင်ပါတယ်။ မာ့က်စ်က ဘောဂဗေဒပညာရှင်အနေနဲ့ ရေးသားခဲ့ခြင်းတော့ မဟုတ်ပါဘူး။ မာ့က်စ်က ဘောဂဗေဒထက် ပိုမိုမြင့်မားတဲ့ အဆင့်ကို သွားချင်တာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပိုင်ဆိုင်မှု၊ လောဘနဲ့ ပြိုင်ဆိုင်မှုတွေကို ဆိုထားပေမယ့် မတော်တဆ ဖြစ်ပွားလာတဲ့ အခြေအနေတွေဟာ တကယ်တမ်းကျတော့ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ချက်တွေကို ဖော်ပြမှုဆိုင်ရာ အတိုင်းအဆတွေနဲ့ ပတ်သက်လို့တော့ ဘာမှ ပြောဆိုထားခြင်း မရှိပါဘူး။
များသောအားဖြင့် ဘောဂဗေဒပညာရှင်တွေ လျစ်လျုရှုထားလေ့ရှိတဲ့ " လူသားဖြစ်ပေါ်တိုးတက်မှုမှာ abstract labour နဲ့ ပတ်သက်ပြီး၊ ဆုံးရှုံးနစ်နာမှု ဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ " ဆိုတဲ့ ကြီးမားသော မေးခွန်းတွေရဲ့ အဖြေကို မာ့က်စ်က ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ (abstract labour ကို မာ့က်စ်က အဓိပ္ပာယ်ဖွင့်ဆိုထားရာမှာ လုပ်သားရဲ့ ကိုယ် ပိုင်သုံးစွဲရေးဆိုင်ရာ တိကျသော ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ လုပ်ခရရေးအတွက် လုပ်ဆောင်တဲ့ အလုပ်လို့ ဆိုထားပါ တယ်။ လူတယောက်ဟာ ဖိနပ်တရံလိုချင်လို့ ဖိနပ်ချုပ်လုပ်ခြင်းကို abstract labour လို့ မသတ်မှတ်နိုင်ပါဘူး။ ပိုင်ဆံ ရနိုင်တဲ့ နည်းလမ်းတခုအနေနဲ့ ဖိနပ်ကို ချုပ်လုပ်တယ်ဆိုရင်တော့ ဒါကို abstract labour လို့ သတ်မှတ်နိုင်ပါတယ်။) မာ့က်စ်က ဘောဂဗေဒ ဥပဒေသတွေရဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ သိသာထင်ရှားမှုတွေကို ဖော်ထုတ် ထားပါတယ်။
မာ့က်စ်ရဲ့ စိတ်ထဲမှာ ဘယ်လိုရှင်းလင်းချက်အမျိုးအစားတွေ ရှိနိုင်ပါသလဲ။ ဒီအဖြေကို သွေဖည်သောလုပ်အားလို့ အမည်ပေးထားတဲ့ ကဏ္ဍထဲမှာ တွေ့မြင်နိုင်ပါတယ်။ ဒီအထဲမှာ မာ့က်စ်က ဘောဂဗေဒရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ကို Feuerbach တုန်းက ဘာသာရေးကို ဝေဖန်ခဲ့တဲ့ သဏ္ဌာန်တွေနဲ့ အလားတူသဏ္ဌာန်မျိုးနဲ့ ရှင်းလင်းရေးသားထားခဲ့ပါ တယ်။
"အလုပ်သမားက အလုပ်ပိုကြိုးစားလာလေလေ၊ သွေဖည်နေတဲ့ ပြင်ပကမ္ဘာက ပိုမိုအင်အားကြီး လာလေလေ ဖြစ်ပြီး၊ သူကတော့ ပိုမို ဆင်းရဲလာပါတယ်။ ပိုင်ဆိုင်မှုတွေလဲ ပိုနည်းလာပါတယ်။ ဒါက ဘာသာရေးနဲ့ အတူတူပါပဲ။ လူက ဘုရင်သခင်ကို ယုံကြည်မှု ပိုများလာလေလေ၊ သူ့ဘာသာသူ လုပ်ဆောင်နိုင်စွမ်းတွေ လျော့နည်းလာလေလေ ဖြစ်တတ်ပါတယ်။ အလုပ်သမားဟာ သူ့ရဲ့ ဘ၀ကို တစုံတရာအတွက် ပေးဆပ်လိုက်ချိန်မှာ ဘ၀ဟာ သူ့ဘ၀ မဟုတ် တော့ဘဲ တစုံတရာရဲ့ ဘ၀ ဖြစ်သွားပါတယ်။ အလုပ်သမားရဲ့ ထုတ်ကုန်ဟာ သီးခြားဖြစ်တဲ့အတွက် သူ့အလုပ်ဟာ သီးခြား ဖြစ်တည်မှုတခုဖြစ်သွားပြီး၊ သူရဲ့ ပြင်ပမှာ တည်ရှိလာပါတယ်။ အဲဒီတည်ရှိမှု ပါဝါက တခါ အလုပ်သမားကို ပြန်လည်ဆန့်ကျင်လာပါတယ်။ တစုံတရာကို သူ့ဘ၀ပေးလိုက်ပြီးချိန်မှာ အဲဒီ တစုံတရာက သူ့ကို ပြင်ပအားတခုအနေနဲ့ ပြန်လည်ထိပ်တိုက်ရင်ဆိုင်လာပါတယ် (EPM 78-79) “
ဆိုလိုရင်း အဓိကအချက်တွေကို classical economists တွေအကြောင်း လေ့လာစဉ်မှာ မာ့က်စ် အသုံးပြုခဲ့တဲ့ မှတ်စု စာအုပ်ထဲက စာတကြောင်းမှာ ပိုမိုသိသာထင်ရှားစွာ ဖော်ပြထားပါတယ်။
" ဘောဂဗေဒဟာ လူမှုဆက်နွယ်မှုရဲ့ သွေဖည်သော သဏ္ဌာန်ကို မရှိမဖြစ် လိုအပ်သော မူလသဘာဝ သဏ္ဌာန် တခု အနေနဲ့ ဖော်ကျူးထားကြောင်း သက်သေအထောက်အထား ရှိတယ်။ (M. 116)”
classical economics ကို မာ့က်စ်က ဆန့်ကျင်ကြောင်း ဒီစာကြောင်းက သက်သေထူနေပါတယ်။ မာ့က်စ်က classical economists တွေကို သူတို့ရဲ့ သိပ္ပံပညာရပ်နယ်ပယ် သဘောတရားတွေကနေ စိန်ခေါ်ထားခဲ့ခြင်း မရှိပါဘူး။ ဒီသဘောတရားတွေအပေါ် သူ့ရဲ့ အမြင်တွေကိုသာ ဖော်ပြထားခဲ့တာ ဖြစ်ပြီး၊ တဦးချင်းပိုင်ဆိုင်မှု၊ ပြိုင်ဆိုင်မှုတွေနဲ့ လောဘစတဲ့ အရာတွေဟာ လူသားဖြစ်တည်မှုရဲ့ အခြေအနေတခုတည်းမှာသာ တွေ့ရှိနေကြောင်း အဆိုပြုခဲ့ပါတယ်။
classical economists ရဲ့ သွေဖည်နေတဲ့ လူ့အဖွဲ့အစည်း ဖြစ်တည်မှုကို မရှိမဖြစ် လိုအပ်သော မူလသဏ္ဌာန်တခု အနေနဲ့ သတ်မှတ်ချက်ဟာ လူသားရဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စဉ်တရပ် အဖြစ် သတ်မှတ်ခဲ့တဲ့ ဟီဂယ်လီယန် အယူအဆနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ဒီလိုအပ်ချက်ဟာ လူသားဖြစ်ပေါ် ပြောင်းလဲတိုးတက်မှုရဲ့ ယာယီအဆင့် မှာပဲ ရှိတယ်ဆိုတဲ့ အချက်ကို classical economists က သိမြင်နိုင်စွမ်း မရှိခဲ့ကြောင်း မာ့က်စ်က ဝေဖန်ထောက်ပြထား ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ဘာသာပြန်သူ - ခင်မမမျိုး
(၂၁၊ ၀၃၊ ၂၀၁၃)
မူရင်းစာအုပ်အမည် - Marx: A Very Short Introduction
စာအုပ်ရေးသားသူ - Peter Singer
စာအုပ်ထုတ်ဝေနှစ် - ၁၉၈၀ (ပထမအကြိမ်)၊ ၁၉၉၆ (ပြန်လည်ထုတ်ဝေနှစ်)
No comments:
Post a Comment