ပစ္စည်းမဲ့လူတန်းစား
မာ့က်စ်အယ်ဒီတာ လုပ်နေတဲ့ သတင်းစာကို ပါရှန်းအစိုးရက ဖိနှိပ်လာတာကြောင့် ဟီဂယ်ရဲ့ နိုင်ငံရေး ဒဿနိက ဗေဒကို ဝေဖန်ဆန်းစစ်ချက်တွေ ပြုလုပ်ဖို့အတွက် မာ့က်စ်မှာ အချိန်ရသွားခဲ့ပါတယ်။ (၁၈၄၄) ခုနှစ်ထုတ် ဂျာမန် ပြင်သစ် စာစောင်ထဲမှာ ဟီဂယ်ရဲ့ အခွင့်အလမ်းဆိုင်ရာ
ဒဿနိကဗေဒအား ဝေဖန်ဆန်းစစ်သော မိတ်ဆက်ဆောင်း ပါးကို ရေးသားခဲ့ပါတယ်။ ဆောင်းပါးထဲမှာ ပါဝင်တဲ့ ဝေဖန်ချက်တွေက မပြီးဆုံးပဲ၊ မိတ်ဆက်အဖြစ်ပဲ ရှိခဲ့ပေမယ့်၊ ဂျူး လူမျိုးများဆိုင်ရာ မေးခွန်းကတော့ မာ့က်စ်ဝါဒ ခရီးစဉ်ရဲ့ ခရီးတထောက် ဖြစ်ခဲ့ပါတယ်။ ဒီဆောင်းပါးထဲမှာ အလုပ် သမားလူတန်းစားကို လူသားဝါဒ ပြန်လည်ပေါ်ထွန်းရေးအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ လူတန်းစားအဖြစ် မာ့က်စ်က ပထမဦးစွာ စတင်သတ်မှတ်ခဲ့တာကြောင့်ပါ။
မိတ်ဆက်စာတမ်းမှာ Bauer နဲ့ Feuerbach တို့ရဲ့ ဘာသာရေးတိုက်ခိုက်မှု သဘောတရားတွေကို အတိုချုံးပြီး ဖော်ပြခဲ့ ပါတယ်။ ဒီလိုဖော်ပြထားရာမှာ ဘာသာရေးကို လူသားတွေအတွက် ဘိန်းသဖွယ် ဖော်ပြထားတာကလွဲလို ဘာမှ အသစ် အဆန်းတွေ မပါဝင်ပါဘူး။ လူသားတွေရဲ့ ကိုယ်ပိုင်သွေဖည်မှု မျက်နှာဖုံးတွေကို ခွာချရေးဟာ ဒဿနိကဗေဒရဲ့ လုပ် ငန်းတာဝန်ဖြစ်ကြောင်း မာ့က်စ်က ဆိုထားခဲ့ပါတယ်။ ဂျာမန်လူမျိုးတွေ ကိုယ့်ကိုယ်ကို လှည့်စားမှု မရှိစေရေးအတွက် ဂျာမန်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး၊ ပိုမိုဝေဖန်ချက်တွေ လုပ်သင့်ကြောင်း တိုက်တွန်းထားခဲ့ပါတယ်။ ဒါပေမယ့် Bauer နဲ့ Feuerbach တို့နဲ့ မတူညီတာကတော့ ဝေဖန်ဆန်းစစ်ရုံနဲ့ မလုံလောက်ကြောင်း ပထမဦးစွာ ဖော်ပြထားတဲ့ မာ့က်စ်ရဲ့ ယူဆချက် ဖြစ်ပါတယ်။ "ဝေဖန်ရေးလက်နက်"က "လက်နက်များအား ဝေဖန်ရေး"ကို သိသာထင်ရှားစွာ အစားမထိုးနိုင်တာကြောင့် ရုပ်ဝတ္ထုအင်အားကို ရုပ်ဝတ္ထုအင်အားနဲ့ပဲ ဖယ်ရှားပစ်နိုင်ကြောင်းနဲ့ အများပြည်သူကို စည်းရုံး နိုင်ခဲ့ရင် သီအိုရီဆိုတာက ရုပ်ဝတ္ထုအင်အား ဖြစ်လာနိုင်ကြောင်း မာ့က်စ်က ယူဆခဲ့ပါတယ်။
အများပြည်သူရဲ့ အခန်းကဏ္ဍကို ပထမဦးစွာ အသိအမှတ်ပြုလိုက်ခြင်းအားဖြင့် မာ့က်စ်က ပြင်သစ်နဲ့ မတူညီတဲ့ ဂျာမ ဏီရဲ့ အခြေအနေကို ထူးခြားသော သွင်ပြင်လက္ခဏာအဖြစ် မီးမောင်းထိုးပြ လိုက်ပါတယ်။ ပြင်သစ်မှာက တိုင်းပြည်ရဲ့ လူတန်းစားအလွှာအသီးသီးမှာ နိုင်ငံရေးအယူအဆများနဲ့ အတွေ့အကြုံများ ရှိကြပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ယေဘု ယျလိုအပ်ချက်များကို ကိုယ်စားပြုကြ ပါတယ်။ ဒါပေမယ့် ဂျာမဏီရဲ့ လက်တွေ့ဘ၀မှာတော့ လူအများစုဟာ စိတ်ပါဝင် စားမှု မရှိကြတဲ့အတွက် အရေးပေါ်အခြေအနေ၊ ရုပ်ဝတ္ထုလိုအပ်ချက်နဲ့ ဆက်နွယ်မှုဖြစ်စဉ်များကသာ တွန်းအားမပေး ခဲ့ရင် ဘယ်လူတန်းစားမှ လွတ်မြောက်မှာ မဟုတ်ကြောင်း မာ့က်စ်က ဆိုထားခဲ့ပါတယ်။
မာ့က်စ်က ဂျာမန်တွေရဲ့ လွတ်မြောက်ရေးအတွက် အပြုသဘော ဖြစ်နိုင်ချေဟာ ဘယ်မှာလဲလို့ စဉ်းစားအဖြေထုတ် ထားခဲ့ပါတယ်။ လူတန်းစားတရပ်ကို ပြင်းထန်တဲ့ ဆက်နွယ်မှုဖြစ်စဉ်တွေနဲ့ တည်ဆောက်ရာမှာ၊ လူ့အဖွဲ့အစည်းရဲ့ ရပ်ဝန်းမှာ humanity အပြီးအပိုင် ပျောက်ဆုံးသွားတာ ဖြစ်တဲ့အတွက် redemption of humanity နဲ့သာ ပြန်လည် အသက်သွင်းလို့ရကြောင်း ဆိုထားခဲ့ပါတယ်။ မာ့က်စ်က ပစ္စည်းမဲ့လူတန်းစားကို ပြုပြင်ပြောင်းလဲရေး ဟီဂယ်ဒဿနိက ဗေဒရဲ့ ကျောရိုးထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။ ပစ္စည်းမဲ့ လူတန်းစားထဲမှာ ဒဿနိကဗေဒရဲ့ ရုပ်ဝတ္ထုလက်နက်များ ရှာဖွေတွေ့ရှိနိုင်သလို၊ ပစ္စည်းမဲ့လူတန်းစားကလဲ ဒဿနိကဗေဒထဲမှာ ပညာတတ် လက်နက်တွေကို ရှာဖွေတွေ့ရှိ ကြောင်း ဆိုထားပါတယ်။ တိကျစွာဆိုရရင် ပစ္စည်းမဲ့ လူတန်းစား အရေးကို ရှေးမရှုပဲ အတွေးအခေါ်တွေ ထွန်းကားလာ အောင် လုပ်ဆောင်လို့ မရနိုင်သလို၊ အတွေးအခေါ်တွေကို ဘေးဖယ်ပြီးတော့လဲ ပစ္စည်းမဲ့ လူတန်းစားအရေးကို ရှေးရှု လို့ မရကြောင်း ယူဆချက်ဖြစ်ပါတယ်။
ဒါဟာ လူသားသွေဖည်မှုပြဿနာရဲ့ အဖြေသစ်တခုဖြစ်ခဲ့ပါတယ်။ ဝေဖန်ဆန်းစစ်ချက်တွေ၊ ဒဿနိကအတွေးအခေါ် တွေနဲ့တင် လူသားသွေဖည်မှုတွေက အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ လက်တွေ့တွန်းအားလိုပါတယ်။ ဒီလက်တွေ့ တွန်းအားဟာ ပစ္စည်းမဲ့ လူတန်းစားပဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ ဖိနှိပ်ခံထားရသူတွေဟာ အတွေးအခေါ်တွေ ကို အသက်ဝင်လာအောင် ပုံဖော်ပေး နိုင်ပါတယ်။ အတွေးအခေါ်သစ်တွေရဲ့ ဦးဆောင်မှုနဲ့အတူ ပစ္စည်းမဲ့လူတန်းစား တွေဟာ နိုးကြားမှု၊ အမှီအခိုကင်းမှု၊ ကျေးကျွန်ပြုခံရမှုတွေကနေ ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုရှိကြတဲ့ လူလတ် တန်းစားတွေဟာ သူတို့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ၊ အခွင့်အရေးတွေကို ရလာတာနဲ့ တပြိုင်နက်၊ တခြားလူတွေရဲ့ လွတ်လပ်ခွင့်တွေအတွက် စိတ်ပါဝင်စားလေ့ မရှိကြတော့ပါဘူး။ ပစ္စည်းမဲ့အလုပ်သမား လူတန်းစားမှာတော့ ဘာမှ ပိုင်ဆိုင်မှုတွေ မရှိပါဘူး။ သူတို့ပိုင်ဆိုင်တာက လူသားဘ၀ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပစ္စည်းမဲ့ လူတန်းစားတွေက သာ လူသားအားလုံး လွတ်လပ်ခွင့်ရရေးအတွက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
မာ့က်စ်ရဲ့ ရေးသားချက်တွေကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် (၁၈၄၄) ခုနှစ် မတိုင်မီကာလက ရေးသားချက်တွေ ထဲမှာ ပစ္စည်းမဲ့လူတန်းစား ဆိုတဲ့အကြောင်းတွေ မပါဝင်ခဲ့ပါဘူး။ လူသားတွေရဲ့ သွေဖည်မှုကို ကျော်လွှားနိုင်ရေးအ တွက် ပစ္စည်းမဲ့လူတန်းစားက အဓိကကျကြောင်းကို အကြံပြု ချက်တွေ မပြုလုပ်ခဲ့ပါဘူး။ ဒါပေမယ့် (၁၈၄၄) ခုနှစ်မှာ တော့ မာ့က်စ်က လူသားတွေရဲ့ လွတ်မြောက်ရေး၊ လွတ်လပ်ခွင့်တွေကို ဆောင်ကျဉ်းပေးနိုင်တာဟာ ပစ္စည်းမဲ့လူတန်းစား ဖြစ်ကြောင်း စတင်အဆိုပြု လိုက်ပါတယ်။ ဘာကြောင့်ပါလဲ။
ဘောဂဗေဒလေ့လာချက်တွေကြောင့် ဒီအမြင်တွေ ပေါ်ထွက်ခဲ့တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန် ကာလမှာတုန်းက မာ့က်စ်ရဲ့ ဘောဂဗေဒလေ့လာမှုတွေက ကနဦးအစပဲ ရှိပါသေးတယ်။ သမိုင်းနဲ့ ပတ်သက်ပြီး လေ့လာ နေဆဲဖြစ်ပေမယ့်၊ မာ့က်စ်က သူ့အမြင်တွေမှာ သမိုင်းကြောင်း အထောက်အထားတွေကို ဖော်ပြခြင်း မရှိသေးပါဘူး။ ပစ္စည်းမဲ့လူတန်းစားရဲ့ အရေးပါမှုကို မီးမောင်းထိုး ပြလာခြင်းဟာ ဒဿနိကဗေဒအတွေးအခေါ်တွေပေါ်မှာ အကြောင်းပြုပြီး ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ လူသားသွေဖည်မှုဟာ လူတန်းစားတရပ်တည်းရဲ့ ပြဿနာမဟုတ်ပါဘူး။ လူသားအားလုံးရဲ့ ဘုံပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုံပြဿနာကို ဖြေရှင်းမှုမှာ ဘုံသွင်ပြင်လက္ခဏာ ရှိဖို့ လိုအပ်ပါတယ်။ ပစ္စည်းမဲ့လူတန်းစားတွေဟာ အလုံးစုံဖိနှိပ်ခံခဲ့ရတာ ဖြစ်တဲ့အတွက် ဒီလို ဘုံသွင်ပြင်လက္ခဏာ ရှိပါတယ်။ ဒါကြောင့် ပစ္စည်းမဲ့လူတန်းစားဟာ လူတန်းစားတခုတည်းကို ကိုယ်စားပြုတာ မဟုတ်ပဲ၊ လူသား အားလုံးကို ကိုယ်စားပြုနိုင်ကြောင်း မာ့က်စ်က ဆိုထားခဲ့ပါတယ်။
အခြေအနေတခုမှာ ပြိုလဲနိုင်တဲ့ မျိုးစေ့ကလဲ သူ့ဘာသာသူ ပါဝင်နေပြီးသား ဖြစ်တဲ့အတွက် အောင်ပွဲများရဲ့ ကြီးမြတ်မှု ကလဲ depths of despair ကနေ ပေါ်ထွက်လာသင့်ပါတယ်။ ဒီသဘော တရားတွေက ဟီဂယ်နဲ့ ဟီဂယ်လီယန်တွေ အတွက်တော့ ရင်းနှီးကျွမ်းဝင်နေပြီးသား သဘောတရားတွေ ဖြစ်ပါတယ်။ ပစ္စည်းမဲ့လူတန်းစားက ဒီလိုဖြစ်စဉ်အတွက် အကျုံးဝင်ပါတယ်။ ဒါကြောင့် အချို့က မာ့က်စ်ဟာ သူ့ရဲ့ အတွေးအခေါ် ရည်ရွယ်ချက်အတွက် ဒီသဘောတရားကို အ သုံးပြုခဲ့တယ်လို့ သံသယရှိကြပါတယ်။
ဒီလိုဆိုခြင်းအားဖြင့် မာ့က်စ်က မိတ်ဆက်စာတမ်းကို ရေးသားချိန်မှာ ပစ္စည်းမဲ့လူတန်းစားအကြောင်း မသိရှိသေးဘူးလို့ မသတ်မှတ်နိုင်ပါဘူး။ ဒီအချိန်ကာလမှာ သူက ပါရီမြို့ကို ရောက်နေပါပြီ။ ပါရီမြို့ရဲ့ ဆိုရှယ်လစ်အတွေးအမြင်တွေက ဂျာမဏီမှာထက် ပိုပြီး ရှေ့ပြေးပါတယ်။ အဲဒီအချိန်မှာတုန်းက မာ့က်စ်ဟာ ပါရီက ဆိုရှယ်လစ်ခေါင်းဆောင်းများနဲ့ ရင်း နှီးကျွမ်းဝင်ပြီး၊ အလုပ်သမားအဖွဲ့တဖွဲ့ဖြစ်တဲ့ တရားမျှတမှုအဖွဲ့ချုပ် ခေါင်းဆောင်တဦးနဲ့ တအိမ်တည်းမှာ အတူနေနေ ချိန်ဖြစ်ပါတယ်။ သူ့ရဲ့ စာတွေထဲမှာ ပြင်သစ်ဆိုရှယ်လစ်အလုပ်သမားတွေကို လေးစားကြည်ညိုတဲ့ အရိပ်အယောင်တွေ ပါဝင်ပါတယ်။ မာ့က်စ်က "လူသားရဲ့ မြင့်မြတ်မှုဟာ နွမ်းနယ်ပင်ပမ်းနေသော ရုပ်ခန္ဓာများမှ တောက်ပစွာဆင်းသက်လာ တယ်" လို့ ဆိုထားခဲ့ပါတယ်။ ပစ္စည်းမဲ့လူတန်းစားရဲ့ အခန်းကဏ္ဍကို မြှင့်တင်ခြင်းအားဖြင့် မိတ်ဆက်စာတမ်းဟာ ဖြစ် စဉ်တခုကို ထင်ဟပ်စေခဲ့ပါတယ်။ မာ့က်စ်က သူ့ရဲ့ ဒဿနိကဗေဒနဲ့ လိုက်လျောညီထွေဖို့အတွက် ပစ္စည်းမဲ့လူတန်းစား သဘောတရားကို ပေါင်းစပ်ခဲ့ပြီး၊ သူ့ဒဿနိကဗေဒ အတွေးအခေါ်တွေကိုလဲ အလုပ်သမားလူတန်းစားနဲ့ တော်လှန်ရေး အမြင်တွေမှာ ပေါင်းစပ်ထားခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ဘာသာပြန်သူ - ခင်မမမျိုး
(၅၊ ၃၊ ၂၀၁၃)
မူရင်းစာအုပ်အမည် - Marx: A Very Short Introduction
စာအုပ်ရေးသားသူ - Peter Singer
စာအုပ်ထုတ်ဝေနှစ် - ၁၉၈၀ (ပထမအကြိမ်)၊ ၁၉၉၆ (ပြန်လည်ထုတ်ဝေနှစ်)
No comments:
Post a Comment