ငယ်ငယ်က အမေပြောသော အိပ်ရာဝင်ပုံပြင်များစွာထဲမှ တချို့သော ပုံပြင်လေးတွေကို အရွယ်ရောက်ကြီးပြင်း လာ သည့် တိုင် အမှတ်ရနေဆဲ။
ကလေးငယ်တဦး ဆော့ကစားရင်း အရောင်လက်လက် ကျောက်လေးတပွင့် ကောက်ရ၊ ကလေးပီပီ အရောင်လှတာ လေးလောက်ပဲ သိပြီး၊ ကျန်တဲ့ အရည်အသွေး ဘာမှမသိ။ မိဘတွေကို ပြကြည့်တော့လည်း ထူးခြားတဲ့ စွဲငြိမှု သိသိသာ သာမရှိ။ ဘာသိဘာသာ စိတ်ဝင်စားမှု မရှိသလို။
အဲဒီအချိန်မှာ နို့အေးချောင်းသည် အိမ်ရှေ့ ရောက်လာ။ ကလေးက စားချင်၊ မိဘမှာ ဝယ်ကျွေးဖို့ရာ ပိုက်ဆံမရှိ။ ဒီတော့ စောစောက ကလေးကောက်ရလာတဲ့ ကျောက်ပွင့်လေးပြပြီး နို့အေးချောင်း တခုနှင့် လဲလှယ်ပေးပါရန် တောင်းတောင်း ပန်ပန်ပြော။ နို့အေးချောင်းသည်လည်း ကျောက်လေးကို ဘယ်ပြန်ညာပြန် ပွတ်သပ်ကြည့်ရင်း အရောင်အဆင်း လှလှ လေး သဘောကျ။ ဘာမှအသုံးမတည့်တောင် အလှကြည့်လို့ ရပေသားပဲ စိတ်ထဲတွေးမိ။ နို့အေးချောင်းတခု အလကား ကျွေးလိုက်ရလို့ သူ့အတွက် ဘာအပန်းကြီး တာလိုက်လို့။ ဒီတော့ ကလေးစားချင် နေရှာတဲ့ နို့အေးချောင်းတခု ထုတ် ပေးပြီး ကျောက်လေးကို အိမ်ယူလာခဲ့။
အဲဒီကတဆင့် ရတနာအတိုအစ ဝယ်သူနဲ့ အကြောင့်သင့်ဆက်မိပြီး ငွေအသပြာ ရာဂဏန်းနဲ့ ပြန်ရောင်းလိုက်။ အတို အစဝယ်သူက ကျောက်ကုန်သည်ပေါက်စတဦးထံ ထောင်ဂဏန်းရှိတဲ့ ငွေနဲ့ ထပ်ရောင်း တဆင့်ထက် တဆင့် လက် ပြောင်းသွားလိုက်တာ.. နောက်ဆုံး ကျောက်မျက်ရတနာ ကျွမ်းကျင်သူ သူဌေးကြီးလက်ထဲ အရောက်မှာ စောစောတုန်း က လမ်းဘေးကောက်ရ ကျောက်ပွင့်လေးဟာ တန်ဖိုးမဖြတ်သာတဲ့ ပတ္တမြားကြီး ဖြစ်နေမှန်း သိရ။
အရင်ဆုံး ကောက်ရတဲ့ ကလေး…. နို့အေးချောင်း တခုနဲ့သာ ရင်အေးခွင့် ရခဲ့ရှာသောအဖြစ်။
…………………………………………………..
ကျောင်းတက်လို့ မြန်မာဖတ်စာမှာ ရွှေသားစင်စစ်ကို ရွှေမှန်းမသိ၊ ရွှေခွက်တလုံးကို အပေါစား ရွဲတကုံးနဲ့ လဲလှယ်ဖို့ရာ တောင်းပန်ခယရှာသော မြေးအဖွားနှစ်ဦးရဲ့ အသိဥာဏ် နုံမွဲမှုအပေါ် မတရားအမြတ်ထုတ်ဖို့ ကြိုးစားတဲ့ ဝိသမလော ဘသား ရွဲကုန်သည်… သူထားတဲ့စေတနာ သူ့ပြန်အကျိုးပေး၊ မြစ်ကမ်းဆိပ်မှာ သောက ပရိဒေဝမီး လောင်ကျွမ်းပြီး ရင်ကွဲနာကျ ဇာတ်သိမ်းမလှတဲ့ အဖြစ်ကို ဖတ်မှတ်သင်ယူဖူးတော့ …. ။
သြော်… လူ့လောကမှာ လောဘ မောဟ ကိလေသာတရားတွေ လွန်ကျူးလွန်းရင် ကိုယ့်ရှို့တဲ့မီး ကိုယ့်ပြန်လောင်တာ ခံရသလို ကိုယ်သာလျှင် နစ်နာရတဲ့ အဖြစ်တွေလည်းရှိပါလားလို့ သံဝေဂ တရားလေး ဆင်ခြင်မိခဲ့တယ်။
ဒါတွေက တကယ်ဟုတ်မဟုတ် မသေချာတဲ့ အဖြစ်အပျက် ဒဏ္ဍာရီ ပုံပြင်သဘောသာ။
…………………………………
ရေတပ်မှာ အမှုထမ်းဖြစ်လာတဲ့အခါ အတွေ့အကြုံများတဲ့ ရေတပ်သားကြီးတချို့ ပြောပြလို့ နို့အေးချောင်း ပုံပြင်ဆန်ဆန် အဖြစ်မှန် ဇာတ်လမ်းတခု သိခဲ့ရပြန်တယ်။ ကိုကိုးကျွန်းဘက်ကို ရောက်သွားတဲ့ ရေတပ်သားတဦး၊ ပင်လယ်ရေတက် လှိုင်းပုတ်ခတ် သောင်ပြင်စပ်မှာ ကပ်တင်ကျန်နေတဲ့ ငါးကြီးအံဖတ်ဆိုတာတွေ့တော့ အိတ်တလုံးနဲ့ထည့်ပြီး သဘောင်္ပေါ် ယူတင်လာခဲ့။
ရန်ကုန်အပြန်ခရီးတလျှောက် အဆူအငေါက်ခံပြီး အပါသယ်လာ။ ရန်ကုန်ရောက်ပြန်တော့ အရေးတယူ စိတ်ဝင်စားသူ မရှိ။ ဝယ်မယ့်သူလည်း မတွေ့နိုင် ဖြစ်နေတာမို့ ကိုယ်ယူလာတဲ့ ပစ္စည်းဟာ ငါးကြီးဆီ ဟုတ်မှဟုတ်ရဲ့လား သံသယ အတွေး ဝင်လာ။ အုပ်ချုပ်ရေးတပ် မော်တော်ယာဉ်ဌာန နဘေး ချောင်ကွယ် တနေရာမှာ ဖြစ်သလို သိမ်းဆည်းထား။
အဲဒီ ပစ္စည်းက ထွက်လာတဲ့ ပုပ်အဲ့အဲ့အနံ့ကို ဘယ်သူမှ နှာခေါင်းမခံနိုင် … ပွစီညံ အပြစ်တင်သံတွေ နေ့စဉ် ကြားနေရ။
တနေ့မတော့ ဝယ်လက်ပွဲစားတဦးလာကြည့်ပြီး မလိုချင်လိုချင်ဟန်နဲ့ တန်ရာတန်ကြေးရယ်မဟုတ်၊ ငွေစက္ကူ တချို့ ထုတ်ပေးပြီး ယူသွား။ ရေတပ်သားခမျာ သူများအပြောခံရတာလည်း သက်သာ။ ငွေလေးတချို့လည်း သုံးစွဲ နိုင်ပြီဆို တော့ ငါလုံ့လထုတ်ခဲ့တာ အလာကားမဟုတ်ပါလား ဆိုတဲ့ အသိနဲ့ ပီတိတွေဖြာ။
ဟိုတဆင့်ခံပွဲစားက ထပ်ဆင့်ရောင်းချလိုက်တဲ့ ငွေနဲ့ တိုက်ခန်းတွေဝယ်၊ ရတနာတွေဝယ်နိုင်တဲ့ အဖြစ်ကို သိတဲ့ အခါကျမှ နှမြောတသ,မဆုံး ရင်ကွဲနာမကျတကျ ခံစားလိုက်ရရှာ။
ဟိုင်းကြီးကျွန်းမှာ တာဝန်ထမ်းဆောင်ရတော့လည်း အဲဒီအဖြစ်မျိုး ပဟေဠိဆန်တဲ့ ငါးကြီးဆီ ပုံပြင်တွေ ကြားသိရပါ သေးတယ်။
…………………………………………………………………………………………………………….
ဟိုတလောက မတွေ့ဖြစ်တာ ဆယ်နှစ်ကျော် ကြာပြီဖြစ်တဲ့ ဦးလေးတယောက်နဲ့ အမှတ်မထင် ဆုံတွေ့ ဖြစ်တဲ့အခါ တူဝရီးနှစ်ယောက်သား ပြောစရာစကားတွေက မကုန်နိုင်။
ဦးလေးက အသက်အရွယ် ဇရာထောင်းတာကြောင့် နည်းနည်းအိုစာသွားတဲ့ ရုပ်သွင်ကိုဆောင်နေပေမဲ့ ဖော်ရွေ လှိုက် လှဲတဲ့ အပြုံးနဲ့ ရိုးသားပွင့်လင်းစွာ ပြောဆိုတတ်တာတွေကတော့ အရင်အတိုင်းပဲ မပြောင်းမလဲ တွေ့နေရပါတယ်။ ဦးလေးကြည့်ရတာ လောကဓံတရားနဲ့ အတော်ကိုနေသားတကျ ဖြစ်နေပုံရပါတယ်။
ဒီဘက်ကမ်းမှာ အလုပ်လာလုပ်တဲ့ သမီးဆီကို ခဏလာလည်တဲ့အခိုက် ကျနော်နဲ့ ဆုံတွေ့ခွင့်ရတာပါ။
ဦးလေးက အလုပ်ကြိုးစားတယ်။ ဝိရိယရှိတယ်။ အလုပ်လုပ်တဲ့အခါ စနစ်ကျပြီး အကွက်လည်းမြင်တတ်တယ်။ ရွာမှာ နေတုန်း အိမ်ထောင်ကျ။ အိမ်ထောင်သက် ၅ နှစ် ၆ နှစ်လောက်အရမှာ တတုံးထွန်စာ လယ် ၆ ဧကနဲ့ နွားတရှဉ်း၊ သစ် သားအိမ်တဆောင် ပိုင်ဆိုင်နေပြီ။ ရွာမှာဆက်နေရင် ဒီထက်ပိုပြီး ကြီးပွားဖို့ရှိတယ်။
ဒါပေမဲ့ ဦးလေးအတွေးက ဒီရွာလေးမှာ နေရတာလောက်နဲ့ မကျေနပ်ချင်ဘူး။ မြို့ပြကိုပြောင်းပြီး အခြေချချင် စိတ်ရှိ တယ်။ မွေးထားတဲ့ သားသမီးနောင်ရေး အတွက်လည်း ပါတာပေါ့။ ဒါနဲ့ ရန်ကုန်မြို့ကို အလည်သွားခိုက် ပတ်ဝန်းကျင် အနေအထားကို သူလေ့လာတယ်။ အဲဒီတုန်းက မဆလခေတ် မှောင်ရီလုလု နေညိုချိန်။ ဦးနေဝင်း အစိုးရရဲ့ လမ်းပမ်း ဆက်သွယ်ရေး ဖွံ့ဖြိုးမှုစီမံကိန်းမှာ မြောက်ဥက္ကာလာပ ၆ ကွေ့လမ်းဆုံကနေ မင်္ဂလာဒုံ ထောက်ကြံ့ဘက် ဖောက်ထွက် ထားတဲ့ အမှတ် ၃ လမ်းမကြီး လည်းပါရဲ့။ ဖောက်လုပ်စ မြေနီ လမ်းမတန်းမှာ ‘အိမ်ရောင်းမည်’ ဆိုင်းဘုတ်ချိတ်ထား တာမြင်တော့ ဦးလေး စိတ်ကူးယဉ်လိုက်တယ်။
‘ဒီနေရာ အကွက်အကွင်းလေးမှာ ဒီခေတ်ကာလပေါက်ဈေးနဲ့ဆိုရင် အိမ်တဆောင်မြေတကွက်လောက်တော့ ငါ့မှာရှိ တာလေး ထုခွဲလိုက်တာနဲ့ ဝယ်နိုင်တယ်။ နောင်တချိန် လမ်းစီမံကိန်း အကောင်အထည်ပေါ်လာတဲ့အခါ အချက်အခြာ ဖြစ်လာမယ့်နေရာပဲ။’
ဦးလေး ရွာပြန်လာပြီး ပိုင်ဆိုင်သမျှ လယ်၊နွား၊လှည်း အိမ်ကစ ရောင်းချပြီး ရန်ကုန်ပြောင်းဖို့လုပ်တယ်။ လူကြီး မိဘ တွေက ‘ဟဲ့.. သူငယ် အိုခါမှ ငွေတရာဖြစ်မယ့်ကိစ္စ စိတ်ကူးမယဉ်စမ်းပါနဲ့… ကိုယ့်မြေကိုယ့်ရွာမှာ မိရိုးဖလာ လုပ်စား လည်း လူ့အောက်မကျနိုင်ပါဘူး’ ဝိုင်းဝန်း ဖျောင်းဖျကြပေမယ့် ဦးလေးရဲ့ဆန္ဒက သတ်မှတ်ပြဋ္ဌာန်းပြီးသားမို့ ဘယ်လို မှ ပြင်မရတော့။
ရန်ကုန်ရောက်တဲ့အခါ ဆိုင်းဘုတ်ကပ်ထားတဲ့အိမ်ကို ဈေးနာညှိပြီး ဝယ်လိုက်တယ်။ ပိုတဲ့ငွေနဲ့ ဆိုက္ကားလေးတစီး တောင် ဝယ်နိုင်သေး။ တောသားမြို့ရောက်စ ရရာအလုပ်ဝင်လုပ်ရင် မကျွမ်းမကျင် အောက်ဆုံးလုပ်ခနဲ့ မိသားစုအသုံး စရိတ် မပြေလည်နိုင်။ ကိုယ်ပိုင်ဆိုက္ကားနင်းတာက သူများဆီမှာ လုပ်ရတာထက် တော်သေး တယ်ပေါ့။ ဒီလိုနဲ့ တနေ ကုန်ဆိုက်ကားနင်းလို့ရတဲ့ငွေဟာ ပိုလျှံတယ်မပြောသာပေမဲ့ မိသားစု ဟန်မပျက် စားနိုင်နေနိုင် ကလေးတွေလည်း ကျောင်းထားနိုင်တယ်လို့ သိရပါတယ်။ ဦးလေးနဲ့ ဒေါ်လေးတို့က အရွယ်တွေ ဟိုင်းခါနီးမှ အိမ်ထောင်ကျ သမီးတဦးနဲ့ သားတဦးသာ ထွန်းကားရှာတယ်။
နောက်ပိုင်း ကလေးတွေ အလယ်တန်း.. အထက်တန်းရောက်လာချိန်၊ မင်္ဂလာဒုံဥယာဉ်မြို့တော်စီမံကိန်းနဲ့ အောင်မင်္ဂ လာ အဝေးပြေးဂိတ်ဆောက်လုပ်မယ့်သတင်း ထွက်ပေါ်လာချိန်၊ ဦးလေး ဆယ်စုနှစ်ချီပြီး မျှော်မှန်းအားခဲထားတဲ့ အိပ် မက်တွေ နိုးထအရောင်လက်လာချိန်မှာ မမြင်သာတဲ့ ကံကြမ္မာတရားရဲ့ မွှေနှောက်မှုဒဏ်ကို ခံလိုက်ရတယ်။ ခြေ ထောက်တဖက် လေဖြန်းသလိုဖြစ်ပြီး ဦးလေး ဆိုက္ကားမနင်းနိုင်ရှာတော့။
အဲဒီအချိန်ကစပြီး မီးဖိုချောင်ထဲက ဒေါ်လေးခမျာ မိသားစုအတွက် တတ်နိုင်တဲ့ဘက်က ဝင်ငွေရှာရင်း အိမ်ထောင်ဦးစီး ဖြစ်မှန်းမသိ ဖြစ်လာရတယ်။ အင်းစိန်ဈေး၊ သီရိမင်္ဂလာဈေးတွေက ရာသီပေါ်သီးနှံလေးတွေ ဝယ်ပြီး လမ်းထိပ်ဈေး တန်းလေးမှာ လက်လီပြန်ရောင်းရတာ။
သူရတဲ့အမြတ်က မီးဖိုချောင် စားစရိတ်ကာမိတယ် ဆိုပေမဲ့ နာတာရှည်သဘောဖြစ်နေတဲ့ ဦးလေးအတွက် ဆေးဖိုးကိုတော့ လက်လှမ်းမမီဖြစ်နေရတယ်။ မကျန်းမာတဲ့ ခင်ပွန်းဖြစ်သူ စိတ်အနှောက်အယှက်မဖြစ်စေလိုတော့ ဈေးရောင်းရတဲ့ အရင်းနဲ့ အမြတ်စာရင်းကို အဆင်ပြေသလို ဖုံးဖိကာ ကုလားဖန်ထိုးရင်း ဣနြေ္ဒမပျက်နေလာလိုက်တာ နောက်ဆုံး ကြွေးစာရင်းရှင်းမနိုင်တော့ အိမ်ဂရံပေါင်ရတဲ့အဖြစ် ရောက်ရော။ မြို့မှာ အိမ်ဂရံ ပေါင်နှံရတာကလည်း သိတဲ့အတိုင်း သတ်မှတ်ကာလအတွင်း ပြန်မရွေးနိုင်ရင် အဆုံးသဘောရှိနေတော့ အရောင်းစာချုပ်ပါ လက်မှတ်ထိုးပေးလိုက်ရတာ။
တိုတိုပဲ ပြောပါစို့ဗျာ.. မိန်းမသားတဦးရဲ့ ပျံကျဈေးရောင်းရတဲ့ဝင်ငွေဟာ ကြွေးဆပ်ဖို့နေနေသာသာ နေ့စဉ် အိမ်အသုံးစရိတ်တောင် ခြွေခြွေတာတာ ဇယားချသုံးနေရတာဆိုတော့ အပေါင်စာချုပ်ကာလ စွန်းစွန်းဖြစ်လာ ချိန်မှာ အရင်းနဲ့အတိုးပေါင်း၊ အိမ်ရဲ့တန်ကြေးကို ကာလပေါက်ဈေးမဆိုသာပဲ အဖိုးဖြတ်၊ နောက်ထပ်ငွေ အနည်းအကျဉ်းရလိုက်ပြီး အိမ်ပေါ်က အပြီးဆင်းခဲ့ရ၊ အိမ်ပိုင်ဘဝကနေ အိမ်ငှားဘဝကို ချက်ချင်းဆိုသလို ကူးပြောင်းခဲ့ရတော့တယ်။
မတတ်သာတော့ သမီးကြီးကို ကျောင်းနှုတ်၊ အမေနဲ့ဈေးကူရောင်းစေတာကနေ အထည်ချုပ်စက်ရုံတခုမှာ အလုပ်ဝင် လုပ် စေခဲ့ရတယ်။ အဲဒီအထည်ချုပ်မှာလုပ်ရင်း အဆက်အသွယ်ရပြီး ဒီဘက်နိုင်ငံထိကူးလာတာ ခုဆို ဆယ်နှစ်နီးပါး ရှိပြီပဲ။
သမီးအလိမ္မာလေးက သူရတဲ့ လုပ်ခကို ခြစ်ခြုတ်စုဆောင်းပြီး ပို့ပေးနေတဲ့ငွေနဲ့ ကျန်ခဲ့တဲ့ မိသားစုသုံးဦး စားဖို့ လည်ပတ်ရုံလောက် ပဲရှိပါတယ်။ အိမ်တဆောင်ပြန်ဝယ်နိုင်ဖို့တော့ ဘယ်လိုမှ မတတ်နိုင်။ ကံကောင်းထောက်မစွာ အဖေဖြစ်သူ ကျန်းမာရေး ပြန်ထူထောင်လာတာရယ်၊ မောင်လေး ဆယ်တန်းစာမေးပွဲ အောင်သွားတာရယ်က သူ့အတွက် အမောပြေ မင်္ဂလာသတင်းတွေဖြစ်ခဲ့ရတယ်။
………………………………………………………………………………..
‘ဖိုးကျော်အခြေအနေရော ဘယ်လိုရှိလဲ ဦးလေး .. အဆင်ပြေရဲ့လား’ လို့ ဦးလေးရဲ့ သားငယ်အကြောင်း စကားစပ်မိ တော့…
‘မင်းညီ ဆယ်တန်းအောင်တဲ့နှစ်မှာ ဗိုလ်သင်တန်း လျှောက်တာ အရွေးမခံရဘူး။ အဲတော့ ရဲဘော်အဖြစ်နဲ့ပဲ တပ်ထဲဝင် သွားပြီး ခုတော့ မင်းလိုပဲ တပ်ကြပ်ကြီးစာရေးဘဝနဲ့ အိမ်ထောင်ကျလို့ ခလေးခလောက်တောင် ရနေပြီဟ’ ဆိုလို့ မျိုးရိုး ဂုဏ်စောင့်ထိန်းတဲ့ ညီတော်မောင်အတွက် ဂုဏ်ယူပြုံးလေး ပြုံးမိလိုက်သေးတယ်။
‘ဒါနဲ့ စကားမစပ် ဦးလေးအရင်နေခဲ့တဲ့ အိမ်နေရာမှာ ခုဆို တော်တော်စည်ကားနေလောက်ပြီနော်’
အလိုက်မသိ မေးလိုက်မိတဲ့ ကျနော့်စကားအဆုံးမှာ ဦးလေးမျက်နှာ သိသိသာသာ ညှိုးရော်သွားတာ သတိထား မိလိုက် ပါတယ်။ ဦးလေး အတန်ကြာငေးနေပြီးမှ ‘အေးပေါ့ကွာ… အဲဒီနေရာမှာ အရင်က တဲပုတ်တွေပျောက်ပြီး တိုက်တွေတန်း စီနေတာပဲ.. မြေဈေးကလည်း ပေ ၄၀x၆၀ တကွက်ကို သိန်းထောင်ဂဏန်းလောက်ဖြစ်နေပြီ.. ငါသာကျန်းမာရေး ကောင်းခဲ့ရင် မိသားစုအခြေအနေ တောင့်တောင်းတင်းတင်း ဖြစ်နေမှာ’ လို့ ဆွေးဆွေး မြေ့မြေ့ လေသံနဲ့ပြောရှာတယ်။
မိသားစုဘဝတိုးတက်ကောင်းစားဖို့ ဥာဏ်နဲ့ ဝိရိယ စိုက်ထုတ်နိုင်ခဲ့တဲ့ ဦးလေးခမျာ ကံကြမ္မာရဲ့ မျက်နှာသာ မပေးမှုကို တော့ အန်တုရင်ဆိုင်နိုင်စွမ်း မရှိခဲ့။
‘ဒီလိုပဲပေါ့ ဦးလေးရာ အဆင်မပြေသူတွေအဖို့ မြို့မှာနေတော့ မြို့ပြရဲ့ ဒုက္ခနဲ့ကြုံရ.. တောမှာနေပြန်ရင်လည်း ထမင်း တနပ်လျှော့စားဖို့ အားပေးစကားပြောသူနဲ့ ကြုံရအုံးမှာ’ လို့ ဦးလေးခံစားချက်လေး သက်သာသွားအောင် အာရုံပြောင်း ကြည့်လိုက်တဲ့အခါ..
‘အင်း…. သေရေးထက် နေရေးခက် ဖြစ်နေတဲ့ လောကကြီးမှာ ဦးလေး နေတတ်နေပါပြီ…. ဥစ္စာကံပေးမရသေး နှောင့် နှေးဗျာပါ မရှိရာ… လို့ပဲ သဘောပိုက်ရတာပေါ့ကွာ’ တဲ့။
ဦးလေးဆီက အပြန်လမ်းမှာ ငယ်ငယ်တုန်းက အဖေသင်ပေးခဲ့တဲ့ လောကနီတိလိုလို စာသားလေးကို စဉ်းစား ရွတ်ဆို လာခဲ့မိပါတယ်…
‘မိတ်ဆွေအစစ်က ကံ ဉာဏ် ဝိရယ
ရန်သူကြီးက လောဘ ဒေါသ မောဟ’
‘ရောက်တဲ့အရပ်မှာ ပျော်အောင်နေ
တွေ့တဲ့လူနဲ့ သင့်အောင်ပေါင်း
ရှိတာလေးနဲ့ လှအောင်ဝတ်
ရတာလေးနဲ့ ဝအောင်စား
ပြိုင်လာလျှင် အရှုံးပေး
နှလုံးအေးတဲ့ ဆေး…..။’
နေမင်းသူ
၁၈-၀၂-၂၀၁၃
No comments:
Post a Comment