Monday, May 6, 2013

၁၉၈၉ ခု ဝလူမျိုးစုလက်နက်ကိုင်တပ်များ ဗမာပြည်ကွန်မြူနစ်ပါတီကို အာဏာသိမ်းမှုနဲ့ ဥက္ကဋ္ဌ သခင်ဗသိန်းတင်အကြောင်း တစေ့တစောင်းသိရှိသမျှ

၁၉၈၉ ခု ဝလူမျိုးစုလက်နက်ကိုင်တပ်များ ဗမာပြည်ကွန်မြူနစ်ပါတီကို အာဏာသိမ်းမှုနဲ့ ဥက္ကဋ္ဌ သခင်ဗသိန်းတင်အကြောင်း တစေ့တစောင်းသိရှိသမျှ

မြန်မာပြည်အရှေ့မြောက်ဖက် တရုတ်မြန်မာနယ်စပ်ဝပန်း ခေါ် ဝနယ်မှာရှိတဲ့ တောင်တန်းပြာပြာ မှိုင်းကြီးတွေဟာ တောင်ယာမီးခိုတွေကြောင့်သဲသဲကွဲကွဲ မမြင်ရလောက်အောင် မှိုင်းညို့နေတယ်။ တန်ခူး မည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး၊ သင်္ကြန်လက်ဆေးမိုးရွာတတ်တဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန် ကာလရောက်ပါပြီ။ မြန်မာပြည်မ မှာတော့ တနှစ်တခါစည်ကားမြဲဖြစ်တဲ့ ရိုးရာသင်္ကြန်ပွဲ ကျင်းပနေပြီ။ တိုင်းရင်းသားလူမျိုးပေါင်းစုံဟာလဲ မိမိတို့ရဲ့ ဒေသ အသီးသီးမှာ
မိမိတို့ရဲ့ ထုံးတမ်းစဉ်လာမပျက် ရိုးရာသင်္ကြန်ကိုဆင်နွှဲနေကြတယ်။ တပြည်လုံး ခြိမ့်ခြိမ့်သဲနေတော့တယ်။

လွတ်မြောက်ဒေသခေါ် ဦးနေဝင်း စစ်အစိုးရရဲ့အုပ်ချုပ်မှုကင်းလွတ်ရာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်မြို့တော် ပန်ဆန်းမှာလဲ အတာသင်္ကြန်ပွဲဆင်နွှဲနေတယ်။ ပန်းဆန်းမြို့ရဲ့ ပြန့်ပျူးတဲ့မြေနေရာမှာ စစ်ဒေသဆေးရုံ၊ စစ်ဒေသစာ သင်ကျောင်း၊ ကင်းတပ်၊ ဘောလုံးကွင်း၊ နိုင်ငံရေးဌာန၊ စည်းရုံးရေးဌာန၊ စစ်ဒေသဌာနချုပ်၊ စစ်ဦးစီးဌာနအမျိုးသမီး တပ်ကျောင်းနဲ့ ဆက်သွယ်ရေးဌာန အသီးသီးရှိကြတယ်။ ဒီဌာန အသီးသီးက ရဲဘော်တွေဟာ ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ကာ သင်္ကြန်တေးသီချင်းတွေ သီဆိုကြ ကခုန်ကြ၊ သင်္ကြန်မုန့်လက်ကောက်၊ မုန့်လုံးရေပေါ်တွေ ကျွေးမွေး ဧည့်ခံကြနဲ့ အထူးစည်းကားသိုက်မြိုက် နေတော့တယ်။

သင်္ကြန်ပွဲတိုင်းရဲ့ အဓိပတိသီချင်းဖြစ်တဲ့ဆရာမြို့မငြိမ်းရဲ့ မြနန္ဒာသီချင်း၊ နှစ်ဦးအတာသင်္ကြန် သီချင်းနဲ့ မြူးကြွတဲ့ တူးပို့ တူးပို့တေးသံတွေ၊မြန်မာ့ရိုးရာဆိုင်းဝိုင်းနဲ့ ခေတ်ပေါ်တေးဂီတ တူရိယာတီးခတ်မှုတွေ၊ ညီညီညာညာ တက်တက်ကြွကြွ တိုင်တည်ဟစ်ကြွေးနေကြတဲ့ သံချပ်သံတွေက ဝနယ် ပန်းဆန့်မြို့တော်ကြီးမှာ တောတခွင်လုံးသာမက တောင်တန်း ပြာကြီးတွေကို ကျော်ဖြတ်လွင့်ပျံ ဟိန်းဟိန်းညံနေတော့တယ်။ မန္တလေးရွှေမြို့တော်ကြီးမှာ ငွေငန်းကသလို တရုတ် မြန် မာနယ်စပ် ဝနယ် ပန်ဆန်းမြို့မှာလဲ ငွေငန်းက နေတာပါ။ ပန်းဆန်းတခွင်မှာတော့ ဝင်းဝင်းဝါဝါ အခိုင်လိုက်ပွင့်နေတဲ့ မယ်ဇလီပန်းတွေက ပိတောက်နဲ့ ငုဝါပန်းတွေကို အစားထိုးပွင့်နေတယ်။ သရက်ဖူး၊ ပိန္နဲဖူး အစီအရီတွေက သင်္ကြန်လေ နဲ့ မွှေးရနံ့ ကြိုင်လှိုင် တတောလုံးပျံ့နှံ့နေတယ်။ ပန်ဆန်းအဝင်ဝ ကောင်းဟုန်းရွာ၊ ကောင်းမုရွာက ရှမ်းရွာ လူထုတွေဟာ လဲ ရှမ်းလူမျိုးရိုးရာမုန့်ဖက်ထုတ်တွေ ဧည့်ခံကျွေးမွေးပြီး နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေဘို့ အတာရေဖျန်းကာ တောင်းဆုချွေကြတယ်။ ရွာဦးဘုန်းတော် ကြီးကျောင်းက ဘုရားတွေ ရေသပ္ပါယ် အမွှေးရနံ့သာရေတွေပက်ဖျန်း တော ပန်းတောင်ပန်းတွေ ဘုရားကပ် လှူကာ စတုဒီသာ သင်္ကြန် ထမင်းတွေနဲ့ ရွာလုံးကျွတ်ကျွေးမွေးဧည့်ခံကြတာပါ။ နှစ် သစ်ကူးကစပြီး စပါးအထွက် ကောင်းစေဘို့ ကျန်းမာစွာဘေးရန်ကင်းဘို့ ရွာတွေနဲ့တဆက်တည်းရှိနေတဲ့ ဌာနအသီး သီးက ဗမာပြည် ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော်သားတွေ အေးချမ်းစွာနေနိုင်ဘို့ဆန္ဒတွေပြုကြတယ်။ ရှမ်းရွာလူထု တွေနဲ့ ပြည်သူ့တပ်မတော်သားတွေဟာ ရေနဲ့ငါးလို တသားတည်း ဖြစ်နေတယ်။

၁၉၈၉ ခုနှစ်၊ ဧပြီလရဲ့ သင်္ကြန်ပွဲမှာ အရင်နှစ်တွေနဲ့မတူ အထူးစည်းကားနေတာကတော့ ရှစ်လေးလုံးအရေးအခင်းအပြီး လွတ်မြောက်ဒေသ ပန်ဆန်းကို စုရုံးရောက်ရှိလာကြတဲ့ဒီမိုကရက်တစ် ပြည်သူ့တပ်မတော်သား (DPA) တွေကြောင့်ပါ။ ၁၉၈၈ လူထုအုံကြွမှု အရေးတော်ပုံသပိတ်ကြီး မြန်မာပြည် တနံတလျားမှာဖြစ်ပွားပြီး စစ်အစိုးရရဲ့ လိုက်လံဖမ်းဆီးသုတ် သင်ရှင်းလင်းမှုတွေကြောင့် လွတ်မြောက်ဒေသကို အပြေးရောက်ရှိလာကြတာပါ။ ၁၉၈၉ ခုနှစ် ဧပြီလ သင်္ကြန်ကာလမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ရုံးစိုက်ရာ ဝနယ် ပန်ဆန်းဒေသတခွင်လုံး အလှပဆုံးနဲ့ အုံးအုံးကျွတ်ကျွတ် အစည်ကားဆုံးအချိန်လို့ ဆိုနိုင်ပါတယ်။

သင်္ကြန်အတက်နေ့ တရက်လုံးမမောနိုင် မပမ်းနိုင်ရေကစားကြပြီး ပြည်သူ့တပ်မတော် ခေါင်းဆောင်တွေ ကေဒါတွေ တပ်သားတွေအားလုံး ကိုယ့်ဌာနအသီးသီးကို ညနေစောင်းတာနဲ့ ပြန်ကြတော့တယ်။ တပ်ပေါင်းစုရဲဘော်တွေလဲ ကိုယ့်နေရာအသီးသီး ပြန်ကုန်ကြတာပါ။ ကျမတို့ ပြည်သူ့အသံလွှင့်ဌာန ညောင်နီစခန်းက ရဲဘော်များအားလုံးလည်း ဌာနရှိရာ တောင်ကုန်းပေါ်ပြန်တက်လာကာ ကိုယ့်အိမ်ထဲမှာညနေစာစားသောက်ရေး၊ မနက်ဖြန် နှစ်ဆန်းတရက်နေ့ နှစ်သစ်ကူးမှာ ရဲဘော်တွေကို ကျွေးမွေးဒါနပြုရေးအတွက် ပြင်ဆင်လုပ်ကိုင်ကြတယ်။ တနှစ်တာစိုက်ပျိုးထားတဲ့ ပြောင်းဖူးစေ့တွေနဲ့ ပြောင်းဖူးမုန့်လုပ်ဖို့ပြင်ဆင်ကာ မနက်ဖြန်နှစ်သစ်ကူးတော့မှာမို့ တအိမ်လုံး အိပ်ယာစောင်ခြင်ထောင် အိုးခွက်ပန်းကန်ကစလို့ ဆေးကြောတော့ တအိမ်လုံး တောက်ပြောင်နေတော့တယ်။

ရီရလွန်းရင်ငိုရတဲ့။ သင်္ကြန်မှာပျော်လွန်းတဲ့ ကျမတို့တတွေ စိုးရိမ်ထိတ်လန့်မဲ့ သတင်းဆိုးတခုကို ဌာနကတာဝန်ပေး ချက်နဲ့ ရဲဘော်တယောက်က လာပြောပြတယ်။ ဒီည ဝလူမျိုးစုတွေက ပါတီကို အာဏာသိမ်းတော့မတဲ့။ လွတ်မြောက် ဒေသ ကိုးကန့်၊ မုံကိုးဒေသ ၈၁၅ စစ်ဒေသဘက်တွေမှာလဲ သိမ်းကုန်ပြီ။ ဒီညပန်းဆန်းဗဟိုဌာနချုပ်ကို သိမ်းလိမ့်မယ်။ ဌာနက အမိန့်ပေးတဲ့အချိန်မှာ တရုတ်ပြည် မုံတဘက်ကမ်းကိုပြေးကြတော့ … ကျမတို့ကြားကြားချင်း တုန်လှုပ်သွားတဲ့ သတင်းပါ။ အမျိုးမျိုးတွေးကြည့်ပါတယ်။ ဝလူမျိုးတွေက ကျမတို့ ဗမာလူမျိုးတွေနဲ့ပါတီကို မလိုလားတော့တာလား။ ဝလူမျိုးစုတွေက ကျမတို့ ပစ်ခတ်သတ်ဖြတ်ပစ်မလား။ ထောင်သွင်းအကျဉ်းချ မြေကျင်းထဲများထဲ့ထားမလား။ ဝနယ် ပန်ဆန်းမှာ ဌာနတာဝန်ထမ်းဆောင်နေတဲ့ တလျှောက်လုံးတော့ ဌာနအသီးသီးက ဝရဲဘော်တွေကို ဗမာစာ ဗမာစကား သင်ပေးခဲ့ရတယ်။ လက်မှုပညာ၊ စက်မှုပညာ၊ ဆက်သွယ်ရေးပညာ၊ အတီးအမှုတ်၊ အကအခုန်ပညာ၊ ဆေးပညာ၊ စစ် ပညာ၊ ပညာမျိုးစုံသင်ပေးခဲ့လို့သူတို့အားလုံး ယဉ်ကျေးမှုရေချိန် မြင့်တက်လို့ ဌာနကေဒါကြီးတွေ၊ စစ်ရေးကေဒါကြီးတွေ တောင် ဖြစ်နေကြပြီ။ သူတို့ အသိအလိမ္မာပညာတွေတိုးရက်နဲ့ ဒို့ဗမာလူမျိုးတွေကို မောင်းထုတ်တော့မှာလား။ မယုံနိုင် စရာပါ။ တညလုံးဌာန အမိန့်ပေးမယ့်အချိန်ကို စောင့်နေရတယ်။

ကျမတို့ သားအမိနည်းတူ အိမ်ထောင်သည်မိခင်များနဲ့ ကလေးများဟာလဲ ညအမှောင်မှာ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ ကိုယ့်အိမ်ထဲမှာကိုယ် ထိုင်ချီထချည် မငြိမ်မသက်ဖြစ်နေတယ်။ ကျမတို့အိမ်ဟာ ညောင်နီကုန်း အသံလွှင့်ဌာနအုတ်တံ တိုင်းဝန်းကြီးရဲ့ အပြင်ဘက် ကိုက် (၁ဝဝ) လောက်အကွာက တောင်ကုန်းအစွန်ဆုံးမှာရှိတယ်။ ၈၅ ပါတီကွန်ကရက်က ကိုယ့်ဒူးကိုယ်ချွန် လမ်းစဉ်ချမှတ်ပြီးတော့ အသံလွှင့်ရုံဟာ ဝမြောက် ဆောက်ဖားကို ပြောင်းရွှေ့ကာ၊ တရုတ်ပြည်က ပေးတဲ့ အသံလွှင့်စက်အစုံအလင် တပ်ဆင်ထားတဲ့ အသံသွင်းကားကြီး တစင်းပေါ်ကနေ အသံလွှင့်လုပ်ငန်း လုပ်တော့ တာမို့၊ လစ်ဟာသွားတဲ့ အသံလွှင့်ရုံကြီးရဲ့ဘယ်ဘက်တခြမ်းကို ဗဟိုစစ်ဦးစီးဌာန ပေါလစ်ဗျူရို ဦးတင်ရီ ဦးစီးဖွင့်လှစ်ပြီး၊ ညာဘက်တခြမ်းကိုတော့ ဗဟိုဝါဒဖြန့်ချိရေးဌာနကြီးမှူး ပေါလစ်ဗျူရို ဦးကျော်မြ က ဦးစီးဖွင့်လှစ်တယ်။ ဗဟိုသုတေသန ဌာနမှူးက ရဲဘော်အောင်ထက် (ဖိုးသံချောင်း) ဖြစ်ပြီး ဗဟိုဝါဒဖြန့်ချိ ရေးရုံးအုပ်က ကျမ ရဲဘော်နီမော်ပါ ကျမခင်ပွန်း ဗဟိုစစ်ဦးစီးဌာန ကေဒါ ရဲဘော်အေးမောင်ဟာ ဗဟိုစစ် ဦးစီးဌာနမှာ ပေါလစ်ဗျူရိုရဲဘော်တင်ရီ၊ အခြားကေဒါများဖြစ်တဲ့ ရဲဘော်စိုးချစ်၊ ရဲဘော်ဝင်းသိန်း၊ ရဲဘော်ချစ်အောင်တို့နဲ့အတူ ဝလူမျိုးစုလက်နက်ကိုင်တွေရဲ့ သတင်းကို အဆက်မပြတ် အရယူနေကြတယ်။ သတင်းထူးရင်ထူးသလို ဌာနက မိခင်နဲ့ကလေးများကိုလာပြောကာ၊ အမိန့်ပေးတဲ့ အချိန်ထွက်ခွါ ဘို့လာပြောကြတယ်။ ကျမတို့ တညလုံး အိမ်မှာမအိပ်နိုင်တော့ပါ။ ယုန်တင့်ကားလမ်းမကြီးအတိုင်း ဝမြောက်က ဆင်း လာတဲ့ ဝလူမျိုးစုတွေရဲ့ကားသံတွေဟာ ဝူးဝူးဝေါဝေါနဲ့ တညလုံးဆူညံနေတော့တယ်။

မနက် (၄) နာရီထိုးပါပြီ။ နှစ်ဆန်းတရက်နေ့ အာရုံတက်တော့မယ်။ ညောင်နီကုန်းပေါ်မှာတော့ အမှောင်ထုကြီးစိုးနေ ဆဲပါ။ ကျမတို့ အိမ်ထဲမှာ ထိုင်ချည်ထချည်နဲ့ တညလုံးဌာနအမိန့်ကိုစောင့်နေတဲ့ အချိန်မှာ ကရင်ရဲဘော် စောကိုဦးက "ရဲဘော် နီမော် ဝလက်နက်ကိုင်တွေ အာဏာသိမ်းဘို့ ဒီတောင်ကုန်းပေါ် တက်လာနေကြပြီ။ ခင်ဗျား အမြန်ထွက်သွား တော့၊ ပေါလစ်ဗျူရို ဦးကျော်မြရဲ၊ ဇနီး ဒေါ်ဦးစိန် အိမ်မှာစုရပ် ထားတယ်။ အမိန့်ပေးတာနဲ့ တရုတ်ပြည်ဘက် မုံအာဘက် ကမ်းကို ပြေးကြတော့" လို့ ပြောတာနဲ့ ကျမလဲ ၆ နှစ်ကျော်အရွယ် သားဖြစ်သူကို ကျောပိုးကာ အိမ်ထဲက အမြန်ထွက် ပြေးလိုက်ပါတယ်။ တချိန်တည်းမှာ ဝလူမျိုးစုလက်နက်ကိုင်တွေကလဲ ကျမအိမ်ခြံထဲကို လက်နှိပ်ဓါတ်မီးတဝင်းဝင်း စစ် ဖိနပ်သံပြင်းပြင်းနဲ့ ဝင်ရောက်လာကြကာ အိမ်ခေါင်းရင်းကိုကျော်ဖြတ်ပြီး အိမ်နောက်ဖေးတောင်ကုန်းအစွန်က ဂျာမဏီ ခြုံရိုင်းခေါ် ဗီးစပ်ခြုံရိုင်း ပင်တွေလို နင်းပြီးနေရာယူထားကြတယ်။ ကျမတို့ အိမ်နောက်ဖေး တောင်ကမူစွန်းကလေးက ကြည့်ရင်ပန်ဆန်း ပြန့်ကြီးတခုလုံးကို လှမ်းမြင်ရစမြဲပါ။ လူမျိုးစုတွေက ကျမတို့ ခြံထဲဖြတ်ကျော်ချိန်မှာ ကျမတို့က ခြံထဲ ကအထွက်မို့ သီသီကလေးလွတ်သွားတာပါ။ ကျမတို့ သားအမိလဲ သစ်ပင်ရိပ်နဲ့ မှောင်ရိပ်ခိုကာ ဒေါ်ဦးစိန်အိမ်ဘက်ကို ခပ်သုတ်သုတ်အပြေးတပိုင်းနဲ့ အသံလွှင့်ရုံရှေ့ကနေ ဖြတ်သွားရတယ်။ ကျမတို့ သားအမိ ဒေါ်ဦးစိန်အိမ်ကိုရောက်တဲ့ အချိန်မှာ ဝလူမျိုးစု တပ်ခွဲတခွဲလောက်ဟာ ညာသံပေးပြီး အသံလွှင့်ရုံ ဝန်းတံခါးမကြီးကိုသေနတ်ဒင်နဲ့ ထုစစ် ဖိနပ်တွေ နဲ့ ကန်ကျောက် ဟေး ဟေး ဟေး . . .  ဒုန်း ဒုန်း ဒုန်း . . .ဒိန်း ဒိန်း ဒိန်း ဆိုတဲ့ ကျယ်လောင်ပြင်းထန်တဲ့ အော်သံထုရိုက် သံတွေနဲ့ အသံလွှင့်ရုံဝန်းကြီး ထဲဝင်ရောက်လာကာ ဗဟိုစစ်ဦးဌာနဗဟိုဝါဒဖြန့်ချိရေးဌာန ဗဟိုသုတေသနဌာနထဲဝင်ပြီး အာဏာသိမ်းလိုက်ကြသံကို ကြားနေကြရတယ်။

ပေါလစ်ဗျူရို ဦးကျော်မြရဲ့ ဇနီးဒေါ်ဦးစိန်အိမ်မှာဌာနက အိမ်ထောင်သည်အမျိုးသမီး ရဲဘော်မများနဲ့ ကလေးများ အား လုံးရောက်ရှိပြီး ဌာနအမိန့်ကိုထိုင်စောင့်နေစဉ်မှာ ရဲဘော်အောင်ထက်က "ခင်ဗျားတို့ အားလုံးပြေးကြတော့ အသံလွှင့် ရုံဝန်းကြီးကို သိမ်းလိုက်ပြီ။ တရုတ်ပြည် မုံအာဘက်အမြန်ပြေးကြ" လို့ လာပြောတာနဲ့ တပြိုင်နက် ကျမတို့ ကလေးမိခင် များအားလုံး ကလေးကိုယ်စီကျောပိုး၊ ကလေးများကို လက်ဆွဲကာ အသံလွှင့် ရုံနောက်ဖက်ခြမ်းတောင်ကုန်းရဲ့ မြေလမ်း လေးအတိုင်း လျှောစင်းစီးသလို လျှောချ လိုက်ကြတာ နမ့်ခါချောင်းကမ်းဘေး ရောက်လာကြတော့တယ်။ အားလုံးဟာ အဝတ်အထည် ကိုယ်တခုတွေချည်းပါ။ ကျမတို့ တော်လှန်ရေးသက်တမ်းတလျှောက်လုံး ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံအယ်လ် ဘန်နဲ့ ကလေးအဝတ် နှစ်စုံလောက် ကျောပိုးအိတ်ထဲထည့်လာခဲ့ပေမဲ့ ဝလူမျိုးစုတွေ လက်ကလွတ်အောင် အပြေးမှာ မသယ်နိုင်တော့လို့ လမ်းမှာတင် ပစ်ချထားခဲ့ရတယ်။ အသက်အန္တရာယ်က ပုံစံအမျိုးမျိုးကျရောက်လာနိုင်တာမို့၊ ကျမ မှာ ပစ္စတိုတလက်ကိုတော့ ကိုယ်နဲ့မကွာ ယူဆောင်လာတုန်းပါ။

နမ့်ခါချောင်းရေကလဲ ဧပြီလမို့ ရေအတိမ်ဆုံးအချိန်၊ ချောင်းရေကြည်လင်လို့ ချောင်းရေအောက်က ကျောက်တုံးလေး တွေနဲ့ ရေထဲမှာ ဆန့်မျောနေတဲ့ ရေညှိစိမ်းစိမ်းတွေကို မနက်အာရုဏ်လင်းစမှာ မြင်နေရတယ်။ နမ့်ခါချောင်းက ပေ ၂ဝဝ' လောက်ကျယ်ပါတယ်။ ရေတိမ်တော့ ဖြတ်ကူးလို့လွယ်တယ်။ ကျမတို့ ကလေးမိခင်များနဲ့ ကလေးများအားလုံး ဟာ ဝလူမျိုးစုတွေရဲလက်ထဲမကျရောက်အောင် ချောင်းတဖက်ကမ်းကို ကူးကြရမယ်။ ကျမတို့အားလုံး တပ်ဘောင်းဘီ ရှည်တွေကို ဒူးအထိလိပ်တင်လိုက်ကြကာ ကလေးကျောပေါ်တင် သူက တင်လက်ဆွဲ သူကဆွဲနဲ့ ချောင်းရေထဲစဆင်း ပြီး ချောင်းကို ကန့်လတ်ဖြတ်လမ်းလျှောက်ကြရတယ်။ ရေထဲမှာ လျှောက်ရတာနဲ့ ရေအောက်က ရေညှိကပ်တဲ့ ကျောက်တုံးတွေနင်းရတာကြောင့် တကိုယ်လုံး ယိမ်းယိုင်နေလို့ တယောက်၊ လက်တယောက်ဆွဲပြီး ရေထဲဖြတ်ကူး ကြတော့ တရုတ်နယ်စပ်မုံအာရွာရဲ့ ကမ်းနံဘေးကို ရောက်ပါတော့တယ်။ မုံအာကမ်းစပ် သဲသောင်ပြင်ပေါ်က ရာဘာ စိုက်ခင်းမှာ ထိုင်ပြီးအနား ယူနေရင်းနဲ့ မိုးစင်စင်လင်းပါတော့တယ်။ မိုးလင်းပြီး သဲသဲကွဲကွဲ မြင်နေရတဲ့အချိန်မှာတော့ ကျမတို့ အမျိုးသမီးရဲဘော်တွေဟာ ညောင်နီကုန်းအသံလွှင့်ရုံဘက်ကို လှမ်းမျှော်ကြည့်လိုကတဲ့အခါမှာ ပါတီကို အာ ဏာသိမ်းလိုက်တဲ့ ဝလူမျိုးစုလက်နက်ကိုင်တွေဟာ ထွက်ပြေးတဲ့ ဗမာရဲဘော်တွေရဲ့ အိမ်တိုင်းကိုဝင်ရောက် မွှေနှောက် နေတာ အိမ်ထဲက ပစ္စည်းတွေကိုဆွဲယူနေကြတာကို မသဲမကွဲလှမ်းမြင်နေရပါတယ်။ ကျမရဲ့ ခင်ပွန်း စစ်ဦးစီးဌာန ကေဒါ ရဲဘော်အေးမောင်ကို ပေါလစ်ဗျူရို ရဲဘော်တင်ရီက ရှိတဲ့လက်နက်တွေ အကုန်စုကာ ဂိုဒေါင်သစ်လက်နက်ရုံကို အပ်ခိုင်းလိုက်တဲ့အတွက် ရဲဘော်အေးမောင် လက်နက်တွေ တွန်းလှည်းနဲ့တင်အသွား လမ်းမှာ ဝလူမျိုးစု လက်နက်ကိုင် တွေရဲ့ဖမ်းဆီတာခံလိုက်ရတယ်လို့ ဆိုတယ်။ ဝလက်နက်ကိုင်တွေဟာ ဝမြောက်ကလာတဲ့ ဝတပ်သားတွေဖြစ်တဲ့ အတွက် ဒေသစိမ်းမျက်နှာ စိမ်းတွေဖြစ်နေတာမို့ လက်နက်တွေကို သူတို့စစ်ဆေးနေတုန်း အလစ်မှာ ရဲဘော်အေးမောင် နမ့်ခါချောင်းကိုဖြတ်ပြီး တရုတ်ပြည်မုံအာဘက်ကမ်းကို ရောက်လာတော့တယ်။ တကယ်တော့ ဝလူမျိုးတွေဟာ အထက် ခေါင်းဆောင်တွေရဲ့ အမိန့်နဲ့ ဗမာရဲဘော်တွေကို အာဏာသိမ်းရတာမှန်ပေမဲ့ အသက်ကိုတော့ ရန်မရှာပါ။ ဝနယ်မှာ နေလိုက ဆက်နေနိုင်တယ်။ ဝလူမျိုးတွေရဲ့ အုပ်ချုပ်မှုအောက်မှာနေရမယ်။ သွားလိုရာသွားရင် လဲရတယ်လို့ ပြောပါ တယ်။ ခဏအကြာမှာတော့ နေပွင့်လာပါပြီ။

ရဲဘော်အောက်ထက်၊ ရဲဘော်ချစ်အောင်၊ ရဲဘော်ဝင်းသိန်း၊ ရဲဘော်စောကိုဦး၊ ရဲဘော်စိုးချစ်စတဲ့ ကေဒါများဟာ စစ်ဦး ဌာနမှူး ပေါလစ်ဗျူရို ဦးတင်ရီ၊ ဗဟိုဝါဒဖြန့်ချိရေးဌာနမှူး ပေါလစ်ဗျူရို ဦးကျော်မြတို့ကို တွဲခေါ်ကာ နမ့်ခါချောင်းကိုဖြတ် လို့ မုံအာဘက်ကမ်းကို ရောက်လာကြတော့တယ်။

မနက်မိုးစင်စင်လင်းတဲ့အခါမှာ ပန်ဆန်းမှာ တညလုံးဖြစ်ပျက်နေတဲ့ အာဏာသိမ်းမှုကိုသိပြီးဖြစ်တဲ့ တရုတ်ပြည် မုံအာ ဆက်သွယ်ရေးဌာန ပုလိပ်တွေနဲ့ ပြည်သူလွတ်မြောက်ရေး တပ်မတော်တပ်သားတွေဟာ မုံအာကမ်းစပ် ရာဘာစိုက်ခင်း မြေကြီးပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေကြတဲ့ ကျမတို့အားလုံးဆီကို ရောက်လာကြတယ်။ သူတို့အားလုံးဟာ ဝတ်စုံအ စိမ်းရောင် ယူနီဖောင်းနဲ့ပါ။ လက်နက်ပါသလား လက်နက်ပါလား။ အပ်ပါ။ အပ်ပါလို့ တရုတ်လိုပြောတော့ ကျမတို့ ဗမာ ရဲဘော်တွေထဲက လက်နက်ပါသူတွေတိုင်း တရုတ်ပုလိပ်တွေရှေ့ မြေကြီးပေါ်ပုံချထားလိုက်ကြတယ်။ ကျမလဲ အသက် အန္တရာယ်ကာကွယ်ဘို့ ယူလာခဲ့တဲ့ စစ်ဘောင်းဘီခါးပတ်ရှိ ပစ္စတိုအိတ်ထဲက ၂ဝ မမ ပစ္စတိုကို ညာလက်နဲ့ဆွဲထုတ်ကာ မြေကြီးပေါ်ချပေးလိုက်ပါတယ်။ အဲဒီနောက် မနက်နေမြင့်လာတာနဲ့ အသက် (၇ဝ) နီးပါး ခေါင်းဆောင်တွေနဲ့ ကလေး တွေရဲ့ ကျန်းမာရေးအတွက် နံနက်စာကျွေးမွေးဘို့ မုံအာဘက်ကမ်းက ရှမ်းရွာတွေဆီကို သွားလိုက်ကြတော့တယ်။ ရှမ်းရွာထဲက ရှမ်းနေအိမ်တွေမှာ ခွင့်ပန်ပြီးညအိပ်ညနေ တည်းခိုနေထိုင်ကာ ဗကပ ခေါင်းဆောင်တွေရဲ့ စီစဉ်ပေးမှုနဲ့ အားလုံးစုပေါင်း ချက်ပြုတ်စားသောက်ကြရပါတယ်။ တပါတ်ခန့်ကြာပြီး မုန်းမခေါ် ရှမ်းရွာကို တရုတ်ဆက်သွယ်ရေးဌာန ရဲ့ အစီအစဉ်နဲ့ပြောင်းရွှေ့ကာ တာလပတ်စနဲ့ အိမ်ပုံစံဆောက် လုပ်ထားတဲ့ တဲအိမ်မှာ နှစ်အိမ်ထောင်တဲတလုံးကျနှုန်း စုပေါင်းနေထိုင်ကာ ဒုက္ခသည်စခန်းဖွင့်လိုက်ကြပါ တော့တယ်။ ခေါင်းဆောင်တွေနဲ့ကေဒါတချို့ကိုတော့ မုန်းလျင်စ ခန်းမှာ သွားရောက်နေထိုင်ဘို့ တရုတ်ပြည် ဆက်သွယ်ရေးဌာနက စီစဉ်ပေးပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ရုံးတရုံးလုံးဟာလည်း ဝလူမျိုးစုတွေ နှစ်ဆန်းတရက် ဧပြီ (၁၇) ရက်နေ့မှာ အာ ဏာသိမ်းတော့မယ်ဆိုတာ ကြိုတင်သိထားပါတယ်။ သင်္ကြန်အတက်နေ့ည တညလုံးမှာ ဗဟိုရုံးရှိဥက္ကဋ္ဌနဲ့ ပေါလစ်ဗျူရို ခေါင်းဆောင်များအားလုံး မအိပ်နိုင်ကြပါ။ လှုပ်လှုပ်ရွရွနဲ့ ရင်ဆိုင်ဘို့အသင့်ပြင်နေကြောင်း သိရပါတယ်။ ဗဟိုခေါင်း ဆောင်များအားလုံးဟာ အသက် (၈ဝ) နားနီးအရွယ်တွေမို့ သွက်သွက်လက်လက် မလှုပ်ရှားနိုင်သလို အမြင်အာရုံဟာ လဲ ချို့တဲ့နေပါပြီ။ ကိုယ့်ရောဂါနဲ့သင့်တော်တဲ့ အာဟာရနဲ့ ဆေးဝါးမှီဝဲပြီး အသက်ရှင်နေတာလို့ ဆိုနိုင်ပါတယ်။ တော်လှန်ရေးဟာ ရေရှည်စစ်ပွဲကြီးဖြစ်လာတော့ မလိုလားအပ်တဲ့ ပြဿနာပေါင်းစုံ ဖြစ်နေပါပြီ။ ၈၅ ခုနှစ် ပါတီကွန်က ရက်မှာ ဥက္ကဋ္ဌထည့်သွင်းပြော ကြားခဲ့ပြီးဖြစ်တဲ့အတိုင်း ကေဒါတွေဟာ ကျဉ်းမြောင်းတဲ့လူမျိုးရေးကို လွန်ကဲစွာ ရှေ့တန်း တင်လာတာကိုလဲ ထောက်ပြခဲ့ပါတယ်။ ဝလူမျိုးစုတွေက ဗမာပြည်ကွန်မြူပါတီကို အာဏာသိမ်းရတာဟာ ရေရှည်စစ် ပွဲအတွင်း စစ်အစိုးရနဲ့ အနှိုင်အရှုံးမဆုံးဖြတ်နိုင်ရုံသာမက ရှည်ကြာတဲ့ လက်နက်ကိုင်တိုက်ပွဲကြီးကြောင့် ဝလူမျိုးတွေ အသက်များစွာဆုံးရှုံး အိမ်ထောင်တွေသေကွဲရှင်ကွဲကွဲ၊ ဒုက္ခိတတွေများပြားရုံသာမက စစ်ဘေးစစ်ဒဏ်ကြောင့် အိုးအိမ် တောင်ယာတွေပျက်စီးတဲ့အတွက် ဝနယ်တစ်ခုလုံး အငတ်ပြဿနာကြီးကို မဖြေရှင်းနိုင်တောပါ။ ကြာရင် ဝလူမျိုး ပျောက်သွားမှာတောင် စိုးရိမ်ရတယ်။ ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရေရှည်စစ်ကြီးကို အယုံအကြည် မရှိတော့ ဘူး။ အုပ်ချုပ်တာလဲ မခံလိုတော့ဘူး။ ဒေသဖွံ့ဖြိုးတိုးတက်ရေးသာ လုပ်လိုတော့တယ်။ ဒါကြောင့် ဗမာပြည်ကွန်မြူနစ် ပါတီကို အာဏာသိမ်းရတာဖြစ်တယ်။ ခေါင်းဆောင်များ၊ ကေဒါများအားလုံး သွားလိုရာသွားနိုင်တယ်လို့ ဝလူမျိုးစုခေါင်း ဆောင်များက ပြောကြားခဲ့ပါတယ်။ အဲဒါကြောင့် နှစ်ဆန်းတရက်နေ့ မနက်လင်းအားကြီးမှာ ဗဟိုရုံးတရုံးလုံးဟာ ခေါင်း ဆောင်များရဲ့ ဆုံးဖြတ်ချက်အရ တရုတ်ပြည်မုံအာဆိပ်ကမ်းကိုနမ့်ခါချောင်းကို ကျော်ဖြတ်ပြီးသွားလိုက်တော့တယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်ဗသိန်းတင်လည်း ပါတီကြီး တပ်မတော်ကြီး လွတ်မြောက်ဒေသကြီးတခုလုံးကို ဦးဆောင်နေတဲ့ အမြင့်ဆုံး ခေါင်းဆောင်ကြီးဖြစ်တဲ့အားလျှော်စွာ အမှားအနဲဆုံးဖြစ်အောင် ချင့်ချိန်စဉ်းစားနေပုံရပါတယ်။ အသက်အရွယ်လဲ (၈ဝ) နားနီးဖြစ်ပြီး ပင်ကိုယ်ကျန်းမာရေးတလျှောက်လုံး မကောင်းခဲ့တဲ့ ဥက္ကဋ္ဌဟာ ဇရာဒုက္ခနဲ့ ပါတီနဲ့ တပ်ရဲ့ဖရိုဖရဲပြိုကွဲမှုကို တပြိုင်ထဲရင်ဆိုင်နေရတယ်။ ဥက္ကဋ္ဌဟာ ၁၅ ပေ ပတ်လည်မျှသာကျယ်တဲ့ သူရဲ့အိမ်ခန်းထဲက ဝါးပက်လက် ကုလားထိုင်ပေါ်မှာ ဧပြီ (၁၆) ရက်ည တညလုံးတည်ငြိမ်စွာထိုင်နေ ကြောင်းသိရှိရတယ်။ တော်လှန်ရေး သတိထားတဲ့အနေနဲ့ ဥက္ကဋ္ဌဘိုက်ပေါ်မှာ ကာဘိုင်သေနတ်တလက် တင်ထားတယ်လို့ သိရတယ်။ ဧပြီလမို့ ရာသီဥတု ကလဲ ပူပြင်းတယ်။ ဝလက်နက်ကိုင်တပ်တွေ ဝမြောက်ကနေ ဝတောင်ပန်ဆန်း ဗဟိုဌာနချုပ်ရှိရာကို ကားနဲ့တမျိုး၊ ခြေ လျင်တဖုံအလုံးအရင်း ဝင်ရောက်လာပြီဆိုတာကိုလဲ ဆက်သွယ်ရေးသတင်းတွေအရ သိထားပြီးသားမို့ အတွင်းရန်ကို ဘယ်လိုမှမချေမှုန်းနိုင်တော့ဘဲ ငုတ်တုတ်ထိုင်နေတာက အကောင်းဆုံးအနေအထားနဲ့ ရင်ဆိုင်ခြင်းလို့ ဆင်ခြင်ထားပုံ ရပါတယ်။ ဇရာဒုက္ခ ခံစားနေရတဲ့ ဥက္ကဋ္ဌ သခင်ဗသိန်းတင်ဟာ ဝလူမျိုးစုလက်ကိုင်တွေရဲ့ ပါတီခေါင်းဆောင်မှုအပေါ် ငြင်းဆိုတာကိုလက်တွေ့ ခံစားနေရပါပြီ။ အသက်(၂ဝ)ကျော် ကျောင်းသားဘဝ။ ၁၉၃၆-ခုနှစ်ကထဲက နိုင်ငံရေး နယ် ပယ်ထဲကို ဖခင်ကြီးရဲ့အားပေးမှုနဲ့ ခြေစုံပစ်ဝင်လာတဲ့ ဥက္ကဋ္ဌ သခင်ဗသိန်းတင်ဟာ မိမိဇာတိချက်မြှုပ် ထားဝယ်ဒေသကို လဲ စွန့်ခဲ့တယ်။ မိမိညီအစ်ကိုမောင်နှမဆွေမျိုး တစုကိုလဲ စွန့်ပစ်ခဲ့တယ်။ မိမိအိမ်ထောင်သည် ဇနီးနဲ့သားသမီးများကိုလဲ စွန့်ခဲ့တယ်။ အခုလဲ မိမိတော်လှန်ရေး ခရီးကြမ်းကြီးတလျှောက်လုံးမှာ တည်ဆောက်ခဲ့တဲ့ ပါတီ၊ တပ်၊ အခြေခံဒေသကြီး ကို စွန့်လွှတ်ရတော့မယ်။ ဥက္ကဋ္ဌဟာအသက်အရွယ်အရ တော်လှန်ရေး အတွေ့အကြုံအရ တည်ငြိမ်ရင့်ကျက်ပြီးဖြစ်တဲ့ အတွက် ဘဝတိုင်းမှာ လူတိုင်းကြုံတွေ့ကြရတဲ့ လောကဓံတရားနဲ့ လောကရဲ့ဖြစ်မှုပျက်မှု မမြဲသောတရားတွေအပေါ် ဆင်ခြင်သုံးသပ်နေဟန်ရှိတယ်။

ဥက္ကဋ္ဌဟာ ဘဝတသက်တာလုံး ပြည်သူလူထု ဘဝလွတ်မြောက်ရေးအတွက်ဆိုတဲ့ ခံယူချက်နဲ့ ကိုယ်ကျိုးစွန့်ခဲ့တာပါ။ လက်ရှိအချိန်မှာ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီး မအောင်မြင်သေးပေမဲ့လည်း အသက်အရွယ်ကြီးပြီး ကျန်းမာရေး တလျှောက်လုံး မကောင်းခဲ့တဲ့အတွက်၊ လူသားတယောက်အနေနဲ့ အေးအေးဆေးဆေး အနားယူသင့်ပါပြီ။ နောက်တခု ကျမတို့ သိရတာက တရုတ်ပြည်မုံအာဘက်ကမ်းက ဆက်သွယ်ရေးဌာနကနေ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ဥက္ကဋ္ဌ တရုတ်ပြည်မှာ အနားလာယူနေထိုင်ဘို့ပါ။ ဒီအကြောင်းကို ကြားသိရင် သိချင်းဘဲ ဝလူမျိုးတွေဟာ ဥက္ကဋ္ဌ ဘိုက် ပေါ်ကကာဘိုင်ကိုသိမ်းလိုက်ပြီး ဥက္ကဋ္ဌထိုင်နေတဲ့ ဝါးပိုးဝါးနှစ်လုံးအလယ်မှာ တာလပတ်စိမ်းစတပ်ထားတဲ့ ပက်လက် ကုလားထိုင်ကို နှစ်ယောက်တဖက်စီထမ်းစင်လို မ,ကာ ထမ်းလိုက်ကြကာ ဥက္ကဋ္ဌနေအိမ်ခန်းကနေ အိမ်ရှေ့ကားလမ်း မပေါ် ထွက်လာခဲ့ကြတယ်လို့ သိရတယ်။ တောင်ကုန်းကနေ တောင်အောက် ဆင်းတဲ့ဖြတ်လမ်းရောက်တော့ နမ့်ခါ ချောင်းစပ်ဘေးအထိ ဖြည်းဖြည်းဆင်းလာခဲ့ကြတော့တယ်လို့ ဆိုပါတယ်။ ဝလူမျိုးစုတွေဟာ ဗဟိုရုံးနဲ့ မလှမ်းကမ်း နမ့်ခါ ချောင်းကမ်းစပ်ရောက်တော့ ချောင်းကူးတံတားပေါ်ကို ဖြတ်ကျော်ကာ မုံအာဘက်ကမ်းအရောက် ဥက္ကဋ္ဌကို ထမ်းခေါ် လာခဲ့ကြကြောင်းသိရတယ်။ တဖက်နိုင်ငံ တရုတ်ပြည်ကမ်း မုံအာရောက်တာနဲ့ ဆက်သွယ်ရေးဌာန တရုတ်ပုလိပ်များနဲ့ တရုတ်ပြည်သူ လွတ်မြောက်ရေးတပ်မတော်သား ဆယ်ဦးခန့်ကို တပ်ဝတ်စုံစိမ်းတွေနဲ့စောင့်ကြိုနေတာ တွေ့လိုက်ရ တယ်။ ဥက္ကဋ္ဌသခင်ဗသိန်းတင်ကို ကားပေါ်တက်စေကာ တရုတ်ပြည် မုန်းလျင်မြို့သို့ ခေါ်ဆောင်သွားကြောင်း သိလိုက် ရပါတယ်။

စာမူရှင် … နီမော်
(Ni Maw ဖေ့စ်ဘွခ်မှ ကူးယူဖေါ်ပြပါသည်)

No comments: