Saturday, September 28, 2013

ဒါမပြင်နိုင်ရင် ၂၀၁၅ မှာ မဲပေးနေလည်း အပိုပါပဲ

၂၀၀၈ အခြေခံဥပဒေ ရှိနေသမျှ ၂၀၁၅ ရွေးကောက်ပွဲသည် မည်သည့်နည်းနှင့်မျှ တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ပေ။ ထိုအချက်ကို လူတိုင်းသိသည်။ လူတိုင်းလည်း ပြောနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်လည်း အကြိမ်ကြိမ်ပြောသည်။ သို့သော် ၂၀၁၅ မတိုင်ခင် အခြေခံဥပဒေပါ ပြင်ဆင်သင့်သော အချက်အားလုံးကို လွှတ်တော်တွင်းနည်းဖြင့် ပြင်ဆင်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်တော့ချေ။ အချိန်သိပ်ကပ်နေချေပြီ။ ထို့အပြင် ပြင်ဆင်သင့်သော အချက်ဆိုသည်မှာကလည်း တအုပ်လုံးလိုလိုပင်
ဖြစ်နေချေသည်။ သို့ဆိုလျှင် (အားလုံးမပြင်နိုင်လျှင်တောင်မှ) ၂၀၁၅ ရွေးကောက်ပွဲအတွက် အလွန်အရေးကြီးသော အချက်တို့ကိုတော့ ပြင်ဆင်ဖို့ ကြိုးစားသင့်ကြသည်။

၂၀၁၅ အတွက် အရေးတကြီး ပြင်ဆင်ဖို့လိုသော အချက်မှာ ဘယ်အချက်နည်း။

၂၀၀၈ အခြေခံဥပဒေရှိလျှင် ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ဟု ဆိုရာ၌ အဓိက အကျဆုံး မတရားမှုမှာ စစ်သားကိုယ်စားလှယ် ၂၅% က ပြည်သူလူထု အရွေးကောက်မခံဘဲ လွှတ်တော်ထဲ အလိုအလျောက် အခန့်သားရောက်နေသော အချက်ပင် ဖြစ်သည်။ သို့သော် စစ်သားကိုယ် စားလှယ် ၂၅% ပါဝင်ခြင်းသည် ဒီမိုကရေစီနည်းမကျဟု ဝေဖန်သောအခါတိုင်းတွင် စစ်အင်အားစုတွေဘက်က ပေးသောဆင်ခြေမှာ ပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်ပါဝင်ဖို့ လိုသည်ဟူသော အချက်ဖြစ်သည်။ ထိုသို့ ပါဝင်ဖို့လိုအပ်သောကြောင့် လောလောဆယ် လျှော့မပေးနိုင်၊ တဖြည်းဖြည်းချင်း လျှော့ပေးသွားမည်ဟု ဆိုသည်။ ထိုတဖြည်းဖြည်းမှာလည်း အချိန်အကန့်အသတ် (Time Frame) မရှိချေ။ ထိုအချက်မှာလည်း အလွန်အငြင်းပွားဖွယ်ရာ အချက်ဆိုသည်မှာ အားလုံးသိကြပြီး ဖြစ်သည်။ ဒီမိုကရေစီ စံနှုန်းနှင့် တိုင်းတာလျှင် ဘယ်လိုနည်းနှင့်မှ လက်ခံနိုင်စရာမရှိ။

သို့သော် ၂၀၁၅ မတိုင်ခင် သည်အကြောင်းကို ငြင်းခုန်နေလျှင်တော့ ပြီးပြတ်နိုင်တော့မည် မထင်ပေ။ တဖက်က အာဏာရှင်ဟောင်းများကလည်း အလျှော့ပေးလိုက်လျောလိမ့်မည် မထင်ပေ။

ဒါဆိုလျှင် ရှိစေတော့။ သည်အကြောင်းကို လောလောဆယ် မငြင်းလို။ ပြောင်းလဲရေးမှာ စစ်တပ်ကပါဖို့လိုသောကြောင့် စစ်သားကိုယ်စားလှယ်များ လွှတ်တော်ထဲရှိနေဖို့ လိုအပ်သည်ဆိုသော သူတို့တင်းခံနေသည့် အချက်ကို ယာယီ လက်ခံကြည့်ကြစို့။ သို့သော် ထိုသို့လက်ခံကြည့်သည့်တိုင် စစ်သားကိုယ်စားလှယ် ၂၅% ရှိနေသောကြောင့် ကြံ့ခိုင်ရေးပါတီက ၂၅% အကျောရနေသည်ဆိုသော အချက်မှာမူ ဘယ်လိုမှ မဖြစ်သင့်ပြန်ချေ။ ထိုအချက်မှာ အဓိကကျသော မတရားမှုကြီးအဖြစ် ထင်းထင်းကြီး ပေါ်လွင်နေပြန်လေသည်။ “ထိုစစ်သားကိုယ်စားလှယ် ၂၅% သည် မည်သူ့ဘက်မျှ ဘက်မလိုက်ပါ၊ ဘယ်ပါတီဘက်မှ ဘက်မလိုက်ပါ၊ ကြားနေသူတွေ ဖြစ်ပါသည်” ဟုဆိုလျှင်လည်း မည်သူမျှ ယုံနိုင်လိမ့်မည် မထင်ပေ။ ထိုစစ်သား ကိုယ်စားလှယ် ၂၅ % အားလုံးမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တယောက်တည်းက ရွေးချယ်ခွင့်ရထားသူတွေသာ ဖြစ်သည်။ စစ်တပ်က ရွေးကောက်တင်မြှောက်ထားသူတွေ မဟုတ်ကြ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဆိုသည်မှာလည်း ကြံ့ဖွံ့ပါတီခေါင်းဆောင်များ၏ တပည့် (အလွန်ဂျူနီယာကျသော တပည့်) သာ ဖြစ်လေသည်။ ထို့ကြောင့် ထိုစစ်သား ၂၅% မှာ ကြံ့ခိုင်ရေးပါတီက အကျောရသော မဲများဆိုသည်မှာ အထင်အရှားပင် ဖြစ်လေသည်။

သို့ဆိုလျှင် နှစ်ဦးနှစ်ဘက်အကြား ယာယီညှိနှိုင်း၍ ရနိုင်သော ကြားလမ်းကြောင်းများ မရှိနိုင်တော့ဘူးလား။ စစ်သားကိုယ်စားလှယ်များကို လွှတ်တော်ထဲမှ ချက်ချင်းဖယ်မထုတ်ဘဲ ရွေးကောက်ပွဲ တရားမျှတမှု ဆောင်ကြဉ်းနိုင်မည့် ကြားလမ်းကြောင်းများ မရှိတော့ဘူးလား။ ထိုကြားလမ်းကြောင်းတစ်ခုကို ယခုတင်ပြချင်ပါသည်။ ထိုကြားလမ်းကြောင်းကား စစ်သား ၂၅% ကိုလည်း လောလောဆယ် လွှတ်တော်တွင်းက မဖယ်ရှား။ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးက ၂၅% သိသိသာသာ အကျောယူထား သလိုလည်း မဖြစ်စေမည့် ကြားလမ်းကြောင်း ဖြစ်ပါသည်။ ယင်းကား အခြားမဟုတ်။ စစ်သား ၂၅% ကို လွှတ်တော်တွင်းတွင် ယာယီဆက်ရှိစေသည့်တိုင်အောင် ယင်းစစ်သား ကိုယ်စားလှယ်များ၏ “ဒုသမ္မတ တယောက်ကို အဆိုပြုခွင့်” နှင့် “သမ္မတရာထူး အတွက် မဲပေးရွေးချယ်ခွင့်” တို့ကို ပယ်ဖျက်ပေးရန် ဖြစ်သည်။ ဒုသမ္မတ တယောက် အဆိုပြုခွင့်နှင့် ဒုသမ္မတများမှတဆင့် သမ္မတ အဖြစ်ရွေးချယ်ရာတွင် စစ်သားကိုယ်စားလှယ်များက မဲပေးနိုင်သော အခွင့်အရေးသည် စင်စစ် အစိုးရဖွဲ့ခွင့် အခွင့်အရေး၏ ၃ ပုံ ၁ ပုံအထိကို စစ်သားကိုယ်စားလှယ်များက ရနေသောအချက်ဖြစ်သည်။ တနည်းအားဖြင့် ကြံ့ခိုင်ရေးပါတီဘက်က ၃၅% လောက် အကျောရနေသော အချက်ဖြစ်သည်။ ထိုအချက်ကို ပယ်ဖျက်ပြီး ဒုသမ္မတများကို အရွေးကောက်ခံ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထဲမှ တယောက်စီကိုသာ အဆိုပြုပြီး ထိုနှစ်ယောက်ထဲမှ တယောက်ကို ရွေးချယ်သောအခါတွင်လည်း အရွေးကောက်ခံ ကိုယ်စားလှယ်များကသာ မဲပေးရွေးချယ်သင့်ပါသည်။ ထိုသို့ ပြုပြင်လိုက်လျှင် စစ်သားကိုယ်စားလှယ် ၂၅% ကို လွှတ်တော်တွင်းမှ အရေးတကြီး ဖယ်ရှားရန်မလိုဘဲ ရွေးကောက်ပွဲဆိုင်ရာ မတရားမှုကြီးကို ပြင်ဆင်ပြီး ဖြစ်သွားပါလိမ့်မည်။

ထိုအချက်သည် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေရန်အတွက် အနိမ့်ဆုံးလိုအပ်ချက် ဖြစ်ပါသည်။ ၂၀၁၅ မတိုင်ခင်ကာလတွင် အခြေခံဥပဒေကို အနိမ့်ဆုံးအနေနှင့် မဖြစ်မနေပြင်ဆင်ရမည့် အချက်လည်း ဖြစ်ပါသည်။

သည်အချက်ကိုမှ အနည်းဆုံးရအောင် မဆောင်ရွက်နိုင်လျှင် ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ပါ။

သို့သော် ထိုအချက်ကို ကြံ့ခိုင်ရေးပါတီဘက်မှလည်း လွယ်လွယ်နှင့်တော့ လိုက်လျောဖွယ်ရာ မရှိချေ။ မည်သူက သူတို့ ရထားပြီးသား ၃၅% အသာစီး အခွင့်အရေးကြီးကို လွယ်လွယ်နှင့် လက်လွှတ်ချင်ပါမည်နည်း။ သို့သော် ကြံ့ခိုင်ရေး ပါတီဘက်က တရားမျှတမှုကို တကယ်လိုလားပါလျှင် ထိုအချက်မှာ မဖြစ်မနေလိုက်လျောရမည်သာ။ သူတို့ တောင်းဆိုသော စစ်တပ်က နိုင်ငံရေးတွင် ဆက်လက်ပါဝင်ရေးကိုလည်း အလျှော့ပေးလက်ခံထားသည် မဟုတ်ပါလော။

ကြံ့ခိုင်ရေးပါတီဘက်က လွယ်လွယ်နှင့် မလိုက်လျောချင်လျှင်လည်း ပြည်သူများနှင့် အတိုက်အခံများသည်ကား ကိုယ်ရသင့် ရထိုက်သော တရားမျှတမှုကို မဖြစ်မနေ ဖိအားပေး တောင်းဆိုကြသင့်ပေသည်။

ထိုသို့တောင်းဆိုရာတွင် ဦးဆောင်တောင်းဆိုလှုပ်ရှားသင့်သော အဖွဲ့အစည်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲ ဝင်စဉ်က ဒီချုပ်က ပြည်သူတွေကို ပေးထားခဲ့သော အရေးကြီးသည့် ကတိတခုရှိသည်။ ထိုကတိကား အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်မည်ဟူသော ကတိဖြစ်သည်။ သို့သော် လက်တွေ့တွင် ဒီချုပ်သည် အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တခုမျှ မဆောင်ရွက်နိုင်သေးချေ။ ထိုမဆောင်ရွက်နိုင်သေးသည့် တာဝန်ကို ဆောင်ရွက်ရန်ကြိုးစားသည့်အနေနှင့် အထက်ပါအချက်ကို ပြင်ဆင်ရန် ကြိုးစားသင့်သည်။ သို့မှလည်း ပေးထားသော ကတိလည်း တည်ရာရောက်မည်။ ၂၀၁၅ ရွေးကောက်ပွဲကိုလည်း ဂုဏ်သိက္ခာရှိရှိ ဝင်ရောက်နိုင်မည် ဖြစ်သည်။

သို့သော် ထိုတာဝန်မှာ ဒီချုပ်တခုတည်း၏ တာဝန်ဟု မမှတ်သင့်ပါ။ လွှတ်တော်တွင်းလုပ်ငန်း သက်သက်ဟုလည်း မမှတ်ယူသင့်ပါ။ လွှတ်တော်ထဲတွင် ဒီချုပ်မှာ လူနည်းစုသာ ဖြစ်သည်။ လွှတ်တော်နှင့် ဒီချုပ်ကိုသာ အားကိုးနေရုံနှင့်တော့ အောင်မြင်နိုင်မည်မဟုတ်ပါ။  လွှတ်တော်ပြင်ပ တွင်ရှိသော အခြား လူထုလူတန်းစား အဖွဲ့အစည်း အားလုံးက တက်တက်ကြွကြွနှင့် ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါသည်။ သည်တာဝန်သည် တဖွဲ့ တခုတည်းနှင့် သက်ဆိုင်သော တာဝန်မဟုတ်ဘဲ၊ တမျိုးသားလုံးနှင့် သက်ဆိုင်သော တာဝန်ဟု ထင်ပါသည်။ အထူးသဖြင့် ၂၀၁၅ တွင် မဲပေးကြမည့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံးနှင့် တိုက်ရိုက် သက်ဆိုင်သည်ဟု ဆိုချင်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲကို အစကတည်းက မတရားမမျှတသော ရွေးကောက်ပွဲကြီးမှန်း သိပါလျှက်နှင့် တခြား ရွေးစရာ မရှိသောကြောင့် အောင့်သက်သက်နှင့် မဲထည့်ရသောအဖြစ်ကို စာဖတ်သူမိတ်ဆွေများလိုလား ပါသလား။ ကျနော်ကတော့ ထိုသို့သော အဖြစ်ကို မလိုလားပါ။ ကျနော် မဲပေးမည့် ရွေးကောက်ပွဲသည် တကယ်တရားမျှတသော ရလဒ်ကို ဆောင်ကြဉ်းပေးနိုင်မည့် ရွေးကောက်ပွဲသာ ဖြစ်စေချင်ပါသည်။ မိတ်ဆွေစာဖတ်သူတို့လည်း ထိုသို့ဖြစ်စေချင်လျှင် စစ်သားကိုယ်စားလှယ်များ၏ သမ္မတ ရွေးချယ်နိုင်သော အခွင့်အရေးကို ပယ်ဖျက်နိုင်ရန် အားလုံးဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းချင်ပါသည်။

သည်တာဝန်သည် ပြည်သူတိုင်း၏ တာဝန်ဖြစ်ပါသည်။ အဖွဲ့အစည်းတိုင်း၏ တာဝန်ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာမူ ပြည်သူကို ကတိပေးထားသောကြောင့် ပိုမိုတာဝန်ရှိသည်ဟု ဆိုချင်ပါသည်။

စိမ်းမြင့် (မန္တလေး)

Same Myint ဖေ့စ်ဘွခ်မှ …

No comments: