![]() |
ပါတီကွန်ဂရက် အစည်းအဝေးခမ်းမ မုခ်ဦး |
အချိန်က ၁၉၈၅ ခုနှစ် စက်တင်ဘာလပါ။ ဆိုတော့ ဒါဟာဗမာပြည်ကွန်မြူနစ်ပါတီ ထူထောင်ပြီးလို့ ၄၆ နှစ်မြောက် ကာလ၊ ပါတီရဲ့ဒုတိယကွန်ဂရက်ကျင်းပပြီးလို့ အနှစ် ၄၀ ကြာတဲ့၊ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့တာ ၃၇ နှစ်ရှိတဲ့ ကာလဖြစ်ပါတယ်။ နောက်ပြီး ပြည်တွင်းစစ်ဖြစ်နေခဲ့တာ ၃၇ နှစ်မြောက်တဲ့နှစ်လည်း ဖြစ်ပါတယ်။ ဒီလိုအခါမှာ
ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကနေ ပါတီရဲ့တတိယ အကြိမ်မြောက်ကွန်ဂရက်ကိုကျင်းပဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကွန်ဂရက်ကို စက်တင်ဘာလ ၉ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ၊ မနက်ပိုင်းနဲ့ ညနေပိုင်း၊ တနေ့ ၇ နာရီလောက်၊၂၄ ရက်ကြာ ကျင်းပခဲ့ပါတယ်။ ဦးစီးကျင်းပတာက အဲဒီတုန်းက လက်ရှိဗဟိုကော်မတီအဖွဲ့နဲ့ ယူနစ်အသီး သီးက ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကွန်ဂရက်သဘာပတိအဖွဲ့က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။ စုစုပေါင်း ကိုယ်စားလှယ် ၁၉၆ ယောက် တက်ရောက်ခွင့်ရှိပြီး နေ့စဉ်တက်သူက ၁၇၀ ကျော်လောက် ရှိပါတယ်။ ကိုယ်စားလှယ် တွေဟာ ဗဟိုနဲ့နောက်တန်းလွတ်မြောက်ဒေသ ဌာနအသီးသီးက၊ ပျောက်ကြားဒေသက၊ ရှေ့တန်းတပ်များက မြေအောက်လုပ်ငန်းက၊ အမျိုးသားအမျိုးသမီးတွေ ရဲဘော်တွေ၊ လူမျိုးအားဖြင့် ဆိုရင်လည်း ဆယ်မျိုးထက်မနည်း ပါဝင်ပါတယ်။ လူတန်းစားအားဖြင့်တော့ ကျေးလက်ဆင်းရဲသားက အများဆုံးဖြစ်ပြီး၊ အလုပ်သမား၊ ကျောင်းသား ပညာတတ်တွေလည်း ပါပါတယ်။ နောက်ပြီး ပြည်သူ့တပ်မတော်သားတွေပေါ့။
ကွန်ဂရက်ဖြစ်မြောက်အောင်မြင်ရေးအတွက် လက်တွေ့လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ဆပ်ကော်မတီတွေ၊ တခြားအဖွဲ့ငယ်တွေဖွဲခဲ့ပါတယ်။ မှတ်မိသလောက်ဆိုရင် အဲဒီအထဲမှာ တည်ဆောက်ရေး၊ ဧည့်ခံရေး၊ ကြိုဆိုရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့အဖွဲ့တွေပါ။
တကယ်ကတော့ ကွန်ဂရက်ကိုယ်စားလှယ်တွေဟာ ကွန်ဂရက်မတိုင်မီကတည်းက ရက်အချို့တင်ကြိုရောက်နေ မာရေး၊ ချက်ပြုတ်ရေး၊ လုံခြုံရေးစတဲ့ဆပ်ကော်မတီ စတာတွေပါဝင်ပါတယ်။ လုပ်အားကို ပြည်သူ့တပ်မတော်သားတွေ သာမက ပန်ဆန်းမှာရောက်ရှိနေကြတဲ့ တပ်ပေါင်းစုအမျိုးမျိုးကရဲဘော်တွေနဲ့ ပန်ဆန်းမြို့နယ်ကော်မတီက တာဝန်ရှိသူ တွေနဲ့ ပန်ဆန်း တ၀ိုက်က ဒေသနေလူထုဆီက ယူကြရပါတယ်။
ကွန်ဂရက်ကိုကျင်းပတာက ၀နယ်တောင်ပိုင်း၊ ပန်ဆန်းမှာရှိတဲ့ ပြည်သူ့အသံတောင်ကုန်းပေါ်မှာ ဖြစ်ပါတယ်။ အကာ မပါတဲ့ ဧရာမတဲကြီးတလုံးကို ယာယီထိုးခဲ့တာပါ။ အကာမပါဘူးဆိုပေမဲ့ မိုးမပက်အောင်လို့ သက်ကယ်မိုးကို အင်မတန် နိမ့်တဲ့နေရာအထိ အဖီတွေချထားတာမို့ (ကွန်ဂရက်ကျင်းပချိန်က မိုးတွင်းကြီးပါ) ပုံမှန်တံခါးကမဟုတ်ဘဲ အမိုးအောက်က ၀င်ချင်ရင် ခါးကုန်း၊ ခေါင်းငုံ့ဝင်ရပါတယ်။ ပြည်သူ့အသံဝင်းရဲ့အ၀င်ပေါက်မှာတော့ အ၀ါရောင် တူတံဇင်ပုံကြီးကို ၀ါးနဲ့ ကပ်နဲ့လုပ်ပြီး မုခ်ဦးကြီးလိုဆင်ထားပါတယ်။ ဒီအောက်က ဖြတ်ဝင်သွားတယ်ဆိုရင်ပဲ ကွန်မြူနစ်တွေရဲ့ အခမ်းအနားကြီးတခုကို ၀င်သွားရတယ်လို့ ခံစားရစေပါတယ်။ ကွန်ဂရက်မှာတင်မယ့် စာတန်းတွေ၊ အထူးသဖြင့် အတွင်းရေးမှူး အစီရင်ခံစာကို ကွန်ဂရက်ကိုယ်စားလှယ်တွေဟာ အစုတွေခွဲပြီး တင်ကြိုဆွေးနွေးကြပါတယ်။ ဒီလို အင်မတန်နက်နဲတဲ့ အကြောင်းအရာတွေကို ရက်နဲ့ချီဆွေးနွေးရတဲ့ ကွန်ဂရက်ကိုယ်စားလှယ်တွေကို မငြီးငွေ့၊ စိတ်မပျက်အောင်လည်း တဘက်မှာ စီစဉ်ပေးရပါသေးတယ်။ ဒါကြောင့် ကွန်ဂရက်ကာလတ၀ိုက်၊ ပန်ဆန်းမှာ ဗော်လီဘောပြိုင်ပွဲတွေ၊ အဆို အကအဖွဲ့ဖြေဖျော်မှုတွေ၊ ရုပ်ရှင်ပြတာတွေဟာ နေ့စဉ်လို၊ တရက်ခြားလို ရှိခဲ့ပါတယ်။ ကွန်ဂရက်မတိုင်မီကတည်းက ဗဟို ၀ါဒဖြန့်ချိရေးဌာနတီးဝိုင်းကနေ ကွန်ဂရက်အကြိုသီချင်းတွေစပ်ထားခဲ့ပြီး အဲဒါတွေနဲ့ဖျော်ဖြေတာ၊ ပြည်သူ့အသံကနေ အသံလွှင့်တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဓာတ်ပုံပြပွဲဆိုပြီး ကွန်ဂရက် လှုပ်ရှားမှုတွေဓာတ်ပုံတွေ၊ မိတ္တူကူးပုံတွေကို ကိုယ်စားလှယ်တွေကိုရော တခြားလူတွေကိုပါ ပြသပါတယ်။ ဗော်လီဘောပွဲဆိုရင် တက်လာတဲ့ ကိုယ်စားလှယ်တွေထဲက အသင်း ၄ သင်းနဲ့၊ ပန်ဆန်းတ၀ိုက်မှာရှိတဲ့ နောက်တန်းဌာနတွေ၊ လူထုအဖွဲ့အစည်းတွေက အသင်း၉သင်း၊ စုစုပေါင်း ၁၃ သင်းတောင် ပြိုင်ကြတာပါ။
ကျွန်တော်က သတင်းနဲ့ပြန်ကြားရေးအဖွဲ့မှာ တာဝန်ကျပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ ကျွန်တော်အပါ မြို့ကလာတဲ့ ရဲဘော် ၅ ဦး ပါဝင်ပြီး ကျွန်တော်က တာဝန်ခံဖြစ်ပါတယ်။
![]() |
(၀ဲမှယာ- ရဲဘော်ကျော်မြ၊ ရဲဘော်မျိုးမြင့်၊ ရဲဘော်ဖေတင့်၊ ရဲဘော်သခင်ဗသိန်းတင်) |
ကော်မတီ၊ နိုင်ငံရေးဦးဆောင်မှု အဖွဲ့ဝင်ရဲဘော်ကြင်မောင်က အခမ်းအနားမှူးအဖြစ်တာဝန်ယူပါတယ်။ ဗဟိုကော်မတီ အစီရင်ခံစာကို ဥက္ကဋ္ဌသခင်ဗသိန်းတင်ကပဲ ဖတ်ကြားတင်သွင်းပါတယ်။ ကျွန်တော်တို့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့လေး ကတော့ စင်မြင့်ရဲ့အရှေ့က ထောင့်တထောင့်မှာ စာပွဲနှစ်လုံးနဲ့ထိုင်ရပါတယ်။ ဒီအဖွဲ့ကကွန်ဂရက်နဲ့ ကွန်ဂရက် ကိုယ်စားလှယ်များရဲ့လုပ်ကိုင်လှုပ်ရှားမှုတွေကို နေ့စဉ်ပဲသတင်းလွှာတွေထုတ်ပြီးဖော်ပြ၊ ဖြန့်ချိရပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့မှာ ကော်ပီယာမိတ္တူကူးစက်ရှိနေပြီမို့ အဲဒီသတင်းလွှာမှာ ဓာတ်ပုံတွေ၊ ကာတွန်းတွေပါ ပါဝင်ပါတယ်။
ဒီကွန်ဂရက်မှာ (၁) ဗဟိုကော်မတီရဲ့နိုင်ငံရေးအစီရင်ခံစာနဲ့ ပါတီဗဟိုကော်မတီရဲ့ပါတီဘဏ္ဍာရေးအစီရင်ခံစာတို့ကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး ဗဟိုကော်မတီအသစ်ကို ကိုယ်စားလှယ်များက မဲပေးပြီးရွေးခြယ်တင်မြှောက်ခဲ့ကြပါတယ်။ မဲတွေကိုလည်း အားလုံးရှေ့မှာပဲရေတွက်ပြီး ကျောက်သင်ပုန်းကြီးပေါ်မှာရေးပြပါတယ်။
တတိယကွန်ဂရက်မှာ ပြောစမှတ်ပြုလောက်တဲ့ ထူးခြားချက်တခုကတော့ ကွန်ဂရက်ကိုတနှစ်လောက် အချိန်ယူပြီး အကြိုဆွေးနွေးပွဲတွေ၊ တနည်း အောက်ခြေကွန်ဂရက်တွေကို စနစ်တကျလုပ်ခဲ့တာပါပဲ။ အဲဒီကွန်ဂရက်တွေကို တာဝန် ပေးထားတဲ့လူတွေ၊ တခါတလေ ဗဟိုကော်မတီလူကြီးတွေကိုယ်တိုင် သွားရောက်နားထောင်ကြပါတယ်။ အဲဒီလို တာဝန်ပေးခံရလို့ သွားကြီးမှူးကျင်းပ၊ ရှင်းပြသူတွေဟာ တက်ရောက်သူကိုယ်စားလှယ်တွေပြောတာတွေကို သေသေ ချာချာနားထောင်ယုံမက သေသေချာချာပြန်ဖြေကြ၊ ရှင်းပြတာလည်း တွေ့ရပါတယ်။ ဒီနယ်ကွန်ဂရက်ဆိုတာတွေက ၀နယ်မြောက်ပိုင်း၊ ၀နယ်တောင်ပိုင်း၊ ကျိုးတုံမြောက်ပိုင်း၊ ကိုးကန့်၊ ကျိုင်းတုံအရှေ့ပိုင်း စတဲ့ဒေသတွေ ဖြစ်ပါတယ်။ သက် ဆိုင်ရာဒေသမှာ ကြီးမှူးကျင်းပနိုင်တဲ့ခေါင်းဆောင် အဆင်မပြေရင် သက်ဆိုင်ရာစစ်ဒေသဗဟိုကနေ တာဝန်ယူ မယ့် ရဲဘော်တွေလွှတ်ပေးရပါတယ်။ တခါတလေ တနင်္သာရီတိုင်းက ရဲဘော်စောဟန်လို ဗဟိုကော်မတီ လူကြီးတွေလည်း အဲဒီလိုဆွေးနွေးပွဲတွေကို လိုက်သွားပြီး ပါဝင်ကူညီပါတယ်။
မှတ်လောက်သားလောက်ကတော့ ဒီကွန်ဂရက်မှာ နိုင်ငံရေးဦးဆောင်မှုအဖွဲ့ဝင်တွေက ရဲဘော်တွေရှေ့မှာ သူတို့ ကိုယ်သူတို့ ဝေဖန်ရေးလုပ်ပြတာပါပဲ။ ဥပမာဆိုရင် နိုင်ငံရေးဦးဆောင်မှုအဖွဲ့ဝင် ရဲဘော်ကျော်မြက သူ့အနေနဲ့ အရင် ပဲခူရိုးမ ဗဟိုကော်မတီမှာ မှားယွင်းတဲ့ ပါတီတွင်းအရေးယူမှုတွေလုပ်တော့ သူလည်းလိုက်ပြီးမှားမိတယ်ဆိုတာကို ၀န်ခံ ပြောပြတာနဲ့ ဗဟိုကော်မတီအဖွဲ့ဝင် (နောင်မှာ နိုင်ငံရေးဦးဆောင်မှုအဖွဲ့ဝင်) ဖြစ်တဲ့ ရဲဘော်ဖေသောင်းက လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းတုန်းက သူအလံနီထဲပါသွားတာ (နောက်တော့ ပါတီကိုပြန်ပြောင်းလာတယ်) မှားတဲ့အကြောင်း ၀န်ခံပြောဆိုတာ ဖြစ်ပါတယ်။
![]() |
(ကွန်ဂရက်ကာလတွင်ထုတ်ဝေခဲ့သော သတင်းလွှာတစောင်ရဲ့အဖုံး) |
ကွန်ဂရက်ကြီးက ရလိုက်တဲ့အသိတရားတွေထဲမှာ ပါတီလမ်းစဉ်၊ ပါတီလုပ်တို့အပြင် မျက်မှောက်ခေတ်နယ်ချဲ့စနစ် ပြဿနာနဲ့ ဗမာပြည်တော်လှန်ရေး ဒီရေမြင့်ရဲ့ ပြဿနာတို့အကြောင်း သက်ဆိုင်ရာခေါင်းဆောင်တွေက ရှင်းပြတာပါပဲ။ နက်ရှိုင်းတဲ့သဘောတရားကို လက်တွေ့နဲ့ယှဉ်နားလည်လိုက်ရလို့ အလွန်ကျေနပ်မိကြတာပါ။
ဒီလိုနဲ့ ကွန်ဂရက်ကြီးပြီးတော့ ကိုယ်စားလှယ်တွေ ကိုယ်တာဝန်ရှိရာကို တဖွဲဖွဲပြန်ကြပါတယ်။ လိုက်ပို့နိုင်သူတွေကိုလိုက် ပို့ကြ၊ နှုတ်ဆက်ကြနဲ့ ရှေ့လုပ်ငန်းတွေအတွက် စဉ်းစားရင်းအားတက်ကြရပါတယ်။ ဒါပေမဲ့…
ကွန်ဂရက်ကျင်းပခဲ့တဲ့ စင်မြင့်ကြီးနဲ့ စင်မြင့်ကြီး၊ နောက်ပြီး အ၀င်မုခ်ကြီးကို ပြန်ဖျက်ရတဲ့အခါမှာတော့ အင်မတန်မှ ၀မ်းနည်းခံစားမိတာကို မှတ်မိနေပါတယ်။
စတုတ္ထအကြိမ်မြောက် ပါတီကွန်ဂရက်ကို ဘယ်တော့မှများ ကျင်းပနိုင်မှာပါလိမ့်လို့လည်း တွေးနေမိတာပေါ့။
ဖိုးသံ (လူထု)
No comments:
Post a Comment