Friday, October 4, 2013

ချနင်းဖို့ အလှည့်ကျလာတဲ့ မြေစာပင်ခြောက်

စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့အစိုးရတက်လာအပြီး ဗမာပြည်မှာ ထုံ့ပိုင်းထုံ့ပိုင်း ဖြစ်ပွားခဲ့တဲ့ ဘာသာကိုးကွယ်မှု ကွဲပြားသူတွေကြား သတ်ဖြတ် မီးရှို့တချောင်းချောင်း ရန်ဆောင်မုန်းတီးပဋိပက္ခများအတွင်း လူနည်းစု အစ္စလာမ် ဘာသာဝင်တွေရဲ့ဆုံးရှုံးနစ်နာမှုက ပိုမိုကြီးမားခဲ့ပါတယ်။ ဒါဟာ သဘာဝကျပေတယ်။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့နိုင်ငံမှာ နင်လားငါလား တကယ်တမ်း ခံကြရကြေးဆိုရင် ဗုဒ္ဓ မကိုးကွယ်သူတွေက ထိပ်ဆုံးမှာ စီခနဲ ဝီခနဲ အလိုလို ဈေးဦးပေါက်လေ့ရှိစမြဲ။

မဆလ ဗိုလ်နေဝင်းတခေတ်လုံးနဲ့ ၈၈ ဒီမှာဘက် နှစ် (၂ဝ)ကျော်ကာလ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေလာကြတဲ့ ဘာသာမတူသူ သာမန်ပြည်သူတွေဟာ ဦးသိန်းစိန်အစိုးရ (၃) နှစ်အတွင်း အငြိုးးကြီးကြီးနဲ့ ရန်ဘက်များ အသွင်ဆောင်ကာ ဘာသာတူခြင်းမဟုတ်တဲ့ ရိုးရိုးရန်ပွဲပြဿနာတွေကတဆင့် အိမ်မီးရှို့ ရိုက်နှက်သတ်ဖြတ်မှုတွေ အထိ ဘီလူးသဘက်စီးနင်းသည့် အရိုင်းအစိုင်းများနှယ် ကျင့်ကြံလုပ်ဆောင်လာမှုတွေရဲ့ ကန့်လန့်ကာနောက်ကွယ်မှာ ကြိုးကိုင်သူ စီစဉ်ညွှန်ကြားသူ အုပ်စုတစုရှိကိုရှိနေပြီး ထိုဂိုဏ်းဟာ အာဏာရပါတီနဲ့ ဆက်စပ်နှီးနွယ်နိုင်တယ် ဆိုတာ ဗမာ့သမိုင်းစဉ်တလျောက် ဖြစ်ပွားလာခဲ့တဲ့ ဘာသာရေး အထိကရုဏ်းတွေကို လေ့လာစိတ်ဖြာနိုင်သူတွေ အများစုအနေနဲ့ အကျိုးအကြောင်းကျကျ လက်ခံနိုင်တဲ့ ကောက်ချက်တခုဖြစ်သလို လက်ရှိ အရပ်သားအစိုးရကိုလည်း ဒီဖြစ်စဉ်တွေ ဖြစ်ပေါ်ကြီးထွားလာအောင် သေသေဝပ်ဝပ် စနစ်တကျ သွေးထိုးအားပေးနေတယ်ဆိုပြီး ဝေဖန်မှုတွေ
ကျယ်ကျယ်လောင်လောင် ရှိခဲ့ပါတယ်။ ဒီဝေဖန်မှုများကို ဦးသိန်းစိန်အစိုးရဟာ ရဲရဲတင်းတင်း ခပ်ပြတ်ပြတ် မငြင်းဆိုနိုင်ခဲ့တဲ့အပြင် နောက်ကွယ်က ကြိုးကိုင်စီမံတဲ့ ဂိုဏ်းဆိုတာမျိုး မရှိပါဘူးလို့ ဖင်ပိတ်ခံမငြင်းတဲ့အပြင် ရံဖန်ရံခါ
အစိုးရကိုယ်၌က လေ့လာဝေဖန်သူများနဲ့ တလေသံတည်းထွက်ကာ နောက်ကွယ်က ကြိုးဆွဲသူတွေကို ရပ်တန်းကရပ်ဖို့နဲ့ အရေးယူဖော်ထုတ်ရမယ် ဆိုပြီးတောင် ချော်လဲရောထိုင်ချတတ်တာကို အထူးသတိပြုမိပါတယ်။

ပြီးခဲ့တဲ့ အဂါင်္နေ့က ရခိုင်ပြည်နယ် သံတွဲမြို့မှာ စတင်တောက်လောင်ခဲ့တဲ့ ဘာကိစ္စလဲလို့ မေးစရာကိုမလိုတော့တဲ့ ဗုဒ္ဓ - အစ္စလာမ် တိုက်ခိုက်သတ်ဖြတ် မီးတင်ရှို့ပွဲဟာ အရင်တောက်လျှောက်ဖြစ်လာခဲ့ဖူးတဲ့ ဒီ (၂) နှစ်တွင်းကာလ
ဘာသာကွဲကြား တိုက်ခိုက်ရန်ဆောင်မှု အသီးသီးနဲ့ မတူကွဲပြားမှုဟာ ဗမာပြည်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် သေဆုံးသူ အစ္စလာမ်ဘာသာဝင် အများစုပါဝင်ခဲ့တဲ့ ရခိုင်ဒေသကို ခြေချရောက်သွားချိန်နဲ့ ထူးထူးခြားခြား
တိုက်ဆိုင်နေတာဟာ အမှတ်တမဲ့ ပြုထားလို့မရတဲ့အကြောင်းအရာဖြစ်သလို နောက်ဆက်တွဲ ထွက်ပေါ်လာမယ့် အစိုးရရဲ့ကိုင်တွယ်မှုတွေကလည်း မိတ္ထီလာ လားရှိုး ဥက္ကံ အစရှိတဲ့ ပဋိပက္ခများအတိုင်း သတဝေမသိမ်း
ခြေရာနင်းမလားဆိုပြီး စိတ်ဝင်တစား စောင့်ကြည့်ခဲ့မိပါတယ်။

ဒီနေ့မှာတော့ ရဲဘက်ဆိုင်ရာ အကိုးအကားသတင်းတွေအရ လူ (၆) ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ သံတွဲ အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က သံသယရှိသူအချို့ကို ဖမ်းဆီးထိးသိမ်းထားရာမှာ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) သံတွဲမြို့ဥက္ကဋ္ဌ ဦးမောင်ပု၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအသင်းက ဦးသိန်းဝင်း ဦးသိန်းဇံနဲ့
လူ (၆) ဦးတို့ ပါဝင်ခဲ့တယ်လို့ ကြားသိရတဲ့အခါ ရုတ်တရက်အားဖြင့် ကျေနပ်စရာ အားရစရာ ခံစားမိပြီး “ကြိတ်လိုက်ကွ သိန်းစိန်ရ” လို့ ဘရာဗိုလုပ် လက်ခေါက်ထမှုတ်မတတ်ဖြစ်ချင်ပေမယ့် ကိုယ်ရှိန်သတ် စိတ်ဇောထိန်းချုပ်
သွေးအေးအေးနဲ့ တွေးကြည့်လိုက်တဲ့အခါ Dr အေးမောင် ခေါင်းဆောင်တဲ့ ရခိုင်လူမျိုး အခြေခံပါတီက မြို့နယ် ထိပ်တန်းနိုင်ငံရေးသမားနဲ့ ဗုဒ္ဓဘာသာ နဖူးစီး ခေါင်းစဉ်အောက်က ဘာသာရေးအသင်းကတက်ကြွသူများကို ဖမ်းဆီးစစ်ဆေး ထိန်းသိမ်းထားမှုတွေဟာ ပဋိပက္ခများကို ရိုးရိုးသားသား အဖြေရှာ ဖော်ထုတ်မှုဆီ လှမ်းဝင်လာတဲ့ ခြေလှမ်းလား (ဒါမှမဟုတ်) နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ ပြည်တွင်းက လေ့လာသူတို့ လူပြောသူပြောများနေတဲ့ နောက်ကွယ်က ကြိုးကိုင်စီမံနေတဲ့ ဂိုဏ်းဆိုတာ ဒင်းတို့ပါဘဲ လို့ လက်ညှိုးထိုး စွဲချက်တင်ကြရအောင်
ဇာတ်လမ်းပမာတခုအဖြစ် ဖန်တီးတာလား ဆိုပြီး ဒွိဟဖြစ်စရာကောင်းပါတယ်။ ဆက်စပ်စဉ်းစားစရာက လွန်ခဲ့တဲ့ (၁) နှစ်လောက်က ရခိုင်ဒေသမှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာအဖွဲ့ အစည်းတခုက အစ္စလာမ်ဘာသာဝင်အချို့ကို
ရခိုင်အရေးအခင်းဖြစ်ပေါ်ရာမှာ နောက်ကွယ်ကနေ ထဲထဲဝင်ဝင် ပက်သက်ခဲ့တယ်ဆိုပြီး ဖမ်းဆီးအရေးယူမှုမျိုးတွေ ရှိခဲ့တာနဲ့လည်း နှိုင်းယှဉ်ချိန်ဆဖို့ လိုပါတယ်။

ကြံ့ဖွံ့အစိုးရဟာ ဘာသာရေးတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးတိုင်းမှာ ဖမ်းဆီးစစ်ဆေး အရေးယူ ထောင်ချလေ့ရှိတဲ့အလုပ်ကို ဆက်တိုက်ဆိုသလို မပျက်မကွက် တက်တက်ကြွကြွ လုပ်ဆောင်လေ့ရှိပြီး ထောင်ချအရေးယူခဲ့တဲ့
တရားခံဆိုသူများထဲမှာ အစ္စလာမ်ကိုးကွယ်သူရော ဗုဒ္ဒကိုးကွယ်သူတွေပါ ထည့်သွင်းပါလာတာကို သတိပြုမိပါတယ်။ ရန်ကုန် အမေရိကန်သံရုံးကထုတ်ပြတ်ချက်လို အစ္စလာမ်ဘာသာဝင်တွေကို ပြစ်ဒဏ်ပိုချလေ့ရှိတဲ့ကိစ္စက
တရားမျှတမှုမရှိခြင်းဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ တိုင်းပြည်ဖြစ်လို့ မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ တရားစီရင်မှုလို့ ဆိုတာထက် နိုင်ငံရေးထောက်ခံမှု အခန်းကဏ္ဍကိုလည်း တွက်ချက်ဆုံးဖြတ်ရတဲ့ စီရင်ချက်များလို့ သံသယရှိနိုင်ပါတယ်။ သို့သော်ငြား ဘာသာရေး တိုက်ခိုက်သတ်ဖြတ်မှုတွေရဲ့နောက်ကွယ်မှာ အစိုးရရဲ့ အာဏာရပါတီအနေနဲ့ တိတ်တိတ်ပုန်း ပါဝင်ပက်သက်နေတယ်ဆိုတဲ့ အများသူငါ ယုံကြည်လက်ခံထားတဲ့စိတ်အစွဲကို လျော့ပါးကင်းပျောက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။ နှစ်ဘက်ဘာသာဝင်တွေကို သေဒဏ်ပေးပေး၊
နှစ်ရှည်ထောင်ချချ ဒီပဋိပက္ခတွေမှာ အစိုးရဟာ တစိတ်တပိုင်းအနေနဲ့ နောက်ကွယ်က ကြီးကြီးမားမား လက်သည်အဖြစ် ရှိကိုရှိနေဆဲလို့ သုံးသပ်သူအများစုက ယုံကြည်စွဲမှတ်ဆဲ ဖြစ်ပါတယ်။ တောင်သာ တပ်မတော်၊ စွမ်းအားရှင်နဲ့ ရဲတပ်ဖွဲ့ ဝင်တွေ “တို့လို့ ထိလို့” မရတဲ့ ကိုယ်ပျောက်အမည်မဲ့အဖွဲ့ အချို့ဟာ အစိုးရရဲ့ မျက်ကွယ်ပြု ဥပေက္ခာထား အထူးအခွင့်အရေးများနဲ့ နိုင်ငံတွင်းက ဘာသာရေးအခြေခံ မတည်မငြိမ်မှုမျိုးတွေကို လွတ်လွတ်လပ်လပ် ဖန်တီးစီမံ လုပ်ဆောင်နေတုန်းလို့ ခိုင်ခိုင်မာမာ ယူဆနေကြပါတယ်။

ဒီအခြေအနေမှာ သမ္မတ ဦးသိန်းစိန်ဟာ တိုက်ခိုက်မီးရှို့သတ်ဖြတ်မှုဖြစ်ပွားရာ ရခိုင်ဒေသကို ထူးထူးခြားခြား အရောက်သွားလို့ ရခိုင်ပါတီခေါင်းဆောင်နဲ့ အမျိုးဘာသာသာသနာသမား (၂) ဦးကို အဖမ်းအဆီး ပြလိုက်ခြင်းဖြင့်
ဗုဒ္ဓဘာသာဝင် မဟုတ်သူများဘက်ရဲ့ စိတ်ဝင်စားမှု၊ ချီးမွှမ်းထောပနာပြုမှု၊ ရန်ကုန်ကန်သံရုံးနဲ့ နိုင်ငံတကာ ဝေဖန်မှုတွေကို အသိအမှတ်ပြု ဘဝင်ကျအောင်၊ သက်သာကြေလည်အောင် လုပ်ဆောင်ပြလိုက်တယ်လို့ ယူဆပါတယ်။ ဒါ့အပြင် အစိုးရ ပစ်မှတ်ထားတဲ့အချက်က ဦးသိန်းစိန်အစိုးရလက်ထက် အစ္စလာမ်ဘာသာဝင်အများစု ထိခိုက်နစ်နာသေကြေဆုံးရှုံးရခြင်းရဲ့ အဓိကလက်သည် နောက်ကွယ်ကဂိုဏ်းဟာ ရခိုင်နိုင်ငံရေးပါတီနဲ့ အမျိုးဘာသာ
သာသနာအလံကို ခြုံအုပ်ထားသူတွေသာ ဖြစ်တယ်လို့ အပြစ်ပုံချလိုဟန်ရှိတယ်။ “ငါတို့ပါတီနဲ့လားလားမှ မဆိုင်” ဆိုပြီး ကိုယ်လွတ်ရုန်းထွက် ခေါင်းလွှဲလိုဟန်ရှိတယ်။ တကယ်တော့ ဒီရခိုင်နဲ့ ဒီအလံဟာလည်း စစ်အုပ်စုရဲ့ နိုင်ငံရေးတဏှာ
ရမ္မက်မီးရဲ့သားကောင်များဖြစ်ပြီး စစ်အုပ်စု ချနင်းတာကို အလှည့်ကျတဲ့အခါ  မနွဲ့စတမ်း အသုံးတော်ခံရရှာတဲ့ အရှို့ခံ မြေစာပင်ခြောက်တွေသာ ဖြစ်ပါတယ်။

အောင်မျိုးထွန်း

No comments: