Friday, October 18, 2013

သီတင်းကျွတ်နဲ့အတူ

တရုတ်သမ္မတ ရှင်ကျင့်ဖျင်က ကာချုပ်မင်းအောင်လှိုင်ကို ဝမ်းသာအဲလဲ တွေ့ဆုံနှုတ်ဆက်သည်ဟုသော သတင်းများကြောင့် မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များအကြား လှုပ်လှုပ်ရှားရှားဖြစ်သွားရတယ်။

သိရသည့် သတင်းကတော့ မျက်လုံးပြူးစရာပါ

ကာချုပ် မင်းအောင်လှိုင်ကို တရုတ်ပြည်လွှတ်လိုက်သူက ဦးသန်းရွှေပါ၊ လွှတ်ရခြင်းခေါင်းစဉ်တွေကတော့ ရှိမယ်လေ၊ အားလုံးကို ထုတ်ပြတဲ့ခေါင်းစဉ် တရုတ်စစ်တပ်အကြီးအကဲကဖိတ်လို့ပေါ့။ ဟိုရောက်တော့ ကာချုပ်မင်းအောင်လှိုင်ကို တခမ်းတနားနဲ့ ကြိုဆိုကြတယ်။ သူ့တို့နိုင်ငံက စစ်တပ်ပိုင်အထူးလေယာဉ်နဲ့ ဆက်ပြီးခေါ်သွားတယ်။ အဲဒီအထိက
သိပ်မဆိုးသောဘူး။

နောက်ပိုင်းတော့ စစ်တပ်ခေါင်းဆောင်တွေတင်မကတော့ဘူး၊ နိုင်ငံရေးခေါင်းဆောင်တွေကပါ ကာချုပ်ကို တရင်းတနှီး ဆက်ဆံလာတာတွေ့ရတယ်၊ တော်တော်လေးကို ရင်းရင်းနှီးနှီးဆက်ဆံတာတွေ့ရတယ်၊ ဆင်ဟွာသတင်းဌာနရဲ့ ထုတ်ပြန်ချက်တွေမှာလည်း ကာချုပ်မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ အထူးကိုယ်စားလှယ် တဦးအဖြစ် ဖော်ပြလာတယ်။

မြန်မာနိုင်ငံကိုယ်စား ဆုံးဖြတ်ခွင့်ရှိသူ တဦးအဖြစ်ပါ တဖြည်းဖြည်းဆွဲတင်ပြီး ဖော်ပြလာတယ်။

တရုတ်ကို ကာချုပ် စသွားတာ ၁၂ ရက်နေ့ပါ၊ ၁၆ ရက်နေ့လည်းရောက်ရော တရုတ်သမ္မတကိုယ်တိုင်က ထွက်တွေ့တော့တာပါပဲ။

ဒါက အတော့်ကို ဆိုးသွားပြီလေ၊ တရုတ်သမ္မတနဲ့တွေ့ဖို့က မူလအစီအစဉ်တွေထဲမှာ မပါဘူးလေ။ ပထမရက်တွေက ကာချုပ်ကို လေ့လာနေတုန်းထင်ပါရဲ့၊ မြန်မာပြည်က တရုတ်သံရုံးရဲ့ လျှို့ဝှက်သတင်းပေးပို့ချက်ကို စောင့်နေတာလည်း ဖြစ်နိုင်တာပေါ့။

ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်က ကာချုပ်မင်းအောင်လှိုင်ကို အရင်တပ်ချုပ် သန်းရွှေနေရာ အစားထိုးပြီး ဆက်ဆံလိုက်တာပါပဲ။ သံခင်းတမန်ခင်း ဒီပလိုမေစီ အရေးအခင်းတွေမှာ ထိတွေ့ဖူးတဲ့သူဆိုရင် ဒါမျိုး သုံးသပ်ကြမှာပါ။

အဲဒီမှာတင် နေပြည်တော် စစ်ရုံးထဲမှာ လှုပ်လှုပ်ရှားရှားတွေဖြစ်ကုန်တာပေါ့။

နေပြည်တော်မှာက စစ်တပ်နဲ့ စစ်ရုံးက တခြားစီလေ၊ တိုင်းစစ်ဌာနချုပ်ရဲ့ စစ်တပ်က ရထားလမ်း အနောက်ခြမ်းမှာ၊ စစ်ရုံးက ရထားလမ်းရဲ့အရှေ့ခြမ်းမှာ။

နောက်ပြီး နေပြည်တော်မှာ ၁၃ ရက်နေ့ ညက အရေးပေါ်စစ်ရေးလေ့ကျင့်မှုတခုကို လျှို့ဝှက်လုပ်ခဲ့သေးတယ်တဲ့။ အဲဒီ စစ်ရေးလေ့ကျင့်မှုက ဦးသန်းရွှေမိသားစုက သီးခြားစီစဉ်လိုက်တဲ့ စစ်ရေးလေ့ကျင့်မှုတဲ့၊ သတင်းတွေက အတည်ပြုဖို့ ခက်နေသလို မယုံဘူးဆိုပြီး ဂရုမစိုက်လို့လည်း မရတဲ့သတင်းတွေ ဖြစ်နေတယ်။

တရုပ်ပြည်ကလည်း ဦးသန်းရွှေနဲ့ ဆက်ဆံရေးသမိုင်းမှာ သိပ်အဆင်ပြေခဲ့တာမျိုး မဟုတ်ခဲ့ဘူးလေ။

တကယ်လို့ တရုတ်ပြည်က ကာချုပ်မင်းအောင်လှိုင်ကို စစ်တပ်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု မီးစိမ်းပြလိုက်ရင် ဒါကို ဦးသန်းရွှေက လက်ခံပြီး နေရာလွှဲပေးပါ့မလား။ ဦးသန်းရွှေက ကာချုပ်မင်းအောင်လှိုင်ကို ဆက်ပြီးယုံပါတော့မလား

ဦးသန်းရွှေက ဦးနေဝင်းလို လူမျိုးတောင် အသေသတ်နိုင်ခဲ့တာ၊ မောင်အေးလိုလူမျိုးကိုလည်း ကျောသပ်ထားနိုင်ခဲ့ပြီး ခင်ညွန့်လိုလူမျိုးကိုလည်း အသာအယာပဲ ထောင်ထဲတည့်နိုင်ခဲ့တာလေ။ ကာချုပ် မင်းအောင်လှိုင်လိုလူမျိုးက ဦးသန်းရွှေအတွက်တော့ ငချွတ်ကလေး ဖြစ်နေတာပေါ့၊ ဒါမျိုးအတွက် ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်နဲ့ သမီးတော်တွေအတွက်က ငါးအရိုးနွှင်ရလောက် မခက်ခဲ။

ဒါပေမယ့် အပြင်အခြေအနေတွေက ဦးသန်းရွှေအပေါ်အရင်လို မျက်နှာသာမပေးတော့၊ တပ်ထဲမှာ ဦးသန်းရွှေကို ထောက်ခံမှုတွေ ကျဆင်းနေသည်၊ အပြင်မှာလည်း ဦးသန်းရွှေတို့ မိသားစုကို မြန်မာတနိုင်ငံလုံးက အမြင်မကြည်၊ ဒီကြားထဲ ဦးခင်ညွန့်က စိန်ခေါ်သလိုနဲ့ မျက်နှာချင်းဆိုင်ဖြေရှင်းလိုသည်တဲ့၊ ပြောရမယ်ဆိုရင် ဦးသန်းရွှေ ကိုင်ထားတဲ့ သော့ချက်တွေက အရင်လောက် မခိုင်မာတော့။

ဦးသန်းရွှေအတွက် ခိုင်မာတဲ့ အခွင့်အရေးတွေ သိပ်မကျန်တော့ဘူးလို့ ပြောလို့ရနေတဲ့ အခြေအနေ။
ဒီတော့ ဦးသန်းရွှေ စဉ်းစားနေရပြီ၊ ဘာလုပ်ရင် ကောင်းမှလဲ။

လက်ရှိ ကာချုပ်မင်းအောင်လှိုင်ကို အစွယ်သိပ်မထွက်ခင် လူစားလဲမလား၊ အမေရိကန်မှာ နားအေးပါးအေး နေဖို့ ကမ်းလှမ်းလိုက်တော့မလား။ ကာချုပ်မင်းအောင်လှိုင် မပြန်လာခင် ဆုံးဖြတ်ချက်တခုခုကို ဦးသန်းရွှေ ပြတ်ပြတ်သားသား ချရတော့မည်။

ဦးသန်းရွှေ အကြံကို ရိပ်မိနေသော ထိပ်ပိုင်းခေါင်းဆောင်များအကြား ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ ဒီသတင်းကို မသေချာဘူးလို့ ထင်နေသူများ တိုင်းမှူးကတော်များဆီ အဘနဲ့ အမေကြီးကို သီတင်းကျွတ်ကန်တော့ရင်း တွေ့ချင်ပါတယ်လို့ ဆက်သွယ်ခွင့်တောင်းကြည့်ပါ။

တိုင်းမှူးကတော်က အရင်နှစ်တွေလို ရက်ချိန်းပေးမလား၊ နင်းအဘရော ငါရော မအားသေးလို့ ပြန်ပြောမယ်လို့ ဖြေမလား၊ စမ်းကြည်းကြပါလေ…။

Hawdeka Khalaylay

No comments: