Monday, November 4, 2013

အာဏာရှင်တွေသယ်လာတဲ့ မကူးစက်နိုင်တဲ့ရောဂါ

မကူးစက်နိုင်တဲ့ရောဂါတွေကြောင့် ဒီနေ့ကမ္ဘာမှာ လူတွေအများဆုံးသေဆုံးနေရတယ်လို့ ဆိုလိုက်ရင် အမှတ်တမဲ့ နားမလည်နိုင်ဘဲ ဖြစ်သွားမယ်လို့ ထင်ပါတယ်။ မှန်ပါတယ်။ ဒီအကြောင်းတွေနဲ့ အဆက်ပြတ်နေသူ၊ ဒါမှမဟုတ် စိမ်းနေသူ တယောက်အဖို့ နှစ်စဉ်လူ ၃၆ သန်းကျော် သေဆုံးနေရတဲ့ အကြောင်းရင်းလို့ကြားလိုက်ရရင် တကယ့်ကိုအံ့သြစရာ ဖြစ်သွားမှာပါ။ တကယ်တော့ ဒါဟာ ဒဗလျူအိပ်ခ်ျအိုခေါ် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းကြီးက ထုတ်ပြန်တဲ့ကိန်းဂဏန်း ဖြစ်ပါတယ်။ ကမ္ဘာ့နှစ်စဉ်သေဆုံးမှုရဲ့ ၆၀% ဖြစ်တယ်လို့လည်း
ဆိုပါတယ်။

ဒီနေ့ ကမ္ဘာ့ကျန်းမာရေးလောကမှာ လူတွေအထူးအာရုံစိုက်စရာဖြစ်လာတဲ့ ဒီပြဿနာကို အင်္ဂလိပ်လို NCD- Non Communicable Diseases လို့ ခေါ်ပါတယ်။ ဒီ အင်န်စီဒီ ခေါ် မကူးစက်နိုင်တဲ့ရောဂါစာရင်းထဲမှာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ပန်းနာ၊ ကင်ဆာအမျိုးအစားအများအပြား၊ ဆီးချို၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ အယ်လ်ဇိုင်းမားခေါ် လူအိုထုံန' တဲ့  ရောဂါ၊ မျက်စိတိမ်ကျခြင်း၊ အရိုးတွေကျွပ်ဆတ်လာခြင်း စတာတွေပါပါတယ် (တခြားအများကြီးရှိပါသေးတယ်)။

ဒီရောဂါနဲ့ ဒီပြဿနာကိုအလေးထားလာကြတဲ့ နောက်အကြောင်းရင်းတခုကတော့ ဒီရောဂါကြောင့် သေဆုံးသူတွေထဲမှာ နှစ်စဉ်လူ ၂၉ သန်း၊ တနည်း- သေဆုံးသူအားလုံးရဲ့ ၈၀% ဟာ ၀င်ငွေနည်းပါးတဲ့၊ အလယ်အလတ်တန်းဝင်ငွေသာရှိတဲ့ နိုင်ငံတွေမှာ တွေ့နေရတာကြောင့် ပါပဲ။ ဒီအထဲမှာ နှလုံးသွေးကြောပြဿနာဦးရေက (နှစ်စဉ်) ၁၇.၃ သန်းနဲ့ ထိပ်ဆုံးမှာရှိပြီး ကင်ဆာက ၇.၆သန်း၊ အသက်ရှူလမ်းကြောင်းပြဿနာက ၄.၂ သန်းနဲ့ ဆီးချိုက ၁.၃ သန်းဆိုပြီး စာရင်းထဲမှာပေါ်လာပါတယ်။ ဒီလေးမျိုးကပဲ အင်န်စီဒီ ရောဂါတွေကြောင့် သေဆုံးသူအားလုံးရဲ့ ၈၀% လောက် ရှိပါတယ်။

ခုလို လူသေစေနိုင်တဲ့ရောဂါတွေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းတွေထဲမှာ အသိသာဆုံးက ဆေးလိပ်သောက်ခြင်း၊ လှုပ်ရှားမှုနည်းပါးခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းနဲ့ ကျန်းမာရေးနဲ့မသင့်တော်တဲ့ အစားအစာတွေစားတာများခြင်းလို့ ဆိုပါတယ်။

ဒါတွေနဲ့တဆက်ထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးထုတ်ပြန်ခဲ့တဲ့ ဒီစာရင်းဇယားတခုကိုတော့ ဗမာပြည်သားတွေ စိတ်ဝင်စား၊ အာရုံစိုက်သင့်တယ် ထင်ပါတယ်။ အဲဒါကတော့ ၂၀၁၀ ခုနှစ်အတွင်းက ဗမာပြည်မှာ လူသေဆုံးမှု ၄၀% ကျော်ဟာ ဒီ အင်န်စီဒီ ခေါ် မကူးစက်နိုင်တဲ့ရောဂါတွေနဲ့ သေဆုံးခြင်းဖြစ်တယ်ဆိုတာပါပဲ။ ၁၉၉၀ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ် အကြားမှာ လေဖြတ်တာကြောင့် သေဆုံးရတဲ့နှုန်းဟာ သေဆုံးမှုအားလုံးရဲ့ ၂.၉% ကနေ ၆.၉% အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ နောက်ပြီး နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါတို့ကြောင့် သေဆုံးရသူနှုန်းဟာလည်း ဒီကာလအတွင်း နှစ်ဆလောက်ဖြစ်လာတယ်လို့ သိရပါတယ်။
ဒီကိန်းဂဏန်းတွေကို သာမန်ကြည့်လိုက်ရင်ပဲ ဒါဟာ ပုံမှန်ပြောင်းလဲတိုးတက်လာတဲ့ ရောဂါဖြစ်မှုနှုန်း၊ လူသေမှုနှုန်း မဟုတ်ဘူးဆိုတာ သိသာလှပါတယ်။ ဒီအပြောင်းအလဲတွေရဲ့နောက်ကွယ်မှာ ဘာအကြောင်းရင်းတွေရှိတယ်ဆိုတာကို တာဝန်ရှိသူတွေ အလေးထားဆန်းစစ်ကြ၊ တားဆီးကြ၊ ပြုပြင်ကြဖို့လိုပါပြီ။

ကျွန်တော်တို့ သိထားကြဖို့လိုတာက ဗမာပြည်ဟာ အရှေ့အာရှနဲ့ ပစ္စိဖိတ်ဒေသမှာ လူသားတိုးတက်မှုနှုန်း ဒုတိယ အနိမ့်ဆုံးဖြစ်တယ်၊ ငါးနှစ်အောက်ကလေးသူငယ် သေဆုံးမှုနှုန်းဟာ ဒီဒေသနဲ့တကမ္ဘာလုံးက ပျမ်းမျှနှုန်းထက်ပိုမြင့်တယ်၊ နောက်ပြီး တီဘီရောဂါ ဖြစ်ပွားမှုနှုန်းဟာဆိုရင် ဒီဒေသထဲက ပျမ်းမျှနှုန်းရဲ့ နှစ်ဆရှိပြီး တကမ္ဘာလုံးပျမ်းမျှနှုန်းထက် သုံးဆ တောင်ရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေက ဗမာပြည်ရဲ့ ဒီ “အပြောင်းအလဲ” တွေ အကြောင်းကို စူးစမ်းဆန်းစစ်ကြတော့ သူတို့တွေ့လာတဲ့အကြောင်းရင်းက နအဖ-န၀တနဲ့ လက်ရှိအစိုးရလက်ထက်မှာ ဒီနိုင်ငံအတွင်းကို ဒလဟော ၀င်ရောက်လာတဲ့ အရက်သေစာ၊ ဆေးလိပ်နဲ့ အချိုရည်လုပ်ငန်းကြီးတွေ ထွန်းကားတိုးပွားလာခြင်း ဖြစ်နေပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဒေ၀ါလီခံရလုနီးပါး စီးပွားတွေကျဆင်းနေတဲ့ ဒီလုပ်ငန်းတွေ၊ ကုမ္ပဏီတွေဟာ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေကို ပစ်မှတ်ထားပြီး ရင်းနှီးမှုတွေတင်ပို့နေတာ ကာလအတန်ကြာခဲ့ပါပြီ။ ဒီအခါမှာ ဗမာပြည်က ခေတ်ပျက်သူဋ္ဌေးဗိုလ်ချုပ်တွေ၊ ခရိုနီတွေနဲ့ အဲဒီကုမ္ပဏီတွေ လည်ချင်းယှက်ကြတာ ဖြစ်လာခဲ့ပါတယ်။ ဒီနိုင်ငံမှာက စက်ရုံတွေ၊ စားသောက်ကုန်တွေကို စိစစ်တဲ့၊ စောင့်ကြပ်ကြည့်ရှုတဲ့ ဥပဒေရောအဖွဲ့အစည်းတွေပါ နည်းတဲ့အပြင် အကပ်ကောင်းရရင် ဘာလုပ်လုပ်- လုပ်လို့ ရသလိုဖြစ်နေတော့ ဒီကုမ္ပဏီတွေအဖို့ အချိုရှာသကာတွေဖြစ်တာ မဆန်းပါဘူး။ ဒီလိုနဲ့ ဒီစစ်အာဏာရှင်လက်ထက်မှာပဲ သပြေခက်နဲ့ ငွေဖလားသင်္ကြန်ဟာ ဘီယာနဲ့ စီးကရက်သင်္ကြန်ဖြစ်သွားရတာ၊ တနိုင်ငံလုံးမှာ အရက်နဲ့ စီးကရက်ကြော်ငြာတွေကို ရှောင်မရဘဲဖြစ်နေတာ စတာတွေဟာ ဒီအချက်ကိုဖော်ပြနေတဲ့ အထင်ရှားဆုံး အမှတ်လက္ခဏာတွေလို့ဆိုရင် မမှားပါဘူး။ “အပြောင်းအလဲ” တခုကြောင့် “အပြောင်းအလဲ” တခုဖြစ်ရတဲ့သဘောပါ။

စာရင်းဇယားတွေအရဆိုရင် ဗမာပြည်က ရင်နှီးမြှုပ်နှံရေးကော်မရှင်ဟာ ၂၀၁၂ ခုနှစ် အလယ်ပိုင်းကနေစပြီး ကနေ့အထိ ကားလ်စဘာ့ဂ် အပါ (Heineken and Carlsberg) အရက်လုပ်ငန်းအသစ် ၆ ခု ကို တည်ထောင်ခွင့်ပြုခဲ့ပါတယ်။ ဒီအထဲမှာ ဇန်န၀ါရီလအတွင်း ခွင့်ပြုခဲ့တဲ့ ဖက်စပ်ကုမ္ပဏီ ၄ ခုလည်း ပါပါတယ်။ ၂၀၁၁ - ၁၂ ဘဏ္ဍာနှစ်အတွင်း ဗမာနိုင်ငံမှာ အခွန်အဆောင်ရဆုံးလုပ်ငန်းဟာ မြန်မာဘီယာလီမိတက် (Myanmar Brewery Limited) ဖြစ်တယ်ဆိုတဲ့အချက်ကို ကြည့်ရင်ပဲ အခြေအနေဟာ ဘယ့်ကလောက် ရင်လေးစရာကောင်းတယ်ဆိုတာ သိမြင်နိုင်ပါတယ်။

နောက်ဇာတ်လမ်းတခုကတော့ ဧရာမဆေးလိပ်ကုမ္ပဏီကြီးတခုနဲ့ ဗိုလ်ချုပ်တွေပလူးနေတဲ့ ကိစ္စပါ။ အဲဒါကတော့ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးဆေးလိပ်ထုတ်လုပ်ငန်းကြီးဖြစ်တဲ့ ဗြိတိသျှအမေရိကန် တိုဘက်ကိုးဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဗမာပြည်မှာ ဒေါ်လာသန်း ၅၀ တန်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး သူတို့ရဲ့စီးကရက်တွေထုတ်လုပ်၊ ဖြန့်ချိဖို့ စီစဉ်ခဲ့ပါတယ်။ သူတို့ရဲ့စက်ရုံကို ရန်ကုန်မြို့အပြင်နားမှာ ဆောက်မယ်လို့ဆိုပါတယ်။ ကမ္ဘာမှာ တတိယအကြီးဆုံးဖြစ်တဲ့ ဂျပန် တိုးဘက်ကိုးကုမ္ပဏီကြီးကတော့ ၂၀၁၂ ခုနှစ်အတွင်းမှာ ဖက်စပ်လုပ်ကိုင်ဖို့ စာချုပ်ချုပ်ဆိုထားပြီး တရုတ်ပြည်က အကြီးဆုံးစီးကရက်လုပ်ငန်းကလည်း ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ဖက်စပ်လုပ်ငန်းတခု စီစဉ်နေပါတယ်။

ကိုကာကိုလာနဲ့ ဖက်စပ်လုပ်ငန်းထူထောင်လိုက်တော့ တချို့က ဗမာပြည်ခေတ်မီလာပြီလို့ ကြွေးကြော်ချင်ကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒါကို ကမ္ဘာ့ကျန်းမာရေးလောကက စိတ်မသက်မသာ ဖြစ်ကြပါတယ်။ ဗမာပြည်မှာက ဒီလိုလာပြီး ရင်းနှီးမြှုပ်နှံတယ်ဆိုရင် ပထမငါးနှစ်မှာ အခွန်သက်သာခွင့်တွေပေးထားတော့ ကုမ္ပဏီတွေက သူတို့ရဲ့အထွက်ပစ္စည်းတွေကို ဈေးနည်းနည်းနဲ့ရောင်းချ၊ ပြည်သူတွေက ပိုမိုသုံးစွဲ၊ ရောဂါတွေပိုဖြစ် ဒီတတိယကမ္ဘာရဲ့သံသရာဆိုးထဲ တန်းဝင်သွားပါတော့တယ်။

တကယ်က အခုမှ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို တံခါးပိုဖွင့်ပေးတဲ့အစိုးရတရပ်အနေနဲ့ နိုင်ငံတကာကအတွေ့အကြုံတွေ၊ သင်ခန်းစာတွေ ယူမယ်ဆိုရင် ယူနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ကျိုးမှတပါး ဘာမှမရှိပြီလို့ ထုတ်မပြောရုံတမယ်ဖြစ်တဲ့ အာဏာရှင်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ ပုလင်းတူဗူးဆို့ခရိုနီတွေဟာ အဲဒီ အဆိပ်လုပ်ငန်းကြီးတွေဝင်လာတာကို အဝေးကြီးကနေ မီးစိမ်းပြ၊ လက်မထောင်ပြနေကြပါတယ်။

သေချာနေတာကတော့ ဒင်းတို့တတွေ ချမ်းသာရေးနဲ့ ငါတို့တတွေ ကျန်းမာရေးဟာ ထိပ်တိုက်ပဋိပက္ခဖြစ်နေတယ် ဆိုတာပါပဲ။ တခြားနိုင်ငံတွေမှာ ဒီလိုအဆိပ်ပင်ရေလောင်းနေတာတွေကို တားဆီး-ထိန်းချုပ်ဖို့ လူမှုအဖွဲ့အစည်းတွေ အမြောက်အမြားပေါ်ပေါက်ခဲ့၊ တည်ရှိနေပေမဲ့ ဗမာပြည်မှာ အခုအထိပေါ်မလာသေးတာဟာ စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒါ့အပြင် အဲဒီလိုအဖွဲ့အစည်းတွေကို ဖွဲ့စည်းလှုပ်ရှားခွင့် ပေးပါ့မလားဆိုတာလည်း စဉ်းစားစရာပါ။ အခုတော့ ဒင်းတို့က “အပြောင်အလဲ” ဆိုပြီး ဗလောင်းဗလဲလုပ်လေလေ ပြည်သူတွေအဖို့ ဆင်းရဲတွင်းသာမက သေတွင်းကိုပါတူးရသလို ဖြစ်နေပါတယ်။

ရဲဘော်ဖိုးသံချောင်း

နေ့သစ် http://naytthit.net မှ

No comments: