Monday, January 6, 2014

၂၀၁၄ ခုနှစ်ရဲ့ ပွဲကြီးပွဲကောင်း

ဒီနေ့ ဗမာပြည်ရဲ့ နိုင်ငံရေးမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေအကြပ်အတည်းဆိုက်နေတယ်” ဆိုတဲ့အသုံးအနှုန်းခေတ်စား နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက သူ့ဖာသာသူ တည်ရှိနေတာပါ။ အကြပ်အတည်းဆိုက်ရအောင်သူက လှုပ်ရရှားရတဲ့ သက်ရှိအရာဝတ္ထုမဟုတ်ပါဘူး။ အကြပ်အတည်းဆိုက်နေတာက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့
ပတ်သက်ပြီး ပြောဆို ငြင်းခုံ၊ နိုင်ငံရေးလုပ်နေကြသူတွေနဲ့ နိုင်ငံရေးပါတီတွေ ဖြစ်တယ်လို့ဆိုမှ ပိုမှန်ပါလိမ့်မယ်။

ဘာကြောင့် ဒီလိုအကြပ်အတည်းဆိုက်နေတာလဲ။

အဓိကအကျဆုံးအကြောင်းရင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ ကိုယ့်ရပ်တည်ချက်ကို တိတိ ပပ၊ ပြောင်ပြောင်တင်းတင်း ပြောရတော့မယ့်အချိန်ကို ရောက်လာလို့ ဖြစ်ပါတယ်။ ဒါဟာ လပိုင်းပဲလိုပါတော့တယ်။

ဒီနေ့ ဗမာပြည်နိုင်ငံရေးမှာ သိသာတဲ့ထူးထူးခြားခြား လက္ခဏာနှစ်ခု ရှိပါတယ်။ နံပတ်တစ်ကတော့ လက်ရှိနိုင်ငံရေး ပြဿနာအ၀၀ရဲ့ ဆုံချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဿနာ ဖြစ်နေတာပါ။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပဲဖြစ်ဖြစ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးပဲဖြစ်ဖြစ် ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မတော်မလျော်အချက်တွေကို မဖယ်ရှားဘဲ ဘယ်လိုမှ ထိရောက်အောင် မဖြေရှင်းနိုင်ပါဘူး။ ဒီမိုကရေစီရေး၊ ၂၀၁၅ ရွေးကောက်ပွဲ၊ တရားဥပဒေစိုးမိုးရေး စတဲ့ ကိစ္စတွေကတော့ ပြောနေဖို့တောင် မလိုပါဘူး။ ဒီတော့ ဒီနေ့နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးအင်အားစုတွေကို အဓိက စမ်းသပ်တော့မှာကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ဘယ်လိုသဘောထားသလဲဆိုတာ ပါပဲ။ ဒါကို နည်းနည်း ပိုပြီးအသေးစိပ်ပြောရရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအထဲက ဘယ်အချက်တွေ အပေါ်မှာ ဘယ်လိုသဘောထားသလဲ ဆိုတာပဲ ဖြစ်ပါတယ်။

လက်ရှိ ဗမာပြည်နိုင်ငံရေးရဲ့ ဒုတိယထူးခြားချက်က ဗိုလ်ချုပ်ကြီး သိန်းစိန်အရပ်သားအစိုးရရဲ့ “ဒီမိုကရေစီ” ကြောင့် ဗမာပြည် နိုင်ငံရေးသမားလောကမှာ ပြောဆိုတာမှန်သမျှဟာ တ၀က်ချန်ပြောတာချည့်လို ဖြစ်နေပါတယ်။ အစားအကုန် စား၊ စကားအကုန်မပြောနဲ့ ဆိုသလို ပြတ်ပြတ်သားသား ပြောတာကြားရခဲလှပြီး “ဒါပေမဲ့” တလုံးခံတဲ့ သံတမာန်ဆံဆံ ဝေ့လည်လည် စကားမျိုးတွေပဲ ကြားနေရလေ့ရှိပါတယ်။ ပြတ်ပြတ်သားသား အများဆုံးပြောကြတာဆိုလို့ အာဏာရနေတဲ့ ဗိုလ်မင်းအောင်လှိုင် လို လူနဲ့ ကြံ့ဖွတ်ပါတီက လူတွေလောက်ပဲရှိတာကို သတိထားမိပါတယ်။ သူတို့များကတော့ ‘ပြော လိုက်ရင် အပြတ်ချည့်ပဲ’ လို့တောင် ပြောရမလို ဖြစ်ပါတယ်။

သမတ ကို စစ်ဗိုလ်မှတပါး ဘယ်သူမှမဖြစ်နိုင်အောင်လုပ်ထားတာ၊ လွှတ်တော်ထဲကို စစ်ဗိုလ်တမတ်သားက သာလာ ယံဇရပ်ပမာ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရအောင် လုပ်ထားတာ၊ စစ်တပ်က အချိန်မရွေး “အာဏာသိမ်း” လို့ ရအောင် လုပ်ထားတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပါတဲ့အချက်တွေကို စစ်တပ်ကသဘောမတူဘဲ ပြင်လို့ဖျက်လို့ မရ အောင်လုပ်ထားတာ စတဲ့အချက်တွေကို အထင်အရှားသိရက်နဲ့ စစ်အစိုးရလို့မပြောနိုင်ဘဲ၊ ဒီမိုကရေစီလမ်းကိုတက်လှမ်း နေတာဖြစ်ပါတယ်လို့ နှစ်ပေါင်းများစွာ မျက်စိမှိတ် ပြောနေကြရတဲ့ ၀ဋ်က မကျွတ်ချင်ကြသေးဘူးလား။ 

အခုတော့ ဆင်ဝှေ့ရန်ရှောင်တွေ လုပ်လို့မရတော့ဘူး။ ဘူးဆိုဘူး၊ ဖရုံဆိုဖရုံ ရှင်းရှင်းပြတ်ပြတ် ပြောကြရပါတော့မယ်။ ဒီတော့ အကြပ်အတည်းတွေ့တော့တာပေါ့။

ဦးစွာအားဖြင့် ဗိုလ်သိန်းစိန်တို့အနေနဲ့ သူတို့တောင်းဆိုလို့ပေါ်လာတဲ့ “အကြံပြုချက်” သုံးသိန်းကျော် (သူတို့အဆို) ကို တုန့်ပြန်ရ၊ အဖြေပေးရတော့မယ်။ ရှင်းရှင်းပြတ်ပြတ် ပြောရတော့မယ်။ ဒေါ်စု ကို သမတ မဖြစ်နိုင်အောင် တမင်လုပ်ထားတာဖြစ်ကြောင်း အတည်ပြု ၀န်ခံရတော့မယ်။ အနည်းဆုံးတော့ “ဟုတ်တယ်ကွာ၊ ဘာဖြစ်သေးလဲ” ဆိုတာမျိုး ပြောရပါ တော့မယ်။ သူတို့ကတော့ ပြောဝံ့မှာပါ၊ သံသယရှိစရာမလိုပါဘူး။ သူတို့ပြောသမျှကို တံဆိပ်တုံးရိုက် အတည်ပြုပေးမယ့် “လွှတ်တော်ကြီး” ကလည်း အသင့်ရှိနေသကိုး။ 

ဒီအခါမှာ သူတို့တုန့်ပြန်ချက်တွေကို တခြားလူတွေ-အဖွဲ့အစည်းတွေက ဘယ်လိုတုန့်ပြန်မှာလဲ။ စစ်ဗိုလ်ချုပ်တွရဲ့ တုန့်ပြန်ချက်ဆိုတာက ကိုယ့် “အကြံပြုချက်” နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေရင် ဘာဆက်လုပ်မှာလဲ။ “ဒါဖြင့်လည်း ပြီးတာပဲဗျာ” လို့ ဆိုပြီး ပြုသမျှနု၊ ပုသွားမှာလား။

ဒီတော့ကာ ဒီနှစ်အတွင်း လွယ်လွယ်ပြောရင်ပဲ နိုင်ငံရေးအင်အားစုတွေကို စမ်းသပ်မှာ အဆင့်နှစ်ဆင့်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ပထမအဆင့်က ဘယ်အချက်တွေကို ဘယ်လိုတောင်းဆိုမှာလဲ ဆိုတာ။ နောက်တဆင့်က ကိုယ်တောင်းဆိုတာတွေကို ဗိုလ်ချုပ်တွေက ငြင်းပယ်လိုက်ရင် ဘာဆက်လုပ်မှာလဲ ဆိုတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့တင်ပြတယ်ဆိုတာဟာ ကံစမ်းမဲနှိုက်သလို ကိုယ့်အဆိုအောင်မြင်ရင်အမြတ်၊ မအောင်မြင်လည်းအရေးမကြီးဘူးလို့ လုပ်မရဘူးဆိုတာ သတိပြုသင့်ပါတယ်။

ပြင်ဆင်ဖို့တင်ပြတယ်ဆိုရင် စစ်ဗိုလ်တွေနဲ့ ကဏ္ဋကောစ ဖြစ်မယ့်အချက်တွေ တင်ပြ၀ံ့ပါ့မလား။ ဒါမှမဟုတ် ပြင်ဆင်ဖို့တင်တယ်ဆိုတဲ့ နာမည်လေးရယုံ အပေါ်ယံအချက်တွေပဲ တင်မှာလား။ အခုအခါမှာ စစ်အစိုးရနဲ့ ကြံ့ဖွတ်ပါတီတို့ကလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်သင့်တာတွေရှိတယ်၊ ပြင်ရမယ်လို့ပြောနေတာ မဟုတ်ပါလား။ ဒါပေမဲ့ သူတို့ပြင်မယ် ဆိုတာတွေက တိုင်းပြည်ကို စစ်အုပ်စုက ဆွေစဉ်မျိုးဆက် ချုပ်ကိုင်နိုင်အောင် ပြဋ္ဌာန်းထားတဲ့အချက်တွေကို ပြင်မှာမဟုတ်ပါဘူး။

ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားရတယ်ဆိုတာမှာ သာမန်အရပ်သားနဲ့ နိုင်ငံရေးသမားမတူပါဘူး။ သာမန်အရပ်သားကတော့ မတတ်သာလို့ဆိုပြီး သူနဲ့မဆိုင်သလို နေလို့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားဆိုသူကတော့ တာဝန်ရှိပါတယ်။ အရှုံးပေးပြီး ဒါကြီးနဲ့ ဆက်နှစ်ပါးသွားနေရင် အဓိပ္ပာယ်က တော်တော်ဆိုးပါတယ်။

ပြောရရင် ဇာတ်လမ်းတွဲက ရှည်မယ့်သဘောပါ။ နိုင်ငံရေးသမားတွေဘက်က ဘာလုပ်မလဲ။ အဲဒီလိုလုပ်လာရင် အရပ်ဝတ် စစ်အစိုးရက ဘာလုပ်မလဲ။ ဗိုလ်ဌေးဦး ပြောခဲ့တဲ့စကားအတိုင်း ကာလုံက အာဏာသိမ်းဖို့လိုတယ်ဆိုပြီး သိမ်းမှာလား။ သိမ်းရင် ဘယ်လိုတုန့်ပြန်မှာလဲ။

ဆရာဗန်းမော်တင်အောင် ပြောတဲ့ သမိုင်းကပေးလာတဲ့ တာဝန်ကြီးကတော့ နိုင်ငံရေးလောကသား အားလုံးရဲ့ ပုခုံးပေါ်မှာရောက်နေပါပြီ။ ဦးသိန်းစိန် စစ်အစိုးရကတော့ စစ်အုပ်စုအဆက်ဆက်က ပေးထားတဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ပါလိမ့်မယ်။ ကျန်နိုင်ငံရေးလောကသားတွေကရော- ဘယ်သူပေးတဲ့တာဝန်ကို ထမ်းမှာလဲ။ ဒါမှမဟုတ် ခေါင်းရှောင်မှာလား။

ရဲဘော်ဖိုးသံချောင်း

No comments: