Sunday, March 28, 2010
ဇာတိချစ်သူ
ဒီဇာတ်လမ်းက ခွေးမလေး တကောင်အကြောင်း ဖြစ်တယ်။
အော်… ဒီလူ့နှယ် ပြောစရာ အကြောင်း အရာရှားလို့ ခွေးမလေး တကောင်အကြောင်းများ ပြောရတယ်လို့ လို့ အပြစ်တင်မယ်ဆိုလည်း မ တတ်နိုင်ဘူး။ ဘာလို့လဲလို့ဆိုတော့ အဲဒီခွေးမ လေးတကောင်ရဲ့ ဇာတ်လမ်းက ပြောမှ ပြီးမယ့် ဇာတ်လမ်းမျိုး ဖြစ်နေတာကိုး။ မတတ်နိုင်ဘူး လေ။ ဇာတ်လမ်းက …
ကျောင်းဆရာလေး ကိုသီလ လက်ရှိနေထိုင်တဲ့ တဘက်နိုင်ငံက လူတွေ (ကျားကျား၊ မမ၊ ကလေး၊ လူကြီးမ ရွေး) ဟာ အစဉ်အလာ နဲ့ကို ခွေးဆိုတဲ့ အိမ်မွေးတိရိစ္ဆာန်ကို သိပ်ချစ်တာ။ သိပ်တန်ဖိုးထားပြီး တမြတ်တနိုး မွေး ကြတာ။ သူတို့မွေးထားတဲ့ ခွေးကလေးတွေ ဆိုရင် အိမ်ထဲ ခြံခတ်ပြီး တကယ့်ကို တယုတယမွေးတာ။ အစား အစာဆိုတာကလည်း ပြောစရာမရှိအောင် အဆင့်အတန်းရှိရှိ၊ တန် ဖိုးရှိရှိကိုမှ စနစ်တကျ ကျွေးမွေးတာ။ ရောဂါကာကွယ်ဆေးတို့ ဘာတို့ဆိုရင်လည်း မေ့သွားလို့တို့၊ နောက်ကျသွားတယ်လို့တို့ မဖြစ်စေ ရဘူး။ အချိန်နဲ့တ ပြေးညီ ကွက်တိဖြစ်နေရမယ်။ ကုန်ကုန်ပြောရရင် တိရိစ္ဆာန်အထူးကုဆရာဝန်တွေဟာ သူတို့နိုင်ငံမှာ သိပ်ကို အ လုပ်ဖြစ်တာ။ မကုရတဲ့နေ့ရယ်လို့ကို မရှိဘူးလို့ပြောရင် လွန်တယ်လို့ မထင်စေချင်ဘူး။
သူတို့နိုင်ငံ၊ သူတို့လူမျိုး၊ သူတို့မွေးထားတဲ့ ခွေးတွေနဲ့ သူတို့အရပ်၊ သူတို့ဇာတ် ဘာမှ မနာလိုစရာမရှိ။ ဘာမှ လည်းထူးပြီး ပြောစရာ မရှိပါဘူး။
အဲ… ခက်နေတာက ကိုသီလတို့လို တရားမဝင် ရောက်ရှိနေထိုင်နေရတဲ့ သူတွေဆီမှာ ဘယ်လိုအတိတ်ဘဝရဲ့ ပဋ္ဌာန်းဆက်ကြောင့် ကြုံရ၊ ဆုံရ၊ မွေးမြူရတဲ့ အထက်မှာ ပြောခဲ့တဲ့ ခွေးမလေးလို ခွေးကလေးတွေရဲ့ ဘဝကတော့ သူတို့ရဲ့ အိမ်မွေး ခွေးကလေးတွေ ဘဝ နဲ့ နှိုင်းယှဉ်ဖို့ရာ စိတ်ကူးမပြောနဲ့ အိပ်မက်ထဲတောင် ထည့်မမက်ရဲပါဘူး။ ကိုသီလတို့လို လူသားတွေတောင်မှ တရားမဝင် မျက်နှာ ငယ်နေရတာ၊ ကိုသီလတို့ကို အားကိုး တကြီး ရှင်သန်နေရတဲ့ ခွေးတွေအဖို့တော့ ဘာမှကို ပြောဖို့ မလိုတော့ဘူးပေါ့။
တခါက…
တခါကဆိုတာ မဝေးသေးတဲ့ လွန်ခဲ့သော လေး၊ ငါးနှစ်ကပေါ့။ ကိုသီလရဲ့မိတ်ဆွေ (မီဒီယာသတင်းစာသမား… ဒါလည်း တရားမဝင် သတင်းစာတိုက်ပေါ့နော်… သူများနိုင်ငံမှာကိုး) ဟာ ဆိုင်ကယ်ကို အနှေးဆုံး စီးလာရာကနေ အလှမွေး ခွေးလေးတကောင်က ခြံ ထဲကနေ ပြေးထွက်လာပြီး သူစီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်ပါလေရော။ မိတ်ဆွေဖြစ်သူကလည်း ဆိုင်ကယ်ဘရိတ်ကို အမြန်ညှစ် လိုက်နိုင်ပါတယ်။ ဆိုတော့ အဲဒီခွေးကလေးဟာ မိတ်ဆွေရဲ့ ဆိုင်ကယ်အဆီးဒင့်… မတော်တဆထိခိုက်မှု အနည်းငယ် ဖြစ်သွားတယ် ပေါ့ဗျာ။ ဒဏ်ရာက မပြင်းပါဘူး။ ကျိုးပဲ့သွားလောက်အောင်ကိုမဖြစ်ခဲ့ဘူး။ ဒါပေမယ့် ခွေးပိုင်ရှင်တွေက မိတ်ဆွေ ဆိုင်ကယ်သမားကို တရားမဝင် လာနေသူမှန်း သိသွားတယ်။ သူတို့စကားကို နားမလည်၊ မပြောတတ်ဖြစ်နေတာကိုး။ ဒီမှာတင် အော်ကြီးဟစ်ကျယ်နဲ့ ဒေါ ကန်တော့တာပါပဲ။ ဘေးက ခွေးပိုင်ရှင်ရဲ့သူငယ်ချင်း လူငယ်တွေကလည်း တုတ်တွေ၊ ဓားတွေနဲ့ ထွက်လာကြတာ… ဘယ်ပြော ကောင်းမလဲ။ ကိုသီလတို့နိုင်ငံက လက်ကိုင်တုတ် ကြံ့ဖွတ်တွေနဲ့ နင်လား ငါလားပေါ့။
အဲဒီတော့ ကိုသီလ မိတ်ဆွေခမျာ သူတို့စကားကို နည်းနည်းပြောတတ်တဲ့ ကိုယ့်နိုင်ငံသား တယောက်ရဲ့ ကူညီဆောင်မမှုနဲ့ ခွေးအ တွက် ဆေးဖိုးဝါးခနဲ့ လျော်ကြေးငွေကို သူတို့ စိတ်တိုင်းကျ ရှာဖွေပေးလိုက်ရတယ်။ တောင်းပန်လိုက်ရတာလည်း ထိုင်ရှိခိုးမတတ်ပါပဲ။ ဒီလိုနဲ့ ကိုသီလမိတ်ဆွေရဲ့ ပြသနာဟာ အဆုံးသတ်ခဲ့ရတယ်။
ထားပါလေ… အဓိကပြောချင်တဲ့ ခွေးမလေးရဲ့ ဇာတ်လမ်းကိုပဲ ဆက်ရအောင်ပါ။
လူရှိရင် ခွေးရှိတယ်ဆိုတဲ့ စကားအတိုင်း တနေ့မှာ ကိုသီလတို့ရဲ့ရိပ်သာကို ခွေးမလေးတကောင် အစာရှာရင်း ရောက်ရှိလာတယ်။ စားကြွင်းစားကျန်ကလေးတွေ ကျွေးရင်းကနေ အဲဒီ ခွေးမလေးဟာ ရိပ်သာကနေ မပြန်တော့ဘူး။ ပိုင်ရှင်လည်းမရှိတဲ့ တရားမဝင် ငတ်မွတ်နေတဲ့ ခွေးမလေးတကောင်ပေါ့ဗျာ။ မပြန်တော့လည်း နေပေါ့ဆိုပြီး ထမင်းကျန်၊ ဟင်းကျန်ကလေးတွေ ကျွေးမွေးလာခဲ့ရာက ခွေးမလေးဟာ ဆူဖြိုးလှပလာပြီး သတ္တဝါတို့ထုံးစံအတိုင်း သားသမီးများ ပွားစီးစည်ပင်လာတယ်။ အဲဒီမှာတင် ကိုသီလတို့ ရိပ်သာမှာ ခွေးကလေးတွေရော ခွေးကြီးတွေရော အကောင်ရေ ဒါဇင်ဝက်မက ရှိလာတယ်။ ကိုသီလတို့ကလည်း မရှိရှိတာကို မကျန်ကျန် အောင်ထားပြီး ကျွေးမွေးခဲ့တာပါပဲ။ တခုပဲ စိုးရိမ်တယ်။ လမ်းသွားလမ်းလာတွေကို သွားပြီး ကိုက်မိ၊ ဆွဲမိမှာကို။ အထူးသဖြင့် အိမ်ရှင် နိုင်ငံသားတွေ၊ ကလေးတွေကိုပေါ့။ သူတို့ လမ်းပြင်မထွက်အောင် ရိပ်သာတံခါးကို အလှည့်ကျ စောင့်စောင့်ပိတ်ရတာ အမောပေါ့။
ဒါနဲ့ တနေ့တော့ ကိုသီလတို့ စိုးရိမ်တဲ့ ပြသနာဟာ တည့်တည့်ကြီးကို တက်တော့တာပါပဲ။ ခွေးတကောင်က လမ်းသွားလမ်းလာ တ ယောက်ကို ထွက်ကိုက်လိုက်တယ်။ အကိုက်ခံရသူက လာတိုင်တယ်။ တော်သေးရဲ့… အကိုက်ခံရသူက သူလို၊ ကိုယ်လို တရားမဝင် ရောက်ရှိနေတဲ့ တနိုင်ငံထဲသား ဈေးသည်မ ဖြစ်နေလို့။ အကိုက်ခံရသူကို ဆေးရုံပို့ ရတာပေါ့ဗျာ။ ဒီမှာတင် မဆုံးဖြတ်ချင်တဲ့ ဆုံးဖြတ် ချက်ကို ချရတော့တယ်။ ပြဿနာမကြီးခင် အကောင်းဆုံးနည်းနဲ့ ဖြေရှင်းမှဖြစ်တော့မှာမို့ သူတို့ ခွေးမိသားစုကြီးကို ညပိုင်းမှာဖမ်းပြီး ဘုန်းကြီးကျောင်း ပို့ရတော့တယ်။ ဘုန်းကြီးကျောင်းဆိုတာကလည်း ကိုသီလတို့နိုင်ငံက ဘုန်းကြီးတချို့ သီတင်းသုံးနေတဲ့ ကျောင်း ပါ။ ဘုန်းကြီးကျောင်းဆိုတော့ သူတို့အတွက် ဝါးဒီးလည်းသိပ်မခက်ဘူး။ မေတ္တာဓာတ်တွေ လွှမ်းခြုံနေတဲ့နေရာမလား။ အဲ… တ ကောင်နဲ့ တကောင် အနိုင်ကျင့်တာတော့ ရှိမှာပေါ့လေ …။
အားလုံး စိတ်မကောင်း ဖြစ်ကြရတယ်။ နို့ … မတတ်နိုင်ဘူးလေ။ ဒီလိုမှ မစီမံရင် နောင်ဒီထက်ဆိုးတဲ့ ပြဿနာကြီးက ဆိုက်ရောက် လာမှာကိုး။ ကြာတော့လည်း တခါတခါ အမှတ်ရတာကလွဲလို့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြတယ်။ သူတို့ထဲမှာ ကိုသီလက တော ခွေးမဆိုတဲ့ ခွေးမလေးကို အချစ်ဆုံး။ တောခွေးမလို့ အမည် ပေးရတာကလည်း သူမက တောခွေးနဲ့ ဆင်တာကိုး။ ပုံကသာ တော ခွေးပုံစံဖြစ်နေတာ သူ့သဘာဝက ဟောင်လည်းမဟောင်၊ ကိုက်လည်းမကိုက် သိပ်အေး၊ သိပ်လိမ္မာတာ။
သူတို့ မိသားစုကို ဘုန်းကြီးကျောင်းပို့ပြီး တလကျော်ကျော် ကြာတဲ့အခါမှာပေါ့။
ကိုသီလတို့ရိပ်သာ အိပ်ဆောင်ရှေ့မှာ ခွေးမလေးတကောင် အမြီးလေးနှန့်လို့ ထိုင်နေတာကို အိပ်ဆောင်တံခါးအဖွင့်မှာ ရုတ်တရက် ဘွားကနဲ တွေ့လိုက်ရတယ်။ သေချာကြည့်မှ တောခွေးမ ဖြစ်နေတာကို သိလိုက်ရတယ်။ အဲဒီမှာတင် အိပ်ဆောင်ကလူတွေ အားလုံး တောခွေးမကို ဝိုင်းလာကြည့်ကြတယ်။ အဘက ချက်ချင်း စားစရာတွေ ပြင်ကျွေးတယ်။ တောခွေးမလေးခမျာမှာ အစားကို ကောင်း ကောင်းမစားနိုင်ဘူး။ သူ့ခမျာ ပျော်လွန်းလို့ အိပ်ဆောင်ကလူတွေကို တယောက်ချင်းလိုက်ပြီး လျှာနဲ့လျက် နှုတ်ဆက်ရင်း အလုပ်ရှုပ် နေတော့တယ်….။
ကိုသီလတို့ရိပ်သာနဲ့ တောခွေးမတို့ကို သွားပို့တဲ့ ဘုန်းကြီးကျောင်းဆိုရင် ဆိုင်ကယ်နဲ့သွားတောင် အနည်းဆုံး မိနစ်နှစ်ဆယ်၊ အစိတ် သွားရတာ။ လမ်းလျှောက်ရင်တော့ မပြောနဲ့တော့ပေါ့။ လမ်းမှာက နယ်စပ်မြို့သာဆိုတယ် ရန်ကုန်ရှုံးတယ်။ ကားတွေ၊ ဆိုင်ကယ် တွေက ဥဒဟိုသွားလာနေကြတာ။ ကိုသီလကိုယ်တိုင် ရိပ်သာကနေ အဲဒီဘုန်းကြီးကျောင်းကို တယောက်တည်းဆို ခုထိ မသွားတတ် သေးဘူး။
ကိုသီလ စဉ်းစားနေတာက တောခွေးမ ဘယ်လိုပြန်လာသလဲ။ ဒီနေရာဟာ တောခွေးမတို့လို တိရိစ္ဆာန်တွေ ကျွမ်းကျင်တဲ့ တောမ ဟုတ်ဘူး။ မြို့ …။ မြို့မှ မြို့ကြီးပြကြီး …။
ပြီးတော့ တောခွေးမက လူစကားလည်း ပြောတတ်တာမဟုတ်ဘူး။ သူတကောင်တည်း ပြန်လာတာကို ထောက်ရင် ဘယ်သူကမှ သူ့ ကိုပြန်ခေါ်လာတာ မဖြစ်နိုင်ဘူး။ ပြီးတော့ တောခွေးမအဖို့ ဘယ်သူ့ကိုမှ ဒူးထောက်အညံ့ခံပြီး ပြန်ပါရစေဆိုလို့ ပြန်လာတာလည်း မ ဖြစ်နိုင်ဘူးလေ။ သူ့ကိုမွေးတဲ့ ဇာတိရိပ်သာကို သူ့အား သူကိုးပြီး သူကိုယ်တိုင် တိုက်ပွဲဝင် ပြန်လာတာဖြစ်တယ်ဆိုတာ သေချာတယ်။
ကိုသီလရဲ့ တောခွေးမကြောင်း ပြောပြချက်တွေဟာ စိတ်ကူးယဉ်ဆန်တယ်ဆိုလည်း မတတ်နိုင်ဘူး။ ဒါပေသိ … ဒါဟာ တောခွေးမရဲ့ ပူပူနွေးနွေး တကယ့်အဖြစ်အပျက် ဖြစ်တယ်။
ကိုသီလတို့ ရိပ်သာမှာ ဇာတိကို ဂုဏ်သိက္ခာနဲ့ ပြန်လာတဲ့ တောခွေးမ ရှိနေတယ် …။
Labels:
ဝတ္ထုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment