Friday, October 22, 2010
မျက်စိတဆုံး
အခုတလော ငယ်ငယ်တုန်းက ကစားဖူးတဲ့ ကျားကစား ပွဲလေးတွေကို သတိသွားရမိနေ တတ်ပါတယ်။ ဖိုးဖိုးက အားရင် ကျားကွက်လေးတွေ ရွှေ့ပြီး တယောက်တည်း ကစား လေ့ ရှိပါတယ်။
ကျမကလည်း ကလေးသဘာဝ ဖိုးဖိုး လုပ်တာဆို အကုန် လိုက်လုပ်ချင် တတ်တယ်။ သတင်းစာဖတ်ရင်လည်း လိုက်ဖတ်ချင်တာပဲ။ ရေဒီယို နားထောင်လည်း လိုက်နားထောင်တာပဲ။ လူကြီးတွေနဲ့ စားပွဲဝိုင်းမှာ ထိုင်စကားပြောရင်လည်း ဝင်ထိုင်နားထောင်ပြီး အရိပ်လိုတကောက် ကောက် လိုက်နေတတ်ပါတယ်။ ဒီတော့ ကျားကွက်လေးတွေ ရွှေ့နေတာကိုလည်း စိတ် ဝင်စားမိပြန်ရော။
ဒီလိုနဲ့ တနေ့တော့ ကျမ ကျောင်းစနေစ အရွယ်လောက်မှာ ဖိုးဖိုးက ကျားကစားနည်း စသင်ပေးပါတယ်။ ကျမကလဲ ကြိုးစားပြီး သင်ယူပါတယ်။ မတောက်တခေါက်လေးတတ် လာတော့ ဖွားဖွားကို သွားစိန်ခေါ်ပြီး ကစားတယ်။ နိုင်သွားတော့ သိပ်ပျော်တာပဲ။ ဖွားဖွား ကမှ သေချာ မကစားတတ်တာကိုးနော်။ ဒီလိုနဲ့ ကိုယ့်ဘာသာကိုယ် အဟုတ်ကြီး ထင်ပြီး ဖိုးဖိုးကို စိန်ခေါ်တာပေါ့။ ဖိုးဖိုးနဲ့ ပွဲပေါင်းများစွာ ကစားဖြစ်တယ်။ တခါမှ မနိုင်ပါ ဘူး။ ကြာ တော့ စိတ်တိုလာရော။ စိတ်မရှည် သိပ်ဖြစ်တာပဲ။ ဒီတော့ ပြောလိုက်တယ်။ ဖိုးဖိုးက က စားပွဲကို ညစ်တယ်လို့။ ဒီလိုပြောတော့ ဖိုးဖိုးက ရယ်တယ်။
“မြေးလေးက ပွဲကစားတာ နိုင်ချင်စိတ်များပြီး လောနေတာကိုး။ ကျားကစားတယ်ဆိုတာ သေသေချာချာ ပြင်ဆင်ပြီးတော့မှ တကွက်ချင်းကို စဉ်းစဉ်းစားစားရွှေ့ရတယ်။ မျက် တောင်တခတ်ထက် မျက်စိတဆုံးကို ကြည့်တတ်ရတယ်”
လို့ ဆိုပါတယ်။ နောက်ပိုင်း ဖိုးဖိုး မဆုံးခင် နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာတော့ ကျမ နိုင်ပါ တယ်။ ဖိုးဖိုးက တမင် အရှုံးပေးသွားတာပါ။
အရွယ်ရောက်လာတော့ ကျမရဲ့ စိတ်ဝင်စားမှု အသစ်တွေကလဲ အများအပြား ပေါ်ထွက် လာခဲ့ပါတယ်။ ကျားကစားပွဲလေးတွေကို စိတ်ဝင်စားတတ်တဲ့ ကျမဟာ chess ထိုးတာ ကို စိတ်ဝင်စားလာလေ မလားလို့ နီးစပ်သူတွေက ထင်ကြပေမယ့် ကျမ တကယ်စိတ်ဝင် စားလာတာကတော့ စစ်ပွဲတွေနဲ့ နိုင်ငံတကာရေးရာတွေကိုပါ။ စစ်ပွဲတွေမှာ တဘက်နဲ့ တ ဘက် ဘယ်လိုအနိုင်ယူသွားကြသလဲ။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံအချင်းချင်း ဘယ်လို game တွေ အပြန်အလှန် ကစားကြသလဲ။ နိုင်ငံငယ်လေးတွေကို အင်အားကြီးနိုင်ငံတွေ က ဘယ်လို ကြိုးဆွဲလေ့ရှိကြသလဲ။ ဝါဒရေးရာ အားပြိုင်ပွဲတွေမှာ ဘယ်လိုကစားခဲ့ကြ သလဲ။ နိုင်ငံခေါင်းဆောင်နှစ်ယောက် လက်ဆွဲနှုတ်ဆက် နေချိန်မှာ သူတို့တွေ အမှန်တ ကယ် နောက်ကွယ်မှာ ကစားနေကြတဲ့ ဂိမ်းတွေက ဘာတွေ ဖြစ်နေမလဲ။ တော်လှန်ရေး နဲ့ ပဋိပက္ခတွေမှာ ပါဝင်ကြတဲ့ multi-players တွေအကြားမှာ ဘယ်လို အတွေးအခေါ် တွေ၊ ရည်မှန်းချက်တွေနဲ့ ဂိမ်းတွေ ကစားနေကြသလဲ။ စတာတွေကို အလွန်ပဲ စိတ်ဝင် စားလာ ခဲ့ပါတော့တယ်။
ဒီလိုနဲ့ လေ့လာနေရင်း တနေ့တော့ လန်ဒန်က ကျမသူငယ်ချင်း အိမ်မှာ ကျားကစားပွဲ လေးတခုနဲ့ သွားတိုးပါတယ်။ ကျမသူငယ်ချင်းကတဘက်၊ သူငယ်ချင်းရဲ့ မိတ်ဆွေက တဘက် အပျင်းပြေ ကျားကစားနေကြတာပါ။ သူငယ်ချင်းက လာထိုင်ကြည့်ဖို့ ခေါ် တယ်။ သူတို့က ကောဇောပေါ်မှာ ထိုင်ကစားနေပြီး၊ ကျမက ဆိုဖာပေါ်မှာ ထိုင်နေတာ ဆိုတော့ ကျားကွက်တွေကို အတိုင်းသား မြင်နေရပါတယ်။ နှစ်ဘက်စလုံးက ရွှေ့နေတဲ့ ကျားကွက် တွေကိုပါ။ သူက အရမ်းလောတာပဲ။ ကျမ ဖိုးဖိုးနဲ့ ကစားတုန်းက နိုင်ချင် စိတ်များပြီး လောနေသလိုမျိုးပါ။ အနာခံပြီး ဇွတ်တိုးနေတာပဲ။ ဒီတပွဲတော့ နင့်ကို အနိုင် ကစားမယ်ဆိုပြီး ပါးစပ်ကလည်း ခဏခဏ ပြောနေသေးတယ်။ နောက်တော့ ရှုံးသွား ရော။ ဒီလိုနဲ့ အဲလိုပွဲ တွေများလာတော့ ကျမ မနေနိုင်တော့ဘူး။
“မီးဖိုထဲ ခဏ လိုက်ခဲ့စမ်းပါ။ မုန့်ကျွေး”
ဆိုပြီး သူငယ်ချင်းကို မီးဖိုထဲ လက်တို့ ခေါ်သွားရတော့တယ်။ အထဲရောက်တော့ ပြော တယ်။
“နင်သိပ်လောနေပြီ။ နိုင်ချင်စိတ်များပြီး ဒီပွဲတော့ နိုင်မယ်လို့ ခဏခဏ ပြောနေတာက ကြာလေ၊ ကြာလေ နင့်ကို ထိခိုက်လာနေတယ်။ auto-suggestion လုပ်တယ်ဆိုတာက ဘဝနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်တွေမှာ လုပ်ဖို့ပဲ လိုအပ်တာ။ ဒီလို ဂိမ်း တွေမှာ လုပ်နေလို့ မရဘူး။ ပြင်ဆင်မှု၊ ကျွမ်းကျင်မှု၊ တဘက်ရဲ့ အရည်အချင်း ဆိုတာ တွေကိုလည်း ထည့်ပြီး စဉ်းစားရသေးတယ်။ ပြီးတော့မှ ဖြစ်နိုင်ချေကို တွက်ရတယ်။ အဲ လို မဟုတ်ဘဲ နိုင်မယ်ဆိုတာ ခဏခဏပြောပြီး လုပ်နေတော့ နင့်ဘာသာနင် လောနေ အောင် တွန်းနေသလို ဖြစ်လာတယ်။ ပုံမှန် စဉ်းစားဥာဏ်တွေ ပျောက်ကုန်တယ်။ နိုင် ချင်စိတ်က များလာလေလေ၊ အမှားတွေ လုပ်မိလေလေ။ ရှုံးလာလေလေပဲ။ ကြာတော့ နိုင်ရမယ်လို့ ပါးစပ်က ပြောနေပေမယ့် နင့်ဘာသာနင်လည်း ယုံကြည်ချက် နည်းလာ တယ်။ ဘေးက ကြည့်နေတဲ့ လူတွေကလဲ ဒါတွေကို မသိဘူး မထင်နဲ့။ နင်ဘယ်လောက် ပြောနေနေ နင်ပြောတာကို ဘေးကလူတွေကလည်း မယုံတော့ဘူး။ နင့်ဘာသာနင် လည်း မသေချာတော့ဘူး ဖြစ်လာနေတယ်။ ကျားကစားတယ်ဆိုတာ မျက်စိတဆုံးကြည့် ရတယ်ဟ။ မျက်တောင်တခတ်တည်းကြည့်ရင် အမှားပါတတ်တယ်”
လူရင်းတွေမို့ ကျမကလည်း အားမနာတမ်းဘဲ ပြောပါတယ်။ သူကလည်း အားမနာတမ်း ပြန်ပြီး ပြောပါတယ်။
“သူ့ကိုက တော်လွန်းတာလဲ ပါပါတယ်ဟာ။ မယုံရင်နင်ကိုယ်တိုင် ဝင်ကစားကြည့်ပါ လား။ နင်နိုင်ရင် ချိုင်းနားတောင်းမှာ ဘဲကင်လိုက်ကျွေးမယ်။ ဘေးကထိုင်ပြီး ပြောမနေ နဲ့” တဲ့။
“နင်တို့က မိတ်ဆွေတွေလေ။ အပျင်းပြေကစားနေကြတာ။ ငါနဲ့ သူနဲ့က ခုမှ မြင်ဖူးတာ။ ငါကလဲ နင်တို့ကစားပွဲမှာ နင့်နေရာက ဝင်ကစားဖို့ အဆင်မပြေနိုင်သလို၊ သူ့ဘက်ကလဲ နင်နဲ့ အပျော်ကစားနေတာကို သူစိမ်းတယောက်က ဝင်ပြီး အနိုင်အရှုံးစိတ်နဲ့ ဝင်ကစား တာကို ကြည်ဖြူမှာ မဟုတ်ဘူး။ ငါ့ကို နင်လို့ အသိအမှတ်ပြုမှာလဲ မဟုတ်ဘူး။ နင်တို့နှစ် ယောက်လုံးမှာ တယောက်ကိုတယောက် အသိအမှတ်ပြုထားတဲ့ role တွေ ရှိတယ်လေ ဟာ။ အဲဒါကို ငါဝင်စီးလို့ မရဘူး။ ဒီလိုပြောလို့ ငါက သူ့ကို ကြောက်လို့ မဟုတ်ဘူးနော်။ တချိန်မှာ ငါနဲ့ သူနဲ့ တယောက်ကိုတယောက် အသိအမှတ်ပြုမိပြီး ကစားပွဲတော့ ရှိချင်ရှိ လာဦးမှာပေါ့ဟာ။ အဲလိုဆိုရင်တော့ ပဝါ မကူစတမ်းပေါ့။ ခုတော့ ငါမပါချင်ဘူး။ ဒါပေ မယ့် နင်က ငါ့သူငယ်ချင်း ဖြစ်နေတော့ ငါဘက်လိုက်နေမိတယ်။ နင့်ကို နိုင်စေချင်မိ တယ်လေ။ တခါ ငါကလည်း ကျားကစားနည်းတွေ၊ ကျားကွက်ရွှေ့နည်းတွေကို မသိရင် တော့လည်း တမျိုးပေါ့ဟာ။ သိတော့လည်း မချင့်မရဲဖြစ်မိ၊ ပြောဆိုမိတာပေါ့။ သူငယ် ချင်းဘက်က ဘက်လိုက်လိုစိတ်၊ ကစားနည်းကို သိနေတဲ့ အသိဥာဏ်နဲ့ ငါနင့်ကို သတိ ပေးတာပါ။ နင့်ကို အသုံးမကျဘူးလို့ နှိမ်နေတာမဟုတ်သလို၊ ငါသိတယ်၊ ငါတော်တယ် လို့ ပြောနေတာလည်း မဟုတ်ဘူး။ နင့်ဘက်ကသာ ဘက်မလိုက်ဘူးဆိုရင်လည်း ငါနဲ့ အနေသာကြီး နော်”
ကျမသေချာရှင်းပြလိုက်တော့ ဘေးထိုင်ဘုပြောလုပ်နေတယ်ထင်ပြီး ပြန်ရန်တွေ့တဲ့ သူ ငယ်ချင်းက ငြိမ်သွားပါတယ်။ သူ့ထုံးစံအတိုင်း မျက်နှာလေးကို ဖြီးပြတယ်။
“အင်း။ ဒီလိုဆိုရင်တော့လဲ နင်ဝင်မကစားပေမယ့် ငါ့ကို အကြံကောင်းပေးတဲ့အတွက် ဘဲကင်လိုက်ကျွေးပါမယ်” တဲ့။
အဲဒီနေ့က ဆက်လဲ မကစား ဖြစ်တော့ပါ။
သူ့မိတ်ဆွေကို နိုင်ချင်ဇောနဲ့ ရှုံးတာပါလို့ ပြောလိုက်ပြီး ပွဲရပ်လိုက်ပါတယ်။ ပြီးတော့မှ အားလုံးတူတူ ချိုင်းနားတောင်းကို သွားဖို့ အကြံပြုပါတော့တယ်။
အဲဒီနေ့ညက ဘဲကင်ကလဲ စားလို့ ကောင်းလိုက်ပါဘိ။
နောက်ပိုင်းမှာ ကျမကလဲ တခြားမြို့ငယ်လေး တခုကို အလုပ်တာဝန်နဲ့ ပြောင်းသွားပြီး၊ သူကတော့ သူ့မိဘတွေရဲ့ စီးပွားရေး လုပ်ငန်းကို ပြန်လုပ်ပါတယ်။ ဝေးလံတဲ့ နိုင်ငံနှစ်ခု မှာ ကိုယ်စီကိုယ်စီ အလုပ်တွေ ရှုပ်နေကြရင်း တနေ့တော့ သူနဲ့ ဖုန်းအဆက်အသွယ်ရ ပါတယ်။
“ဟဲ့။ နင်ပြောတဲ့ မျက်စိတဆုံးကြည့်ရမယ် ဆိုတဲ့ စကားက အဖိုးတန်တယ် သိလား”
“ငါပြောတာ မဟုတ်ပါဘူးဟာ။ ရှေးလူကြီးတွေရဲ့ စကားကို ငါ့အဖိုးက တခါ ပြန်ပြီး ငါ့ကို ပြောခဲ့တာပါ”
“ဘာပဲဖြစ်ဖြစ်ဟာ။ ကြားဖူးသလိုရှိပေမယ့် နင်ပြောမှ ငါပြန်သတိထားမိတာ။ နင့်ကို ကျေးဇူးတင်တယ်”
“ဘာလဲ။ နင်ကျားကစားတာ နိုင်လို့လား”
“မဟုတ်ဘူးဟေ့။ စီးပွားရေး လုပ်ငန်းတွေမှာ အောင်မြင်လို့ အဖိုးတန်တယ် ပြောတာ။ စီး ပွားရေးမှာ ပြိုင်ဘက်တွေပေါ်လာရင် ငါတော့ ကျားကစားဘက်လိုပဲ သဘောထားလိုက် တယ်။ မျက်တောင် တခတ်ကို မကြည့်ဘဲ မျက်စိတဆုံးကြည့်ပြီး ဘယ်လို ဒေါက်ဖြုတ်ရမ လဲဆိုတာ သေချာတွေးတယ်။ နိုင်ချင်စိတ်ကို မလောဘဲ သွေးအေးအေးနဲ့ အနိုင်ပိုင်းနိုင် မယ့် အချိန်ကို စောင့်ကြည့်တယ်။ ခု ငါ တော်တော် အောင်မြင်နေပြီဟ။ နင်ရှယ်ယာ ထည့်မလား။ ပြန်လာမလား။ ငါတို့နှစ်ယောက်ပေါင်းပြီး စီးပွားရေးကျားကွက်တွေ ရွှေ့ကြ တာပေါ့”
“ဗုဒ္ဓေါ”
ကျမလဲ တအံ့တသြနဲ့ ဘုရားတမိပါရဲ့။ ဘာပဲဖြစ်ဖြစ် ကျမရဲ့ သူငယ်ချင်းလေးက စီးပွား ရေးမှာ အောင်မြင်နေတယ်ဆိုလို့ ဝမ်းသာရပါတယ်။ သူငယ်ချင်းလေးရယ် … သတိရလိုက်တာ။
Labels:
ဝတ္ထုတို
Subscribe to:
Post Comments (Atom)

No comments:
Post a Comment