Wednesday, December 1, 2010

မေတ္တာတရား ရှာပုံတော်

(၁) “မေမေ ဒီနေ့အားလားဟင်”
“မအားဘူး သမီးရဲ့၊ မေမေ သွားစရာရှိတယ်”
“မေမေကလဲ အမြဲတမ်း အလုပ်တွေနဲ့ ပြည့်နေတာချည်းပဲ”

“ဒီနေ့က အစည်းအဝေးရှိလို့ပါ သမီးရယ်။ သမီး ဘာလုပ်ချင်လို့လဲ”
“မေမေနဲ့တူတူ မုန့်သွားစားမယ်လေ။ —– ဆိုင်က ဖက်ထုပ်ကြော်က အရမ်းကောင်း တာ မေမေရ”
“မုန့်သွားစားတာပဲ သမီးရယ်။ သူငယ်ချင်းတွေနဲ့ သွားစားလေ။ သမီးက ကိုးတန်း ကျောင်းသူကြီးတောင် ဖြစ်နေပြီပဲ။ ကိုယ့်ဘာသာကိုယ် ပိုက်ဆံကို ကိုင်သုံးလို့ ရနေပြီပဲ ဟာ။ ဘာလဲ- ဖွားဖွားဆီက မုန့်ဖိုးမတောင်းရသေးလို့လား။ ရော့- မေမေ့ဗီဒိုသော့။ ကြိုက်သလောက်ယူသွား”
ဖက်ထုပ်ကြော်စားပြီးရင် ရုပ်ရှင်သွားကြည့်ရအော်နော် ဆိုသောစကားကို ဆက်ပြောဖို့ မြတ်နိုးမှာ အင်အားမရှိတော့။ သော့လေးကိုင်ပြီး ငိုင်နေမိချိန်မှာ မေမေက သူမဘေးက နေ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
စိတ်ညစ်ညစ်ဖြင့် မေမေ့ဗီဒိုကို ဖွင့်ပြီး အံဆွဲထဲမှ ငွေစက္ကူအုပ်များကို စိတ်ပျက်စွာ ကြည့် နေမိသည်။
တော်တော်ရှုပ်တဲ့ စက္ကူစုပ်တွေပဲ။ သားအမိကြားက မေတ္တာတရားတွေကိုတောင် ဝင်ရှုပ် နေသေးတယ်။ မေမေကလဲ သူ့နား ကပ်လိုက်တာနဲ့ ငွေတောင်းဖို့ပဲ ထင်နေတယ်။ ဒုက္ခပါလားနော်။
သူမ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
(၂)
“မေမေရေ၊ ရှေ့လကျရင် သမီးဆယ့်ရှစ်နှစ် ပြည့်ပြီနော်။ သမီးကို မွေးနေ့လက်ဆောင် ပေးရမယ်”
“စိတ်မပူပါနဲ့ သမီးရယ်။ မေမေ့သမီးလေးကို မွေးနေ့လက်ဆောင်ပေးဖို့ အားလုံး ပြင်ဆင် ပြီးသား”
သမီးက ဘာလိုချင်လို့လဲ လို့ မေးလာခဲ့ရင် မေမေနဲ့အတူ ချောင်းသာ အလည် သွားချင် တယ်လို့ ပြောဖို့ အားခဲထားခဲ့ပေမယ့် မေမေပြန်ပြောတဲ့ အသံမှာက လေးနက်မှုတွေ ပါနေတာမို့ သူမ တိတ်တိတ်လေးပဲ နေလိုက်တော့သည်။ ကျောက်ခဲစုတ်တွေလို့ သူမ ခေါ်ဝေါ် သုံးစွဲတတ်သော ဖြူနီပြာဝါ အရောင်မျိုးစုံသည့် ရတနာ ပစ္စည်းတမျိုးမျိုးပဲ ဖြစ် လာဦးမှာပါဟု စိတ်ညစ်ညစ်နှင့် တွေးလိုက်မိသည်။
တကယ်တမ်း ဆယ့်ရှစ်နှစ်ပြည့်တဲ့နေ့မှာကျတော့ သူမမျက်စိရှေ့ရောက်လာတာက ကျောက်ခဲစုတ်တွေ မဟုတ်။ လူတွေ ဖြစ်နေပြန်သည်။
“သမီးလေးက သိပ်ကံကောင်းတာပဲ”
မေမေ့ မိတ်ဆွေ အငြိမ်းစားတရားသူကြီး တယောက်ရဲ့ ဇနီးသည် အန်တီကြီးက ပြော သည်။ သူမကတော့ ဘာကို ကံကောင်းမှန်းမသိလေတော့ အလိုက်အထိုက် ခေါင်းငြိမ့် ပြီး သွားဖြီးပြ လိုက်ရသည်။ များမကြာခင် မေမေ့မိတ်ဆွေ ရှေ့နေတယောက် ရောက် လာပြန်သည်။ ဒီတော့မှ သဘောပေါက်သည်။ မေမေ့မွေးနေ့လက်ဆောင်က အမွေ ဆက်ခံပိုင်ခွင့်နှင့် ဆိုင်သော စာချုပ် စာတမ်းများ။
ဧည့်သည်တွေ ပြန်သွားတော့ စိတ်ညစ်ညစ်နှင့် ဖွားဖွားအခန်းထဲ သွားထိုင်နေဖြစ်သည်။
“ရော့- မြေးလေး”
“ဘာလဲဟင် ဖွားဖွား”
ဖွားဖွားက မြကို စိန်များ ဝိုင်းထားသော လက်စွပ်ကို သူမလက်မှာ လာစွပ်သည်။
“ဒီမြလက်စွပ်က ဖွားဖွားတို့ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာတဲ့ ပစ္စည်း။ မြေးလေးကို မွေးနေ့လက်ဆောင်ပေးတာ”
ဖွားဖွား အခန်းထဲက မီးရောင်အောက်တွင် ပြိုးပြိုးပြက်ပြက် တောက်နေသော လက်စွပ် ကြီးကိုကြည့်ပြီး သူမမှာ ငိုရက်ခက်၊ ရီရခက်။
(၃)
“သမီးဆီ ဖေကြီးလာတယ်။ ပျော်လိုက်တာ”
ငယ်ငယ်ကတည်းက မိဘတို့ကြားက မာနတရားတွေကြောင့် ကွဲကွာသွားခဲ့သော ဖေ ကြီးကို တွေ့ဖို့ ဆိုပြီး ဖေကြီးရှိရာမြို့သို့ သူမ တကူးတက လိုက်သွားခဲ့သည်။ ဖေကြီးက ဝမ်းသာအားရ ကြိုဆိုပါသည်။ သို့ပေမယ့် အကြောင်းအမျိုးမျိုးပြပြီး အတူနေခြင်းကား မရှိ။ အိမ်ထောင်သစ်ထူထားရင်လဲ ကိစ္စမရှိ၊ မိထွေးနဲ့ တည့်အောင် ပေါင်းပါမယ်လို့ တောင်းပန်လဲ မရ။ သူမကို သပ်သပ်ထားလေသည်။ တမြို့တည်း မနေလို့ ဝေးတာက အသာထားလို့ တမြို့တည်း အတူနေတော့လဲ မတွေ့ကြရပြန်။ တခါတရံမှ တွေ့ဖြစ်ကြ လေသည်။
“ဖေကြီးကလဲ သမီးဆီ လာချင်တာပေါ့။ အလုပ်တွေ ရှုပ်နေလို့ပါ သမီးလေးရယ်။ ရော့ သမီး- ဒါတွေယူထား”
ဖေကြီးက ပြောပြောဆိုဆိုနှင့် သားရေအိတ်နက်ထဲက ငွေစက္ကူအုပ်တွေ ထုတ်ပြီး သူမ လက်ထဲ လာထည့်သည်။
“ဒါတွေက ဘာလုပ်ဖို့လဲဟင်”
“သမီးလေး သုံးချင်တာသုံးဖို့ပေါ့”
“စိတ်ညစ်တယ်။ မေမေက ငွေတွေ လွှဲလိုက်၊ ဖေကြီးက ပိုက်ဆံတွေ လာပေးလိုက်နဲ့”
“ဘာ၊ သမီးအမေက ငွေတွေလွှဲပေးတယ် ဟုတ်လား။ သမီးက ဘာလို့ လက်ခံရတာလဲ”
“လက်မခံလို့ ရမလား။ ဘဏ်က ဖုန်းဆက်တာကိုး”
“အို၊ ဘာပဲဖြစ်ဖြစ် ဖေကြီးဆီမှာ ရှိရင်တော့ ဖေကြီးတာဝန်ပေါ့။ သူပို့စရာ မလိုပါဘူး။ သူက တလကို ဘယ်လောက်ပို့ပေးလဲ။ သူ့ထက် နှစ်ဆ သမီးကို ဖေကြီးပေးမယ်”
ဖေကြီးမျက်နှာကို အံ့သြစွာ ငေးကြည့်ရင်း ဘာပြန်ပြောရမည်ပင် မသိတော့။ ဖေကြီးနဲ့ တွေ့ရင် တရုတ်တန်းမှာ ကြေးအိုးဆီချက် လိုက်ကျွေးရန် ပူဆာဖို့ စဉ်းစားထားခဲ့သော စကားလုံးလေးများက အသံအဖြစ် ပေါ်ထွက်မလာခဲ့တော့ပါ။
(၄)
“ဒီနေ့အားလားဟင် မမကြီး”
“ဟောကြည့်။ မမကြီး ပြောထားတာကို မေ့နေပြန်ပြီ။ ဒီနေ့ နေ့လည် အထူးဒေသ (—-) က ဧည့်သည်တွေနဲ့ တွေ့ဖို့ချိန်းထားတယ်လေ။ မြတ်နိုးပါ လိုက်ခဲ့ရမယ်”
“မမကြီးရယ်။ နောက်နေ့မှ တွေ့လို့ မရဘူးလား”
“ဘာဖြစ်လို့လဲ”
“ကျောက်ဆည်က ဆင်အက သွားကြည့်ချင်လို့ပါ။ သူငယ်ချင်းတွေက ခေါ်တာတောင် လိုက်တာ မဟုတ်ဘူး။ မမကြီးနဲ့ တူတူသွားချင်လို့”
“ဒီကောင်မလေးကတော့ လုပ်ပြန်ပြီ။ တီဗွီမှာလဲ ကြည့်လို့ရနေတဲ့ဥစ္စာ။ ကဲ-ကဲ-နောက်မှ မမကြီးလိုက်ပို့မယ်နော်။ ဒီနေ့တော့ သစ်လုပ်ငန်းကိစ္စ ပြောရမှာမို့ အရေးကြီးတယ်”
“ဒါဆို သူငယ်ချင်းတွေနဲ့ပဲ လိုက်သွားရမလား”
“မလိုက်ရပါဘူး။ မမကြီးနဲ့ပဲ လိုက်ခဲ့ရမယ်။ မြတ်နိုး။ သမီးအသက်ဆယ့်ရှစ်နှစ်ကျော်နေ ပြီနော်။ အပျော်အပါးတွေ မက်လို့ မရဘူး။ လုပ်ငန်းကိစ္စတွေမှာ အာရုံစိုက်ရတော့မယ်။ မမကြီးမှာက မိဘတွေ၊ ဆွေမျိုးတွေလဲ ရှိတော့တာ မဟုတ်ဘူး။ မြတ်နိုးကိုပဲ ညီမအရင်း လေးလို ချစ်နေရတာ။ နောက်ဆို ဒီလုပ်ငန်းတွေအားလုံး မြတ်နိုးလက်ထဲကိုပဲ လွှဲထည့် ပေးတော့မှာ”
လာပြန်ပြီ- နောက်တယောက်။
စိတ်ပျက်လက်ပျက်ဖြင့် ငုတ်တုတ်ထိုင်ချလိုက်ရုံမှ တပါး သူမ ဘာမှ မတတ်နိုင်တော့။
(၅)
“မြေးလေး”
ကုတင်ပေါ်မှ ဖွားဖွားအသံက တိုးညင်းပျော့ပျောင်းနေသည်။
“သမီးလေးရောက်နေပြီ။ ဖွားဖွားဘာမှ မပူနဲ့တော့နော်။ ဖွားဖွားကို သမီး ပြုစုမယ်”
ဖွားဖွားက ဖြေးဖြေးလေး ခေါင်းခါသည်။ လက်ညှိုးလေးဖြင့် ရှိသမျှလူတွေကို အပြင် ထွက်ခိုင်းသည်မို့ အားလုံးထွက်သွားကြသည်။
ဖွားဖွားအခြေအနေက မဟန်တော့။ မီးစာကုန် ဆီခန်းချိန်ရောက်နေပြီ။ ဒါကြောင့်လဲ မိုင် ပေါင်းများစွာ အဝေးကြီးမှာ ရောက်နေရာက ဖွားဖွားအနီးသို့ အရောက်ပြန်သွားဖြစ် သည်။ အသက်မီရရင်ကို သူမကျေနပ်သည်။ ဖွားဖွားကို သူမ နမ်းမည်။ ဖွားဖွားလက်က လေးကို နောက်ဆုံးအချိန်ထိ ဆုပ်ကိုင်ထားမည်။
‘သော့”
ဖွားဖွားအသံက သိပ်မသဲကွဲ။ မနည်းအားစိုက်နားထောင်ရသည်။
“စိန်သေတ္တာသော့ မြဘုရားဆင်းတုထဲမှာ”
ကြားရသောစကားကြောင့် သူမ မျက်လုံးပြူးသွားသည်။ လူအများအကြားမှာ ထုတ်ဝတ် နေသော လက်ဝတ်ရတနာများအပြင် ဘိုးဘွားများ စုဆောင်းထားသော စိန်များ သီးခြား သိမ်းထားတယ်လို့သာ သိသည်။ သုံးဧကကျော်ကျယ်ဝန်းသော ခြံကြီးရဲ့ ရှေးအိမ်ကြီး နှစ်လုံးထဲက ဘယ်နေရာမှာရှိမှန်းပင် မသိခဲ့။ အိမ်ထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားနေတာ ကိုလဲ လူကြီးတွေက ကြိုက်တာမဟုတ်၊ သူမကလဲ စာအုပ်ကလွဲရင် ဘာမှစိတ်ဝင်စား တာမဟုတ်တော့ မေ့တောင်မေ့နေခဲ့ပြီ။
“သေတ္တာက စာကြည့်ခန်း မီးဖို”
စကားလုံးလေးများကို တိုးတိုးလေးရေရွတ်ရင်း ဖွားဖွားက ကံကုန်သွားသည်။ ဖွားဖွားကို ကြည့်ရင်း သူမကြောင်နေမိသည်။ အနမ်းလေးတချက်နဲ့တောင် သူမမှာ နှုတ်ဆက်ခွင့် မကြုံလိုက်။ လက်ဖဝါးလေးလဲ မကိုင်လိုက်ရ။
စိန်သေတ္တာစုတ်က သူမအိပ်မက်လေးကို အနှောင့်အယှက် ဝင်ပေးသွားပြန်သည်။
(၆)
“မနန်းရယ်၊ ကျွန်မမျက်နှာကို ကြည့်ပေးစမ်းပါ။ ဘာတွေ ဖြစ်နေလဲလို့”
အရမ်းခင်သော အစ်မကြီးတယောက်ကို ပြောလိုက်မိသည်။
“ဘာမှမဖြစ်ပါဘူး။ ဘာဖြစ်လို့လဲ”
“ကျွန်မမျက်လုံးတွေကိုကော ကြည့်ပေးစမ်းပါ။ ဘာတွေ ဖြစ်နေလဲလို့”
“ဟေ”
မနန်းက သူမကို ပြူးတူးပြဲတဲ ပြန်ကြည့်သည်။ အရမ်းချစ်သော အဖွားဆုံးသွားတာမို့ စိတ်အလွန် ထိခိုက်နေတာများလား ဆိုသော စူးစမ်းကြည့်။
“ကျွန်မဘဝတလျှောက်လုံးမှာလေ ငွေသံ၊ ရွှေသံတွေ လွှမ်းနေတဲ့ မေတ္တာတွေကိုပဲ ခံစား ခဲ့ရတယ်။ အဲဒီ ငွေစက္ကူတွေ၊ စိန်ရွှေရတနာတွေ၊ ပိုင်ဆိုင်မှု စာချုပ်စာတမ်းတွေ ဘာမှ မပါတဲ့ မေတ္တာတရားကို လိုချင်လွန်းလို့ လိုက်ပြီး ရှာဖွေနေခဲ့တာလဲ ကြာလှပြီ။ ဒါပေမယ့် အချိန်တွေကသာ ကုန်သွားတယ်။ မေတ္တာတရား ရှာပုံတော်က အဆုံးမသတ်နိုင်ဘူး။ ကျွန်မဝန်းကျင်က လူတွေက မေတ္တာအစား ပစ္စည်းဥစ္စာတွေကိုပဲ ကျွန်မဆီကို သယ်လာ ကြတယ်။ ဒီလိုတွေ ဖြစ်ရအောင် ကျွန်မရုပ်က ဥစ္စာရူးရုပ် ပေါက်နေလို့လား အစ်မရယ်။ ကျွန်မမျက်လုံးတွေကကော လောဘအခိုးအငွေ့တွေ သန်းနေလို့လား။ ဘာတွေမှားနေ လို့လဲ။ အဲဒါကို ကျွန်မသိချင်တာပါ”
“မဟုတ်ပါဘူး။ မြတ်နိုးလေးရယ်။ လူကြီးတွေက မြတ်နိုးကို ချစ်လွန်းလို့ အရာရာပြည့်စုံ အောင် ဖြည့်ဆည်းပေးနေကြတာပါ။ ဒါကို မြတ်နိုးက တလွဲထင်နေတာ။ အဲဒါတွေကလဲ မေတ္တာတရား တွေပဲလေ”
“ဒါပေမယ့် အဲဒီ စိန်ရောင်ရွှေရောင် မေတ္တာတရားတွေ အကြားမှာ ကျွန်မ မွန်းကြပ်လွန်း နေပြီ မနန်းရယ်။ ဘယ်လိုအရောင်၊ ဘယ်လို မျှော်လင့်ချက် တစုံတရာမှ မပါတဲ့ ဖြူဖြူ စင်စင် မေတ္တာတရားလေးကိုပဲ ကျွန်မ လိုချင်တယ်။ ကျွန်မကို တခုကူညီပါလား”
“မနန်း ဘာကူညီရမလဲ”
“ကျွန်မနဲ့ ခဏလိုက်ခဲ့။ မနန်းကို ပြစရာရှိတယ်”
မနန်းအား စာကြည့်ခန်းထဲသို့ သူမခေါ်သွားလိုက်သည်။ မြဘုရားဆင်းတုထဲကရသော သော့လေးဖြင့် စာကြည့်ခန်းထဲက ဘိုစတိုင် မီးဖိုလေးထဲတွင် ရှိနေသော သေတ္တာစုပ် လေးကို ဖွင့်ပြလိုက်သည်။ အသုံးမပြုတာ ကြာခဲ့ပြီဖြစ်သော မီးဖိုလေးမို့ သေတ္တာမှာ ဖုန် အလိမ်းလိမ်း။ သေတ္တာကို ဖွင့်ပြလိုက်တော့ မနန်း မျက်လုံးပြူးသွားသည်။ ရတနာလုပ် ငန်း လုပ်နေသူပဲ။ အပွေးမြင် အပင်သိသည်ပေါ့။
“ဒါတွေကို မနန်းယူသွားလိုက်တော့”
“ဟေ”
“လုပ်ငန်းတွေ ထူထောင်ပေးပါ။ ရတဲ့ အကျိုးအမြတ်တွေကို လှူစရာရှိတာတွေ လှူပေးပါ”
“မနန်းက ဘာလုပ်ငန်းတွေ လုပ်ပေးရမှာလဲ။ ပစ္စည်းတွေ ထုခွဲဖို့ကတော့ မပူနဲ့။ မနန်း တတ်နိုင်ပါတယ်”
“အိမ်ခြံမြေ၊ ကားတွေပေါ့ မနန်းရယ်။ ဒီအချိန်မှာ အဲဒါတွေက တွက်ချေကိုက်တယ်လေ။ မြို့ပေါင်းစုံမှာ အိမ်တွေဝယ်၊ လူငှားတွေတင်ပြီး ပစ်ထားလိုက်။ မြေကွက်တွေဝယ်ပြီး ဘာမှ မလုပ်ဘဲ ပစ်ထားလိုက်။ ပြီးတော့ တနိုင်ငံလုံးမှာ စက်မှုဇုံ မြေကွက်တွေ ဖြန့်ပြီး လိုက်ဝယ်ထား။ ကားတွေလဲ ဒီအတိုင်းပဲ။ ကားတွေဝယ်ပြီး ခရီးသွားလုပ်ငန်းတွေနဲ့ ချိတ်။ အငှားရရင် ထည့်ပေးလိုက်။ ဈေးအခြေအနေကြည့်ပြီး ထုတ်သင့်တဲ့ အချိန်ဆို ထုတ်။ ဒါမျိုးတွေက မနန်းကျွမ်းပြီးသားပါ။ တခုပဲ။ အဲဒါတွေအားလုံးမှာ မြတ်နိုးနာမည် လုံးဝ မသုံးနဲ့”
“ဟေ။ ဟဲ့- အဲလိုလုပ်လို့ မရဘူးလေ။ အဲဒီလောက်ကြီးကျတော့လဲ မနန်းမလုပ်ရဲဘူး။ ဒီလိုဆိုလို့ မနန်းက မြတ်နိုးအပေါ် မရိုးမသားစိတ်ဖြစ်လာမယ်ပြောတာ မဟုတ်ဘူးနော်။ ကံကြမ္မာကို ကြောက်တာ။ ဆုံးရှုံးကုန်ရင် ဘယ်လိုလုပ်မလဲ”
“ရှုံးကုန်တော့လဲ ဘာဖြစ်လဲ မနန်းရယ်။ အစကတည်းက ဒီပစ္စည်းတွေက ကျွန်မရဲ့ ဦး နှောက်တွေ၊ ခြေတွေလက်တွေနဲ့ ဖန်တီးထားတာမှ မဟုတ်တာပဲ။ မနန်းကောင်းမယ် ထင်သလိုသာ လုပ်လိုက်။ အရေးကြီးတာက ကျွန်မနာမည်ကို လုံးဝ မသုံးပါနဲ့။ ဘာစာ ရင်းမှလဲ မပြပါနဲ့။ ကျွန်မ ငွေလိုတဲ့အခါကျရင် မနန်းကို တောင်းမယ်လေ။ အဲဒီကျတော့ လဲ မနန်းပေးချင်သလောက်ပေးပေါ့။ ဒါပေမယ့် လိုမယ်တော့ မထင်ပါဘူး။ ကျွန်မက ကိုယ့်ဦးနှောက်လေးနဲ့ပဲ ကိုယ့်ဟာကိုယ် ရှာစားချင်တာ။ ဘာပိုင်ဆိုင်မှုမှလဲ မထားချင် ဘူး။ နေဖို့၊ စားဖို့ ပိုက်ဆံလေးရှိရင် လုံလောက်ပြီ။ အဲလိုဘဝလေးနဲ့ နေလို့ရတဲ့ နေရာမှာ ပဲ သွားနေတော့မယ်”
“မြတ်နိုးက ဘယ်သွားမှာလဲ။ ဘာလုပ်မှာလဲ”
“နေရာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ အဆင်ပြေသလိုပေါ့။ အလုပ်ကိုတော့ ပြောလို့ရတယ်။ ပစ္စည်းမဲ့ ပညာတတ်လုပ်မယ်လေ”
“ဘာရယ်။ တခါမှလဲ မကြားဖူးဘူး”
“မကြားဖူးရင်လဲ ဒီလိုပဲ မှတ်ထားလိုက်နော်။ တချို့ကိစ္စတွေက မသိတာ ပိုကောင်းပါ တယ် မနန်းရယ်။ မနန်း ပျော်တဲ့ လုပ်ငန်းရှင်ဘဝကိုပဲ သိသထက် ပိုသိအောင် လုပ်လေ။ ဒါပေမယ့် ငွေကိုပဲ ကိုယ့်ဆီခေါ်ပါနော်။ ငွေခေါ်ရာနောက်ကိုတော့ လူက လိုက်မသွားပါ နဲ့။ ငွေဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာမှန်ပေမယ့် လောကမှာ ငွေနဲ့ လဲယူလို့မရတဲ့ အ ရာတွေလဲ အများကြီး ရှိပါသေးတယ်။ တချိန်မှာ အိမ်ထောင်ကျပြီး သားသမီးတွေ ရလာ ရင်တော့ ကျွန်မပြောတဲ့ ဒီစကားလေးကို သတိရပေးပါ”
(၇)
“ဘာ- အတူတူ တွဲတက်ရမယ်၊ ဟုတ်လား”
ဖုန်းထဲမှ ကြားလိုက်ရသော စကားသံကြောင့် သူမတုန်လှုပ်သွားသည်။ ချစ်ခြင်းမေတ္တာ တရားများနှင့် အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရသော သူမဘဝ လမ်းခရီးတွင် နှလုံးသားရေး ရာမှာလဲ အလွဲလွဲ၊ အကွဲအပြဲများဖြင့်သာ ထပ်မံကြုံတွေ့ရပြန်သည်။
ဒီလိုအခြေအနေမျိုးကြားမှာ မေတ္တာတရား စကားလုံးလေးများဖြင့် ချဉ်းကပ်လာသော သူ့ကို ဘဝခရီးဖော်အဖြစ် လက်ခံရန် သူမ စဉ်းစားထားခဲ့သည်။ သို့ပေမယ့် သူလုပ်ခိုင်း နေသော ကိစ္စတခုကို ပြန်စဉ်းစားရဦးမည်လို့ ပြောချိန်တွင် ပြန်ပြောလိုက်သော စကား လုံးက သူမစိတ်ကို ထိခိုက်သွားစေခဲ့သည်။
“ဟုတ်တယ်လေ။ အိမ်ထောင်ဘက်ဆိုတာက ဘဝမှာ compatible ဖြစ်ဖို့လိုတယ်။ ဒီလို ပဲ အတူတူ တွဲတက်ကြတာပဲ။ မြတ်နိုးကိုလဲ ကိုယ်စိတ်ဝင်စားနေတာကြာခဲ့ပြီ။ ကိုယ်နဲ့ compatible ဖြစ်နိုင်တယ်။ ကိုယ်ဖြစ်ချင်တာတွေကို ပံ့ပိုးပေးနိုင်တယ်”
“ဒါဆို ကျွန်မကို ရှင်ချဉ်းကပ်ခဲ့တာ ရှင့်ဘက်က မေတ္တာနဲ့လား၊ တွက်ချက်မှုနဲ့လား”
“မြတ်နိုး ပြောတာ ကိုယ်နားမလည်ဘူး။ အတူတူပဲလေ။ မြတ်နိုးနဲ့ ကိုယ်ပေါင်းစပ်ပြီး ဘ ဝတခုကို တည်ဆောက်မယ်။ မြတ်နိုးမှာလဲ နာမည်နဲ့ ပညာရှိပြီးသား။ ကိုယ့်မှာလဲ ဒါတွေ အတိုင်းအတာတခုအထိ ရှိပြီးသား။ ပေါင်းစပ်လိုက်မယ်။ အတူတူတွဲတက်မယ်”
“ဒါဆို တကယ်လို့ ခင်မြတ်နိုးဆိုတဲ့ ကျွန်မ နာမည်က ဒီလောကထဲမှာ မရှိနေခဲ့ဖူးဆိုရင်၊ အဲဒီနာမည်နောက်မှာ ဘယ်လိုပညာအရည်အချင်းမှ ရှိမနေခဲ့ဖူးဆိုရင် ရှင့်ဘဝကို ကျွန်မ ဘဝနဲ့ မပေါင်းစပ်ဖူးပေါ့”
“ကိုယ်ဆိုလိုတာက အဲလို မဟုတ်ပါဘူး”
“ကျွန်မရှင့်ကို အကြိမ်ကြိမ် ပြောခဲ့ပြီးသားပါ။ ကျွန်မလောကကြီးထဲမှာ ရှာဖွေနေတာက မေတ္တာတရား၊ စစ်မှန်ဖြူစင်တဲ့ မေတ္တာတရား။ ဘာလို ပစ္စည်းဥစ္စာ၊ ဂုဏ်ပကာသနတွေမှ မပါတဲ့ မေတ္တာတရား”
“ကိုယ်ကလဲ မြတ်နိုးကို မေတ္တာရှိတယ်လေ။ ဒါကြောင့် ဘဝကို အတူတူ တည်ဆောက် မယ်လို့ ပြောတာပေါ့။ အဲဒါတွေ ပြောမနေနဲ့။ ကိုယ်လဲ မငြင်းအားဘူး။ ကိုယ်ပြောတာကို လုပ်ပေးနိုင်မလား၊ မလုပ်ပေးနိုင်ဘူးလား ဆိုတာပဲပြော”
“ရှင်လုပ်ထားတဲ့ ကိစ္စတွေ၊ ရှင်လုပ်ခိုင်းတဲ့ ကိစ္စတွေက ကျိုးကြောင်းမဆီလျော်လို့ ကျွန်မ ပြန် သုံးသပ်နေတာ။ ရှင်လုပ်ချင်တာတွေ လုပ်ပြီးမှ ကျွန်မကို ကြားဖြတ်ဝင်ပြီး လုပ်ခိုင်း နေတာဆိုတော့ လုပ်ပေးနိုင်မယ်၊ မပေးနိုင်ဘူးဆိုတာ ကျွန်မ အတိအကျ မပြောနိုင် သေးဘူး။ စဉ်းစားသုံးသပ် ရဦးမယ်။ တတ်သိနားလည်သူတွေနဲ့ တိုင်ပင်ရဦးမယ်”
“အဲဒါတွေအတွက် အချိန်မရှိဘူး။ ဒီလိုအခွင့်အရေးမျိုးကို ကိုယ်စောင့်နေတာ နှစ်ပေါင်း များစွာ ရှိနေပြီ။အခုအချိန်မှာ ဒီကိစ္စလောက် ဘာမှ အရေးမကြီးဘူး”
“ဒါဆို ကျွန်မတို့ မင်္ဂလာပွဲကိစ္စတွေကို ဘယ်လိုလုပ်မလဲ။ ခဏရွှေ့ဆိုင်းထားမလား”
“ဟုတ်တယ်။ ရွှေ့ဆိုင်းမယ်။ ဒါလဲ ကိုယ့်ဘက်က စရွှေ့တာနော်။ ထပ်ပြောမယ်။ ခုအချိန်မှာ ကိုယ်လုပ်ထားတဲ့ ကိစ္စလောက် ဘာကမှ အရေးမကြီးဘူး။ မင်္ဂလာပွဲကိစ္စလဲ ကိုယ်စရွှေ့တာ”
ခါးသီးစိတ်ပျက်မှုများက သူမရင်ထဲသို့ တိုးဝှေ့ဝင်လာသည်။ ဒါဟာ မကြာခင်မှာ သူမ ဘဝခရီးဖော်အဖြစ် လက်တွဲဖို့ ရွေးချယ်ထားခဲ့သူတဲ့လား။
“ကျွန်မပြောတာကို ခဏလေး နားထောင်ပေးပါနော်။ ဒီလောက်ဆို ရှင့်ရဲ့ စိတ်ကို ကျွန်မ သဘောပေါက်နားလည်သွားပါပြီ။ ရှင်အတူတူ ဘဝတည်ဆောက်ချင်တာက ကျွန်မနဲ့ ဆိုတာကော ဟုတ်ရဲ့လားရှင်။ ကျွန်မနာမည်နဲ့လား၊ ကျွန်မဘွဲ့တွေ၊ ဦးနှောက်တွေနဲ့ လားဆိုတာကို ကိုယ့်ဘာသာ ပြန်စဉ်းစားပါဦး။ ရှင်လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို ပံ့ပိုးပေးနိုင်တဲ့ မိန်းကလေးတယောက်အနေနဲ့ ရှင်ရွေးချယ်ခဲ့တယ်လို့ ရှင့်စကားလုံးတွေ က ညွှန်းဆိုနေတယ်။ ခုလဲ ရှင်လုပ်သမျှတွေကို ကောင်းကောင်းဆိုးဆိုး လိုက်မပံ့ပိုးပေး တော့ ဒေါသတွေထွက်ပြီး နှမချင်းမစာနာတဲ့ စကားလုံးတွေ ပြောနေပြန်ပြီ။ လောကမှာ တည်မြဲတဲ့ အရာဆိုတာ ဘာမှ မရှိပါဘူးရှင်။ ဒီလို အခြေအနေမျိုးမှာတောင် ရှင်ဒီ လောက်ဖြစ်နေရင် တကယ်လို့ ကျွန်မရဲ့ ဦးနှောက်တွေ၊ အတတ်ပညာတွေကို ရှင်လိုချင် တဲ့ ဘဝအတွက် အသုံးမပြုပေးနိုင်တော့တဲ့ မတော်တဆ ထိခိုက်မှုတခုခုများ ဖြစ်သွားခဲ့ ရင် ဘယ်လိုလုပ်မလဲ”
ပြောရင်း စိတ်ထိခိုက်လာသည်မို့ သူမဖုန်းချလိုက်ပါတော့သည်။
(၈)
ကားလမ်းလေးက ရှင်းလို့နေသည်။ ဟိုင်းဝေးလမ်းမများထက် ဒီလို မြေနီလမ်းလေးပေါ် မှာ ကားမောင်းရတာကို သူမ ပိုနှစ်သက်မိသည်။
ရှေ့နားက ကားလမ်းဘေးမှာ အလံတလူလူလွင့်နေတာ လှမ်းမြင်ရသည်။ ကျေးရွာစာ သင်ကျောင်းလေး တခု ထင်ပါရဲ့။
မနန်းက ပြောဖူးသည်။ လုပ်ငန်းအကျိုးအမြတ်လေးများကို ကျေးရွာစာသင်ကျောင်း လေးတွေကို ပုံမှန်လှူသည်တဲ့။ ချို့တဲ့ပြီး ပညာတော်တဲ့ ကလေးငယ်လေးတွေကို ပညာ သင်စရိတ်တွေ ကူညီပေးသည်တဲ့။ အမည်မသိ အလှူရှင်တဦးအနေဖြင့်။ မည်မျှ ကောင်းလိုက်သည့် စာသားလေးပါလဲ။ ပေးသူ၊ ယူသူအကြားမှာ ဘယ်လိုမျှော်လင့်ချက် မှလဲ မရှိ။ ငါဆိုသော အတ္တတွေလဲ မရှိ။
အတွေးလေးနဲ့အတူ သူမပြုံးလိုက်မိသည်။
သို့ပေမယ့် သူမအပြုံးက မကြာလိုက်။
ကားရှေ့မှ ဖြတ်ပြေးသော ကလေးငယ်လေးကို တွေ့လိုက်ရတာမို့ စတီယာရင်ကို အ လန့်တကြားဖြင့် ချိုးကွေ့လိုက်မိသည်။
ဝုန်းဆိုသော အသံတခုက ပေါ်ထွက်လာခဲ့သည်။
မကြာပါ။ ကားထဲက သူမထွက်လိုက်သည်။ စာသင်ကျောင်းထဲက ကလေးတွေ ပြေး ထွက်လာတယ်ထင့်။ အဖြူအစိမ်းဝတ်လေးများက သူမကားဘေးမှာ ဝန်းရံနေကြသည်။
ကျောင်းဆရာလို့ ယူဆရသော အဖြူအစိမ်းဝတ် လူတယောက်ရဲ့ လက်ထဲမှာ သူမကိုယ် သူမ ပြန်တွေ့လိုက်ရပြန်သည်။
“ကလေးကို တိုက်မိမှာစိုးပြီး ဆွဲကွေ့လိုက်တာ ဖြစ်မယ်။ သစ်ပင်ကို ဝင်တိုက်မိသွားတာ”
နောက်ထပ်ရောက်လာသော ကျောင်းဆရာမလေးတယောက်ကို ထိုလူက ရှင်းပြနေ သည်။
“သနားပါတယ်ဗျာ။ ပွဲချင်းပြီးပဲ။ ကျွန်တော်စိတ်မကောင်းလိုက်တာ”
ပြောနေသော ကျောင်းဆရာလေးရဲ့ မျက်ဝန်းကို သူမကြည့်လိုက်မိသည်။
မေတ္တာမျက်ဝန်း။
ဘယ်လို စိန်ရောင်၊ ရွှေရောင်၊ အတ္တတရား၊ မျှော်လင့်ချက်မှ မရှိပဲ လူသားချင်းစာနာမှု ပေါ်မှာ အခြေတည်သည့် မေတ္တာမျက်ဝန်း။
ဘယ်လိုပဲဖြစ်ဖြစ် တယောက်ကိုတယောက် မတွေ့ဖူး၊ မမြင်ဖူးခဲ့သော မေတ္တာတရားရှိ သူတွေရဲ့ ဝန်းရံမှုအကြားမှာ ဘဝခရီးတခု အဆုံးသတ်သွားရသည့်အတွက် သူမကျေနပ် မိပါသည်။
သူမနှင့် တူသော ရုပ်ခန္ဓာ၊ အမည်နာမ သတ်မှတ်ချက်များ၊ စိန်ရွှေရတနာများကို ထားခဲ့ ပြီး ကျေနပ်စွာ လှည့်ထွက်လာခဲ့သည်။ မေတ္တာတရား၊ သစ္စာတရားများ ရှာဖွေသည့် သံ သရာခရီးဆီသို့ သူမခြေလှမ်းများက ဦးတည်လျှက်။

No comments: