Wednesday, December 29, 2010
ပင်နီပေးတဲ့ အမျိုးသားနေ့ .. ပင်နီဝေးတဲ့ အမျိုးသားနေ့
ခရစ်သက္ကရာဇ် ၁၉၂ဝ ခု- ကောဇာသက္ကရာဇ် ၁၂၈၂ ခု တန် ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ ..
ပင်နီတိုက်ပုံအသီးသီး ဝတ်ဆင်ထားကြတဲ့.. ကိုဘဦးတို့ လူငယ် တစု ရွှေတိဂုံဘုရားခြေရင်းမှာ စုမိကြသည်။
တန်းတူညီခွင့်မရတဲ့ ကျွန်ပညာရေးစနစ်ကို စတင် တွန်းလှန်ကြဖို့ အားတွေစုရုံးကြသည်။ ပထမကျောင်းသားသပိတ်ဆိုတာ စတင်ခဲ့တော့ သည်။ ပင်နီရောင် လှိုင်းလုံးကြီးတွေ ရွှေတိဂုံဘုရားပေါ်ကနေ ဗမာတပြည်လုံးဆီ စီးဆင်း ရိုက်ခတ်သွားခဲ့သည်။ ဝံသာနုစိတ်ဓါတ်မိုးရေတွေ တနိုင်ငံလုံး တခွင်တပြင်လုံး မိုးလုံး ပြည့် ရွာသွန်းချလိုက်သည်။ အမျိုးသားကျောင်းကြီးတွေ စိမ်းစိမ်းစိုစို.. အပြိုင်းအရိုင်း.. ဟိုမှ သည်မှ မျိုးစေ့ကျ ရှင်သန်လာတော့သည်။ ဖျင်ပင်နီနဲ့ ယောလုံချည်သည်လည်း အင်မတန် တင့်တယ် ကြက်သရေရှိလှသော အမျိုးသားဝတ်စုံတခုအဖြစ် အမျိုးသားနေ့ ကြီးနှင့်အတူ ပုံဆောင်ရဲရင့် ခဲ့တော့သည်။
သူ ပင်နီကို စဝတ်ခဲ့တာ .. စ ချစ်ခဲ့တာ ၁၉၈၉ ရဲ့ အမျိုးသားနေ့မှာ။
အဲဒီ ရှမ်းပင်နီတိုက်ပုံလေးကို ဖေဖေ ဝယ်လာပေးတာ ကြာတောင် ကြာခဲ့ပြီ။ ဘယ်နေ ရာမှာ ဝတ်ရမှန်းမသိလို့.. ဒီလိုပဲ သိမ်းထားခဲ့တာ။ အချိန်အခါသင့်လာတော့လည်း သူ့ ကိုယ်ပေါ်မှာ အံဝင်ခွင်ကျ သပ်ရပ်နေတဲ့ ပင်နီဝတ်စုံလေးကိုကြည့်ပြီး ကြက်သီးတွေ တ ဖြန်းဖြန်းထအောင် ကြည်နူးကျေနပ်ခဲ့ရသည်။ ပင်နီလှိုင်းလုံးကြီးတွေ အရှိန်အဟုန်နဲ့ ကမ်းကပ်လာပြန်ပေပြီကော…။
အဲဒီ အခမ်းအနားမှာ သူတို့ လူငယ်လေးတွေ အားလုံး ပင်နီအသီးသီးနဲ့ ယောလုံချည် လေးတွေ တဆင်တမျိုးစီ။ ယောက်ျားလေးတွေက ပင်နီတိုက်ပုံနဲ့ ကချင်ပုဆိုးတွေ ကိုယ် စီချပ်ရပ်လို့။ တက်ကြွမူတွေ လန်းဆန်းပျိုမြစ်မူတွေ ပြီးတော့ အားတွေ အင်တွေ မျှော် လင့်ချက်တွေ အပြည့်။
အဲဒီ နောက်တော့ သူ့ မှာ ပင်နီ အင်္ကျီတွေ တထည်ပြီး တထည် ။
၁၉၉ဝ ရဲ့ နွေရက်တွေမှာလည်း ပင်နီတွေ တနေ့တမျိုးမရိုးအောင် ဝတ်ဖြစ်ခဲ့သည်။
၉၁ – ၉၂ – ၉၃ – သူ ပင်နီတွေ ဝတ်တုန်းပဲ။
၉၄ - ၉၅ - ၉၆ လုပ်ငန်းခွင်ထဲ တရွေ့ရွေ့တိုးဝင်သွားရင်းပဲ သူ့ ပင်နီလေးတွေ ဗီရိုရဲ့ အောက်ဆုံးကိုရောက်သွားနေတာကိုတောင် သူ သတိမထားမိတော့။ ဒါပေမဲ့.. တနှစ်မှာ တခါတော့.. အမျိုးသားနေ့ ရောက်တိုင်း သူ့ ပင်နီလေးတွေထုတ်ပြီး မီးပူ တိုက်ရင်း အတော်ဆုံး တန်နေသေးတဲ့ တထည်ကို စိတ်တိုင်းကျ ရွေးဝတ်ဖြစ်နေခဲ့ သေးသည်။ ရွှေတိဂုံဘုရားပေါ် မရောက်ရောက်အောင်သွားရင်း အမျိုးသားနေ့ သစ္စာ ဓိဋ္ဌာန် ကျောက်တိုင်ကြီးကို ငေးမောရင်း မယောင်မလည် အလေးပြုနေခဲ့ရတာ
၉၇ – ၉၈ – ၉၉ ကနေ သက္ကရာဇ် ၂ဝဝဝ ကျော်ခဲ့ပြီ။
(ရွှေတိဂုံဘုရားပေါ်မှ- အမျိုးသားနေ့ သစ္စာဓိဋ္ဌာန်ကျောက်တိုင်)
“မေမေ- မနက်ဖန် အမျိုးသားနေ့ အခမ်းအနားရှိတယ်တဲ့ ဆရာမ က တိုက်ပုံ ဝတ်ခဲ့ပါ တဲ့”
၁ဝ နှစ်သား ၅ တန်းကျောင်းသားကြီးက ညနေ ကျောင်းဆင်းတော့ အမောတကောနဲ့ ပြောလာတယ်။
“သြော အဲဒါ မှ ခက်တာပဲ သားကို မေမေ တိုက်ပုံ ဝယ်မပေးထားမိဘူး”
“ ရှိတယ်လေ မေရဲ့ ဘိုးဘိုးလက်ဆောင်ပေးထားတာ အညိုရောင်လေး သားတောင် တခါမှ မဝတ်ဖူးသေးဘူး…”
“ အာ- ဟုတ်သားပဲ အတော်ပဲ အဲဒါ ပင်နီလို့ခေါ်တယ် သားရဲ့.. ကွတ်တိပဲ အမျိုးသား နေ့ဆိုတာ..ပင်နီ ဝတ်ရတာ.. ဟုတ်ပီ မေမေ ပြန်ရှာ မီးပူတိုက်ပေးမယ်နော်.. ”
သားတို့ ကျောင်းက..စည်းကမ်းကြီးလှသည်။ ဗမာ့ ပညာရေးစနစ်ကြီးရဲ့ အုတ်မြစ် အ ခြေခံတခုတည်းသော ပညာရေးတက္ကသိုလ်ကြီးရဲ့ ကျောင်းတော်သူ ကျောင်းတော်သား ဆရာ ဆရာမလောင်းတွေ လေ့ကျင့်ကွင်းဆင်းရာ စနစ်တွေ သင်ရိုးညွှန်းတမ်းတွေ လက် တွေ့အကောင်အထည်ဖော်ရာ ရန်ကုန်မြို့ရဲ့ အထင်ကရ ကျောင်းကြီးတခု။
သားကို ဒီကျောင်းဝင်ခွင့်ရဖို့ကို သူ တော်တော့်ကို ကြိုးစားခဲ့ရတာ။ ကိုယ့်ရဲ့ မပြည့်ဝခဲ့ တဲ့ လိုအင်ဆန္ဒတွေကို သားသမီးတွေအပေါ် ပုံချ တာဝန်ပေးနေမိသလားတော့ သူ မ သိ။ သားကို သူ ချွန်နိုင်သလောက် အကန့်အသတ်မရှိ အခက်အခဲမရှိ ထူးချွန်စေချင် သည်။ ဗမာတပြည်လုံးရဲ့ စံပြုစရာကျောင်းကြီးမှာ ပညာတွေ သင်ယူစေချင်သည်။ အ ထူးသဖြင့် သူတို့ ငယ်ဘဝက နီးစပ်ခွင့် မရခဲ့တဲ့ ဒီကျောင်းကြီးရဲ့ အစဉ်အလာတွေကို သူအားကျ မက်မောခဲ့ဘူးသည်။
နယ်မြို့လေးတမြို့က ၇ တန်း ကျောင်းသူလေး တယောက်အတွက် အနယ်အနယ် အ ရပ်ရပ်က ရောက်လာကြတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ အင်းလေးခေါင်တိုင် လူရည် ချွန်စခန်းမှာဆုံမိတော့ အားလုံးက ရင်သပ်ရှုမောစရာ။ သူတို့ စခန်းခေါင်းဆောင် သုံး ထပ်ကျွမ်း လူရည်ချွန် အကိုကြီးရဲ့ အတွေ့အကြုံတွေ နားထောင်ရင်း အဲဒီ ကျောင်းကြီး ကို နားရည်ဝ ယဉ်ပါး အားကျနေခဲ့ဖူးသည်။ အထူးသဖြင့် ဓါတ်ပုံတွေထဲမှာ တွေ့ရတဲ့ အဲ ဒီ ကျောင်းကြီးရဲ့ တူညီ ကျောင်းဝတ်စုံ ပင်နီတိုက်ပုံလေးတွေ။
ခုတော့ သူ့သားကြီးက..ဒီကျောင်းကြီးရဲ့ ကျောင်းတော်သားကြီး ဖြစ်နေပြီ။
ခုမှ အလယ်တန်းကို စရောက်လို့ ကျောင်းအခမ်းအနားတွေ တက်ခွင့်ရလာတဲ့ သားက တော့ မနက်ဖန်တက်ရမယ့် အမျိုးသားနေ့ အခမ်းအနားအတွက် စိတ်တွေ သိပ်လှုပ်ရှား နေသည်။ သူတို့ကျောင်းရဲ့ အစဉ်အလာ ကျောင်းဝတ်စုံဖြစ်ခဲ့တဲ့ ပင်နီတိုက်ပုံကို မဝတ် စေခဲ့တော့တာ နှစ်ပေါင်း ၂ဝ လောက်ကြာခဲ့ပေမဲ့ ဒီလို အမျိုးသားနေ့ အခမ်းအနားမှာ တော့ သားကို ပင်နီတိုက်ပုံလေး ဆင်ပေးရတော့မည်။ သားအတွက် ပထမဆုံး ပင်နီဝတ် စုံလေးပေါ့။
ပင်နီတိုက်ပုံ သေးသေးလေးနဲ့ ချစ်စရာ ကောင်းလှတဲ့ ၅ တန်း ကျောင်းသားလေးကို တစိမ့်စိမ့်ကြည့်ရင်း မျက်ရည်ဝဲအောင် ပီတိတွေဖြာလို့။
သားကျောင်းကပြန်လာမဲ့ ညနေစောင်းကို မျှော်ရင်း သူ့အတွေ့အကြုံလေးတွေမေးဖို့ အတွေးတွေ ပိုနေမိသည်။
၁ဝ နှစ်အရွယ် ကလေးတယောက်က သူမွေးဖွား ကြီးပြင်းလာတဲ့ နိုင်ငံကြီးရဲ့ သမိုင်း တွေကို စာသင်ခန်းထဲကနေ သူ ချစ်ခင်လေးစားတဲ့ ဆရာ-ဆရာမတွေရဲ့ အဆိုမိန့်ခွန်း တွေထဲကနေပြီး ဘယ်လိုများ ရောင်ပြန်ဟပ်ပြီး တွေးပြလေဦး မလဲနော်။ သူလေးက လည်း မောင်လူမွှေးတို့ အရွယ်ကျော်ကျော်ရှိပြီဆိုတော့ မေးခွန်း တထောင်လောက်နဲ့ အ ဖြေတခုစီတိုင်းကိုလည်း အသေအချာ စေ့ငုဆန်းစစ်တတ်နေပြီ။
ဟော .. ကျောင်းကားပေါ်က ဆင်းလာတဲ့ သား။
မျက်နှာကလည်း ပြိုတော့ မလို.. ငိုတော့ မလို.. ။
ပင်နီတိုက်ပုံကိုလည်း လက်မှာချွတ်ကိုင်လို့ တို့လို့တွဲလောင်းနဲ့ ။
“ဘယ်လို ဖြစ်သလည်း သား…”
“သားကို ဆရာမက အမျိုးသားနေ့ အခမ်းအနား မတက်ရဘူးတဲ့ တိုက်ပုံက အဖြူနဲ့ အဝါပဲ ဝတ်လို့ရတယ်.. ပင်နီ ဝတ်လို့မရဘူးတဲ့.. မေမေ”
“ဒုံး” ကနဲ.. ငယ်ထိပ်ကို ဆောင့်တက်လာတဲ့.. ဒေါသ။
….
တဖြည်းဖြည်းချင်း စိတ်ပျက်
…….
ဝမ်းနည်း
…….
ကြေကွဲ
……..
ဖြစ်မှဖြစ်ရလေ.. ဟောဒီ နိုင်ငံကြီးမှာ ဘာတွေဖြစ်ကုန်ပြီလဲ …
ဟောဒီ အနာဂါတ် ပန်းခင်းကြီးတွေရဲ့ ဥယျဉ်မှူးကြီးတွေ ဘာတွေ ဖောက်ပြန် ကုန်ပြီ လည်း။ ကြေက်ရွံ့မှုတွေလား… နာခံမှုတွေလား .. အသိ ခေါက်ခက်.. လေပြီလား။ သ မိုင်းဖြစ်ရပ်တွေကို.. အမှန်တရားတွေကို.. တကယ်ကို .. အရှင်လတ်လတ် မြေမြှုပ် သ င်္ဂြိုဟ်တော့ မလို့လား။
လွန်ခဲ့တဲ့ ၈၈ နှစ် ဒီလို ဒီကာလက ကျောင်းသားလူငယ်တွေနဲ့ တိုင်းသူပြည်သားတွေ.. မကြေက်မရွံ့ ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ မတရားမှုတွေဟာ ဟောဒီလောက် သေးသိမ် ပ မွှားတဲ့ ထမင်းတလုပ်စာ ကြောက်ရွံ့နာခံမှုလေးတွေကြားမှာ အမေ့ခံ အဖျောက်ခံ ရ တော့မယ်လား။
တတိုင်းတပြည်လုံး အမြတ်တနိုး ဂုဏ်ယူဝတ်ဆင်ခဲ့တဲ့ ဝံသာနု ဖျင်ပင်နီက ဘယ်လိုဖြစ် လို့
ပိတ်ပင် တားဆီးခံနေရပြီလဲ
ပွဲလယ်မတင့်တော့ပြီလဲ
တရားမဝင်တော့ပြီလဲ
သူ့ခေါင်းတခုလုံး ဆူဝေနေပြီ။
၁ဝ နှစ်အရွယ် သားကို သူဘယ်လို ရှင်းပြဖြေဖြောက်ပေးရမလဲ …
သား တက်နေတဲ့ ကျောင်းကြီးတော့ တခုခုမှားနေပြီလို့ ပြောရမလား …
သား ဆရာမတွေက မသိလို့ နားမလည်လို့ စာမတတ်လို့ သမိုင်း မသင်ခဲ့လို့ … လို့ ပြောလိုက်ရမလား…
ကဲကွာ… ပင်နီ မဝတ်နဲ့ဆိုလည်း မဝတ်နဲ့ပေါ့ လို့ပဲ လွယ်လွယ်ကူကူ ကိစ္စဖြတ်လိုက် ရမ လား …
နားမလည်နိုင် စိတ်ရှုပ်ထွေးနေတဲ့ သားရဲ့မျက်နှာလေးကို ကြည့်ရင်း အဖြေတခု ရင်ထဲ မှာ ခိုင်မာသွားသည်။
ဒီလောက် ယုတ်ညံ့လှတဲ့ ကျေးဇူးတရား ကင်းမဲ့လှတဲ့ လောက ရပ်ဝန်းကြီးထဲကို ပင်နီ တွေ ပိုလို့ လက်ဆင့်ကမ်း ဝတ်ဆင်ပေးရဦးမည်။ သားကြီးလာရင်ဝတ်ဖို့ ပင်နီတိုက်ပုံ တထည် သူကိုယ်တိုင် အသေအချာ ချုပ်လုပ်ဆင်ယင်ပေးရ ပေဦးတော့မည်။
ပင်နီစိတ်ဓါတ် အဓွန့်ရှည်ပါစေ။
ကေ
(၂ဝဝ၈ ခုနှစ် အမျိုးသားနေ့ အခမ်းအနားတခုမှာ ကြုံဆုံခဲ့သော အဖြစ်မှန်တခုကို ခံစား ရေးဖွဲ့ပါသည်။)
http://kthwe.blogspot.com မှ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment