ကျနော်သိတဲ့ သူ့နာမည်က
နီအောင်မေသု
အသည်းနှလုံး တကယ်နီသူ
နီတာမှ သွေးလိုနီ
အရုဏ်ဦးလို
ကမ္ဘာ့ပြည်သူတွေရဲ့
အောင်လံနီလိုနီသူ။
သူဟာ
သွေးနီတဲ့အကြောင်းကို
မဟာရန်ကုန်က လမ်းမတွေနဲ့
သာယာဝတီနယ်က တောရောမြို့ကိုပါ
အင်းစိန်ထောင်၊ ကိုကိုးကျွန်း
သာယာဝတီထောင်၊ ရန်ကုန်ဆေးရုံကြီး
စမ်းသပ်လေရာမှာ
မီးတောက်မီးလျှံပမာ
ဖော်ပြခဲ့သူ။
ဒီလို ပုဂ္ဂိုလ်မျိုးကို
သိကျွမ်းခဲ့၊ ရဲဘော်ခေါ်ခွင့်ရခဲ့လို့
ငါ့ဘဝဟာ ဒုလ္လဘတပါးလို့
ကြေညာလိုက်မယ်။
သူနဲ့အတူ ရယ်မောခဲ့
အတူအံကြိတ်ခဲ့
အတူလွှဆွဲခဲ့
အင်တာနေရှင်နယ်သီချင်းကို
အတူဟစ်ဆိုခဲ့ရတဲ့အတွက်
ငါတသက်လုံး ဂုဏ်ယူ
တဘဝလုံး ကျေနပ်သွားမယ်။
ငါသူ့အတွက်
အမျှမဝေ၊ ခေါင်းလောင်းမထိုး
ကိုရန်ကျမ်းစာမဖတ်
ဘာကုသိုလ်မှ မလုပ်ဖြစ်ပေမယ့်
ညာလက်ရုံးကို မိုးသို့ချီ
သူ့ဂုဏ်တွေကို နှလုံးသွင်းကာ
“၅၃ ရက်တိုက်ပွဲ” * တုန်းကလိုပဲ
တိုင်တည်လိုက်ပါတယ်
“ကျနော်ဘယ်တော့မှ
သစ္စာမဖောက်ပါ ရဲဘော်ကြီး”
သူ့အကြောင်း
ကျမ်းတစောင် ပေတဖွဲ့
ရေးနိုင်စွမ်းမရှိတဲ့ ငါ့အဖြစ်
အမှန်ပဲ ဝမ်းနည်းမိပါရဲ့
ဒါပေမဲ့ တကယ်လို့များ
တနေ့မှာ
ငါ့အကြောင်းရေးတဲ့သူရှိရင်
“နီအောင်မေသုရဲ့
တိုက်ဖော်တိုက်ဖက်ဖြစ်ဖူးတယ်”
ဆိုတဲ့စာတကြောင်း
ထည့်ဖြစ်အောင်ထည့်ပေးပါလို့
ကြိုတင်တောင်းပန်ချင်ပါတယ်။

No comments:
Post a Comment