တမာ၊ ထနောင်း
ဆောင်းလရိပ်
တိတ်ဆိတ်ခြင်းထဲက မြင်းခွာသံမှန်မှန်
အိုးလှည်းတန်း ညရဲ့ မီးပုံ
နှင်းမှုံကြားက
ပုပ္ပါးတောင် ကောက်ကြောင်းရေးရေး…တွေ
နယ်စပ်တောထဲက
ငါ့ရှေ့ကိုရောက်လာတယ် ‘လှဒေါင်း’။
မိတ္ထီလာကောလိပ်ရှေ့က
‘ပွင့်ဦး’ မှာ
ငါနဲ့မင်း (ထီးဆိုင်) ရဲ့ ‘ဆင်းရဲသားအတွေးနဲ့’
ခေတ်ဆိုးကို ဆေးကြောပစ်ဖို့ လိုကိုလိုအပ်ကြောင်း
ကိုယ်တိုင်ရဲ့ မရေရာမှုကြားက ခွန်အားနဲ့နွေးထွေး
‘အလုပ်သမား လူငယ်လေးတွေ’ ရဲ့ ရင်ဟာ
မိတ္ထီလာနှင်းတွေ စိုလို့ပေါ့ကွာ။
‘လှဒေါင်း’ ရေ
ငါတို့ရဲ့ ညီမလေး ‘နီနီအောင်’ လဲ
ခုဆို ကျေးလက်မူလတန်းကျောင်း
တကျောင်းကျောင်းမှာ
မ၀ရေစာနဲ့ ခါးသက်
တပြိုင်နက် ‘ဆက်လက်လှပ’ နေမှာ
ငါတို့ကိုတော့ ‘သိ’ ကြတော့မယ် မထင်ပါဘူးလေ…
မြစ်ရေတွေက ဗြောင်းဆန်အောင် စီးဆင်းခဲ့ကြပြီပဲ။
`
‘သတိရတယ်’ လို့
သတိရမိတိုင်း
မိတ္ထီလာကန်က လှိုင်းတွေလိုပါပဲကွာ။
နီကျင်ကျင် မီးသီးလေးတွေ
ဂုဏ်သရေရှိတောတန်း
တမာပန်းတွေ မွှေးချိုနေတဲ့ည
အဝေးပြေးလမ်းမ
ခေတ်အဆက်ဆက်လှနေမှာပါ။
မိတ္ထီလာဆောင်းညကို
ငါ (တို့) ဖြတ်သန်းချင်ကြသေးတယ်
ဟိုတုန်းကလိုပေါ့
တောအရက်ကို မူးအောင်သောက် (လို့)
ကျောက်ပန်းတောင်းလမ်းမတလျှောက်
သီချင်းအော်ဆိုလမ်းလျှောက်ကြ
အဲဒီည
လ သာဖို့တော့လိုလိမ့်မယ်။
No comments:
Post a Comment