Wednesday, September 12, 2012
မိုးသီးဇွန် အောင်ဝေးနှင့် အလှပျက်သွားသောကမ္ဘာ (၄)
မိုးသီးဇွန်ဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်ရမယ်ဆိုရင် ဘယ်တာဝန် ဘယ်အခန်းကဖြစ်ဖြစ် သူပါဖို့ဝန်လေးတဲ့သူ မဟုတ်ဘူး။ နောက်တချက်က မိုးသီးဇွန်ဟာ ခေါင်းဆောင်ရူးမဟုတ်ဘူး ။ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် ခေါင်း ဆောင်မရူးရလောက်အောင် သူကခေါင်းဆောင်ကောင်း ဖြစ်နေလို့ပဲ။ ကျနော် ထောင်ကလွတ်ပြီး သိပ်မကြာခင် ၁၉၉၉ ခုနှစ်မှာ PP21 လို့ အမည်ရတဲ့ ၉ လေးလုံး လူထုအုံကြွမှုစီမံချက်ကို သူအကောင်အထည်ဖေါ်ဖို့ ကြိုးစားခဲ့တယ်။ PP21 စီမံချက်ဟာ ထင်သလောက်မအောင်မြင်ခဲ့ပေမယ့် နအဖ စစ်အစိုးရကိုတော့ တစုံတရာ ထိခိုက်စေခဲ့တာ အမှန်ပဲ။
မိုးသီးဇွန် အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တဲ့ pp21 စီမံချက်ဟာ ဘယ်လောက်ထိ နအဖစစ်အစိုးရက တုန်လှုပ်သွား သလဲဆိုရင် ကျနော်အပါအ၀င် ရန်ကုန်မြို့ပေါ်မှာရှိတဲ့ နိုင်ငံရေးသမား ထောင်ထွက်တော်တော်များများကို စစ်အစိုးရက ပြန်လည်ဖမ်းဆီးခဲ့တယ်။ အဲဒီတုန်းက ကျနော် မှတ်မိသလောက်ပြောရရင် ကိုဇော်ဇော်မင်း (ယခု ၈၈ မျိုးဆက်) ကိုညို ထွန်း၊ ကိုမင်းဇေယျာ (၈၈ မျိုးဆက်ခေါင်းဆောင်) ကိုဘသက်အောင် (အောက်ဗကသ အတွင်းရေးမှူး) ဇေယျာဝင်း (အကသ) (လက်ရှိ အမေရိကနိုင်ငံ) တို့ပါတယ်။ ကျနော်တို့ကို ရဲမွန် တပ်မ ၁၁ တပ်ရင်း ၂၁၂ မှာ အကျယ်ချုပ်နဲ့ ထားခဲ့ တယ်။
စစ်အစိုးရက မိုးသီးဇွန်ရဲ့ ၉၉၉၉ (ကိုးလေးလုံး) လူထုအုံကြွမှုကို ဘယ်လောက်ကြောက်သလဲဆိုရင် ၉-၉-၉၉ ပြည့်ပြီးတဲ့ နေ့မှာ ကျနော်တို့အားလုံးက ထောက်လှမ်းရေးက တာဝန်ရှိသူတွေကိုမေးတယ် ကျနော်တို့ကို ၉၉၉၉ ကိုးလေးလုံး စီမံ ချက်ကြောင့် ဖမ်းတာဆိုရင် အခု ၁၀ ရက်နေ့ရှိပြီ ဘာလို့ပြန်မလွတ်သေးတာလဲဆိုတော့ အဲဒီတုန်းက ဗထလ (ရေကြည် အိုင်) (ဗဟိုစစ်ထောက်လှမ်းရေးတပ်မှူး) ဗိုလ်မှူးကြီးလှအောင်က ဘာပြောသလဲဆိုတော့ ၁ နဲ့ ၈ ပေါင်းလဲ ကိုးပဲ ၂ နဲ့ ၇ ပေါင်းလဲ ကိုးပဲတဲ့။ တကယ်ပဲ ကျနော်တို့ကို ၂၈ ရက် ၉ လပိုင်း ၉၉ ခုနှစ်မှာမှ ပြန်လွတ်ပေးခဲ့တယ်။
မိုးသီးဇွန်ဟာ တိုင်းတပါးမှာနေပေမယ့်လည်း စစ်အာဏဏာရှင်ကို တော်လှန်ချင်တဲ့စိတ်က သူ့သွေးထဲမှာ လည်ပတ်နေ တုန်းပဲ။ ကျနော် မြန်မာပြည်ကထွက်ပြီး နယ်စပ်ကိုရောက်တဲ့အခါမှာလည်း မိုးသီးဇွန် ကို ကျောပေးသစ္စာပြုထားတဲ့ အေ ဘီအက်စ်ဒီအက်ဖက်က ရဲဘော်တွေနဲ့ ကျနော် ညီအကိုအရင်းလို နေထိုင်ခဲ့တယ်။ အထူးသဖြင့် မောင်လွမ်းဏီ (ကဗျာ ဆရာ)။ သူက အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်က ဗဟိုကော်မတီ ထားပါတော့ ကျောင်းသားတပ်မတော် က ရဲဘော်တွေနဲ့ ညီအကိုလိုခင်ခဲ့သလို ကရင့်အမျိုးသားအစည်းအရုံး ကေအန်ယူက လူကြီးတွေနဲ့ ကျနော် စကားပြော ဖြစ်တော့လဲ မိုးသီးဇွန်ဟာ တော်လှန်ရေးမှာ မှားခဲ့တယ်လို့ ကျနော် မကြားခဲ့ရဘူး။ (ကေအန်ယူလူကြီးတွေနဲ့ စကားပြော ဖြစ်တယ်ဆိုတာက အဲဒီအချိန်က ကျနော်က နယ်စပ်မှာ DVB (ဒီမိုကရက်တစ် မြန်မာ့အသံမှာ နယ်စပ်အခြေစိုက် သ တင်း ထောက်) လုပ်နေတဲ့အတွက် တွေ့ခွင့်ရခဲ့ စကားပြောခွင့်ရခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် ကရင့်အမျိုးသားအစည်းအရုံး ကေအန်ယူရဲ့ ၂၀၀၄ ခုနှစ်က လုပ်ကြံခံရတဲ့ အထွေထွေအတွင်းရေးမှူး ဖဒို မန်းရှာဆိုရင် မိုးသီးဇွန် ကို တော်တော်အားထားခဲ့တဲ့ စကားမျိုးတွေ ကျနော် ကြားခဲ့ရဖူးတယ်။
ခု မိုးသီးဇွန် ရန်ကုန်ကို ရောက်တယ်။ မရောက်ခင်မှာပဲ ဖေ့ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ မိုးသီးဇွန် မကောင်းကြောင်း မိုးသီးဇွန် ကို ရှုံ့ချတဲ့စာတွေ တက်တက်လာတာတွေ့ရတယ်။ ရေးတဲ့သူတွေကိုကြည့်လိုက်တော့ မိုးသီးဇွန်နဲ့ စကားပြော ဖူးဖို့ နေနေသာသာ ၂ ပေ အကွာက မတွေ့ဖူးတဲ့သူတွေက ရေးတာဆိုတော့ ကျနော် တော်တော်အံ့သြသွားတယ်။
ဘာလို့ သူတို့ ဒီလိုရေးကြတာလဲ။ မိုးသီးဇွန် အကြောင်းကို ဘယ်လောက်သိသလဲ၊ မိုးသီးဇွန် ဘယ်ကလာသလဲ၊ ၈၈ မှာ မိုးသီးဇွန်က ကျောင်းသားထုထဲမှာ ဖွတ်ကြားလား မင်းသားလား။ မိုးသီးဇွန်မြန်မာပြည်ကိုပြန်လာတာ နိုင်ငံရေးစားခွက် လုဖို့လို့ ထင်နေကြလား၊ ပရိုပိုဆယ်လ်ကို လုယက်စားသောက်မယ် ထင်နေကြသလား၊ မိုးသီးဇွန်ဟာ ဒီလိုလူစားမျိုး မဟုတ်ဘူး၊ ကျနော်ပြောချင်တာက လူတိုင်းမှာ လွတ်လပ်စွာကွဲလွဲခွင့် ရှိတယ်လို့ အတွေးအခေါ်ပညာရှင် အရစ္စတိုတယ် က ပြောခဲ့တယ်။ လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်။ ဒါ ဒီမိုကရေစီပဲ ဒါပေမယ့် ဒီမိုကရေစီက ထင်တိုင်းစော်ကားခွင့်တော့ မရှိတာ အမှန်ပဲ။
ကျနော် ပြောချင်တာက အခု မိုးသီးဇွန် ပုသိမ်မြို့က ရေဘေးဒုက္ခသည်တွေအတွက် ကိုယ်တိုင်ဆန်အိတ်ထမ်းပြီး လှူနေတယ်။ ဖေ့ဘွတ်မှာလဲ ဓါတ်ပုံတွေတက်နေတယ်။ ဒါသမိုင်းပဲ။ ဒီသမိုင်းကိုဘယ်သူငြင်းမလဲ။
လေးစားစွာဖြင့်
ထက်ရာဇာ
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment