ငယ်နာမည် ‘မောင်ရွှေ’
လူလားမြောက်လာတော့ ‘ကိုရွှေ’
တို့ဗမာအစည်းအရုံးဝင် တယောက်ဖြစ်လာတော့ ‘သခင်ရွှေ’ ပေါ့ ။
‘ကိုရွှေ’ ကနေ .. ‘သခင်ရွှေ’ အတွင်း
အ၀င်းပဆုံး ဂုဏ်အင်ဟာ
ရိုးဂုဏ်နဲ့ မျိုးချစ်စိတ်
နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်နဲ့ သတ္တိသွေး
လွတ်လပ်ရေးကြိုးပမ်းမှု လမ်းကြောင်းပေါ်မှာ တွေ့နိုင်တယ်။
အဲဒီရဲ့နောက်
ဂျပန်ကိုရောက် ဟိုင်နန်ရောက်
ထိုင်ဝမ်ဖက်ရောက် ထိုင်းမြေရောက်
သွေးဖေါက် သစ္စာရေသောက်ပွဲ ကျင်းပအပြီး
ရဲဘော်သုံးကျိပ်ကြီးအဖြစ် ကမ္ဗည်းဆင်
သမိုင်းဝင် မော်ကွန်းတဆင့် အတင်မှာ
‘သခင်ရွှေ’ ဟာ ‘ဗိုလ်ကျော်ဇော’ ဖြစ်လာတယ်။
‘သခင်ရွှေ’ ကနေ .. ‘ဗိုလ်ကျော်ဇော’ အထိအတွင်း
အ၀င်းပဆုံး ဂုဏ်ရောင်ဟာ ..
အနစ်နာခံမှု နဲ့ ရဲရင့်မှု
ခေါင်းဆောင်ပီသမှုနဲ့ တိုက်ဇွဲမာန်
ဖက်ဆစ်တော်လှန်ရေးအောင်လံ တလူလူကြားကသာမက
တရုတ်ဖြူကျူးကျော်သူ မောင်းထုတ်ရေးလမ်းကြောင်းမှန်ပေါ်က
အောင်မောင်းသံ တညံညံကြားကပါ မြင်နိုင်တယ်။
အဲဒီနောက်
စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး
လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲရင်း
တူတံစဉ်အလံကို လွှင့်တင်
သံလွင်မောမြေ တခွင်ပေါ်မှာ
‘ဗိုလ်ကျော်ဇော’ ကနေ .. ‘ဦးတင်’ ဖြစ်လာတယ်။
‘ဗိုလ်ကျော်ဇော’ ကနေ .. ‘ဦးတင်’ အထိအတွင်း
အ၀င်းပဆုံး ဂုဏ်ရောင်ဟာ
ရာသက်ပန်တော်လှန်ရေးသမားပီသမှု
တည်ကြည်မှုနဲ့ ပြည်ချစ်စိတ်
တဖိတ်ဖိတ် ရွှန်းလက်
နောက်ဆုံးထွက်သက်အထိ မြင်နေရ
တဘ၀တာလုံး ပြည်သူ့ဘက်က ဖြစ်ခဲ့တယ်။
ဦးလေး ရေ ...
‘သခင်ရွှေ’ ကို လေးစား
‘ဗိုလ်ကျော်ဇော’ အား စံနမူနာတင်
‘ဦးတင်’ ကို ကြည်ညိုခဲ့တဲ့ ကျနော်ဟာ ..
အခုတော့
မမေ့မလျော့ စိတ်အလျဉ်နဲ့
‘ဦးတင်’ သို့ ..
ဦးတင်လို့ ကန်တော့လိုက်ပါရဲ့
သောင်းတိုက်ကမ္ဘာ တည်စေသောဝ် ။ ။
(ဝင်းတင့်ထွန်း)
၁၀ -၁၀- ၁၂ နေ့ည
( ၁၀-၁၀- ၁၂ နေ့မှာ ကွယ်လွန်သွားရှာတဲ့ ရဲဘော်သုံကျိပ်ဝင် ဗိုလ်ကျော်ဇောသို့ နောက်ဆုံးဂါရဝ)
No comments:
Post a Comment