Saturday, May 4, 2013

ရွာကလေးရဲ့ ပြဿနာ (မောင်လှဝင်း - မြင်းခြံ)

ဒါဟာ တကယ့်အဖြစ်တော့ တကယ့်အဖြစ်အပျက်အမှန်ပါပဲ။

ရွာနာမည်တော့ မပြောတော့ပါဘူး။ အောက်ဗမာပြည်က ရွာလေးတရွာပဲ ဆိုကြပါစို့။ ရွာကလေးက လှပါတယ်။ တောင် ကမူလေးတခုပေါ်မှာ ရွာကလေးက တည်ရှိပါတယ်။ ဒီရွာကလေးမှာ အိမ်တွေဆိုတာကလည်း သီးပင်စားပင်လေးတွေနဲ့ စိမ်းစိမ်းစိုလို့။ တောင်ကမူ ရွာကလေးကနေ အောက်ဖက်ကို
လှမ်းကြည့်လိုက်ရင်လည်း လယ်ကွင်းတွေက စိမ်းစိမ်းမြ လို့။ လယ်ကွင်းတွေကြားထဲမှာ ရေရှင်ချောင်းကလေးတွေကလည်း တသွင်သွင်စီးလို့။

သီးပင်စားပင်လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ကြတဲ့ ဒီရွာသားတွေဟာ တခါလေမှာ ဒီချောင်းလေးတွေထဲ မြွေမကြောက် ကင်းမကြောက် ငါးဖမ်းဖားရိုက် လုပ်တတ်ကြတယ်။ တချို့ ရွာသားတွေကလည်း အနီးအနားက တောတောင်တွေမှာ သစ်ခုတ်ထင်းခုတ် လုပ်ကိုင်စားသောက်တာလည်း ရှိတယ်။ တချိုကကျတော့ မြို့တွေပေါ်တက်ပြီး မြို့နဲ့ ရွာကလေးကို ကူးချည်သန်းချည်နဲ့ အရောင်းအဝယ်လုပ်ကြတာလည်း ရှိတာပေါ့။ ဒါက ရွာကလေးရဲ့ ယေဘုယျအခြေအနေပါ။

ဇာတ်အိမ်တည်ရမှာကတော့ ပင်စင်စားဦးကြည်မင်းရဲ့ အိမ်ကလေးနဲ့ ခြံကလေးပါ။ ဒီရွာကလေးမှာ မြေဈေးချိုတော့ ပင် စင်စားတွေ မြေကလေးခြံကလေးတွေဝယ်ယူပြီး သီးပင်စားပင်တွေ စိုက်ပျိုးရင်း ဘ၀နေညိုချိန်ကို အေးအေးဆေးဆေး သက်တောင့်သက်သာ နေထိုင်စားသောက်တတ်ကြတာလည်း ရှိတယ်။ ဦးကြည်မင်းကလည်း သူတို့အထဲက တယောက်အပါအဝင်ပေါ့။

ဦးကြည်မင်းဝယ်တဲ့ ခြံက အာဏာပိုင်ငွေရှင်ကြေးရှင် သူဌေးတယောက်ရဲ့ မယားငယ်ပိုင်တဲ့ ခြံပါ။ ခြံကို ဦးကြည်မင်း ဝယ်ယူတဲ့အခါ ဒီသူဌေးမယားငယ်ကိုယ်တိုင် မလာပါဘူး။ သူ့ညီမနဲ့ သူ့ညီမရဲ့ယောက်ျားတို့ပဲ လာရောက်ကြပြီး ဦးကြည်မင်းနဲ့ ခြံအရောင်းအဝယ် စာချုပ် ချုပ်လိုက်ကြပါတယ်။

ဒီခြံထဲမှာ ဦးကြည်မင်းက သင့်တော်ရုံ သူတယောက်တည်း နေလောက်ထိုင်လောက်တဲ့ အိမ်ကလေးတလုံး ဆောက် လိုက်ပါတယ်။ နဂိုရှိထားတဲ့ သီးပင်တချို့ကို ပြုပြင်မွမ်းမံတာနဲ့ စားပင်တချို့တလေ စိုက်ပျိုးတာလောက်ပဲ ဦးကြည်မင်း လုပ်ပါတယ်။ သူက ဘာသာရေးသမားဆိုတော့ တရားဘာဝနာ ပွားများတာနဲ့ ခြံလေးထဲမှာ လမ်းလျှောက်ရင်း ပုတီးစိတ် နေတတ်တာက များပါတယ်။ ထမင်းဟင်းကိုလည်း တခါလေ သူ့ဘာသာ ချက်တဲ့အခါချက်၊ ရွာလေးထဲက သူ့တူမ တယောက်ကလာပြီး ချက်ပြုတ်ပေးတဲ့အခါ ပေးပေါ့။ ခြံနဲ့ နေတဲ့သူဆိုတော့ ဦးကြည်မင်းက ခွေးနှစ်ကောင်တော့ မွေး ထားပါတယ်။ ရွာထဲက အိမ်တွေမှာ ခြံကလေးတွေရှိတဲ့အိမ်က ခပ်များများဆိုတော့ ခွေးတွေ အိမ်တိုင်းလိုလို မွေးထား တတ်တယ်။ တယောက်တည်းသမား ဦးကြည်မင်းကလည်း ခွေးနှစ်ကောင်လောက်တော့ မွေးထားရတာပေါ့။

ဦးကြည်မင်းက အိမ်သာကို ခြံရဲ့ အနောက်မြောက်ထောင့်မှာ ဆောက်ထားတယ်။ ခြံကို ဖြတ်ပြီး အိမ်သာသွားတဲ့ လူ သွားလမ်းကလေးတခု ရှိတယ်။ ဦးကြည်မင်းက တယောက်တည်းသမားလည်း ဖြစ်ပြန်၊ ကူဖော်လောင်ဖက်လည်း ခေါ် မထားလေတော့ အိမ်သာသွားတဲ့လမ်းကို အထူးတလည် ဖောက်မနေပါဘူး။ လူသွား-လမ်းဖြစ်ဆိုသလို သွားဖန်လာဖန် များတော့ လူသွားလမ်းကလေး သူ့ဘာသာ ပေါ်လာတော့တာပါပဲ၊ လမ်းဘေးက ပေါင်းပင်မြက်ပင်တွေ ရှင်းမထားနိုင် လေတော့ လမ်းဘေးမှာကလည်း မြက်ပင်တွေ၊ ခြံနွယ်ပိတ်ပေါင်းကလေးတွေ ရှိနေတယ်။

တနေ့ ညနေပိုင်းအချိန် ဦးကြည်မင်း အိမ်သာက ပြန်အလာ၊ သူ့နောက်က လျှောလျှော-လျှောလျှောနဲ့ အသံခပ်ကျယ် ကျယ် ကြားလိုက်တယ်။ ဦးကြည်မင်းက နောက်ကို လှည့်ကြည့်မနေပါဘူး။ အိမ်ဘက်ကို ခြေလှမ်းပိုသွက်ပြီး ပြန်လာ တာလောက်ပဲ လုပ်ပါတယ်။ ဒါပေမဲ့ ခွေးတွေက ဘယ်နေလိမ့်မလဲ။ တဝုတ်ဝုတ်နဲ့ အသံကျယ်ပေးပြီး ထိုးဟောင်ကြ တယ်။ ဒီလို ဟောင်ရင်းက အိမ်သာဘက် သွားတဲ့လမ်းအတိုင်း တဟုန်ထိုးပြေးလာကြတာ အနားရောက်မှ မြင်းဇက် ကြိုးကို တအားဆွဲပြီ့း ဇက်သတ်လိုက်သလို ဖြုန်းခနဲ ရပ်တန့်သွားကြတယ်။ ရှေ့ဆက်မတိုးရဲဘဲ ဟောင်ရုံပဲ ဟောင်နေ ကြတော့တယ်။

ဒီအချိန် သစ်ခုတ်ပြန်လာတဲ့ လူတသိုက် ဦးကြည်မင်းရဲ့ ခြံရှေ့အရောက် ခွေးဟောင်သံကြားတာနဲ့ ခြံထဲ လှမ်းကြည့် လိုက်ကြတယ်။ သူတို့ပါးစပ်တွေက ပထမဆုံး စတင် ဟစ်အော်ပြောကြားလာကြတာပါ။ “ဟာ…မြွေကြီးဟ…မြွေကြီးဟ” တဲ့။ ခြံအပြင်ကနေ အိမ်သာဘက် မြွေကြီးရှိနေရာအထိ သူတို့လှမ်းမြင်လိုက်ရတယ်ဆိုတော့ မြွေကြီး ဘယ်လောက်ကြီး မားသလဲဆိုတာ စဉ်းစားသာကြည့်ပေရော့။

“ရိုက်သတ်ဟ…ရိုက်သတ်ဟ” ဆိုပြီး ပြေးသွားတဲ့ သစ်ခုတ်သမား တယောက် နှစ်ယောက် မြွေနားလည်းရောက်ရော ခုနက ခွေးတွေလိုပဲ သူတို့လည်း အရှိန်သတ်ပြီး ရပ်သွားကြပြန်ရော။ သူတို့မှာ ဘာလက်နက်မှ ပါမသွားတာကြောင့်တ ကြောင့်၊ အနားရောက်မှ မြွေကြီးရဲ့ ကြီးမားမှုကို ရုတ်တရက် တွေ့လိုက်ရလို့ လန့်သွားတာကတကြောင်း ဖြစ်လိမ့်မယ် ထင်တယ်။ ဒီတင် မြင့်ဆောင်က သစ်သားတုတ်ကောင်း ကောင်းတချောင်းလိုက်ရှာ၊ သန်းနိုင်က ပုဆိန်တလက်ကိုင်ပြီး ရောက်လာတယ်။ နှစ်ယောက်စလုံးက အားကောင်းမောင်းသန် တကယ့်ကို သန်သန်မာမာ သစ်ခုတ်သမားတွေဆိုတော့ မြင့်ဆောင်က တုတ်နဲ့ရိုက်၊ သန်းနိုင်က ပုဆိန်နဲ့ ဝင်ခုတ်၊ မြွေသတ်ပွဲကြီးကို တဝုန်းဝုန်း တဗုန်းဗုန်းနဲ့ ပွက်ပွက်ညံအောင် ဆင်နွဲလိုက်ကြတာ တရွာလုံးက ကလေးလူကြီးတွေ လာကြည့်ကြတဲ့အဆင့်ကို ရောက်တော့တာပဲ။

မြွေကြီးလည်း သေသွားရော၊ မြင့်ဆောင်နဲ့ သန်းနိုင်တို့လည်း ဟောဟဲ-ဟောဟဲနဲ့ ချွေးသံတွေ ရွှဲလို့။ တကယ့်ကို ကျား တကောင်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရသလိုမျိုး ပုံစံနဲ့ ဘေးက မြက်ခင်းပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ကြတော့တယ်။ တခြားသူတွေကတော့ မြွေကြီးကို တခြားရွာသူတွေ ကလေးသူငယ်တွေ ရှင်းရှင်းလင်းလင်း ကြည့်ရှုမြင်တွေ့နိုင်အောင် လမ်းပေါ်သယ်ထုတ်ပြီး ချထားလိုက်တယ်။ တချို့ကတော့ မကြည့်ရဲဘူး။ တချို့ကတော့ အပွေးအကွက်တွေ သေချာ ကြည့်ပြီး သုံးသပ်ဝေဖန်နေကြတယ်။ တချို့ကတော့ မြွေဆိုးတဲ့။ တချို့ကလည်း မြွေကောင်းတဲ့။ မြွေရဲ့အရှည်က တချို့ က နှစ်လံကျော်လို့ ခန့်မှန်းပြီး တချို့က သုံးလံလောက် ရှိလိမ့်မယ်ဆိုပဲ၊ အတုတ်ကိုတော့ တချို့က ပေါင်လုံးလောက် တုတ်မယ်ပြောပြီး တချို့က ကလေးကိုယ်လုံးနီးပါး တုတ်မယ်တဲ့။ ဘယ်ကလေးကိုယ်လုံးလောက် သူရည်ရွယ် ပြောသ လဲတော့ မသိဘူးပေါ့။ ကြွက်စီကြွက်စီ ဆူဆူညံညံနဲ့ ရွားသားတွေ ပြောနေလိုက်ကြတာ အဘ ဦးစောထီး ရောက်လာမှပဲ အားလုံးအသံတွေ တိတ်ပြီး အဘ ဦးစောထီးပြောမယ့်စကားကို နားစွင့်နေကြလေရဲ့။

အဘဦးစောထီးအကြောင်းကိုလည်း ပြောပြရဦးမယ်၊ အခုတော့ အသက်(၇၀) ကျော်နေပါပြီ၊ ဒီရွာမှာမွေး၊ ဒီရွာမှာ ကြီး ပျင်းပြီး ငယ်ငယ်ကတည်းက တောလိုက်စားခဲ့သူပေါ့။ တောကျွမ်းသလားတော့ မမေးနဲ့၊ ရွာကလေးရဲ့ အနီးအနား တော တောင်တွေသာမက ဒီဒေသပတ်ဝန်းကျင်တောတွေကိုပါ ကျွမ်းတဲ့ အဘ။ အသက်ကြီးလာတော့ တောလိုက်တဲ့အလုပ် မလုပ်တော့ပါဘူး။ စိတ်သဘောထားကောင်းပြီး ဗဟုသုတ နှံ့စပ်သူဖြစ်လေတော့ ရပ်ရွာက လေးစားကြည်ညိုနေတဲ့ အဘ။ အဘရဲ့ ထူးခြားချက်က မသေခင်ကတည်းက နတ်ပွဲတပွဲနဲ့ ပွဲထိုးပေးခြင်း ခံရသူ ဖြစ်တယ်ဆိုတဲ့ အချက်ပါ။ တခြား ကွယ်လွန်ပြီး နတ်ဖြစ်သွားတဲ့ နတ်တွေအတွက် နတ်ပွဲပေးတဲ့အခါ အဘနာမည်နဲ့ မသေသေးတဲ့ အဘအတွက် နတ်ကန်တော့ပွဲ တပွဲထည့်ကာ ပူဇော်ကြတာ ဒီရွာလေးတ၀ိုက်မှာ နှစ်တချို့တောင် ကြာခဲ့ပြီ။ ထားပါတော့။

ရွာသားတွေ အားလုံး ဒီမြွေနဲ့ ပတ်သက်လို့ အဘရဲ့ နှုတ်ထွက်စကားကို စောင့်စားနေကြချိန် အဘစောထီးက ချိန်ချိန် ဆဆ လေးလေးပင်ပင်နဲ့ ပြောပြတယ်။ “ကျုပ် တောအနှံ့ တောင်အနှံ့ နေရာဒေသ အနှံ့ ရောက်ခဲ့ဖူးပြီ။ စပါးကြီး စပါး အုံးတို့လို မြွေမျိုးကလွဲလို့ ကျုပ်တသက် ဒီလောက်ကြီးတဲ့ မြွေမျိုး တခါမှ မတွေ့ဖူးသေးဘူး။ သိတော့ သိတယ်။ ဒီမြွေမျိုး ဘယ်မှာရှိတယ်ဆိုတာ။ အခု မင်းတို့ ကိုယ့်မြေကို လက်လွတ်စပယ် ရောင်းစားလိုက်ပြီး သူဌေးက ပိုင်သွားတဲ့ ဟောဟို တောင်ပူစာရဲ့ ချက်မမှာ ဒီမြွေမျိုးက ‘သိုက်နဲ့ နေတာ။ အထီးအမ ၂ ကောင်ထည်း နေတတ်တာလည်း ရှိတယ်။ လေးငါး ကောင် နေတတ်တာလည်း ရှိတယ်။ အခု ဒီတောင်ပူစာကို ဘူဒိုဇာတွေနဲ့ထိုး။ မြေညှိ။ စိုက်ခင်းတွေလုပ်ပစ်လိုက်တဲ့ အခါ ဒီမြွေတွေရဲ့ ‘သိုက်’ ပျက်ပြီး အခု ဒီဘက်ဆင်းလာကြတာပဲ။ ကိုယ့်မြေကိုယ်ရေကို ကိုယ်ကျိုးစီးပွားအတွက် ရောင်း စားချင်တဲ့ ကောင်တွေ…ဆိုးကျိုးတွေ ရောက်လာလိမ့်မယ်။ စောင့်သာကြည့်ပေတော့။” အဘက ဒီလို ပြောအပြီးမှာ လှည့်ထွက်သွားတယ်။ လေးငါးခြောက်လှမ်းလောက် အရောက်မှာ နောက်ပြန်လှည့်ပြီး “တချို့ကတော့  ဒီမြွေမျိုးကို နတ်မြွေလို့ ခေါ်ကြတာလည်း ရှိတယ်” လို့ တချက်ပြောပြီး သူ့ လမ်းသူ ဆက်လက်ထွက်ခွာသွားတော့တယ်။

ရွာသားတွေလည်း အဘပြောအပြီး ပါးစပ်တွေ အဟောင်းသားနဲ့ ခဏ ငြိမ်သက်နေကြတယ်။ ခဏနေမှ ပွက်စီပွက်စီ ဖြစ်ကုန်ကြတယ်။ မြွေကြီးကို သတ်သင့် မသတ်သင့်ပေါ့။ ဦးကြည်မင်းတယောက်ကတော့ သူ့အိမ်ရှေ့ကနေ နားထောင် ပြီး ဘာမှဝင်မပြောဘဲ တည်တည်ကြည်ကြည် ငြိမ်ငြိမ်သက်သက်ပါပဲ၊ ရွာကလေးမှာ ထုံးစံအတိုင်း ဒီမြွေအကြောင်း နှစ် ရက် သုံးရက်လောက် ဟိုနေရာမှာလည်း ပြောနေကြ၊ ဒီနေရာမှာလည်း ပြောနေကြပေါ့။ နောက်တော့လည်း မေ့မေ့ ပျောက်ပျောက် ဖြစ်သွားကြတာပါပဲ။

နောက်ထပ် ထူးထူးခြားခြား အဖြစ်အပျက်တရပ်က ဒီမြွေကြီး သေအပြီး (ရ) ရက်နေ့လောက်မှာ ထပ်ပေါ်တယ်၊ ပေါ်တာ ကလည်း သန်းနိုင်တို့အိမ်မှာ။ သစ်ခုတ်က ပြန်လာအပြီး သန်းနိုင်ရဲ့အိမ်မှာ သန်းနိုင်တို့လင်မယားနဲ့ မြင့်ဆောင်တို့ လင် မယား ထမင်းအတူ စားနေကြတဲ့အချိန်။ သန်းနိုင်နဲ့ မြင့်ဆောင်တို့က ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ။ သစ်ခုတ်က မိုးချုပ်ချုပ်မှ ပြန်လာပြီး အိမ်ရောက်မှ ချက်ပြုတ်ရတာဆိုတော့ သူတို့ထမင်းစားတဲ့အချိန်ဟာ အတော်နောက်ကျနေပြီ။ ည- ၈ နာရီခွဲလောက် ရှိနေပြီ။ လေးယောက်သား မှန်အိမ်လေးနဲ့ ထမင်းဝိုင်းထိုင်စားတဲ့အချိန် ပထမဆုံး သတိပြုမိတာ က မြင့်ဆောင်ပဲ။ မြင့်ဆောင်က “ဟေ့- မင်းတို့သုံးယောက်လုံး ငြိမ်ငြိမ်နေကြ၊ ဘာမှ မလှုပ်ရှားနဲ့” လို့ ပြောပြီး ဘေးမှာ ချထားတဲ့ လက်နှိပ်ဓာတ်မီးကို ဆွဲယူကာ အိမ်ပေါ်ကနေ ဒရောသောပါး ဆင်းချသွားတယ်၊ သန်းနိုင်ရဲ့ အိမ်က နှစ်ထပ် အိမ်။ သစ်ခုတ်သမားဆိုတော့ သစ်ပေါပေါနဲ့ ပျဉ်ခင်းပျဉ်ကာ နှစ်ထပ်အိမ်တလုံး ဆောက်ထားတာ။

မြင့်ဆောင်က အိမ်အောက်လည်း ရောက်ရော လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်ပြီး “ဟ…လာပြန်ပြီ မြွေကြီးဟ- မြွေကြီး- မြွေကြီး…လာကြပါဦးဗျို့” လို့ အော်တော့တာပဲ။ ညအချိန်ကလည်း ဖြစ်ပြန်၊ မြွေကြီးကလည်းကြီးတော့ သူတို့ချည်း မနိုင် မှန်းသိလို့ မြင့်ဆောင်က ရပ်ရွာကို အကူအညီတောင်းရတော့တာပါ၊ သူတို့ ထမင်းစားနေချိန် ဒီမြွေကြီး သူတို့အိမ်ပေါ် တက်နေမှန်း မြင့်ဆောင်က စိတ်ထဲက ရိပ်မိသိရှိပြီး အိမ်အောက်ကို ဆင်းကြည့်လိုက်တဲ့အခါ သူက မြွေကြီးကို တန်း တွေ့လိုက်တာ ဖြစ်တယ်။ လက်နှိပ်ဓာတ်မီးနဲ့ ရွာကလူတွေ လာကြည့်တော့- လား-လား….မြွေကြီးက သန်းနိုင်တို့ အိမ် ပေါ်တွယ်တက်ပြီး အိမ်ထဲဝင်ဖို့ ဝင်ပေါက် ရှာနေတာကလား။ မြွေကြီးရဲ့ အမြီးက အိမ်အောက်က အိမ်တိုင်မှာ ပတ်လို့။ ခေါင်းက အိမ်အပေါ်ထပ် ပြတင်းပေါက်နားမှာ ဟိုရှာဒီရှာနဲ့ ဝင်ပေါက်ကို ရှာလို့။

ဒါလောက်ကြီးတဲ့မြွေတွေ့ရတော့ ရွာက လူငယ်တွေလည်း နတ်မြွေလား-ဘာမြွေလား စဉ်းစားမနေအားတော့ပါဘူး။ ရွာ ထဲက မော်တော်ဆိုင်ကယ်တွေ အိမ်ဝိုင်းထဲထိ ဆွဲသွင်းလာ၊ ဆိုင်ကယ်နှစ်စီး သုံးစီးက ဆိုင်ကယ်မီးတွေ စုထိုးလိုက်ပြီး လူငယ်တွေက မြွေကြီးကို ၀ိုင်းသတ်လိုက်ကြတယ်။ မြွေကြီးက ထူးထူးခြားခြား ပြန်လည် ရန်ပြုတာမျိုး မရှိပေမယ့် အ သက်ပြင်းလွန်းလို့ အသက်သေအောင် တရွာလုံးက လူငယ်တွေ အချိန်အတန်ငယ်ကြာအောင် ဝိုင်းဝန်းရိုက်ပုတ် သတ် ယူရသတဲ့။

အဲဒီညမှာ ရွာကလူတွေ တော်တော်နဲ့ မအိပ်ကြတော့ပါဘူး။ မြွေကြီးတွေအကြောင်း ဆက်ပြောနေကြတာပေါ့၊ ရွာကလူ အများစုက ယူဆနေကြတဲ့ အမြင်တခု ရှိတယ်။ာ ဟိုမြွေကို သန်းနိုင်နဲ့ မြင့်ဆောင်တို့က ရိုက်သတ်လိုက်တဲ့အတွက် ဒီ မြွေက လက်စားချေဖို့ သန်းနိုင်ရဲ့အိမ်ကို လာတက်တာတဲ့။ အဘ ဦးစောထီးကတော့ တခွန်းလောက်ပဲ ပြောတော့ တယ်။ “အရင်မြွေက အမ။ အခုမြွေက အထီး” တဲ့။ ရိုက်တုန်းကတော့ အကြောက်အလန့်မရှိ ရိုက်သတ်ခဲ့တဲ့ သန်းနိုင်နဲ့ မြင့်ဆောင်ရော။ သူတို့ မိန်းမတွေရော အခုတော့ ကြောက်လိုက်ကြတာ ဘယ်မှာမှ နေစရာ မရှိတော့ဘူး။ မြွေထီးက သူ့ မြွေမ သတ်တဲ့သူကို လက်စားချေဖို့ လိုက်လာတာ အမှန်ပဲလား။ ဒီလို မြွေကြီးမျိုး ဒီနှစ်ကောင်ပဲ ရှိတာလား။ နောက်ထပ် ဒီရွာကို လိုက်လာမယ့်မြွေတွေ ဘယ်လောက်များ ရှိနေသေးသလဲ။ သူတို့ရွာပိုင် တောင်ကမူကို သူဌေးတွေ ၀ယ်ပြီး တောင်ကမူကို ဖြိုလိုက်တာက ဒီကိစ္စ စပေါ်တာဆိုရင် ဒီလို ကိုယ့်မြေတွေကို ရောင်းစားပစ်တာနဲ့ ပတ်သက်ပြီး ဘယ်သူ တွေမှာ တာဝန်ရှိသလဲ။ ရွာအာဏာပိုင်တွေလား။ ဘေးက မြှောက်ပေးပြီး ဝေစုအတူ ခွဲယူတဲ့သူတွေလား။ ပြဿနာက ပွထလာတယ်။ ဒါပေမယ့် ပွဲပြီး မီးသေဆိုသလို ရက်နည်းနည်း ကြာလာတော့လည်း ဒီကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ် သွားကြပြန်လေရော။

ဒါပေမဲ့ တလလောက်အကြာ နောက်ထပ် ပြောစရာ ကိစ္စတခု ထပ်ပေါ်လာပြန်ပါတယ်။ ရက်နည်းနည်း ကြာလာတော့ သန်းနိုင်ရော မြင့်ဆောင်ပါ မြွေကိစ္စ မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြတယ်။ လူငယ်တွေဆိုတော့ ခေါင်းထဲ သိပ်ကြာ ကြာ ထည့်မထားတော့ဘူးပေါ့။ ဒီတော့ မြင့်ဆောင်က သစ်အလုပ် ခဏနားပြီး သစ်ရောင်းတဲ့ကိစ္စနဲ့လား။ တခြား အ ရောင်းအဝယ်ကိစ္စနဲ့လား မသိဘူး။ မြို့ပေါ် တက်သွားတယ်။ လေးငါးရက်လောက် ကြာတယ်မှတ်တယ်၊ ဒီတော့ သစ် ခုတ်သွားတဲ့အခါ သန်းနိုင်ရယ်၊ သန်းနိုင်ရဲ့ မိန်းမရယ်။ မြင့်ဆောင်ရဲ့ မိန်းမရယ် သုံးယောက်က သစ်ခုတ်စခန်းကို တက် ပြီး သူတို့လုပ်စရာ ရှိတာတွေ ဆက်လုပ်နေကြတယ်။

တနေ့ တောထဲသွားလုပ်ရင်း သန်းနိုင်ရဲ့ မိန်းမက နေမကောင်းချင်ဘူး ဆိုပြီး သူက အချိန်စောပြီး အိမ်ပြန်လာတယ်။ အဲဒီမှာ ပြဿနာ ပေါ်တော့တာပဲ။ ရွာက တောထဲ သွားလည်တဲ့ ကာလသားပေါက်စ နှစ်ယောက်က သန်းနိုင်နဲ့ မြင့်ဆောင်ရဲ့ မိန်းမတို့ တောထဲမှာ မှောက်မှားနေကြတာ သူတို့ ချောင်းမြောင်းတွေ့ရှိရတယ်လို့ ရွာထဲမှာ သတင်းတွေ ပွစိပွစိ ဖြစ်လာတယ်။ ကောင်လေးတွေကို အသေအချာ မေးကြည့်လေ။ အမှန်တကယ် ဖြစ်ခဲ့တယ်ဆိုတာ သေချာလေ ပါပဲ၊ မြင့်ဆောင်ကလည်း မြိုက ပြန်မလာသေးဘူး။ မြင့်ဆောင် ပြန်လာရင် ဘာဖြစ်မလဲ။ ရွာက လူတွေက ဒီကိစ္စကို သူတို့အမြင်နဲ့သူတို့ ဇာတ်ကွက်တွေဆင်ပြီးတွေးတော ပြောဆိုနေကြတယ်။ သန်းနိုင်ရဲ့ မိန်းမကတော့ အလူးအလဲ တငိုငိုနဲ့ပေါ့။ ကာယကံရှင် မြင့်ဆောင်ရဲ့မိန်းမကတော့ နည်းနည်းမှ ဟန်မပျက်ဘူး။ သူမဟုတ်သလို ပုံမျိုးနဲ့ပေါ့။ သစ် ခုတ်သွားတဲ့အခါ ကူညီလုပ်ကိုင်ပေးဖို့ မိန်းမတွေ တယောက်မှ မပါကြတော့ဘူး။ သန်းနိုင်တယောက်တည်း သွားတာပဲ ရွာကလူတွေ တွေ့ကြရတယ်။ တရက်နှစ်ရက်နေတော့ မြင့်ဆောင် ပြန်ရောက်လာတယ်။

သူ့မိန်းမနဲ့ သန်းနိုင်ရဲ့ ကိစ္စ ရွာသားတွေထဲက ပြောသူက ပြောလို့ မြင့်ဆောင် ပြန်ကြားရတာလည်း အသေအချာပေါ့။ ဒီတခါ အံ့သြရတာက တရွာလုံးပဲ။ မြင့်ဆောင်က နည်းနည်းမှ ဟန်မပျက်ဘူး။ ပထမ မိန်းမတွေမပါဘဲ သန်းနိုင်နဲ့ မြင့် ဆောင်တို့ သစ်ခုတ်သွားမြဲ သွားနေကြတယ်။ နောက်တော့ မြင့်ဆောင်ရဲ့မိန်းမပါ တောတွေ တောင်တွေထဲ သန်းနိုင်နဲ့ မြင့်ဆောင်တို့နဲ့ အတူ လိုက်ပါသွားတတ်တာကို ရွာကလူတွေ တအံ့တသြ တွေ့ကြရတယ်။ သူတို့တတွေ ဘယ်လို သ ဘောလဲ။ ဘယ်သူမှ နားမလည်ကြဘူး။ သန်းနိုင်ရဲ့ မိန်းမကတော့ ရှင်းတယ်။ မြင့်ဆောင်ရဲ့မိန်းမနဲ့ မျက်နှာချင်းကို မဆိုင်တော့ဘူး။

ဒီလိုနဲ့ ရက်နည်းနည်း ကြာလာတဲ့အခါမှာ မြင့်ဆောင် မြို့ကို တခါ တက်သွားပြန်တယ်။ သူ မြို့ကို သွားမယ်ဆိုတာ တ ရွာလုံးနီးပါး သိတယ်။ သူ ရက်နည်းနည်း ပိုကြာလိမ့်မယ်လို့လည်း မြင့်ဆောင်က ပြောသွားတယ်။ မြင့်ဆောင် မြို့တက် သွားပြီး လေးငါးရက်လောက် အကြာမှာ ထင်ပါရဲ့။ ကိစ္စ ကြီးကြီးမားမား ပေါ်တော့တာပဲ။ သန်းနိုင်ရယ်၊ မြင့်ဆောင် မိန်းမရယ် နှစ်ယောက်စလုံး တောင်ခါးပန်းက ချောက်ထဲမှာ လိမ့်ကျ သေဆုံးနေတာ ၂ ရက်လောက်ကြာမှ ရွာက လူ တွေ တွေ့ကြရတယ်။

သူတို့ နှစ်ယောက်စလုံးရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာတွေနဲ့တဲ့။ အလောင်းကို မျက်မြင်ကိုယ်တွေ့ တွေ့ကြရသူတွေက ပြန် ပြောပြလို့ ရွာကလူတွေ ကြားသိရတယ်။ ဒဏ်ရာရအောင် ရိုက်နှက်သတ်ဖြတ်ပြီးမှ ချောက်ထဲပစ်ချတာလား။ချောက်ထဲ လိမ့်အကျမှာ ဒဏ်ရာရသွားတာလား။ သို့လော-သို့လော အမျိုးမျိုး ပြောနေပေမယ့် ဘယ်သူမှ တတ်အပ်သေချာ ပြော နိုင်တာ မရှိပါဘူး။ ဒီကိစ္စ ဘယ်သူမှလည်း အမှုဖွင့်မနေပါဘူး။ ဘယ်သူမှလည်း လာမစစ်ပါဘူး။

နောက် ၂-ရက် ၃ ရက်အကြာမှာ မြင့်ဆောင် ပြန်ရောက်လာတယ်။ မြင့်ဆောင် ဟန်ကောင်းလိုက်ပုံကတော့ ရွာကလူ တွေ အံ့သြပြီးရင်း အံ့သြနေကြရတယ်။ ဟန်လုပ်ပြီး ငိုတာယိုတာလည်း မရှိဘူး။ မူပျက်တာလည်း မရှိဘူး။ တကယ့်ကို တည်တည်ငြိမ်ငြိမ်ပဲ။ လူတွေကတော့ အမျိုးမျိုး ပြောနေကြတယ်။ သန်းနိုင်နဲ့ မြင့်ဆောင်ရဲ့မိန်းမကို မြင့်ဆောင် ကိုယ် တိုင် လာသတ်တာတဲ့။ တချို့ကလည်း မြင့်ဆောင် မြို့တက်နေတာပဲ။ သူ သတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒီလို ဖောက် ပြန်နေတာကို ရွံရှာတဲ့ တခြားလူတွေက ဝင်သတ်တာလို့ ပြောနေတာလည်း ရှိတယ်။ မြင့်ဆောင်ကတော့ သူ့ဗီဇအတိုင်း ဘာမှ တုံ့ပြန်ပြောဆိုတာလည်း မလုပ်ဘူး။ နေမြဲတိုင်းနေ၊ သွားမြဲတိုင်းသွား၊ စားမြဲတိုင်းစားပဲ။

နောက်ပိုင်း လတချို့ကြာလာတော့ မြင့်ဆောင်နဲ့ သန်းနိုင်ရဲ့ မိန်းမတို့ ညားသွားကြတယ်။ နောက် သိပ်မကြာလှပါဘူး။ မြင့်ဆောင်နဲ့ သန်းနိုင်ရဲ့ မိန်းမတို့ မြို့ကို အပြီး ပြောင်းတော့မယ်ဆိုပြီး ပြောင်းသွားကြတော့တယ်။ ဒီကိစ္စတွေကိုကျ ရွာကလူတွေ အထူးတလည် မအံ့သြကြတော့ပါဘူး။ ဒီလိုပဲ ဖြစ်ရမယ်လို့ ကြိုပြီးများ တွက်ထားကြသလား မပြောတတ် ပါဘူး။

နောက် နှစ်တချို့အကြာမှ ကြားသိရတဲ့ ကိစ္စကိုလည်း ဒီမှာတင် တဆက်တည်း ပြောလိုက်ပါဦးမယ်။ သန်းနိုင်ရဲ့ အရင် မိန်းမ (မြင့်ဆောင်ရဲ့ ယခုမိန်းမ) မြို့ပေါ်မှာ သေသွားတယ်တဲ့။ ဖျားနာလို့သေတာလား၊ ဘာကြောင့်သေတာလည်း ဆို တာတော့ ဘယ်သူမှ ကွဲကွဲပြားပြား မသိကြဘူး။ အဲဒီကစလို့ မြင့်ဆောင်ရဲ့ သတင်းလည်း ဘာအစအနမှ မရတော့ဘူး။ တချို့ကလည်း မြင့်ဆောင် မရှိတော့ဘူးလို့ ပြောကြတယ်။ လူ့ပြည်မှာကို မရှိတာလား။ မြို့ပေါ်မှာ မရှိတာလား။ ဗမာ ပြည်မှာ မရှိတာလား။ ဒါလည်း ရွာကလူတွေ ဘယ်သူမှ သိတာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကူးနဲ့ကိုယ် အမျိုးမျိုး ပြောဆို နေကြတာပါ။

သူတို့ကိစ္စလို နှစ်အကြာကြီးနေမှ ဖြစ်ပျက်တာ မဟုတ်ဘဲ လပိုင်းအတွင်း ဖြစ်ပျက်သွားတဲ့ ကိစ္စလေးတွေ ရှိသေးတယ်။ အဲဒါကတော့ မြွေကြီးကို စတွေ့ရတဲ့ ခြံနဲ့ ပတ်သက်ဆက်စပ်နေတယ်။ ခြံပိုင်ရှင် (အာဏာပိုင်သူဌေးရဲ့ မယားငယ်) ရုတ် တရက် သေဆုံးသွားတယ်။ သူသေပြီး တလလောက်အကြာမှာ ခြံအရောင်းအဝယ်ကိစ္စ ဦးကြည်မင်းနဲ့ စာချုပ်လာချုပ်တဲ့ (သူဌေးရဲ့ မယားငယ်နဲ့ ခဲအိုတော်စပ်သူ) ရုတ်တရက် သေဆုံး သွားပြန်တယ်။ သူသေပြီး ၁၅ ရက်လောက်အကြာမှာ သူ့မိန်းမ သေဆုံးသွားပြန်တယ်။ ဒါ စကားမရှိ၊ စကားရှာ ပြောနေတာ မဟုတ်ဘူးနော်။ တကယ်ဖြစ်ပျက်ခဲ့တာကို ပြန် ပြောပြနေတာ။ ဒါတွေကို တိုက်ဆိုင်မှုလို့ ဆိုချင်ဆိုနိုင်ပါတယ်။ နောက်ပြီး လက်ရှိ ခြံပိုင်ရှင် ဦးကြည်မင်း တယောက်က တော့ ဘာမှ မဖြစ်ဘူးမို့လား။ ဦးကြည်မင်းက ဘာဖြစ်လိမ့်မလဲ၊ သူက တရားသမားကြီးကိုး-လို့ ပြောကြတဲ့ သူတွေလည်း ရှိပါတယ်။

ရွာကလေးကတော့ စကားစပ်မိရင်း ဒီမြွေတွေ ပြဿနာကို အခုထိ ပြောဆိုနေကြတုန်း။ သန်းနိုင်နဲ့ မြင့်ဆောင်ရဲ့ မိန်းမ တို့ သေရတာ မြွေက လက်စားချေတာတဲ့။ သူတို့ ဒီလို အိမ်ထောင်ရေးပြဿနာတွေ ဖြစ်ရတာလည်း နတ်မြွေကြောင့် တဲ့။ မြင့်ဆောင်ရဲ့ နောက်မိန်းမ (သန်းနိုင်ရဲ့ မယားဟောင်း) သေရတာလည်း ဒါကြောင့်ပဲ။ သန်းနိုင်လည်း ဒါကြောင့် ပျောက်သွားတာ ဒါမှမဟုတ် သေသွားတာလို့ ပြောနေကြလေရဲ့။ မြွေကြောင့် ဒီလိုကိစ္စတွေ ပေါ်ရတယ်လို့ ပြောသူက အများစု။ တိုက်ဆိုင်မှုသက်သက်ပါလို့ ပြောသူက အနည်းစု။

နောက်ထပ် အမြင်တမျိုး ရှိသေးတယ်။ ပြဿနာက မြွေမဟုတ်ဘူး။ မိန်းမတဲ့။ မြွေကြောင့် သေရတာ မဟုတ်ဘူး။ မိန်းမ တွေ သစ္စာမရှိလို့ သေရတာတဲ့။ မြွေက ကြောက်စရာကောင်းတာမဟုတ်ဘူး၊ မိန်းမတွေကမှ ကြောက်စရာကောင်းတာ တဲ့။ ဒါကတော့ မိန်းမတွေအပေါ် အဆိုးမြင်သမားတွေဆီက ထွက်လာတဲ့ အမြင်ပဲ ဖြစ်မှာပါ။ မိန်းမတွေချည်း အပြစ်ပြော မနေနဲ့။ ယောက်ျားတွေကကော သစ္စာရှိလို့လား ဆိုတဲ့ မေးခွန်းကလည်း ဒီအမြင်နဲ့အတူ ထွက်ပေါ်လာသေးရဲ့။

နောက်ထပ် အမြင်တမျိုး ဆက်ပေါ်လာသေးတယ်။ မြွေကလည်း ဒါလောက် ကြောက်စရာ မကောင်းဘူး။ မိန်းမတွေက လည်း ဒါလောက် ကြောက်စရာ မကောင်းသေးဘူး။ ဒါ့ထက် ကြောက်စရာကောင်းတာ ရှိသေးတယ်ဆိုပြီး ပြောလာတဲ့ အမြင်ပါ။ ဒါကတော့ နည်းနည်း ရှင်းပြရမယ့် ကိစ္စပါ။

သူတို့ရွာက လယ်မြေ ဧက သုံးဆယ်ကျော်လောက်ကို အာဏာပိုင်တွေနဲ့ပေါင်းနေတဲ့ သူဌေးတဦးက (ခုခေတ်စကားနဲ့ ဆို ခရိုနီလို့ ပြောရမှာပေါ့) ကျေးရွာအာဏာပိုင်တွေနဲ့ပေါင်း၊ မတရားဈေးနှိမ်ကာဝယ်ယူပြီး ငါးမွေးမြူရေးကန် လုပ်ပစ်တဲ့ ကိစ္စပဲ။ ငါးမွေးမြူရေးကန်လုပ်ပစ်လိုက်တော့ ရွာသူရွာသားတွေမှာ လယ်ယာမြေ ဆုံးရှုံးရရုံတင်မက ဟင်းစားအတွက် ငါးရှာဖားရှာတာတောင် လုပ်လို့မရတော့ဘူးပေါ့။ တခါတော့ ရွာသားတယောက်ကို ငါးမွေးကန်အနီးမှာ သူ့တောင်းငယ် လေးထဲ ငါး လေးငါးခြောက်ကောင်နဲ့အတူ ငါးမွေးမြူရေးကန်က သူဌေးရဲ့ အပေါင်းပါတွေနဲ့ လုပ်သားတွေက မိသွား တယ်။ ရွာသားက ငါးမွေးကန်က ငါးမဟုတ်ပါဘူး။ သူ့ဘာသာ ချောင်းထဲက ဖမ်းလာတဲ့ ငါးပါလို့ ပြောပါသေးရဲ့။ ဒါပေမဲ့ မရပါဘူး။ သူဌေးရဲ့ လက်ပါးစေတွေက ရက်ရက်စက်စက် ရိုက်နှက်လိုက်ကြတာ မျက်နှာမှာရော တကိုယ်လုံးမှာပါ သွေး ချင်းချင်းနီလို့။ ဒီလို ရိုက်နှက်ရုံတင်မက ကျေးရွာအာဏာပိုင်ကို တိုင်ကြားကာ မြို့နယ် မယကရုံးအထိ ဆွဲခေါ်သွားပြီး အချုပ်ထဲ ထည့်လိုက်တဲ့ ကိစ္စ ပေါ်ခဲ့ဖူးတယ်။

“ကဲ- စဉ်းစားကြည့်စမ်း…အဘဦးစောထီးက ပြောတယ်။ ကိုယ့်မြေကိုယ့်ရေကို ကိုယ်ကျိုးစီးပွားအတွက် ရောင်းစားတဲ့ သူတွေ မကောင်းတဲ့ဆိုးကျိုး ခံစားရလိမ့်မယ်တဲ့။ တောင်ကမူကို ရောင်းလိုက်တော့ မြွေသိုက်ပျက်တယ်။ မြင့်ဆောင်တို့ သန်းနိုင်တို့နဲ့ မြွေကိစ္စ ပေါ်တယ်။ တောင်ကမူကို စိုက်ခင်းလုပ်တော့ ရွာကလူတွေ ငှားလုပ်တယ်။ သွေးစုပ်ခံရတယ်။ အဲဒီလုပ်သားတွေထဲက ဘယ်နှစ်ယောက် အကြောင်းအမျိုးမျိုး သေဆုံးသွားကြတယ်ဆိုတာကိုရော မင်းတို့ ရေတွက် ကြည့်မိကြရဲ့လား။ အခုလည်း ဒီငါးကန်ကို ကြည့်။ ကိုယ့်လယ်ယာမြေ ဆုံးရှုံးတာမှာ ရွာသူရွာသားတွေ ငါးရှာ ဖားရှာ အလုပ်တောင် လုပ်လို့ မရတော့ဘူး။ ကိုယ့်မြေကိုယ့်ရေကို ကိုယ်ကျိုးစီးပွားအတွက် ရောင်းစားတာလို့ အဘစောထီး ပြောနေတာဟာ ဒါမျိုးကို ပြောတာပဲ။ ငါးခိုးတယ်ဆိုပြီး အရိုက်ခံလိုက်ရတဲ့ ကိုယ့်ရွာသားကို စာနာကြပါဦး။ ငါး လေးငါး ခြောက်ကောင် ဘယ်လောက်များ တန်ဖိုးရှိလို့လဲ။ အခု သေလုမျောပါး ခံတဲ့သူက ခံလိုက်ရပြီ။ ဒါက အစပဲ ရှိသေးတယ်။ နောက်လဲ ဆိုးကျိုးတွေ လာလိမ့်ဦးမယ်။ တတိတိနဲ့ အသက်တွေဆုံးရှုံးတာ။ ဝမ်းရေးဆုံးရှုံးလို့ တမြေ့မြေ့ ခံစားရတဲ့ ဒုက္ခတွေ မကြာခင် ဆက်တိုက်လာလိမ့်ဦးမယ်။ ရွာသူရွာသားတွေ ဒီလိုမျိုး ဆိုးကျိုးတွေ ဖြစ်နေရတာ ဒို့တရွာတည်း မဟုတ်ဘူး။ တပြည်လုံးမှာ ဖြစ်နေတာ။ ဒီလို သူဌေးတွေ၊ အာဏာပိုင်တွေရဲ့ ခရိုနီတွေက နေရာတကာမှာ ဒါမျိုးတွေ လုပ်နေတာ။ တပြည်လုံးမှာ ဒီလိုမျိုး အလားတူ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပျက်နေတာ။ ဒါဟာ လူတယောက်နှစ်ယောက် သေ တဲ့ ကိစ္စမဟုတ်ဘူး။ လူပေါင်းမြောက်မြားစွာ နောက်ပြီး ကိုယ့်တိုင်းပြည်က ပြည်သူတွေ လယ်ယာမြေတွေ လက်လွှတ် ဆုံးရှုံးပြီး ဘဝတွေ ပျက်နေကြရတဲ့ ကိစ္စ။ ကိုယ့်ဘဝတင်မကဘူး၊ နောင်လာနောက်သား မျိုးဆက်တွေအတွက်ပါ ထိ ခိုက်မယ့်ကိစ္စ။ မြွေကိစ္စ၊ မိန်းမကိစ္စတွေထက် ပိုကြောက်စရာကောင်းတယ်။ နောက်ထပ်လည်း ဒို့ရွာက မြေတွေ ထပ်ဆုံး ရှုံးလိမ့်ဦးမယ်။ ရွာသူရွာသားတွေ နောက်ထပ် ဘ၀ပျက်တာတွေ ဖြစ်လိမ့်ဦးမယ်။ အဲဒါကမှ ပိုပြီး ကြောက်စရာကောင်း တဲ့ ကိစ္စကွ” ပြောသူက ဒေါနဲ့ မာန်နဲ့ ပြောပြတာပါ။ နားလည်လို့ ခေါင်းတညိတ်ညိတ်လုပ်သူလည်း ရှိသလို ကောင်း ကောင်း နားမလည်သေးတဲ့ သူတွေကလည်း အများကြီး။

ရွာသားတယောက်ကတော့ သူ့အမြင်ကို ဝင်ပြောပါတယ်။ “အဘစောထီးပြောသလို ကိုယ့်မြေကိုယ့်ရေကို ကိုယ်ကျိုးစီး ပွားအတွက် မတရားရောင်းစားတဲ့သူတွေ…ဒါအတွက် မြွေကြီးတွေက ဒဏ်ခတ်သလို မကောင်းတဲ့ ဘေးဒဏ်တွေ သူတို့ အပေါ် ကျရောက်မှာပေါ့ဗျာ” တဲ့။

ထိုနေ့ရက်မျိုး မကြာခင် ရောက်လာပါစေလို့ ရွာကလေးက ဆုတောင်းနေလိမ့်မလား မပြောတတ်ပါ။ ။

မောင်လှဝင်း (မြင်းခြံ)

(January 30, 2013)

No comments: