Monday, September 23, 2013

ဒါ ... ကဗျာမဟုတ်၊ ဒါ .. မုန်တိုင်း

မိုးသည်းမုန်တိုင်းထဲ
ခေါင်းမြီး မခြုံ
လက်ကို အစွမ်းကုန်ဆန့်တန်း
အလင်းကို ကြိုဖို
အရုဏ်ကို ကြိုဖို့
ရင်ဖွင့်လို့ ပွင့်ဖို့ ရုန်းကန်နေတဲ့
ပန်းမန်အားသစ်တွေ
နီနီဝါ၀ါ ဘာပဲဖြစ်ဖြစ်
သည်ခေတ်ထဲမှာ
စေတနာ ဖြူကြလို့
မင်းတို့ကို ချစ်မိ ကြည်နူးတယ်။

လေပြေလေး တချက်သုတ်လိုက်
မုန်တိုင်းက မျက်မှောင်ကြီး ကုတ်လိုက်
ပရိယာယ် မည်းညစ်ညစ်နဲ့
အခေါဘဏီ တပ်ကြီး ထိုးစစ်ဝင်ချိန်
ဓားသွေးဖို့ အချိန်တခု လိုတယ်။

လှုပ်ရှားပါလေ ...
စောင့်ဦးလေ ...
အိပ်လဲ မအိပ်နဲ့လေ ...
စောင့်ဦးလေ ...
ခိုးကြောင်ခိုးဝှက် ခြေသံတွေ
ကြားလား အပြင်မှာ ခြေရှုပ်နေ
ကိုယ်က ရဲပေမယ့်
အားလုံး မာနေတဲ့အသဲတွေ
စစ်မြေပြင်မှာ တဆတ်ဆတ် ခုန်လာဖို့
အချိန်စောင့်လေ... အားစုလေ၊
အိပ်နေတဲ့ ပန်းကလေးတွေကို
အသာလေးပုတ် လှုပ်နှိုးကြ
ကြင်နာယုယ ဖျောင့်ဖျပြောကြ
တောင်ထိပ်မှာ နေကွယ်ချိန်မှာ
တောင်ထိပ်မှာ နေပွင့်ချိန်ကို
သူတို့မျှော်လင့်တတ်ပါစေ
နာကြည်းချက်တွေကို ချွေးသိပ်မပေးနဲ့
အေးရိပ်ဆိုတာ ခဏတာအတွက်မဟုတ်
တဘတာနဲ့ ထာဝရအတွက်လို့ သိမြင်စေ
သူတို့က ကိုယ့်တောင်တွေ ဖြိုရင်
ကိုယ်ကလည်း သူတို့တောင်တွေ ဖြိုကြတာပေါ့။

တိုက်စည်ဗုံသံတွေ တီးခတ်ခဲ့ရတာ
ရှေးအတီတေကပါပဲ
တိုက်လိုက် ရှုံးလိုက်
ထပ်တိုက်လိုက် ...
နောက်ဆုံးအောင်ပွဲခံမှာ ပြည်သူတွေပါပဲ
တခါတလေကျတော့လည်း
တိုက်စည်တိုက်မောင်းသံမပေးဘဲ
ဓားဝင့်ရဲကြရတာလည်း ရှိတယ်
ဒါ... ရေရှည်စစ်ပဲ၊

၄၆- ၄၇ မုန်တိုင်းထဲမှာ တိုက်ပွဲတွေ ရဲရဲနီခဲ့ဖူးတယ်။
သင်တို့ နွှဲခဲ့ ရဲခဲ့တဲ့ ၈၈ အကြိုဆိုတာ အခွင့်ကောင်းပါပဲ
မြေခွေးတွေက အသားတစ် ဆွဲဖြဲဖို့ အလစ်ချောင်းတယ်
မုဆိုးကောင်းက အချိန်ကောင်းကို စောင့်တယ်
စစ်တိုက်ကောင်းသူဟာ သေနင်္ဂဗျူဟာကို သုံးတယ်
မုန်တိုင်းမလာခင် ငြိမ်သက်မှုမျိုးပါပဲ
၂၀၁၅ အလွန်မှာ မုန်းတိုင်းလာဖို့
ပင်လယ်ဘက်ဆီမှာတော့ လှိုင်းလုံးတွေ တက်လာနေလေရဲ့။

မောင်လှဝင်း (မြင်းခြံ)

No comments: