၂ဝဝ၈ နဲ့ပတ်သက်ပြီး ရေးလိုက်တာ ကုန်သလောက်လည်း ရှိသွားပြီ။ အခု ၁၁ ဘီလီယံ အစပေါ်လာတယ်။ အစ ကိုဆွဲထုတ်ပေးတဲ့သူဟာ ဘယ်သူပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် ကျနော်တို့ ကျေးဇူးတင်ရမှာပဲ။ ဒါကို ရတန်သလောက်ဆွဲထုတ်လို့ ရနိုင်သမျှ ဝိုင်းဝန်းဖော်ထုတ်ကြရမှာပါ။ ပုဂ္ဂလိက ပိုင်ပဲ ထားပါဦး၊ သူတို့ပြောသလို သန်း ၆ဝ ထဲက ဘယ်သူသွားအပ်ထားလဲ
ကျနော်တို့ မသိပါဘူးဘဲ ထားပါဦး သေချာတာက တိုင်းပြည်ပိုက်ဆံတွေပါ။
ဒီနိုင်ငံရဲ့ သယံဇာတတွေ၊ တနည်းပြောရရင် တိုင်းပြည်ကိုလက်ညှိုးထိုးပြီး ရောင်းစားထားတာတွေ ပါကိုပါနေမယ့် ငွေကြေးတွေပါ။ ပြောရေးဆိုခွင့်ရှိတယ်ဆိုတဲ့ လူကြီးတွေ ရေးကြီးသုတ်ပြာ ထထက်ရှင်းကြရတာကို ကြည့်ရင်လည်း နောက်ကွယ်က ပုဂ္ဂိုလ် ကြီးကြီးမားမားတွေ ရှိနေနိုင်လိမ့်မယ်ဆိုတာ Open secret ကြီးပါ။ ဒီကိစ္စကို မေ့သွားအောင် ဒီထက်ကြီးတဲ့ပြသနာတွေနဲ့ အစားထိုးပါလိမ့်မယ်။
ဟုန်ရှင်း အလုပ်သမားကိစ္စ လိုဟာမျိုးက အစပါ။ လာလိမ့်ဦးမှာက အများကြီး ဖြစ်ပါလိမ့်မယ်။ တိုက်ဆိုင်တယ် ဆိုရင်တောင် ကျနော်တို့တိုင်းပြည်က တိုက်ဆိုင်မှုတွေက သိပ်ထူးဆန်းလွန်းပါတယ်။ မြေးတော်လေး ပါးရိုက်တာနဲ့ မိထ္ထီလာမြို့ ကြီး မီးဟုန်းဟုန်းတောက်ခဲ့တာတွေက နောင်များဆိုရင် ညောင်ဦး ကမ်းပါးပြိုတာကို စမ္ပနဂိုရ်က နွားမ ပေါင်ကျိုးတာနဲ့ အဆက်အစပ်မရှိပါဘူးလို့ ကျနော်တို့ မျက်စိစုံမှိတ်ပြီး မငြင်းနိုင်တော့ပါဘူး။ မြန်မာပြည်မှာကတော့ ဘာမဆို ဖြစ်နေနိုင်တာမို့ပါ။
ဦးရဲထွဋ်က ပြောတယ်။ ဒီပဲယင်း အရေးအခင်းနဲ့ပတ်သက်လို့ကတော့ ဦးခင်ညွန့်ကိုသာမေးပါတဲ့။ ဒါကလည်း ၁၁ ဘီလီယံ နောက်မှာ ထွက်လာတဲ့ သိုက်စာပါ။ ဦးခင်ညွန့်ကလည်း သူ့လုံခြုံရေးသာ အာမခံနိုင်ရင် ဆိုတဲ့ အသံတွေရော၊ အဖမ်းခံထားရသေးတဲ့ သူ့တပည့်ဟောင်းတွေ ပြန်လွှတ်ပေးဖို့ရော၊ သူ့ကို လွှတ်ပေးတုန်းက သမ္မတရဲ့ တာဝန်ရှိသူတွေကပြောတယ် ကိုယ့်လူတွေကိုယ်ထိန်းပေးပါ ဆိုတာတွေကရော ဘာအဓိပ္ပါယ်ထွက်တဲ့ လမ်းပြမြေပုံတွေပါလဲ။
ဒီနိုင်ငံက သမ္မတဆိုတဲ့သူလုပ်ရတာကတော့ ဘာပြဿနာဖြစ်ဖြစ် မသိချင်ယောင်ဆောင်နေပြီး၊ ပြီးမှ မေ့လောက်သလောက်ရှိမှ အရိုးခံ အသံလေးနဲ့ ဇာတ်လမ်းထဲက ရဲလိုပဲ နောက်ကျမှ ရောက်လာလေ့ရှိတယ်။ အဲဒီတော့ ကျနော်တို့ အ ရင် ကျနော်တို့ ပျော်ရွှင်စွာ ဆက်ပြီးတော့ခံကြရရုံပါ။ ဆီးဂိမ်း လာဦးမယ်။ အာဆီယံ ဥက္ကဋ္ဌ လာဦးမယ်။ အာရုံလွှဲစရာတွေက တမင်ဖန်တီးတာ မပါဘဲနဲ့ကို များလာဦးမှာပါ။ တမင်ဖန်တီးတာတွေရောပေါင်းရင် ကျနော်တို့ နိုင်ငံဟာ ဆင်းရဲသထက် ဆင်းရဲစုတ်ပြတ်နေသော နိုင်ငံအဖြစ်က ဘယ်တော့မှ ရှေ့ကိုတက်နိုင်မှာ မဟုတ်ပါဘူး။
ဒီအချိန်မှာ လွှတ်တော်ဥက္ကဋ္ဌကြီးက နောက်လိုက်ဝန်ကြီးအစုံအလင်နဲ့ ပြည်သူ့သတင်းနားထောင်ရင်း ဟိုးရှေးရှေး တုန်းကလို ဟိုဟာ...ပြည့်စုံစေ။ ဒီဟာ.... ဖန်တီးပေးစေ လို့ တိုင်းခန်းလှည့်လည်နေပါတယ်။ ဒါဟာ လွှတ်တော်ဥက္ကဋ္ဌ
ခရီးစဉ် ဆိုတာထက် USDP ရဲ့ စည်းရုံးရေးခရီးစဉ်ဆိုရင်လည်း ရနိုင်တာပါပဲ။
ကျနော်တို့ဟာ ကံကြမ္မာကို မျှော်ကိုးနေတာမျိုး၊ အလိုလို ရောက်လာမယ့် အခွင့်ကောင်းတွေ ထိုင်စောင့်နေတာ မျိုး စွန့်လွှတ်သင့်ပါပြီ။ လက်တွေ့ကြပြီး အလုပ်နိုင်ဆုံးနေရာကနေ စကြရပါမယ်။ မှတ်မိနေသေးတယ်။ အရေးအခင်းတုန်းက အမေရိကန် စစ်သင်္ဘောကြီး ရောက်လာတော့မှာတဲ့... ဆိုပြီး၊ ပြည်သူတွေမှာ မျှော်ကောင်းတုန်း။ နောက်တခါ အမေရိကန်က မခံဘူးတဲ့ ဒီတခါတော့ နေပြည်တော်ကို ဗုံးဝင်ကြဲတော့မှာ ဆိုတာက တဖုံ။ ဒီလိုနဲ့ ၂၅ နှစ်အတွင်းမှာ
လာလိုက်ကြတဲ့ အမေရိကန်စစ်သင်္ဘောတွေဆိုတာ ပြည်သူတွေ အိပ်မက်ထဲတော့ မကြာခဏပါ။
ကျနော်တို့ဟာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးကြရပါလိမ့်မယ်။ ကိုယ့်အားကိုယ် ယုံကြမှ ဖြစ်ပါတော့မယ်။ သူတို့ ၂၅ နှစ်လုံး ပြောခဲ့တဲ့ ဆောင်ပုဒ်ကိုပဲ ပြန်သုံးရတော့မှာပဲ။ ပြည်သူ့အားသည် ပြည်တွင်းမှာသာရှိသည်လို့ ပြောင်းလဲ
ယုံကြည်မှ ဖြစ်ပါလိမ့်မယ်။ ၂ဝဝ၈ ဖွဲ့ စည်းပုံဟာ ကလေးကစားစရာ မဟုတ်ပါဘူး။ ပြည်သူကိုထပ်သတ်ဦးမယ့် မျှော့ကွင်းပါ။ ပြည်သူ့လည်ပင်းကို ကြိုက်တဲ့အချိန် ညှစ်လို့ရတဲ့ ကြိုးပါ။ ဒါကိုပြင်ဖို့ ရတန်သလောက်ပြင်ဖို့ နှောင့်နေးနေရင် ဒါမှမဟုတ် ကိုယ့်အားကိုယ် လိုတာထက် ပိုတွက်နေမိခဲ့ရင် ဒါမှမဟုတ် ရန်သူကိုအထင်သေးခဲ့မိရင်
ပေးဆပ်ရမယ့် အရင်းအနှီးက ကြီးပါလိမ့်ဦးမယ်။
၂ဝဝ၈ ကို ဘယ်လို အတည်ပြုခဲ့တာလည်းဆိုတာ ကျနော်တို့မမေ့အပ်ပါဘူး။ နာဂစ်ကြားထဲမှာ တပြည်လုံး ကြိမ်မီးအုံးနေတုန်း ဘယ်သူ့အတွက်မျ မကြည့်ဘဲ ဇွတ်အတည်ပြုခဲ့တာပါ။ ကျနော်တို့ဟာ ၂ဝ၁၅ ကို အသက် ဖက်နဲ့ထုပ်ထားရင်း မဲမပေးရဘူးလို့ ဘယ်သူမှအာမမခံနိုင်ပါဘူး။ သေချာတာကတော့
အတိုက်အခံခေါင်းဆောင်ဟာ အောက်ခြေကို၊ တိုင်းရင်းသားတွေကို၊ အကွဲကွဲအပြားပြား ဖြစ်နေတဲ့သူတွေကို၊ ပါတီကို စည်းရုံးသိမ်းသွင်းရာမှာ ဗိုလ်ချုပ်ကို အတုယူရမှာပါ။ ဒီထက်ကောင်းတဲ့ ခေါင်းဆောင် နောက်ထပ်တယောက် ကျနော်တို့ ထပ်မရနိုင်တော့တဲ့ အချိန်မှာ စည်းလုံးညီညွတ်ရေးကို အထူးပြုတည်ဆောက် စေချင်တာပါ။ ပြည်သူ့အားကို အပါယူစေချင်တာပါ။ သိပ်တော်တဲ့ခေါင်းဆောင်နောက်က သိပ်သွေးစည်းတဲ့ အင်အားစုပါလာမှ အရာရာ အောင်မြင်မှာပါ။
အင်အားတွေ ဖြန့်ထွက်ကုန်တာထက် ပိုကောင်းပြီး ပိုထိရောက်တဲ့ ဖြိုခွဲနည်း မရှိပါဘူး။ အင်္ဂလိပ်နေမဝင် အင်ပါယာ တည်ထောင်သွားတဲ့နည်းအဟောင်းကြီးက အခုလိုအင်တာနက်ခေတ်အထိ ကျနော်တို့နိုင်ငံမှာ အသုံးဝင်နေသေးတာ အံ့သြစရာပါ။ နိုင်ငံတည်ဆောင်ရေးမှာ သူရဲကောင်းတွေလိုပါတယ်။ ဒါပေမယ့် အဲဒီသူရဲကောင်း နောက်က ယုံကြည်စွာ ဖဝါးထပ်တူလိုက်ပါလာမယ့် ပြည်သူလူထုကြီး တရပ်လုံးလည်း လိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ တတွေ သိပ်မောနေခဲ့ကြရပြီ မဟုတ်ပါလား။။
ပြည်ချစ်သူ
(Pyay Chit Thu)
No comments:
Post a Comment