Wednesday, September 25, 2013

ဟုန်ရှင်းအလုပ်သမားသပိတ် ပုံရိပ်အပိုင်းအစ

နေ့လည်က ကျနော်နဲ့ ရဲဘော်ဇင်လင်း တို့ နှစ်ယောက် ဓါတ်ဆားထုပ်တွေ ထပ်ပို့ခဲ့တယ်။ တနေ့လုံး ကြွေးကြော်သံတွေ အော်ခဲ့ပြီး တိုက်ပွဲဝင်ခဲ့တဲ့ အလုပ်သမား၊ အလုပ်သမတွေ ပင်ပန်းလွန်းလို့ ထိုင်နေကြတယ်။ သူတို့ခမျာမှာ ရေလည်းမချိုးရဘဲ ပူလိုက်၊ ချက်ချင်းအေးလိုက်ဖြစ်နေတဲ့ ရန်ကုန်ရဲ့ မကုန်နိုင်တဲ့မိုးဒဏ်ကို ခံနေကြရရှာတယ်။

ကိုထက်ခိုင်နဲ့ ကိုဖြိုးတင်ဦးတို့ကို တွေ့တော့ မေးကြည့်တယ်။ သွားညှိနေပြီတဲ့ အခြေအနေကို သူတို့လည်း စောင့်ကြည့်နေတယ်။ ကျနော်က ပထမက ဓါတ်ဆားထုပ်တွေပေးမယ် ပြီးရင် ခဏပြန် ရေချိုး၊ ထမင်းစား ပြီးတာနဲ့ ပြန်လာမယ်ပေါ့
တညလုံးနေမယ်ပေါ့ဗျာ။ အခြေအနေက ပြောင်းနေပြီ။ အဲ့အချိန် ကိုသူရိန်က ပိုက်ဆံတသောင်းပေးတယ်။ လိုတာတွေအတွက်ပါတဲ့။ သူတို့ လိုတာတွေဝယ်ဖို့အတွက် လှူတာပါတဲ့။ လိုတာရှိရင် ကိုထွန်းလင်းဦးဆီ ဖုန်းဆက်ပါလို့ ပြောတယ်။ ကျနော်လည်း သူတို့ဘေးနားကိုသွားပြီး ဘာတွေလိုသေးလဲဆိုတာကို စုံစမ်းတယ်။

ဘာမှမလိုတော့ကြောင်း၊ သွားပီညှိနှိုင်းတာကို စောင့်နေကြောင်းပြောတယ်။ သူတို့ အိမ်ပြန်ချင်နေကြတယ်။ မပြေခဲ့ရင်လည်း လက်မလျှော့ဘဲ ဆက်နေဖို့ ဆုံးဖြတ်ထားတဲ့ သူတို့၊ ထောင်မကြောက် တန်းမကြောက်၊ အကြမ်းဖက် ရိုက်နှက်ဖြိုခွဲမှုတွေကို မကြောက်ကြပေမယ့် အိမ်တော့ ပြန်ချင်နေကြရှာတယ်။ ကျနော်လည်း လိုတာရှိရင်ပြောဖို့၊ လိုတာကို ကျနော်တို့ နိုင်သလောက် ကူညီပေးမယ့်အကြောင်းပြောရင်း သုဝဏ က အဆောင်ကို မပြန်တော့ဘဲ အခြေအနေကို ဆက်စောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ညှိနှိုင်းမှုသာ အဆင်မပြေခဲ့ရင် အခင်းတွေနဲ့ စောင်တွေ လိုမှာကျိန်းသေနေပြီ။ လက်ထဲကျန်တဲ့ ပိုက်ဆံနဲ့ ရှိတဲ့ပိုက်ဆံ အပြင် ကိုထွန်းလင်းဦးကိုပါ ဖုန်းဆက်ပြီး ပူမယ်လို့ စဉ်းစားပြီး ဆက်စောင့်လိုက်တယ်။ ကိုဝေကြီးနဲ့တွေ့တော့ ခဏအပြင်ထွက်တယ်။ သူလည်း ဆေးတွေနဲ့ မုန့်တွေလှူပြီးတဲ့အချိန်မှာ နောက်တခေါက် ပြန်ရောက်လာတာလို့ ပြောတယ်။ သူနဲ့ ခဏလိုက်ပြီး ကျနော်တို့ နှစ်ယောက် ငါးခွဲလောက် ပြန်ရောက်တယ်။ ခြောက်ခွဲလောက်မှာ ကျနော်တို့လည်း အခြေအနေလည်းမသိရသေးတော့ ထမင်းသွားစားလိုက်တယ်။ ပြန်လာတော့ ညှိနှိုင်းတာ အဆင်ပြေတယ်တဲ့။ ပုဒ်မ ၁၈ နဲ့ တရားမစွဲတော့ကြောင်း၊ လျော်ကြေးသုံးလစာ၊ အလုပ်ရှင်ကလည်း စက်ရုံပိတ်တာကို တရားဝင်ကြေညာပေးမယ် စတဲ့ အချက်တွေရခဲ့တယ်လို့ သိရတယ်။ တိုက်ပွဲအောင်ပေမယ့် အလုပ်သမားလူငယ်တွေရဲ့ မျက်နှာမှာ ရဲဘော်ရဲဘက်တွေ အလုပ်တွေတကွဲစီ ဖြစ်ကုန်တဲ့အတွက် ၀မ်းနည်းမှုကို အထင်းသား မြင်တွေ့နေရပါတယ်။

ဖေစ့်ဘွခ်စတား တနေ့ကို ဓါတ်ပုံ ဆယ့်ငါးပုံလောက်တင်တဲ့၊ လွှတ်တော်အမတ်ကြီးက
“နင်တို့ ငါ့လောက်သိလား၊ ပုဒ်မ ၁၈ ကိစ္စကို ဘာမှ မဖြေရှင်းရသေးခင် အခု အမိုးတွေဖျက်ထား အကုန်တာဝန်ယူတယ်”။
ဖမ်းရင်ကော တာဝန်ယူမှာလားလို့ မေးကြတော၊့
“ငါက အာဏာပိုင်မှ မဟုတ်တာ” လို့ ပြောတဲ့ လွှတ်တော်အမတ်ကြီးကတော့ မီဒီယာရှေ့မှာ ဘယ်လို သူမ ဖြေရှင်းခဲ့တယ်ဆိုတာကို အသည်းအသန် ဖြေကြားနေတယ်။

နှစ်ရက်ဆက်တိုက် အလုပ်သမားတွေနဲ့အတူရှိနေပီး ညှိနှိုင်းမှုကို ပြုလုပ်ပေးခဲ့တဲ့ ကိုအောင်သူကတော့ မီဒီယာသမားတွေရဲ့ အဝေးမှာ အလုပ်သမားတွေကို ကြည့်နေတယ်။

အလုပ်သမားတွေနားမှာ နှစ်ရက်လုံး ညဘက်မှာပါ အချိန်ပြည့်နေခဲ့တဲ့ ကိုထက်ခိုင် ကတော့ အလုပ်က ပြန်မရတော့ပဲ အလုပ်သမားသမဂ္ဂ တကွဲတပြား ဖြစ်ခဲ့တဲ့အပေါ်မှာ စိတ်မကောင်းဖြစ်နေတယ်။

ပွဲလန့်တုန်း ဖျာခင်းခဲ့သူတွေနဲ့ နှမ်းဖြူးသူများကတော့ မီဒီယာသမားများရှေ့ ပျော်မဆုံး မော်မဆုံးပေါ့။

ကျနော်ကတော့ သူတို့တွေ ပြန်ချင်တဲ့အိမ်ကို ပြန်ခွင့်ရတဲ့အတွက်ရယ်။ မြန်မာနိုင်ငံရဲ့ ဆိုးဝါးလှတဲ့ ပုဒ်မ ၁၈ ကို စိန်ခေါ် အန်တု အနိုင်ရခဲ့တဲ့ အတွက်ရယ်။ သူတို့ရဲ့ စည်းလုံးမှုနဲ့ ရဲဝင့်လှတဲ့ စိတ်ဓါတ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အားရပါးရ လက်ခုပ်တီးခဲ့တယ်။

အလုပ်သမားတွေကို ကျနော် လုပ်အားဒါန အနည်းငယ်ပေးခွင့်ရခဲ့တဲ့အတွက် ကျနော့်ကို ယုံကြည်ပေးခဲ့တဲ့ ကိုရိုးမြေ၊ ကိုသူရိန်နဲ့ ကိုထွန်းလင်းဦး၊ အလုပ်သမားတွေကို တညလုံး ၀န်းရံပေးခဲ့တဲ့ ကိုထက်ခိုင်နဲ့ ကိုမင်းသွေးသစ်တို့ ရဲဘော်တွေ၊ အလုပ်သမားတွေကို အားဖြည့်ဝန်းရံပေးဖို့အတွက် လိုအပ်သမျှကို အလှူခံလိုက် ကိုယ်တိုင်ပြေးဝယ်လိုက် လုပ်နေတဲ့ ကိုဝေမှူးသွင် တို့ရယ်၊ အလုပ်သမားတွေအရေးမှာ အားကြိုးမာန်တက် ကြိုးစားပေးခဲ့တဲ့ ကိုအောင်သူနဲ့ အလုပ်သမားများဘက်မှာ စေတနာသန့်သန့် ရပ်တည်ခဲ့တဲ့ အခြားသူများကို လေးစားစွာ အလေးပြုလျက်။

မြတ်သူ

(Mg Myat Thu ဖေ့စ်ဘုတ်မှ …)

No comments: