Wednesday, October 30, 2013

တပ်မတော်ကိုဖြိုခွဲနေသော ဗိုလ်ချုပ်ကြီးများ

တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော်သုံးကျိပ် သွေးသောက်သစ္စာဂတိပြုကာ ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စနစ်တကျ အမြော်အမြင်ရှိရှိဖြင့်  စစ်စည်းကမ်း၊ နည်းဥပဒေများ ၊ လိုက်နာရမည့်ကျင့်ဝတ်သိက္ခာများ၊ ပြဌါန်းကာ ဖွဲ့စည်းခဲ့တာပါ ဗိုလ်ချူပ်ကြီးနှင့် မိသားစုများရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့မဟုတ်သလို
လက်အောက်အရာရှိ၊ စစ်သည်များသည်လဲ အခိုင်းအစေကျွန်ခံဖို့ တပ်မတော်ထဲဝင်ရောက်လာခြင်း မဟုတ်ကြပါ။

ယနေ့ တပ်မတော်တွင်ယခင်ကောင်းခဲ့သော အစဉ်အလာများကွယ်ပျောက်၍ မကောင်းသောအစဉ်လာများ ထွန်းကားနေသည်ကို မည်သူမျှမငြင်းနိုင်ပါ။ အထူးသဖြင့် တပ်မတော်အတွင်းဆရာ တပည့်မွေးသည့် အစဉ်လာပေါ်ထွန်းခဲ့ခြင်းသည် တပ်မတော်ပျက်စီးခြင်းအစဟုဆိုလျှင် မှားမည်မထင်ပါ။ ကျွန်တော် ဂဃနဏ မသိပေမဲ့ လေ့လာသိရှိသမျှ ဆရာတပည့်မွေးအစဉ်လာကို စတင်မွေးဖွားပေးသူမှာ ဗိုလ်ချုပ်ကြီး နေဝင်း ဟု သိရှိရပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး နေဝင်း  ဟာ ကိုယ်တိုင် တပ်မတော် ထူထောင်ခဲ့သူ ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်သည့်အတွက် ယနေ့ တပ်မတော်ဗိုလ်ချုပ်ကြီးများလိုတော့ တပ်မတော်၏ စစ်စည်းကမ်း၊ နည်းဥပဒေများ၊ လိုက်နာရမည့်ကျင့်ဝတ်သိက္ခာများကို လုံးဝပျက်စီးအောင် မလုပ်ခဲ့ဘူးလို့ ထင်မိပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ဗိုလ်ချုပ်ကြီးများအကြောင်း ပြောရရင် အားလုံးမှတ်မိကြလိမ့်မယ် ထင်ပါတယ် ၁၉၉၇ ခုနှစ် `နဝတ´ ကနေ `နအဖ´ ပြောင်းခဲ့တာ အားလုံးစိတ်ဝင်စားလိမ့်မယ်လို့ အဓိကပြဿနာက ဆရာတပည့်ကြောင့်ပါ။ နဝတ ခေတ်က အဆိုးဆုံး ဗိုလ်ချုပ်ကြီးတွေလို့ လက်ညှိုးထိုးရင် ဗိုလ်ချုပ်ထွန်းကြည် ဗိုလ်ချုပ်မြင့်အောင် ဗိုလ်ချုပ်ကျော်ဘ တို့ကို ပြေးမြင်မိကြမှာပါ။ ဒီ (၃) ယောက်လုံးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ တပည့် အရင်းခေါက်ခေါက်တွေပါ။ ဆရာအားကိုးနဲ့ ဘယ်သူကိုမှဂရုမစိုက် လုပ်ချင်တာကို အရှက်သိက္ခာမဲ့စွာ လုပ်ခဲ့ကြသူများလဲ ဖြစ်ကြပါတယ်။ နဝတဖျက်ပြီးတော့ အဖွဲ့ဝင်တွေအားလုံးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နုတ်မိန့်နဲ့ နေအိမ်အကျယ်ချုပ်ထားပြီး နာမည်ကြီးတဲ့ အဲဒီ ဗိုလ်ချုပ်တွေကို စစ်ထောက်လှမ်းရေးက ခေါ်ယူစစ်ကြော မေးမြန်းခွင့်ရခဲ့ပါတယ်။

ဗိုလ်ချုပ်ထွန်းကြည် နဲ့ ဗိုလ်ချုပ်မြင့်အောင် ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မ (၈၈) တပ်မမှူးဖြစ်တဲ့ အချိန်က ဒုတိယတပ်မမှူးများ အဖြစ်အနီးကပ်တာဝန်ယူခဲ့သူတွေဖြစ်လို့ နဝတအဖွဲ့ဝင်တွေကြားမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏တစ်ပည့်ရင်းလို့သတ်မှတ်ခြင်းခံရသူပါ။ ဗိုလ်ချုပ်ထွန်းကြည် ဆိုရင် ဒုတိယ တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး နဲ့ စစ်တက္ကသိုလ်အပတ်စဉ်(၁)မှာ(၄)နှစ်ကြာသင်တန်းအတူ တက်ခဲ့သည့်အတွက် နအဖ မတိုင်ခင် နဝတ ခေတ်မှာ ဘယ်သူမျှမထိရဲအောင်တန်ခိုးထွားခဲ့ကြ ပါတယ်

ဗိုလ်ချုပ်ထွန်းကြည်နဲ့ ဗိုလ်ချုပ်မြင့်အောင် တို့ နှစ်ဦးစလုံးဟာထောက်လှမ်းရေးစစ်ကြောရေးစခန်းမှာ အချိန်အတော်ကြာကြာ စစ်ထောက်လှမ်းရေး အရာရှိတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ရပါတယ်။ နောက်ပိုင်းမှာ တော်တော်လေးရင်းနှီးခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။ စစ်ထောက်လှမ်းရေးက ဗိုလ်ချုပ်ထွန်းကြည် အိမ်ကိုရှာသည့်အခါ အခန်းတခုတည်းမှာပင် မြန်မာကျပ်ငွေတွေကို မြွေရေခွံအိတ်များထည့်ထားတာ အခန်းပြည့်တွေ့ပြီး သိမ်းဆီးမိခဲ့ရပါတယ်။ အမျိုးသမီးကိစ္စအရှုပ်အရှင်းတွေ စစ်မေးတော့ စစ်ကြောသူ တွေကြားမှာ ဟာသဖြစ်ခဲ့ရတယ်။ ဗိုလ်ချုပ်ထွန်းကြည် က `မင်းတို့ ဒီကိစ္စတော့ ငါ့ကို ယုံပါ ငါ့ဟာမလာတော့ဘူး ဒါပေမဲ့ ယောက်ျားဆိုတော့ စိတ်တော့ရှိတာပေါ့ကွာ၊´ လို့ ပြောခဲ့ဖူးတယ်။ နောက်ပိုင်း သူပြောပြတာက အဲဒီအချိန်က နာမည်ကြီး ညီအစ်မသုံးယောက်ကို ကိုယ်လုံးတီးချွတ်လမ်းလျောက်ခိုင်းပြီး မျက်စိအရသာခံတာတွေတော့ လုပ်ခဲ့တာတွေရှိခဲ့တယ် ဆိုတာတွေပါ။ ငွေကြေးမသမာမှုတွေနဲ့ မဟုတ်တာလုပ်တာတွေက အများကြီးပါ။

ဗိုလ်ချုပ်မြင့်အောင် ဗိုလ်ချုပ်ကျော်ဘ ကတော့ လိုင်းပေါင်းစုံတယ် ငွေမိန်းမ အစုံပဲ။ အိမ်ကမိန်းမတွေကိုတော့ ရုံးမှာအလုပ်များလို့ ညဘက်ရုံးမှာ ညအိပ်ရမည်လို့ ဝန်ကြီးတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ပြောထားတယ် ဆိုသည့်အကြောင်းပြချက်နဲ့ စစ်ရုံးက ညကျောင်းပြန်တာနဲ့ မိန်းမငယ်တွေအိမ်ကို အသီးသီးရောက်သွားကြတယ်။ ဗိုလ်ချုပ်မြင့်အောင် ဆို နောက်ပိုင်းဘယ်လောက်ဆိုးလာသလဲဆိုရင် သမီးအရွယ် ရုပ်ရှင်မင်းသမီးလေးတွေပါမကျန် ငွေနဲ့ လုပ်ပိုင်ခွင့်ပေးပြီး နှာဘူးထခဲ့ပါတယ်။ ကိုယ်ရေး အရာရှိလုပ်သူက သူသွားလေရာ အိပ်လေရာ နေရာတိုင်းမှာ အတူအိပ်ဖို့ မိန်းမရှာထားရပြီး မလုပ်ထားရင် သောင်းကျန်းတော့တာပါပဲ။ ဗိုလ်ချုပ်ကျော်ဘ ကတော့ နည်းနည်းညက်တယ် အကောင်းစားလေးတွေကိုပဲ ရွေးတယ်။

အဲဒီ ဗိုလ်ချုပ်တွေနဲ့ပတ်သက်ခဲ့တဲ့ မိန်းမတွေကို အဲဒီတုန်းက ရန်ကုန် သမိုင်းက သတင်းတပ်ဖွဲ့ရုံးရှိသည့် အမျိုးသားထောက်လှမ်းရေးဝင်းထဲမှာ နေ့ည စစ်ခဲ့ကြတယ်။ နာမည်ကြီးသရုပ်ဆောင် အမျိုးသမီးတွေပါ အစစ်ခံရတဲ့နေရာဖြစ်လို့ ပွဲစီတယ်။ အမျိုးသမီးတွေ တော်တော်များများ စစ်ကြောရေးစခန်းမှာ ဝန်ခံခဲ့ကြပါတယ်။ ငြင်းလို့မရတဲ့ အထောက်အထားတွေကလဲ ရှိနေခဲ့တာကို စစ်ကြောချက်မှတ်တမ်းတွေကို စုပြီး စာအုပ်တအုပ်ရေးရင် ကမ္ဘာကျော်သွားနိုင်တယ်။ အဲဒီလို စစ်ကြောမေးချက်တွေကို စုစည်းပြီး ဗိုလ်ချုပ်ကြီးတွေ၏ စစ်စည်းကမ်းဖေါက်မှု မသာမာမှု ဥပဒေကျူးလွန်မှုများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံ အစီရင်ခံသည့်အခါမှာတော့ မင်းတို့ထောက်လှမ်းရေးက ဒီကောင်တွေကို ဘာမှမလုပ်နဲ့ ပြန်လွှတ်ပေးလိုက်ဆိုသည့် အမိန့်ပေးလိုက်ပါတော့တယ်။

သိပ်မကြာလိုက်ပါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ ရုံးမှနေ၍ စစ်ထောက်လှမ်းရေးအနေဖြင့် တပ်မတော်အရာရှိကြီးများနှင့် ဝန်ကြီးများအား စုံစမ်းခြင်း မေးမြန်းခြင်း ထောက်လှမ်းခြင်းကို ကကကြည်း၏ ခွင့်ပြုချက်မရဘဲ မလုပ်ရဟူသော အမိန့်ထွက်လာပါတော့သည်။ ဒီအမိန့်သည် အပေါ်ယံကြည့်လျှင် စစ်ထောက်လှမ်းရေးကို နှိပ်ကွပ်သည်ဟု ထင်စရာအကြောင်းရှိသောလဲ အမှန်တကယ်တော့ တပ်မတော်အတွင်း အဆင့်တန်းအားလုံး လုပ်ချင်တာလုပ်လို့ရတယ်။ စစ်စည်းကမ်း၊ နည်းဥပဒေများ၊ လိုက်နာရမည့်ကျင့်ဝတ်သိက္ခာများ၊ စောင့်စည်းစရာမလိုဘူးဆိုသည့် သဘောမျိုးဖြစ်ခဲ့ပါတယ်။

တပ်မတော် အောက်ခြေအဆင့်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်များတွင် စစ်သားလုပ်ချင်တာလုပ်လို့ ရတယ်ဆိုသည့် အတွေးအခေါ်များဝင်လာပြီး လူသတ် မုဒိန်းကျင့် ဆက်ကြေးငွေတောင်းတာတွေ ဖြစ်လာခဲ့ပါတယ်။ အချို့အရာရှိတွေကိုယ်တိုင် ဒီလုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးတွေ အဆင့်ကတော စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေနဲ့ပေါင်းပြီး မိသားစုလိုက် စီးပွါးရေးလုပ် လာကြတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုအနေဖြင့်လဲ ၁၉၉၈ ခုနှစ်နောက်ပိုင်းကစပြီး စီးပွါးရေး ပိုသောင်းကျန်းလာသည့် အခြေအနေတွေရှိခဲ့တာတွေကို တွေ့ခဲ့ရပါတယ်။  အဆိုးဆုံးကာလကတော့ ၂၀၀၀ ပြည့်အလွန် ထိုင်းနိုင်ငံက ဓါတ်ငွေ့ဖိုး ဒေါ်လာတွေအများပြား ဗိုလ်ချုပ်ကြီးတွေရပြီးတဲ့အချိန်ကစလို့ တပ်မတော်လဲ ဒုက္ခရောက်ရတော့တာပါပဲ။

ပညာမဲ့၊ အမျော်အမြင်နည်း၊ အတ္တကြီးသည့် ဗိုလ်ချုပ်ကြီးတွေလက်ထဲ တိုင်းပြည်၏ငွေတွေ လက်ဝယ်ရောက်လာသည့်အခါ မိမိတို့စောင့်စည်းရမည့် လူ့ကျင့်ဝတ်သိက္ခာတွေကို လျစ်လျူရှု ပြီး စစ်စည်းကမ်း၊ နည်းဥပဒေများ၊ လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများ ချိုးဖေါက်၊ လုပ်ချင်တာတွေကို ထင်သလိုလုပ်နေတာဟာ တပ်မတော်ကိုပြိုကွဲအောင် လုပ်နေတာပါပဲ။ ဒါကြောင့် တပ်မတော်ကိုဖြိုခွဲနေတာ လက်ရှိ စစ်ဝတ်နဲ့ အရပ်ဝတ် ဝတ်စုံဝတ်ပြီး တာဝန်ယူနေတဲ့ ဗိုလ်ချုပ်ကြီးတွေပဲ ဖြစ်ပါတယ်။

အောင်လင်းထွဋ်

source: http://aunglynnhtut.blogspot.com.au/2013/10/blog-post_957.html?spref=fb

No comments: