Wednesday, October 30, 2013

မြ၀တီမြို့က ငွေလဲတဲ့ခုံတွေ ပုံမှန်အတိုင်း ပြန်လည်ငွေလဲနေ

Moe KYaw , 30 October 2013

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ချစ်ကြည်ရေးတံတားအနီးမှာ ဖွင့်ထားတဲ့ ငွေလဲတဲ့နေရာတွေက ထိုင်းနိုင်ငံဘက်ခြမ်းက အလုပ်လုပ်ပြီးပြန်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထံကနေ ငွေကို မသမာတဲ့နည်းနဲ့ ရယူနေတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ငွေလဲတဲ့နေရာတခုကို အောတိုဘာလ ၃၀ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့တယ်လို့

စုံစမ်းသိရပါတယ်။

မြ၀တီအမှတ်(၁)ရပ်ကွက် ဘုရင့်နောင်လမ်းမ ချစ်ကြည်ရေးတံတားထိပ်ဘေးက ငွေလဲခုံမှာ ဘတ်ငွေ သုံးသောင်းကို ကျပ်ငွေနဲ့လဲလည်ခဲ့ရာမှာ ငွေလဲခုံက မသမာတဲ့နည်းနဲ့ ငွေယူခဲ့လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပေါင်းပြီး ဖမ်းဆီးခံပုံကို ကိုယ်တိုင်ငွေလဲခဲ့သူ ကိုဝင်းနိုင်က အခုလိုပြောပါတယ်။

“ကျနော်ကိုယ်တိုင် နောက်တကြိမ်မှာငွေထပ်လဲတယ် ဘတ်သုံးသောင်းလဲလိုက်တာ ဗမာငွေ ကိုးသိန်းသုံးသောင်းနဲ့ တထောင့်လေးရာ အဲ့ဒါ နှစ်သောင်းနဲ့ကိုးထောင်လိုတယ် တထောင်တန် တသိန်းအုပ်မှာ အရွက်နှစ်ဆယ်တအုပ်လိုတယ် (၉) ရွက်တအုပ်လိုတယ် ပိုက်ဆံကို ဒီလိုမျိုးလဲလိုက်တာပေါ့နော် လိုပြီဆိုတာနဲ့ အာဏာပိုင်တွေနဲ့ပေါင်းပြီး ကျနော်တို့ ဖမ်းကြတာ မြို့မရဲစခန်းကအဖွဲ့တွေပါ ပါတယ်။ တော်တော်များများအပေါ်က ဆင်းလာတာနဲ့ ဒီနာက လူတွေက ဒီလိုမျိုးလုပ်စားနေတာက အများကြီးပဲ ခုံတိုင်းနီးနီးလို ကျနော်ကိုယ်တိုင် လည်းကြုံခဲ့ဖူးတယ်။ လေးရက်နေ့ လေးလပိုင်း သင်္ကြန်မှာပြန်လာတော့ ကျနော်ပိုက်ဆံ ခုနှစ်သိန်းလဲတာ ရှစ်သောင်းခွဲလိုလိုက်တယ်၊ ကျနော် ပြန်ပြောတော့ သူတို့ပျောက်သွားကြတယ် အကုန်ပြေးသွားကြတယ်”။

ထိုင်းနိုင်ငံဘက်ခြမ်းကနေ အလုပ်လုပ်ပြီး မြန်မာအလုပ်သမားတွေအိမ်အပြန် ဘတ်ငွေကနေ ကျပ်ငွေလဲရာမှာ မသမာတဲ့နည်းနဲ့ ငွေဖြတ်ယူတဲ့ ငွေလဲခုံပိုင်ရှင် ကိုထွန်းထွန်းဝင်း (ခ) ကိုဆန်းလွင်ကို ဖမ်းဆီးအမှုဖွင့်ခဲ့တာနဲ့ပတ်သက်လို့ မြ၀တီမြို့မ ရဲစခန်းက အမှုစစ်ရဲအရာရှိ ဒုရဲအုပ်အောင်ကိုလတ် က အခုလို အာအက်ဖ်အေကို ပြောပါတယ်။

“ဖြစ်တာ ၁၀ နာရီခွဲလောက်မှာ ပိုက်ဆံဘတ်သုံးသောင်းလဲတာ ဗမာငွေ နှစ်သောင်းကိုးထောင် လိုတဲ့ကိစ္စနဲ့အဲ့ဒါနဲ့ ဖမ်းတာပါ။ ထွန်းထွန်းဝင်း (ခ) ဆန်းလွင် အသက် (၃၆) မြ၀တီမြို့ အမှတ် (၁) ရပ်ကွက် ဘုရင့်နောင်လမ်းမ ချစ်ကြည်ရေးတံတားထိပ်ဘေးက ခုံမှာပါ ကျနော်တို့အမှုဖွင့်တာ ၃၇၉ ခိုးမှုနဲ့ဖွင့်တာပါ”။

နေ့စဉ် ငွေလဲတဲ့ခုံတွေက မသမာတဲ့နည်းနဲ့ ငွေဖြတ်ယူတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ နယ်စပ်ဒေသခံတဦးက သူ့အတွေ့အကြုံတွေကို အခုလိုပြောပါတယ်။

“ဘန်ကောက် ဆင်းလာတဲ့သူတွေ ဟိုဘက်ကနေခေါ်သွားလိုက်ကြ ကျနော်တို့ ငွေကောဘာရော လဲပေးမယ်ဆိုပြီး အိမ်တွေမှာလုပ်စားတဲ့လူတွေလည်း ရှိတာပဲ အဲ့လို ငွေလျော့ပြီးပေးလိုက်တာ အယုံသွင်းပြီးတော့ အမြဲတမ်းဖြစ်နေတာပဲ၊ နေ့တိုင်း ကားဆင်းကားတက်တိုင်းဖြစ်နေတာပဲ ငွေတသိန်းလဲလို့ရှိရင် သူက ပိုက်ဆံကိုပေးရေလိုက်တယ် ပေးရေပြီးတော့ ပိုက်ဆံ တသိန်းပြည့်တော့ ကျနော် သားရေကွင်းစည်းပေးမယ်ဆိုပြီးတော့ ခေါက်ချလိုက်တာ ခုံခေါက်တာ ခေါက်ပြီးလျောချပြစ်လိုက်တာ သူက အဲလိုမျိုးလုပ်တာ တသိန်းကို နှစ်သောင်း သုံးသောင်းလောက်လျော့တယ်”။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြ၀တီမြို့ ချစ်ကြည်ရေးတံတားအနီးက ထိုင်းဘတ်ငွေနဲ့ မြန်မာငွေလဲတဲ့လုပ်ငန်းလုပ်ကိုင်တဲ့ ငွေလဲခုံပေါင်း ရာနဲ့ချီရှိပြီး တချို့ကတော့ ကိုယ့်အိမ်မှာပဲ ငွေလဲတဲ့လုပ်ငန်း ဖုန်းဆက်သွယ်ရေးလုပ်ငန်းနဲ့ ငွေလွှဲလုပ်ငန်းတွေကို တွဲဖက်လုပ်ကိုင်တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီငွေလဲခုံတွေဟာ တရားဝင်အတည်တကျဖွင့်တဲ့ ငွေလဲခုံတွေမဟုတ်ဘဲ လမ်းဘေးမှာ စားပွဲခုံချပြီး ထိုင်းဘက်ခြမ်းက ပြန်လာတဲ့သူတွေကို အိမ်အပြန်ကားစီစဉ်ပေးမယ် တည်းလို့ရတယ် အိမ်ကိုဖုန်းဆက်သွယ်လို့ရတယ်စတဲ့ ၀န်ဆောင်မှုတွေနဲ့ ဖျားယောင်းပြီး ငွေလိမ်လည်မှုတွေ ပြုလုပ်ခဲ့တာ နှစ်အတော်ကြာနေပြီလို့ မြ၀တီဒေသခံတွေက ပြောပါတယ်။

No comments: