Wednesday, November 6, 2013

မိုးသီးဇွန် နဲ့ Alternative Parliament နိုင်ငံရေးဆွေးနွေးပွဲ


ကိုမိုးသီးဇွန် ဦးဆောင်ဆွေးနွေးတဲ့ Introduction To Alternative Parliament ခေါင်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတခုကို နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးစီးကျင်းပပေးခဲ့ပြီး အခမ်းအနားကို စိတ်ဝင်စားသူတွေ ၄၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

ပြည်သူလူထုရဲ့အမြင့် လူထုရဲ့အသံကို တင်ပြနိုင်ဖို့အတွက် Alternative Parliament လိုအပ်တယ်ဆိုတာကို အခမ်းအနားအဖွင့်အမှာစကားပြောတဲ့ ဦးလေးမြင့်က

စတင်ပြောကြားသွားပါတယ်။

“အခမ်းအနားမှာ စကားပြောရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ဒီလို အခမ်းအနားမျိုး ဆိုတာ မြန်မာပြည်မှာ ကြုံတောင့်ကြုံခဲ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုးဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် အစိုးရကဖွဲ့စည်းထားတဲ့ လွှတ်တော်ရှိပါတယ်။ ဒါနဲ့ တပြိုင်တည်းမှာပဲ ပြည်သူလူထုရဲ့အသံ ပြည်သူလူထုတွေရဲ့ သဘောထား ပြည်သူလူထုတွေရဲ့ အမြင်ကို တင်ပြနိုင်ဖို့အတွက် Alternative Parliament ဆိုတဲ့ အခမ်းအနား ကျင်းပပေးခြင်းဖြစ်တယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ နောက်တခုက ဒီအခမ်းအနား လုပ်ရခြင်းအကြောင်းအရင်းက ဒီမိုကရေစီ လမ်းကိုလျှောက်နေပါတယ်ဆိုတဲ့ ဗိုလ်သိန်းစိန်အစိုးရက ကျွန်တော်တို့ ပြည်သူလူထုကို တကယ်လွတ်လပ်တဲ့ လွတ်လပ်ရေးကိုပေးနေပါပြီလား ဒီမိုကရေစီ အခွင့်အရေးတွေကို ပေးနေပါပြီလား လူ့အခွင့်အရေးတွေကို ပေးနေပါပြီလား။ လယ်လုပ်သူတွေ လယ်ပိုင်တဲ့အဆင့်ကိုရောက်နေပါပြီလား။ အလုပ်သမားတွေ ကုန်းရုန်းပြီးတော့ အလုပ်ရှင်တွေ အကျိုးစီးပွားအတွက် အင်မတန် ဒုက္ခနဲ့ အင်မတန်နည်းပါးတဲ့ လုပ်ခ လစာနဲ့ လုပ်နေရတာကို ဥပဒေနဲ့တကွ ပြုပြင်ပေးနိုင်ပါပြီလား။ အဲ့ဒီမေးခွန်းလေးတွေကို ဖြေကြည့်စေချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Alternative Parliament နိုင်ငံရေးလှုပ်ရှားမှုဟာ အခုချိန်မှာ ဘာကြောင့်လိုအပ်နေလဲ လုပ်သင့်သလဲဆိုတာကို လက်ရှိကာလ အာဏာပိုင်တွေအခြေအနေနဲ့ ပြည်သူလူထုရဲ့ ပိုဆိုးလားတဲ့ ဆင်းရဲမွဲတေမှုအခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး ရှင်းပြသွားပါတယ်။

“Alternative Parliament အစ ပြင်ပ နိုင်ငံရေးကို ဘယ်လိုလုပ်ကြမှာလဲ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက ဒို့ဗမာ အစည်းအရုံးတွေ ဖဆပလ တွေရှိခဲ့တယ်။ တပါတီ တည်းကနေပြီးတော့ ကြိုးပမ်းခဲ့တာမဟုတ်ဘူး။ တဦးတယောက်တည်းက ဦးဆောင်ပြီး ကြိုးပမ်းခဲ့တာမဟုတ်ဘူး။ တပြည်လုံး တမျိုသားလုံး ဦးဆောင်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ၈၈ ကတည်းက စလာတဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ အခုဆိုရင် လက်တကမ်းကိုရောက်လာပြီ အဲ့ဒီအတွက် ကျွန်တော်တို့မှာ အပြောင်းအလဲတွေ ဒီ့ထက်ပိုပြီး မြင်ချင်လာတယ်။ ၈၈ ရဲ့နောက်ပိုင်းပေါ့ အခု ၂၀၁၀ နောက်ပိုင်းမှာ ကျွန်တော်တို့ ဗမာ့နိုင်ငံရေးမှာ အာဏာအပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ဒီအပြောင်းအလဲတွေက ဘယ်လိုဖြစ်လာလဲဆိုရင် အာဏာတွေ အမွေခွဲသလို ဖြစ်လာတယ်။ တချို့က ကုလားထိုင်ကို ရတယ်။ တချို့က သေနတ်ကိုရတယ်။ တချို့က ငွေထုတ်ကြီးရတယ်။ ကျွန်တော်တို့ ပြည်သူလူထုကတော့ ဘာမှမရဘူး ဖြစ်နေတယ်။ အဓိက ကတော့ ပြသနာတွေရှိနေတယ်။ ဘယ်လိုပြသနာတွေလဲဆိုတော့ မြေယာပြသနာ မြေယာတွေလုပ်ကိုင်ပြီး မြေယာတွေမပိုင်တဲ့ ပြသနာတွေရှိတယ်။ ပညာရေး ပြသနာ၊ အဲ့ဒါဘာဆိုတော့ တက္ကသိုလ်တွေရှိပြီးတော့ ကျောင်းသားတွေ မရှိဘူးဖြစ်နေတယ်။ နောက်တခုက အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများပြသနာ၊ အလုပ်အကိုင်ပြသနာ၊ ချစားမှုတိုက်ဖက်ရေးပြသနာနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြသနာတွေ ဖြစ်ပါတယ်။ နောက်တခုကတော့ တောရောမြို့ပါမကျန် အပန်းဖြေကွင်း အားကစားကွင်းများ၊ အစည်းအဝေးခန်းမများ တည်ဆောက်ပေးရန်၊ အိမ်ယာများ၊ လမ်းပန်းများ ပိုမိုဖော်ထုတ်ပေးရန် သက်ကြီးရွှယ်အိုများ စောက်ရှောက်ရေး စခန်းများဖွင့်လှစ်ပေးရန်၊ လူမှုဖူလုံရေးအစီအစဉ်များ ဆောင်ရွှက်ပေးရန်နှင့် သစ်တော့ပြုန်းတီးမှုများကာ ကွယ်ပေးရန် မြစ်ချောင်းနှင့် ရေကန်များကာပေးရန်၊ တောတိရိစ္ဆာန်လေးများကို စောင့်ရှောက်ပေးရေး၊ ကျေးလက်နှင့်မြို့ပြကြီးများတွင် သစ်ပင်များ စိုက်ပျိုပေးရေးများ လုပ်ဆောင်ရပါမယ်” လို့ ကိုမိုးသီးဇွန် ရှင်းပြသွားတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး မိုးသီးဇွန် ရဲ့ ရဲဘော်ဟောင်းဖြစ်တဲ့ ကိုရဲနိုင်အောင် က “ကိုမိုးသီးဇွန်က ကျွန်တော်တို့တိုင်းပြည်မှာ Alternative Parliament လိုအပ်နေတဲ့အကြောင်းကို ကျွန်တော်တို့ တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြသနာပေါင်းစုံကို ထောက်ပြ ပြောဆိုသွားတာ ဖြစ်ပါတယ်။ ကိုမိုးသီးဇွန် တင်ပြတဲ့ Alternative Parliament ဆိုတာက လက်ရှိ ရှိနေတဲ့ ပြည်ထောာင်စုလွှတ်တော်ကို ယှဉ်ပြိုင်သဘောမျိုး စင်ပြိုင်လုပ်တဲ့ သဘောမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်အတွက် ဖြေရှင်းရမယ့် ပြသနာတွေကို စဉ်းစားတဲ့နေရာမှာ လက်ရှိ ရှိနေတဲ့ လွှတ်တော်ကိုပါ အထောက်အကူဖြစ်နိုင်အောင် ကျွန်တော်တို့ တိုင်းပြည်အတွက် ရှေ့ဆက်တက်တဲ့ နေရာမှာရှိတဲ့ နိုင်ငံရေးအင်အားစုအားလုံး လက်တွဲဆောင်ရွက်နိုင်ဖို့ ပြင်ဆင်တဲ့သဘောပါ။ Alternative Parliament ကို ကျွန်တော်တို့ မျိုးဆက်သစ်တွေအတွက် ကျွန်တော်တို့ တိုင်းပြည်ရဲ့အနာဂတ် လိုအပ်နေတဲ့အတွက် ကျွန်တော်တို့ အားလုံး ညီညီညွတ်ညွတ် ဆောင်ရွက်မယ်ဆိုရင် လက်ခံစဉ်းစားထိုက်တဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ထိုက်တဲ့ ကိစ္စတခုလို့ ကျွန်တော်မြင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဟောင်းတဦးဖြစ်တဲ့ ကိုအောင်ဇေယျ ကတော့ “Alternative Parliament ကို ဗမာလိုဆိုရင်တော့ ခေတ်ပြိုင်လွှတ်တော်လို့ပဲခေါ်ခါ် ယှဉ်ပြိုင်လို့ပဲပြောပြော ကျွန်တော်တို့ညီအစ်ကိုတွေ အစစ်အမှန် ပြည်သူတွေက လက်ခံထားတဲ့ တိုက်ပွဲဝင်ရဲဘော်တွေ စုစည်းထားတဲ့ ကျွန်တော်တို့ရဲ့ ဒီလွတ်တော်ကို အားလုံးက လက်ခံယုံကြည်ပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် ဒီနေ့ပဲ ကိစ္စတခု တင်ပြချင်ပါတယ်။ အဲ့ဒါကတော့ မီတာခများတိုးနေတဲ့ကိစ္စဟာ သာမန်အနေအထားရ ကျွန်တော်တို့အိမ်က မီတာကို ၁၅ ကျပ် တိုးလိုက်ရုံနဲ့ ၅၀ တော့ ဖြစ်သွားပါတယ်။ သိပ်တော့အရေးမကြီးပါဘူး။ အလုပ်ရုံတွေ စက်ရုံတွေနဲ့ လုပ်ငန်းရှင်တွေကိုတော့ ထက်ဝက်တရာတိုးမယ်လို့ ဆိုထားပါတယ်။ တိုးလိုက်တဲ့အတွက် လက်ရှိ ၅၀ နှုန်းပေးရတဲ့ အနေအထားမှာတောင်မှ ဆေးရုံတရုံဟာ တလ တလကို သိန်း ၃၀၀ နှင့် ၄၀၀ ကြား ဆောင်နေရပါတယ်။ ထပ်ပြီးတဝက်တိုးလို့ သိန်း ၇၀၀/ ၈၀၀ ဆောင်ရပြီဆိုရင် ကျွန်တော်တို့ ကျန်းမာရေး မကောင်းလို့ ဆေးရုံရှေ့က ဖြစ်လျှောက်ရင်တောင်မလွယ်ဘူး။ ဒါဆိုရင် နယ်တွေမှာ ရှိနေတဲ့ ကျွန်တော်တို့ တောင်သူတွေ အတိုးပေါ် အတိုးထပ်ဆင့် ပြီးတော့ အတိုးနဲ့နစ်နေရတဲ့ တောင်သူတွေဆိုရင် ဘယ်လိုလုပ်မလဲလို့ ထောက်ပြသွားပါတယ်။ အခုလျှပ်စစ်မီတာခ ကိစ္စနဲ့ပက်သက်လို့ ယုံကြည်မှုမရှိဘူး တိုးမကောက်သင့်ဘူးဆိုရင် ဘယ်လက်လေးတွေထောင်ပေးပါ” လို့ ပြောကြားခဲ့ရာမှာတော့ အားလုံးနီးပါး ဘယ်လက်တွေထောင်ပြီး တိုးမကောက်သင့်ဘူးဆိုတာကို ထောက်ခံခဲ့ကြပါတယ်။

အခမ်းအနားကို တက်ရောက်သူများထဲမှ ဝင်ရောက်ဆွေးနွေးခဲ့ကြပြီး၊ ကိုမိုးသီးဇွန်မှ နိဂုံးချုပ်စကားပြောကာ အခမ်းအနားကို ရပ်နားခဲ့ကြပါတယ်။

Source: M-Media , A.N.Lay, နိုဝင်ဘာ ၄၊ ၂၀၁၃ ၊ ရန်ကုန်

No comments: