တထစ်ချင်း…
တထစ်ချင်း…
သွေးချင်းချင်းနဲ့
ဆင်းခဲ့ရာ တက်ခဲ့ရာ
မိုးကြမ်းထဲလဲနေတဲ့ တောင်တက်လမ်းများ
တလှမ်းချင်း…
တလှမ်းချင်း…
အလွမ်းချင်းချင်းနဲ့
ပွေ့ခဲ့ရာ ပိုက်ခဲ့ရာ
မျက်ရည်နဲ့ချောနေတဲ့ တောင်တက်လမ်းများ
ကိုယ်တိုင်က “တောမီး” ဖြစ်ပြီး
တငွေ့ငွေ့လောင်ကျွမ်းကြရတဲ့အခါ
သက်ကယ်တပြစ်စာလရောင်မှာ
ဟူးဟူးရိုင်းရိုင်း ငယ်သံပါအောင် ညည်းညူ
လေရိုင်းတွေ…
လေရိုင်းတွေ…
လေရိုင်းတွေ…
လေရိုင်းတွေထဲမှာ လူ့သမိုင်းတွေ
နှစ်သန်းပေါင်း (၄၀၀၀) မက
ငိုချင်းဟာ ရှည်ကြာခဲ့
မြူတွေတောင်မှ
မြူမဆန်တော့လောက်အောင်
တတောလုံးတတောင်လုံးမှိုင်းမှောင်လို့
လွှမ်း ထား လိုက် တာ
ဟိုးက… မော့ကြည့်ပြန်တော့
မြင်ကွင်းတွေက စိမ်းစိမ်းစိုစို
ဟိုးက... စီးကြည့်ပြန်တော့လည်း
မြင်ကွင်းတွေက စိမ်းစိမ်းစိုစို
အေးလေ…
ဒုက္ခဆိုတာ
အဝေးကကြည့်တော့လည်း “ရသ” ပေါ့
“လှတယ်” ။
သစ်ကောင်းအိမ်
(၂၀၀၆)
(အုံးပြန့် = ထိုင်း-မြန်မာ နယ်စပ်တနေရာက ဒုက္ခသည်စခန်းတခု)
No comments:
Post a Comment