![]() |
| ဓါတ်ပုံ .. သောင်ရင်းနဂါး |
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်မဲဆောက်မြို့၏ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာ အကွာအဝေးတွင်ရှိသော မယ်ကုတိုက်နယ်၊ အမှတ် (၇) ရပ်ကွက်ရှိ ဟန်ထိုင်း (ခေါ်) Wonderful Co,ltd မှ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၇ ဦးတို့သည် ယနေ့တွင် ပုံမှန်လုပ်အားခ ၁၉ ရက်စာနှင့် နစ်နာကြေး ၂ ရပ်ပေါင်း ထိုင်းနိုင်ငံသုံးငွေ ဘတ် - ၁သိန်း ခန့် ရရှိကြကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်တဲ့
လွိုင်းကရထုန်း (ခေါ်) မီးဖောင်မျှောပွဲတော်နေ့သည် ထိုင်းအစိုးရ၏ တရားဝင်အလုပ်ပိတ်ရက်ဖြစ်သော်လည်း အလုပ်ရှင်က အလုပ်ဆင်းခိုင်းသည်ကို အဆိုပါစက်ရုံရှိ မြန်မာအလုပ်သမား (၃၅၀) ကျော်က အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြတဲ့အတွက် အလုပ်သမား ၁၇ ဦးအား “အထည်၏ စံချိန်စံညွှန်း (ရာခိုင်နှုန်း) ကျသည်” ဟု အကြောင်းပြကာ အလုပ်မှ ထုတ်ပယ်ပစ်လိုက်သည်။ ဤ အလုပ်သမား ၁၇ ဦး အလုပ်ထုတ်ခံရသည်ကို မကျေနပ်တဲ့အတွက် အခြားသော အလုပ်သမား ၃၅၀ ဦးတို့က နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အလုပ်မဆင်းဘဲ ဆက်လက်ဆန္ဒပြခဲ့ကြသည်။
အလုပ်သမားနဲ့ အလုပ်ရှင်ဖြစ်ပွားနေတဲ့ ပြဿနာကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီမှ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် နှင့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) တို့က ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့ခ်ခရိုင် အလုပ်သမားကာကွယ်ရေးရုံး (LPO) ထံဆက်သွယ် အကြောင်းကြားခဲ့သည်။
အလုပ်သမားပြဿသနာနှင့် ပတ်သက်၍ အလုပ်သမားကိုယ်စားလှယ် မောင်ကျော်လင်းဦးက “ကျနော်တို့ကို ဥပဒေအတိုင်း နေ့စားခဘတ် ၃၀၀ လည်းမပေးသလို အိုတီ ၁ နာရီကို ၅၆ ဘတ်လည်းမပေးပါဘူး။ အဆိုးဆုံးကတော့ လစဉ်တိုင်း ဘာမှမရှင်းပြဘဲ လူဟောင်းတွေကို ဘတ် ၁၇၀၀၊ လူသစ်တွေကို ဘဘတ်တ် ၇၀၀ ဖြတ်တောက်နေတာပါပဲ။ ကျနော်တို့ အခုရနေတာက နေ့စားခ ၁၆၃ ဘတ်နဲ့ အိုတီကြေးက ၁ နာရီ ၂၅ ဘတ်ပါ။ အဲဒါကြောင့် နေ့စားခ ဘတ် ၃၀၀ မတောင်းဘဲ နေ့စားခ ၂၅၀ ဘတ်ရယ်၊ အိုတီ ၁ နာရီ ၃၅ ဘတ်နဲ့ လစဉ်ဖြတ်တောက်ကြေးကို ဘတ် ၇၀၀ ပဲ ဖြတ်ပါလို့ တောင်းဆိုချက် ၁၀ ချက်ထဲမှာ တောင်းရတာ ဖြစ်ပါတယ်။ ဒီနေ့ပဲ ကျနော်တို့ အလုပ်ရှင်ကိုရော၊ ထိုင်း အလုပ်သမား ၀န်ကြီးဌာနရုံးကိုပါ တောင်းဆိုချက် ၁၀ ချက်ပါ အလုပ်သမား ၃၅၀ ကျော် လက်မှတ်စုပေါင်းရေးထိုးတောင်းဆိုစာကို တင်ပြလိုက်ပါပြီ” ဟု ရှင်းပြသည်။
အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတဦးဖြစ်သူ မအိဖြိုးကလည်း “သမီးတို့ကို ထိုင်းအစိုးရရဲ့ တရားဝင် အလုပ်ပိတ်ရက်ကိုတောင် အလုပ်ခိုင်းရတယ်။ ဥပဒေအတိုင်း နေ့စားခရဲ့ ၃ ဆ ပေးရမယ်ဆိုတာကိုတော့ ရူးချင်ယောင်ဆောင်နေကြတယ်။ ဖြတ်တောက်ကြေးတွေကလည်း များမှများပဲ။ အဆိုးဆုံးက အလုပ်စံချိန် ရာခိုင်နှုန်း
မပြည့်လို့ဆိုပြီး တိုးတိုးပြီးခိုင်းတော့ အိပ်ချိန်၊ နားချိန် နည်းလာတယ်။ ဒါကြောင့် စုပေါင်းပြီး တောင်းဆိုကြတာပါ။ ဒီနေ့တော့ အလုပ်ဖြုတ်ခံရတဲ့ ၁၇ ယောက်အတွက် စုစုပေါင်း ဘတ် ၁ သိန်းလောက်ရတယ်။ ဝင်ရောက်အကူအညီပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ပြောပြသည်။
ကျန်ရှိသော ၀မ်းဒါးဖူးလ်အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၃၅၀ တို့သည် ယနေ့တွင် ထိုင်းအလုပ်သမား ၀န်ကြီးဌာန အလုပ်သမားကာကွယ်ရေးရံး (ဆ၀ါဒီကန်) နှင့် မိမိတို့အလုပ်ရှင်ထံသို့ တောင်းဆိုချက် ၁၀ ချက်ကို တပြိုင်တည်း ပေးပို့ထားကြပြီး ထိုင်းဥပဒေအတိုင်း အလုပ်ဆင်းလျက် ဆက်လက်တောင်းဆိုသွားကြရန်ရှိသည်။

No comments:
Post a Comment