Monday, November 11, 2013
လိုင်ဇာညီလာခံ ဆုံးဖြတ်ချက်များနဲ့ မြစ်ကြီးနား ဆွေးနွေးပွဲ ရလာဒ်များကို DKBA ကလို့ထူးဝါး တပ်မှူးများ ပြန်လည်သုံးသပ်
နေ့သစ် ၊ ၁၀ နိုဝင်ဘာ ၂၀၁၃ ၊ စိုင်းအောင်သူရ
လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေ စုစည်းပြီးပြုလုပ်ခဲ့တဲ့ လိုင်ဇာညီလာခံက ရရှိတဲ့ ဆုံးဖြတ်ချက်များနဲ့ မြစ်ကြီးနားမှာကျင်းပခဲ့တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် လူမျိုးစု ၁၆ ဖွဲ့တို့ တွေ့ဆုံခဲ့တဲ့ အခြေအနေများကို KKO အတွင်းရေးမှူး ဗိုလ်မှူးစောလုံလုံ ရှင်းလင်းတင်ပြခဲ့ပြီး တပ်မှူးများနဲ့ အပြန်အလှန် ဆွေးနွေးခြင်းများကို
ကရင်ပြည်နယ် ကော့ကရိတ်မြို ကောင်းမှုတော်ရွာမှာ နိုဝင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
“အဓိကအချက်ကတော့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တတိုင်းပြည်လုံး အပြစ်အခတ်ရပ်ဆဲရေး အပေါ်ထားတဲ့ သဘောထားနဲ့ အစိုးရဖက်ကထားတဲ့ သဘေားထားတွေကို ဆွေးနွေးတာပါ” လို့ ဗိုလ်မှူး စောလုံလုံမှ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး “ဒီကိစ္စနှစ်ခုကို တပ်မှူးတွေတင် မကဘဲ ရွာသားတွေပါ သိဖို့လိုအပ်တယ်။ သိအောင်လဲ ကျနော်တို့ ကြိုစားသွားမယ်” လို့ ဆက်လက်ပြောသွားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို ကလို့ထူးဝါး စစ်ဌာနချုပ်တွင်ကျင်းပခဲ့ပြီး ကလို့ထူလား တပ်ဖွဲ့ဝင်များ၊ ကလို့ထူးဝါး တပ်ဖွဲ့ဝင်များ၊ KNU တပ်ရင်း ၁၈ မှ အရာရှိများ၊ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ဖဒိုမာထူး နှင့် ကျေးရွာလူကြီးများ တက်ရောက်ခဲ့ကြပြီး စုစုပေါင်းအင်အား ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရးအဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အောက်တိုဘာ ၂၅ ရက်မှ ၃၀ ရက်အထိ ကချင် လွတ်မြောက်ရးအဖွဲ့ချုပ် (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမှာကျင်းပခဲ့တာဖြစ်ပြီး တက်ရောက်ခဲ့တဲ့ အဖွဲ့တွေကတော့ (၁) ALP ၊ (၂) ANC/AA၊ (၃) CNF ၊ (၄) DKBA ၊ (၅) KIO၊ (၆) KNU ၊ (၇) KNU (Peace Council) ၊ (၈) KNPP ၊ (၉) NMSP ၊ (၁၀) LDU ၊ (၁၁) PSLF ၊ (၁၂) PNLO ၊ (၁၃) RCSS/SSA ၊ (၁၄) SSPP ၊ (၁၅) WNO ၊ (၁၆) UNFC စုစုပေါင်း ၁၇ ဖွဲ့ ဖြစ်ပါတယ်။ ဒီညီလာခံကနေ
ဘုံသဘောထားတူညီချက် ၁၁ ချက်ကို လိုင်ဇာညီလာခံမှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပြီး၊ ရလာတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရမယ့် ညှိနှိုင်းအဖွဲ့ကိုလည်း အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒု အဖွဲ့ခေါင်းဆောင် (၁) ဖဒိုစောကွယ်ထူးဝင်း၊ ဒု အဖွဲ့ခေါင်းဆောင်(၂) ဗိုလ်ချုပ် ဂွန်မော်အပါအ၀င် ၁၃ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
လူမျိုးစုအဖွဲ့တွေနဲ့ နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေက မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ တွေ့ဆုံပွဲမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့ဝင်များအဖြစ်၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊ ဦးသန်းဌေး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ် (၄) ဦး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဗိုလ်မှူးကြီးသန်းအောင်နှင့် MPC အဖွဲ့သားများ တက်ရောက်ခဲ့ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ လူမျိုးစုအဖွဲ့ခေါင်းဆောင်းတွေ မြစ်ကြီးနားမြို့တွေ့ဆုံပွဲရဲ့ နောက်ဆက်တွဲရလဒ်တခုကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ ဖားအံမြို့မှာ ပြန်လည်တွေ့ဆုံရန် သဘောတူညီချက်ပဲ ဖြစ်ပါတယ်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment