နေ့သစ် ၊ ဒီဇင်ဘာ ၂ ၊ ၂၀၁၃ ၊ ဂါမဏိ
မြန်မာအစိုးရက ၂၀၁၃ ခု စက်တင်ဘာ ၁၇ ရက်မှာ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) နဲ့ ထပ်ဆောင်း လုပ်ထုံးလုပ်နည်းစာချုပ် Additional Protocol လို့ခေါ်တဲ့ အနုမြူလက်နက်မပြန့်ပွားရေးစာချုပ်တခုကို သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။ ဒီစာချုပ်အရ IAEA ဟာ မြန်မာအစိုးရက "ဖွင့်ဟကြေညာထားတဲ့" အနုမြူစွမ်းအင် ဆိုင်ရာနေရာဒေသတွေကို စစ်ဆေး ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေဟာ
ဒီလိုဖွင့်ဟကြေညာမှုတွေကို IAEA အထွေထွေညီလာခံမှာ ပုံမှန်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
အရင်စာချုပ်တွေအရ အသိပေးကြေညာစရာမလို၊ စစ်ဆေးခွင့်ပေးစရာမလိုတဲ့ အနေအထားကနေ အခုစာချုပ်သစ် အရ အသိပေးကြေညာထားတဲ့ နေရာတွေ၊ လုပ်ငန်းတွေကို စစ်ဆေးခွင့်ပေးရမယ့် အနေအထားဖြစ်လာတာ တိုးတက် မှုတခုလို့ ဆိုနိုင်ပေမဲ့ ပြဿနာတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။
ကန့်လန့်ကာနောက်ကွယ်ကအာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ စိတ်ရူးထ စိတ်ကူးယဉ်ခဲ့တဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေးမဟာစီမံကိန်းအရ သိပ္ပံနှင့်နည်းပညာသုတေသနဌာန(သသန)၊ နျူကလီးယားတပ်ရင်းလို့ တပ် ထဲမှာလူသိများတဲ့ သိပ္ပံနှင့်နည်းပညာတပ်အမှတ် (၁) (သပိတ်ကျင်း)၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံအမှတ်(၁) (ပြင်ဦးလွင်)၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေးအလုပ်ရုံအမှတ်(၂) (မြိုင်) တို့ကို ၂၀၀၆ ခုကစပြီး တည်ထောင်ဖွဲ့စည်းခဲ့ပါတယ်။ လက်တွေ့အသုံးချလက်နက်ထုတ်လုပ်ရေးအတွက် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုအရာရှိချုပ်ရုံးလက်အောက်မှာ မကွေးတိုင်းအနောက်ခြမ်းအတွင်း ကပစ(၂၀) (စေတုတ္တရာ) နဲ့ ကပစ(၂၅) (ဆော) တို့ကို လျာထားပြင်ဆင်ခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်အောက် တိုက်ရိုက်ဖွဲ့စည်းမှုမဟုတ်ပေမဲ့ တင်းတင်းကြပ်ကြပ်ထိန်းချုပ် လျှို့ဝှက်ပြီး ယူရေနီယမ်တူးနေတဲ့ သပိတ်ကျဉ်း-ဝါးဖြူတောင်စီမံကိန်း၊ ရုရှားနဲ့ပူးတွဲ သံတူးဖော်ရေးအမည်ခံ တောင်ကြီး-ပင်းပက်စီမံကိန်းတို့ဟာလည်း ရွှေနျူကလီး စီမံကိန်းကြီးထဲ အကျုံးဝင်နေပါတယ်။
ဒီစီမံကိန်းကြီးကို ၂၀၁၀ "ရွေးကောက်ခံ" "အရပ်သားအစိုးရ" က အမွေဆက်ခံထားရတဲ့အတွက် မပြေးသော်လည်း ကန်ရာရှိလာပါတယ်။ သတင်းတွေထွက်ခဲ့ပေမဲ့ တရားဝင်ဖွင့်ဟကြေညာတာမရှိခဲ့တဲ့ နျူကလီးလုပ်ရပ်တွေကို ထပ်ဆောင်းလုပ်ထုံးလုပ်နည်းစာချုပ်အရ လက်ရှိအစိုးရအနေနဲ့ လျှို့ဝှက်ချက်တွေဖွင့်ပြပြီး တာဝန်ခံဖြေရှင်းဖို့ ဖြစ်လာ ပါတယ်။
ဒါပေမဲ့ စာချုပ်လက်မှတ်ထိုးတဲ့အဆင့်ပြီးရင် နောက်ထပ်လုပ်ဆောင်စရာ အဆင့်နှစ်ဆင့် ရှိပါသေးတယ်။ အဲဒီရှေ့ အဆင့်တွေမှာ မြန်မာစစ်နောက်ခံအစိုးရတွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း အချိန်ဆွဲ၊ ဆင်ခြေဆင်လက်အမျိုးမျိုးထုတ်၊ "တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်း" မျိုးစုံအကြောင်းပြနေမှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါတယ်။
လက်မှတ်ထိုးမယ်လို့ကြေညာတဲ့အဆင့်ကနေ လက်မှတ်ထိုးတဲ့အဆင့်ရောက်ဖို့ ၁၀ လကြာခဲ့ပါတယ်။ အခု နောက် တဆင့်က သမတလက်မှတ်ထိုးထားတာကို လွှတ်တော်က အတည်ပြုရမယ့်အဆင့်ဖြစ်ပါတယ်။ ဒါ ဘယ်လောက်ကြာ မလဲ မသိနိုင်ပါ။ အဲဒါပြီးရင် ဗမာပြည်ရဲ့နျူကလီးယားရေးရာဌာနတခုကို ပီပြင်အောင်တည်ဆောက်ရမှာဖြစ်တယ်။ ဒီဌာနထဲမှာ ဗမာပြည်ထဲက နျူကလီးယားနဲ့ပတ်သက်တဲ့ပစ္စည်းကိရိယာကိုင်တွယ်ပိုင်ဆိုင်ထားသူတွေ၊ နျူကလီးယား လှုပ်ရှားမှုလုပ်ဆောင်နေသူတွေ အားလုံးကို စာရင်းကောက် အချက်အလက်ရယူပြီး IAEA ကို ဖွင့်ဟကြေညာ အစီရင် ခံရမှာ ဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ IAEA က စုံစမ်းစစ်ဆေး၊ မှန်မမှန်အတည်ပြုတဲ့အဆင့်ဖြစ်ပါတယ်။ ဒါဟာ နှစ်နဲ့ချီကြာနိုင်ပါတယ်။
ဗမာအစိုးရအနေနဲ့ တကယ်ရိုးသားရင်၊ ဒီလိုဗျူရိုကရေစီအဆင့်တွေကို ကျော်လွှားချင်စိတ်ရှိရင်၊ ကျော်လွှားလို့ရပါ တယ်။ ဥပမာဆိုရရင် မြန်မာသမတအမိန့်အာဏာနဲ့ ဘယ်နေရာ ဘယ်ဌာနတွေကို IAEA စစ်ဆေးခွင့်ပြုမယ်လို့ အခုချက်ခြင်းအကြောင်းကြားလို့ ရပါတယ်။ မြန်မာအစိုးရတပ်က ထွက်ပြေးလာသူတွေနဲ့ မြန်မာ့အရေးလေ့လာသူတွေ စွပ်စွဲထားတဲ့နေရာတွေ၊ စာရွက်စာတမ်း ဓာတ်ပုံအထောက်အထားတွေထွက်ထားတဲ့ နေရာဌာနတွေကို ချက်ခြင်း စစ်ဆေးခွင့်ပေးသင့်ပါတယ်။ နာမယ်ကျော်သပိတ်ကျဉ်းဒေသက (ယူရေနီယမ်)စက်ရုံနဲ့ အနီးအနားက စစ်ဘက်ဆိုင် ရာနေရာတွေကို ချက်ခြင်းကြည့်ခွင့် ပေးသင့်ပါတယ်။ အဲဒါပြီးရင် နာမယ်ထွက်နေတဲ့ စက်ကိရိယာအလုပ်ရုံ နှစ်ခုကိုလည်း ချက်ခြင်းဝင်ရောက်စစ်ဆေးခွင့်ပေးသင့်ပါတယ်။ ဓာတ်ပုံတွေပေါက်ကြားထားတဲ့ နျူကလီးယား ဓာတု လုပ်ငန်းကိရိယာတွေကို စစ်ဆေးခွင့်ပေးဖို့လိုပါတယ်။ စစ်ဆေးခွင့်ဆိုရာမှာ ဆွဲထားတဲ့ဒီဇိုင်းတွေ၊ စမ်းသပ်ထားတဲ့ အချက်အလက်တွေ၊ လက်ရှိနောက်ဆုံး အသုံးပြုနေပုံတွေကိုပါ စစ်ဆေးခွင့်ပေးရမှာဖြစ်ပါတယ်။
လူသိပ်မသိပေမယ့် နျူကလီးယားနဲ့ဆက်စပ်နေတဲ့ နေရာတော်တော်များများကိုလည်း စစ်ဆေးခွင့်ရှိရမှာဖြစ်ပါတယ်။ အားလုံး လိုလိုလားလားနဲ့ ပူးပေါင်းဆောင်ရွက်ရင် ရက်သတ္တပတ်အနည်းငယ်အတွင်း ဒါတွေအားလုံးကိုလုပ်လို့ရနိုင်ပါ တယ်။ အဲဒါတွေပြီးတော့မှ ပုံမှန်နျူကလီးယားစစ်ဆေးအတည်ပြုရေးဌာနတည်ထောင်ရေးကို ဆက်လုပ်နိုင်ပါတယ်။
အခု လူတွေနားလည်မှုလွဲနေတာက ထပ်ဆောင်းလုပ်ထုံးလုပ်နည်းစာချုပ် လက်မှတ်ထိုး အတည်ပြု အကောင် အထည်ဖော်လိုက်ရင် IAEA ဟာ နိုင်ငံထဲမှာ အချိန်မရွေး နေရာမရွေး လျှပ်တပျက်စစ်ဆေးခွင့်ရမယ်လို့ ထင်နေကြ တာဖြစ်ပါတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ လုပ်ထုံးလုပ်နည်းစာချုပ်က နိုင်ငံထဲမှာ "ဖွင့်ဟကြေညာထားတဲ့" နေရာတွေကိုဘဲ စစ်ဆေးခွင့်ရှိပြီး အချိန်နည်းနည်းကြိုတင်ပြီး အကြောင်းကြားဖို့လည်း လိုပါတယ်။ ဗမာအစိုးရက သူ တို့မှာ ဖွင့်ဟကြေညာစရာ ဘာနေရာ ဘာလှုပ်ရှားမှုမှမရှိဘူးလို့ ပြောထားပါတယ်။ ဒီတော့ ဗမာပြည်အနေနဲ့ တရားဝင် ဖွင့်ဟကြေညာတဲ့အခြေအနေကိုရောက်ဖို့ နှစ်နဲ့ချီကြာနိုင်ပါတယ်။ ဖွင့်ဟကြေညာတဲ့အခါမှာလည်း ကျွန်ုပ်တို့မှာ ဖွင့်ဟ ကြေညာစရာ လုံးဝမရှိ လို့ ကြေညာနိုင်ပါတယ်။ အဲသလိုဖြစ်လာရင်တော့ ဒါလောက်နှစ်နဲ့ချီစောင့်ခဲ့ရတာ အလကား ဖြစ်သွားပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ IAEA ဟာ ဖွင့်ဟကြေညာထားတဲ့နေရာတွေကိုဘဲ စစ်ဆေးခွင့်ရှိလို့ဖြစ်ပါ တယ်။ ဘယ်နေရာကိုမှ ဖွင့်ဟကြေညာမထားရင် ဘယ်နေရာကိုမှ စစ်ဆေးခွင့်မရှိပါဘူး။
တခုရှိတာက စစ်အင်အားသုံးပြီး "အထူးစစ်ဆေးမှု" လုပ်လို့ရပေမဲ့ စစ်အင်အားမသုံးနိုင်ရင် လိပ်ခဲတည်းလည်းအနေ အထားမှာ နှစ်တွေအများကြီးထပ်ကြာနိုင်ပါတယ်။ မြောက်ကိုးရီးယား၊ လစ်ဗျား၊ အီရန်တို့ဥပမာ ရှိပြီးသားဖြစ်ပါတယ်။ အဲသလို တိုင်းပြည်နဲ့ပြည်သူတွေ အကျိုးမရှိတဲ့ ဘေးကြပ်နံကြပ်အနေအထား မရောက်ဖို့အတွက် ဗမာအစိုးရအနေနဲ့ ပြဿနာတွေကို မိမိဆန္ဒအလျောက် ချက်ခြင်းလက်ငင်း ပူးပေါင်းဆောင်ရွက် ဖြေရှင်းတာဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။
မြန်မာအစိုးရက ပထမဆုံးခြေလှမ်းကိုလှမ်းလိုက်တာ ချီးကျူးဖို့ကောင်းသလို နောက်ခြေလှမ်းတွေကိုလည်း အမြန်ဆုံး လှမ်းဖို့ အားပေးရမှာဖြစ်ပါတယ်။ တခြားအာဆီယံနိုင်ငံတချို့လို ၈ နှစ် ၁၀ နှစ်အချိန်မယူသင့်ပါ။ မြန်ဆန်ဖို့အတွက် IAEA နဲ့ တခြားအဖွဲ့အစည်းတွေကလည်း ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ အခုထိ တွေ့ထားတာကတော့ လက်မှတ်ထိုး မယ် ပြောတဲ့အဆင့်ကနေ တကယ်လက်မှတ်ထိုးတဲ့အဆင့်ရောက်ဖို့ အချိန်ကြာနေတာ တွေ့ရလို့ စိုးရိမ်ပူပန်စရာဖြစ် နေပါတယ်။ နျူကလီးယားကိစ္စတွေကို သမတက မချုပ်ကိုင်နိုင်ဘူး၊ ဒါမှမဟုတ် ဦးစားမပေးဘူး ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေပါတယ်။
သော့ချက်ကျတဲ့ မသင်္ကာဖွယ်နေရာတွေကို မိမိဆန္ဒအလျောက်ဖွင့်ပေးတာဟာ ဗမာပြည်အတွက် အကျိုးအရှိဆုံးဖြစ် မယ်ဆိုတာ ဗမာအစိုးရ ရှင်းရှင်းလင်းလင်းသဘောပေါက်အောင် နိုင်ငံတကာ့အသိုင်းအဝိုင်းက နားချသင့်ပါတယ်။ စစ် အာဏာရှင်သန်းရွှေအမွေပေးခဲ့တဲ့ နျူကလီး ငရဲမီးပြဿနာကို လုံးဝအပြီးအပြတ်ရှင်းလင်းသွားစေဖို့ ဗမာပြည်ကိုရော IAEA ကိုပါ နိုင်ငံတကာအသိုင်းအဝိုင်းက ဘက်ပေါင်းစုံကူညီပေးသင့်ပါတယ်။
ဂါမဏိ
ရည်ညွန်း။ IAEA ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာရောဘတ်ကယ်လီရဲ့ DVB ဆောင်းပါး
No comments:
Post a Comment