Tuesday, December 10, 2013
ရွှေ့ပြောင်းမြန်မာကျောင်းများအတွက် မန္တလေးက ဆရာ ၇ ဦး လာရောက်ကူညီ
မြန်မာနိုင်ငံရဲ့ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့် မဲဆောက်ဒေသတွင်းမှာရှိတဲ့ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းက ကျောင်းသားတွေအတွက် မန္တလေးမြို့က စံဟိန်း ပုဂ္ဂလိကပိုင် အထက်တန်းကျောင်း တာဝန်ခံ ဦးဝင်းနိုင် (သင်္ချာ) ဦးဆောင်တဲ့ ဆရာ ၇ ဦးဟာ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက
စာသူးလေကျောင်းမှာ သင်ကြားပေးနေကြောင်း သိရှိရပါတယ်။
ဦးဝင်နိုင် (သင်္ချာ) အပါအဝင် ဦးအောင်မောင်း (မြန်မာစာ)၊ ဦးကျော်နွယ် (အင်္ဂလိပ်စာ)၊ ဦးမင်းဇော်လင်း (ဓါတု)၊ ဦးသိန်းဌေးဇော် (ရူပ)၊ ဦးစောမျိုးအောင် (ဇီဝ)၊ ဦးချစ်ဝင်း (ဘောဂ) တို့ ဆရာ ၇ ဦး အဖွဲ့ဟာ မဲဆောက်မြို့က ဆာသူးလေ အထက်တန်းကျောင်းမှာ ဒေသတွင်းကကျောင်းတွေဖြစ်တဲ့ ထိမယ်ဝါးခီးကျောင်း၊ SAW ကျောင်း၊ သွေးသစ်ကျောင်း၊ စာသူလေကျောင်း၊ STTC စတဲ့ ကျောင်း ၅ ကျောင်းက တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူကျောင်းသား ၁၃၈ ဦးကို ဘာသာစုံ သင်ကြားပေးမှာဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့စလို့ ၆ ရက်ကြာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၀င်ရောက်ဖြေဆိုမယ့် ကလေးတွေအတွက် ထောက်ကူသင်ကြားပေးရတာနဲ့ ပတ်သက်လို့ ဆရာ ဦးဝင်းနိုင်က အခုလို ပြောပါတယ်။
“ဒီက ကလေးတွေဝင်ဖြေတာ ဒီနှစ်နဲ့မှ ၂ ကြိမ်းပဲရှိသေးတယ်ဆိုတော့ လိုအပ်ချက်တွေ ရှိနိုင်တယ်ထင်လို့ ကူညီရအောင်လာခြင်း ဖြစ်တယ်၊ ခြောက်ရက်စာ တရက်မှာ တဘာသာမှ တနာရီပဲရတယ်ဆိုတော့ ကျနော်တို့က ကလေးတွေအတွက် ခြောက်နာရီပဲရတယ်၊ ကျနော်တို့ သင်ပေးဖို့ အခွင့်အရေးရတဲ့ ရက်က သိပ်နည်းနေတယ်။ ဒါကြောင့် သူတို့အတွက် မှားတတ်တဲ့ အမှားလေးတွေ အများစုလောက်ပဲ ကျနော်တို့ ပြောသွားနိုင်မှာ” လို့ ပြောပြသွားပါတယ်။
ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းကနေ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၀င်ရောက်ဖြေဆိုမယ့် ကျောင်းသားတဦးကတော့ တကယ်အတွေ့အကြုံရှိတဲ့ အခုလိုဆရာမျိုးတွေ သူတို့အတွက်လိုအပ်တယ်လို့ ခုလို ပြောပါတယ်။
“ကျနော်တို့ ဒီမနက်ပဲသင်ရတာ၊ တော်တော်လေးကို သိသွားရတယ်၊ ကျနော်တို့တွေ မြန်မာစာကတော့ စာလေးတွေနွှေးပေးပြီး မိတ်ဆက်ပေးတယ်၊ အင်္ဂလိပ်စာကိုတော့ အမှတ်ပေးပုံပေးနည်း ကိုယ့်ဘက်က ဘယ်လိုအားစိုက်ထုတ်ရမလဲဆိုတာကို ပြောပြတယ်၊ သင်္ချာနဲ့ပတ်သက်လို့တော့ အမှတ်ပေးနည်းတွေကို ရှင်းပြတယ်။ ကျနော်တို့ ဒီလို မျိုလမ်းပြပေးမယ့် ဆရာတကယ့်ကို လိုပ်အပ်ပါတယ်” လို့ ပြောပြသွားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ -၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မဲဆောက်ဒေသ ရွှေ့ပြောင်းမြန်မာကလေး ၅၀ ကျော်ဝင်ဖြေတုန်းက ၈ ဦး အောင်မြင်ခဲ့တယ်။ အောင်မြင်တဲ့ ကျောင်းသားတွေထဲက ၁ ဘာသာစီ ဂုဏ်ထူးထွက်သူ ၂ ဦးပါရှိပါပြီး ယခု သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးကို တက်ရောက်ပညာသင်ကြားနေကြပြီး ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းမှာ မဲဆောက်၊ မယ်လမတ်၊ ဖို့ဖတ်၊ ထာ့ဆောင်ရန်း ၅ မြို့နယ်တွင် မြန်မာရွှေ့ပြောင်း ကျောင်း ၇၄ ကျောင်းရှိပြီး မြန်မာကလေးငယ် ၁၇ ၀၀၀ ခန့် ပညာသင်ကြားလျက်ရှိပြီး၊
မဲဆောက် အပါအဝင် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ၉ မြို့နယ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့် လုပ်ငန်းခွင် အသီးသီးတွင် လုပ်ကိုင်နေကြရာ ၎င်းတို့၏ ကလေးငယ်များမှာ ရွှေ့ပြောင်း မြန်မာကျောင်းများတွင် ပညာသင်ကြားလျက်သော်လည်း အရွယ်ရောက်ပြီး ကျောင်းမနေနိုင်တဲ့ မြန်မာရွှေ့ပြောင်း ကလေးငယ်တွေရဲ့ အရေအတွက်မှာ ဒေသအတွင်း ၂၀ ၀၀၀ ခန့် ရှိတယ်လို့ မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်း ပညာရေးကော်မတီ၏ စစ်တမ်းအရ သိရပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ ရွှေ့ပြောင်း မြန်မာစာသင်ကျောင်းပေါင်း ၁၃၀ ကျော်ရှိပြီး ကျောင်းသား ကျောင်းသူ လေးသောင်းနီးပါးကို ဆရာ၊ ဆရာမ နှစ်ထောင်လောက်က ပညာသင်ကြားပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment