Tuesday, January 21, 2014

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ၊ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ

21 Jan 2014 | ညိုထွန်း | နေ့သစ်

ကျွန်တော်တို့၏ ထေရဝါဒ ဗုဒ္ဓဘာသာတွင် မြတ်စွာဘုရား၏ တရားဓမ္မတို့ကို ပစ်ထည့်ထားသည့် ခြင်းတောင်းကြီး သုံးတောင်း အဖြစ် ကျော်ကြားသော ဝိနည်း သုတ္တန် အဘိဓမ္မာ ဆိုပြီး ကဏ္ဍသုံးခုရှိရာတွင် ယင်းတို့အနက် ဝိနယပိဋက ဆိုသည်မှာ ရဟန်းသံဃာတို့သည် မည်သို့သော နည်းလမ်းအားဖြင့် သာသနာအား ကာကွယ်စောင့်ရှောက်အပ်ကြောင်း မသဲမကွဲ ချော်တလွဲတွေ လျှောက်မလုပ်စေရန် ဗုဒ္ဓရှင်တော်မှ  အတိအကျ “မူဝါဒ” ချမှတ်လမ်းပြခဲ့သည့် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်၏ အာဘော်လမ်းညွှန် ပါတည်း။ ထို့ကြောင့်လည်း ရှင်မဟာ ကဿပ အမှူးရှိသော ရှေးဦးဆုံး ပုဗ္ဗာစရိယ သံဃာတော်ကြီးများသည် ပထမဆုံးကျင်းပခဲ့သည့် သင်္ဂါယနာတွင် အရေအတွက် များပြားလှပါသည်ဆိုသော သုတ္တန်တရားများ၊ လူပညာရှိတို့ပင်လျှင် ဉာဏ်မမီနိုင်အောင် နက်နဲသည် ဆိုသော
အဘိဓမ္မာသင်္ကပ တရားတို့ကို ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးထားသော ဘုရား၏ ညီတော်ခေါက်ခေါက် ရှင်အာနန္ဒာကိုပင် ဓမ္မဝိဿဇ္ဇေတိ (အဖြေရှင်) ပလ္လင်ပေါ်သို့ ဦးဆုံး ပေးမတက်။  အနိမ့်ကျဆုံး သုဒ္ဓကျွန်မျိုးမှ ရဟန်းပြုလာသလောက် ၊ ဖောက်ပြန်လိုသော ချော်တလွဲရဟန်းတွေ အနေကြပ်အောင် သဲကွဲရှင်းလင်းစွာ ဝိနည်းအာပတ်ကို မပြတ်ဝေဖန်သည့် ဗုဒ္ဓသာသနာ၏ အခမဲ့ နှလုံးသားဝန်ထမ်းရှင် သာသနာစောင့် ရဲချုပ်ကိုယ်တော်ကြီး ရှင်ဥပါလိကို  ကိုယ်တော်မှ ငြင်းပါလျက်နှင့် ပလ္လင်ပေါ်သို့ ဇွတ်ကို မရမကဆွဲတင်ကာ ဝိနည်းတော်သည် သာသနာတော်အတွက် အထွတ်မြတ်ဆုံး နှင့် အရေးကြီးဆုံး အသက်ဝိညာဉ် ဖြစ်ကြောင်းကို အကြောင်း သက်သေပြုခဲ့ပါသတည်း။

ယနေ့ချိန်ခါ မြန်မာပြည် ဗုဒ္ဓ သာသာနာသည် မင်းဆိုးမင်းကလိန်တို့မှ အတိအလင်း တမျိုး၊ လက်သိပ်ထိုးလည်း တလှည့်ဖြင့် ကျောထောက်နောက်ခံကို ရသော အဓမ္မ ရဟန်းတို့သည် ၉၆၉ အဖွဲ့ ၊ မျိုးစောင့်ဥပဒေ လှုပ်ရှားရေး အဖွဲ့၊ ခုနောက်ဆုံး သာသနာ့ပါလ သာသနာစောင့်ရှောက်ရေး အဖွဲ့ စသဖြင့် နာမည်အမျိုးမျိုးသုံးကာ မူလသံဃာအဖွဲ့အစည်း မှ သင်းခွဲဖဲ့ထွက် ၊ အရှက်အကြောက် မရှိ မာန်တက်ရမ်းကားပြနေသည်မှာ အထင်းပါတည်း (impunity) ။ သည်တွင် “သံဃာ့ အဖွဲ့အစည်း” ဆိုသော ဝေါဟာရ နှင့် စပ်လျဉ်း၍ ကျွန်တော့် အနေဖြင့် စဉ်းငယ်ရှည်လျားသော ပိဋကတ်တော် ကျမ်းဂန် အကိုးအကားတို့ကို အလျင်ဦးဆုံး ဖွင့်မပြမီမှာ စာဖတ် ပရိသတ်တို့ လွယ်လွယ်ကူကူ စဉ်းစားဆင်ခြင်နိုင်သလို လက်တွေ့သုံးစွဲနိုင်သည့်  ဘုရားရှင်၏ ဆိုလိုရင်း အနှစ်ချုပ်ကို အလျင်ဖော်ပြထားလျှင် ကောင်းပါလိမ့်မည်။ ဘုရားရှင်၏ သားတော်ရင်းများ ဖြစ်ကုန်သော တည်ကြည်မွန်မြတ်သော မူလသံဃာ အဖွဲ့အစည်းနှင့် ဖောက်ပြန်ယုတ်မာသော အောက်တန်းစား သံဃာအဖွဲ့အစည်းကို အသို့ ခွဲခြားနိုင်ပါသနည်း ဆိုသော် ဘုရားရှင်၏ သံဃာဟူသည်မှာ တကြောင်းတည်းသာရှိသော တရားသာလျှင် ကျင့်ကြံကိုးကွယ်ရာ သုံးစွဲရာရှိသည်ဟု ပြော၍ ပြောသည့်အတိုင်းလည်း ကျင့်ကြံသုံးစွဲနေထိုင်သည့် သူတို့ပေတည်း။ ဖောက်ပြန်သော မိစ္ဆာသံဃာတို့ သင်းပင်းပူးပေါင်းသော အောက်တန်းစား သံဃာ အဖွဲ့အစည်း ဆိုသည်မျိုးမှာကား အမြတ်ဆုံးဟူသည်မှာ “၉၆၉ ဟေ့” ၊ တရားဟူသည်မှာ “အမျိုးသားရေးဟေ့”၊ “အမျိုး၊ဘာသာ၊ သာသနာဟေ့” ၊ ကျင့်ကြံကိုးကွယ်သုံးစွဲရာ ဟူသည်မှာ “မင်းအာဏာ၊ သမ္မတကြီးရဲ့  အာဏာ၊ လွှတ်မင်းကြီးတွေရဲ့  အာဏာဟေ့” ဟု လှည့်ဖြားပြောဆိုသလို သင်းတို့၏ အာရုံပြင်တွင် ၎င်း ယုတ်ညံ့သော မင်း၊ အာဏာ၊ နိုင်ငံရေး စသည့် မောက်မာဝင့်ကြွားနေသော ငရဲတံလျှပ်များ ပြက်ပြက်စွဲလောင်နေသည့် စိတ်ယုတ်မာညစ်ညမ်းပူးသွမ်းနေသူတို့  ပူးပေါင်းစည်းဝေးသော အဖွဲ့မျိုးပါတည်း။ ၎င်းတို့မှ အလေးအမြတ်ပြုနေသော အမျိုးသားရေး ကိစ္စဆိုသည်မျိုးသည် ဗုဒ္ဓဘုရားရှင်က ဘယ်တုန်းကမှ မဟောခဲ့သည်၊ တရား မဟုတ်သည်ကို အသေအချာ သိသည်လည်း ရှိစေ၊ မသိသည်လည်း ရှိစေ

“ငါတို့လုပ်နေတာဟာ တရားပါ” (သို့မဟုတ်လည်း) “တရားဆိုတာ သည်နေရာမှာတော့ မလိုပါဘူး” (သို့မဟုတ်လည်း) “တချို့နေရာတွေမှာ မလိုပါဘူး” ဟု အမှန်တရားဆိုတာ ကြည့်ရူသူ၏ ရူဒေါင့်ပေါ်မှာပဲ မူတည်သည်လို့ moral relativism အယူဖြင့် လွှမ်းမိုးပိုင်းဖြတ် ပြုမူပြောဆိုနေကုန်ကြသူတို့ စည်းဝေးသည့် အစုအဖွဲ့တို့ ပေတည်း။

သို့ဆိုလျှင် ကိုးကွယ်ကျင့်ကြံသုံးစွဲအပ်သော “တရား” ဆိုတာဟာ ဘယ်လိုမျိုးပါလိမ့် ဆိုသော စောဒနာသည်  အင်မတန် ကောင်းသလောက် အရေးကြီးသော မေးခွန်းလည်း ဖြစ်ပါ၏။ သည်မေးခွန်းအတွက် အဖြေသည် စိတ်ဝင်စားစရာ ကောင်းလှသည့်အတိုင်း နောက်ပိုင်း ကျွန်တော့်စာများတွင် ဆက်လက် ဆွေးနွေးသွား ပါမည်။ ခုခါမှာတော့ ကျွန်တော် ခုရေးသောစာတို့သည် “တကြောင်းတည်းသာရှိသော တရား” ကိုသာလျှင် မြတ်နိုးဦးစိုက် ရေးသားထားသည်ကို သိလျှင် လုံလောက်ပြီ ဖြစ်ပါ၏။ တဒင်္ဂမျှ အနှစ်ချုပ်ပြမည်ဆိုလျှင် ဒေဝဒတ် မှနေ၍ သတ်သတ်လွတ်စားခြင်းမှသည် တခြား ပြင်းထန်စွာ ကျင့်ကြံခြင်းတို့ကိုမှ အနှစ်အမှန်ဟု စွဲထင်နေခြင်းမျိုးသည် တရားမဟုတ်။ တရားဟူသည်မှာ ကျွန်တော်တို့ လူသားအားလုံး၏ ဖြစ်တည်မှုတွင် ဖြေရှင်းဖို့ အခက်ခဲဆုံး ပြဿနာအဖြစ် တွဲလျက်ပါလာသည့် တစုံတရာသည် အနှစ်အမှန်ဟု တောက်လျှောက်ကို တွေးခေါ်နေသော အကျင့်အကြံကို  (တဝက်တပျက်နဲ့တော့ မရ) လုံးဝကို ကုစားရန် ကြိုးစားရသော သဘောပေတည်း။

လူ့ဘောင်၏ ရှုပ်ထွေးမိုက်မဲမှု ပြဿနာ အပေါင်းတို့နှင့် စပ်၍ လွယ်သလောက် နက်နဲသော ၊ ရိုးရှင်းသလောက် ဘယ်လိုမှ မငြင်းနိုင်အောင်မှန်ကန်သော အဖြေတို့ကို ဗုဒ္ဓတရားတော်တို့တွင် ရှာတွေ့နိုင်ပါ၏ ။ အကြင်သူတဦးသည် ဥပမာအားဖြင့် ဝီရသူ အင်းစိန်ရွာမ ရွှေညဝါ သီတဂူစသော ၉၆၉ ဘုန်းကြီးတဦးသည် အဘယ်ကြောင့် ဤသို့ တွေးခေါ်နေသနည်း၊ ဤသို့ ပြောဆိုနေပါသနည်း၊ ဤသို့ ပြုမူနေရပါသနည်းဟု မေးလာမည်ဆိုသော် ဗုဒ္ဓတရားမှ ပေးမည့် အဖြေကား လွယ်ပါ၏ ။ ဗုဒ္ဓ ပရမတ္တဝိဇ္ဇာဗေဒ (epistemologic logic) ရှုဒေါင့်မှ ချည်းကပ်သုံးသပ်လိုက်မည် ဆိုပါလျှင် မလွဲသေချာ ပြောဆိုနိုင်သည်ကား ဤသူတို့၏ လောကကို မြင်သော အမြင် ၊ တနည်းအားဖြင့် ၎င်းတို့၏ သူ့ကိုယ်သူ နှင့် အပြင်ဗဟိန္ဓမှ တပါးအရာတို့ကို ကြည့်မြင်သော အမြင်တို့သည် မှားယွင်း ၊ ယင်းပုဂ္ဂိုလ်တို့၏ ကိစ္စတွင် ဖောက်ပြန်မှောက်မှားသော အဆင့်သို့တိုင်ရောက်နေ၍ ပေတည်း။

ရှေ့ဆောင်းပါးတို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုပြီး အစိုးရက ဂုဏ်တင်ပြီးလုပ်နေသော ပွဲများသည် သည်အသိအမြင် မာန်မြောက်မှောက်မှားနေသော ဘုန်းကြီးရူးတွေကို လှေလူးပေးနေတာသာ ဖြစ်ကြောင်း  ရှာရီရာ လက်ဆောင် အမှတ် (၇) စသည်တွင် ကျွန်တော် ပြောခဲ့ပါသည်။ အမြင်မှားယွင်းဖောက်ပြန် (ဝါ) ရူးနေသော ဘုန်းကြီးကို ၎င်း၏ ဖောက်ပြန်မှားယွင်းစွာမြင်နေသော (ဝါ) ရူးမိုက်စွာ သိမြင်နေသော လောကအမြင်ကို ပြောင်းလဲရန် မကြိုးစားဘဲနှင့် လူရှေ့သူရှေ့ထွက် စကားတွေပြောခိုင်းပြီး လူတတ်သိကြီးတွေအဖြစ် ပွဲတွေမြှောက်ကာ အားပေးအားမြှောက်လုပ်ခြင်းသည် ထိုသူရူးသူမိုက်တို့ နဂိုကပင် ရှေ့တန်းတင်နေသော အာဏာရှိသူနဲ့ ပေါင်းနိုင်တယ်ဆိုတာ တရား (သမိုင်းကြောင်း လိုအပ်မှု) ၊ လုပ်ပိုင်ခွင့်ကို တိုးတက်ရယူမှု ဆိုတာ ဓမ္မဝေယျာဝစ္စ (သမိုင်းပေး တာဝန်)၊ အမျိုး ဘာသာ သာသနာ ဆိုတာ အနှစ်အမှန် ဝဋ္ဋတိ (သမိုင်းဆက် အမွေအနှစ်) စသော ဖောက်ပြန်ဖောက်လွဲ မိုက်မွဲသော လောကအမြင်တွေ ပျံ့ပွားလာကာ ထိုသို့ အတ္တနှင့် ယှဉ်သော သညာသိကို ကိုးကားကော်ရော်မှုမှ နေ၍ ပေါက်ကွဲပျက်စီးမည့် ဖြစ်စဉ်များ တောမသတ်အောင် ကျွန်တော်တို့၏ သမိုင်းတွင် ဆက်ဖြစ်မည့် သဘောကို ဆောင်နေပါ၏ ။ သည်မှာတင် ပရမတ္တ ဝိဇ္ဖာဗေဒ (ဝါ) လောကအမြင် ဘာသာရပ် (mereology) တွင် ကျွန်တော့်အနေဖြင့် နှစ်ပေါင်း အတော်အတန် အပတ်တကုတ် ကြိုးစားလေ့လာခဲ့ရကား ယင်းလေ့လာမှုတို့မှ ရသော အသိတရားသည် ခုခါမှာ  ဘုန်းကြီးမိုက် ခေါင်းဆောင်တွေနဲ့ ယင်းလူမိုက်နောက်လိုက်တို့မှ မင်းအာဏာ ကျောထောက်ရ၍ တရားဝင်ဖြစ်ပါသည်ဟု ယူမှတ်ကြွေးကြော်နေသော လူမိုက်တရားတို့ကို တန်ပြန်နှိမ်နင်းဖို့ရန် အားထုတ်ဖို့ စေတနာ ကျွန်တော့်အား ဖြစ်ရပါသတတ်။

ခု ကျွန်တော်မှ လောကအမြင်ဗေဒ ဟု လွယ်လွယ်ဘာသာပြန်ပြသလောက် ကျွန်တော့်လူ ခေတ်မြန်မာများအတွက် တစိမ်းဆန်နေဦးမည့် ဝေါဟာရများဖြစ်သည့် epistemology (သိခြင်းဗေဒ) ၊ mereology  (တခုလုံး ဆိုတာနှင့် အစိတ်အပိုင်း တခုချင်း ဆိုတာ ဆက်စပ်ပုံ ဗေဒ) တို့သည် စင်စစ် ကျွန်တော်တို့၏ ထေရဝါဒ ပိဋကတ်တို့တွင် အခြေခံအကျဆုံး ဓမ္မပရိယာယ် နည်းစနစ်တို့အဖြစ် ထုနဲ့ထည် ဖော်ပြပါဝင်နေသော နည်းစနစ်တို့ ဖြစ်ပါ၏။ မဟာယာန ဗုဒ္ဓဘာသာတွင် ယောဂကာရ နှင့် မဒြာမိက စနစ်တို့ဟူသည် ကျွန်တော်တို့ ထေရဝါဒလို စိတ်တခုယုတ် ကိုးဆယ်ဟာ ဘာတွေလဲဟု ၏သည် မရွေး ကျက်မှတ်နေခြင်းထက် ယင်း အခြေခံအကျဆုံး ဓမ္မပရိယာယ်တို့ကို အထူး အာရုံစိုက်ကာ ကျွမ်းကျင်စွာ နားလည်ဆွေးနွေးနိုင်သော အဆင့်သို့ရောက်အောင် သုတေသနပြုထားသည့် စနစ်တို့ ဖြစ်ပါ၏။

ဗုဒ္ဓတရားတော်များကို တပွေ့ကြီး လေ့လာခွင့် ရခဲ့ပါလျက်နှင့် ဖောင်စီးရင်း ရေငတ်ဆိုသလို ခေတ်ရာဇဝင် အဆက်ဆက် အသိမိုက်မဲလှသည့် အနော်ရထာ မင်းတုန်းစသော မင်းလူလည်တို့မှ သင်းတို့ နာမည်ကြီး သာသနာ့ ဒါယကာခံဖို့ သာသာနာကို ကြုံးသွင်းကြိုးကိုင်ဖို့ ကြိုးစားခံခဲ့ရသော ကျွန်တော်တို့ မြန်မာပြည်သည် “ထေရဆိုလျှင် မဝေဖန်နဲ့၊ ကံကြီးထိုက်လိမ့်မယ်” ဆိုတာနဲ့ အပိတ်ခံခဲ့ရကား ယနေ့ မြန်မာပြည် ဗုဒ္ဓဘာသာတွင် ထိပ်ဆုံးက ဉာဏ်အကောင်းဆုံး ဘုန်းကြီးဆိုသူတို့ပင် ဤ အရေးပါဆုံး ဓမ္မ ပရိယာယ်တို့တွင် အလွန်တရာ အားနည်းကြသည်ဆိုသည်ကို ကမ္ဘာတိုးလျှိုပေါက်လာသော သည်ဘက်ခေတ် (Globalized era) တွင် ကိုယ့်ငါးချဉ် ကိုယ်မချဉ်စတမ်း နှိုင်းယှဉ်ဝေဖန်သည့် မြန်မာ ဘာသာရေးပညာရှင်တို့သည် စိတ်မသက်သာစွာ သိမြင်ခဲ့ပြီး ဖြစ်ပါ၏။

သည်လို စူးစမ်းဝေဖန်တွေးခေါ်သော သန္နိဌိက အလေ့အကျင့်သည် ကျွန်တော်တို့၏ ရိုးရာတွင် ဆိတ်သုဉ်းသုည ဘူလုံးလုံးကျနေလို့လည်း ဒီမိုကရေစီ လမ်းကြောင်းကလေးကို မြင်စပြုလာသော သည်မှာခေတ်တွင် “ဘုရားတရားဆိုတာ ၉၆၉ ဟဲ့ ၊ မူဆလင်ကို နှိပ်ကွပ်ဟန့်တားတာဟာ သာသနာကို စောင့်ရှောက်တာ ဟဲ့” ဟူသော မိစ္ဆာအယူဝါဒ နောက်သို့ စစ်အစိုးရ မြှောက်ပေးလို့သာ  ပြည်သူကလည်း မစူးစမ်း မစောကြောလို့သာ နာမည်ကြီးလို့နေ အမှန်တကယ် အားဖြင့် သိမ်မွေ့ခက်ခဲလှသည့် တရားဓမ္မ ပရိယာယ်နယ်ပယ်တို့တွင် အသိအလင်း ဟောင်းလောင်း ဖြစ်နေသော ဘုန်းကြီး ထိပ်တန်းခေါင်းဆောင် ဆိုသူတို့သည် ကောက်ကောက်ပါအောင် လိုက်စားမာန်မြောက်ကုန်ကြခြင်း ပေတည်း။

တချို့ကလည်း ဆိုပါ၏။ သည် ဝီရသူ စတဲ့ ဘုန်းကြီးတွေ အစိုးရက ဆေးခတ်ပြီး ခိုင်းတာ ခံရတာပါလို့ သည်ဘုန်းကြီးတွေကိုပင် ကိုယ်ကနေပြီး သနား ကရုဏာပင် သက်စရာ ကောလာဟလတို့လည်း ပေါ်ထွက်လာပါ၏။ ကျွန်တော့် စဉ်းစားပုံ အားဖြင့် မြန်မာ အစိုးရသည် သည်လောက် စွမ်းမယ်လို့လည်း မထင်၊ သည်လောက်လည်း အပင်ပန်းခံမယ်လို့လည်း မထင်။ နိုင်ငံရေး အတွေးအခေါ် ဗေဒဖြင့် နည်းစနစ်ကျကျ ပြောမည်ဆိုလျှင် တကယ်တော့ မြန်မာအစိုးရက လုပ်နေသော နိုင်ငံရေး အညှာမှာ နေဝင်း တော်လှန်ရေးကောင်စီ ခေတ်ကတည်းကပင်  နည်းဗျုဟာဆိုလို့ ဝါးလုံးထိုးတတ်ရုံ တတန်းတစား သာတည်း။ အဲဒါဟာ ဘာလဲဆိုတော့ အယုတ်မာဆုံး သို့မဟုတ်လည်း ခိုင်းလို့အကောင်းဆုံး လူတို့ကို ထိပ်ဆုံးနေရာသို့ ခုတင်ပေးထားခြင်း ဖြစ်ပါ၏။ “ကျီးမိုက်ကို ဟသာင်္တို့ ခစားရသဟဲ့” ဟူသော ကောသလအိပ်မက် တဆယ့်ခြောက်ချက်ဆိုတာ မြန်မာများ နှစ်ရာစုဝက်မက လက်တွေ့မြင်တွေ့ထားပြီး ဖြစ်လို့ ဒါကို အလွယ်ပင် နားလည် သဘောပေါက်နိုင်ပါ၏။ တခုပဲ ပိုမှတ်ရန်မှာ ကောသလအိပ်မက် ဆယ့်ခြောက်ချက်သည် မြန်မာတွေ ခေတ်တခေတ်မှာ ကံဆိုးလို့ တွေ့ခံခဲ့ရသော အဖြစ်သနစ်တို့ မဟုတ်။ ထိပ်တန်း နိုင်ငံရေးတွေးခေါ်ပညာရှင် ဟိုင်းရက်က သူ့ ကမ္ဘာ့ဂန္တဝင် ကျွန်ဖြစ်ရာလမ်းတွင် အသေအချာကို ပြောခဲ့သည်မှာ နိုင်ငံတနိုင်ငံတွင် ပြည်သူလူထုသည် လုံးစည်းဝါဒယန္တရားစနစ် (Totalitarianism) စနစ်အောက်ကို ပြားပြားမှောက် ကျရောက်သွားပြီဆိုလျှင် ယင်းစနစ်သည် မလွဲသေချာ လူယုတ်မာ စိတ်အောက်တန်းတို့ကိုသာ ထိပ်ဆုံးသို့ ရောက်လာအောင် တွန်းပို့ပေးပါသတည်း။

ခေတ်စနစ်ဟု မြန်မာတို့ ပြောလေ့ရှိပါ၏။ ဒါကြောင့် ကျွန်တော်တို့ လွယ်လွယ်သိမှတ်နိုင်သည်မှာ လုံးစည်းဝါဒ လွှမ်းမိုးသော ခေတ်တိုင်းမှာ လူယုတ်မာတွေ မင်းမူတဲ့စနစ်သည် သက်ဆိုးရှည်စမြဲ ပေတည်း။ မြန်မာတွေ မက်ခဲ့ရသော ၊ ခုလည်း အိပ်မက်ထဲက မထွက်နိုင်သေးသော၊ ဘယ်တော့ သည်အိပ်မက်ဆိုးတွေ ပြီးသွားမှာလည်း ဆိုတာကိုလည်း ဘယ်သူမှ မမှန်းနိုင်သော ကောသလ အိမ်မက်တို့သည် ခေတ်  စနစ်တို့ ဖြစ်ပါ၏။ မြန်မာတွေ ကံခေလို့ တခါတရံ လောကဓံမှာ ကျီးကန်းအောက်ကလိတွေ ပလ္လင်ညာရံ ရွှေဘုံပျံမှာ လာစိုးစံခွင့်ရသည့် ခဏတဖြုတ် သဘောမဟုတ်။

ကျွန်တော်တို့ မြန်မာများ ဤကောသလအိပ်မက် ခေတ်စနစ် ပြဿနာ (“လုံးစည်းခေတ် ဖြစ်လျှင် ယုတ်မာသူတို့ အုပ်စိုးသော စနစ် ဖြစ်လတ္တံ့” ဟူသော သီအိုရီ ဟောကိန်း) ကို အထင်းသက်သေခံ သိမြင်နိုင်သည်မှာ လမ်းစဉ်ပါတီခေတ်တွင် ဗိုလ်နေဝင်းသည် ပြောဆိုနေကျ “လူတော်လူကောင်း” ဆိုတာကို “လူကောင်းလူတော်” လို့ တနိုင်ငံလုံးကို အတင်း ပြောင်းပြောခိုင်းခြင်း ပါတည်း။ သည်မှာ သိသာအပ်သည်မှာ ‘လူကောင်း’ တဦးဖြစ်ဖို့ ခက်ခက်ခဲခဲ လုပ်နေစရာ မလို။ ယုတ်မာသူတို့က ‘လူကောင်း’လို့ သတ်မှတ်လျှင် နင်သည် နေ့ချင်းညချင်း ‘လူကောင်း’ ဖြစ်သွားသည့် ဖြစ်အင်ကို ဖြစ်ပါ၏။ သီလသမာဆိုတာဟာ ဘာလဲဆိုတာကို ယုတ်မာသူတို့က သတ်မှတ်၊ လူတွေကို ယုတ်မာသူတွေက အတန်းအစားတွေခွဲကာ သူတို့ လိုလားတဲ့သူတွေကို ‘သူတော်ကောင်း’ ဘွဲ့တံဆိပ်တွေ တပ်ပေးနေသော သဘောကို ဖြစ်ပါ၏။ သည်လို လုံးစည်းခေတ်တွင် ယုတ်မာသူက ယုတ်မာသူကို ‘ကြီးမြတ်သူ’ အဖြစ် ဘွဲ့တံဆိပ်တပ် ချီးမြှင့်မြှောက်စားမှုတို့ အတောမတတ်နိုင်အောင် ကြမ္မာဆိုးငင်ပုံကို ကမ္ဘာ့ထိပ်တန်း လစ်ဘရယ်တွေးခေါ်ပညာရှင် ကားပေါ့ပါး က အလွန်တိကျသော ဝေါဟာရနှင့် ပြောင်မြောက်စွာ ဖော်ပြခဲ့သည်မှာ တောမသတ် ဆုတ်ယုတ်မှု (infitite regress) ဟူသတည်း။ ဆိုလိုရင်းမှာ ရှေ့က ယုတ်မာစွာ အုပ်စိုးသူ တဦး လွန်မြောက်သွားလျှင် ဒါ့ထက် ယုတ်မာသူ၊ ထို ဒါ့ထက်ယုတ်မာသူ လွန်မြောက်သွားလျှင် ဒါ့ထက် ဒါ့ထက် ယုတ်မာသူ စသဖြင့် စိတ်အောက်တန်းစား ၊ ဒါ့ထက်ဒါ့ထက် စိတ်ယုတ်ညံတဲ့ အောက်တန်းစားတွေ ဆက်လက် မင်းမူကြီးစိုးသော သဘောပေတည်း။ ခေတ်မြန်မာတွေ ခဏခဏ ပြောရသော စကားမှာ “နေဝင်းကမှ တော်သေးတယ်၊ စောမောင်ကမှ တော်သေးတယ် ၊ ခင်ညွန့်ကမှ တော်သေးတယ်၊ သန်းရွှေကြီးကို လွမ်းနေရအုံးမယ်နော်” ဟုလည်း ဖြစ်ပြီး ကျွန်တော်တို့ ပြည်သူတွေ အနေဖြင့် ကမ္ဘာ့ဂန္ထဝင် တွေးခေါ်ပညာရှင်များလို သုတေသန သေသေချာချာ ပြုခွင့် မရခဲ့လင့်ကစား ယင်း အရပ်စကား ခေတ်စကား တို့သည် လုံးစည်းစနစ်ဖော်ဆောင် မြန်မာလူ့ဘောင်တွင် ယုတ်မာသည်ထက် ယုတ်မာသူတို့ စိုးစံနေရာယူခွင့်ရလာသော တောမသတ်ယုတ်ညံ့လာမှု (infinite regress) ကို ကြေးမုံပြင်သဖွယ် ဟပ်ထင်ဖော်ပြထားနိုင်သည် ဖြစ်သတည်း။

ဝိနယပိဋကကို ဖွင့်မပြမီမှာ ကျွန်တော့်အနေဖြင့် Totalitarianism (လုံးစည်းစနစ်) ၏ သဘာဝ သရုပ်သကန်ကို အနည်းငယ်မျှ အသေးစိတ် ပြောနေရသည်မှာ အရေးကြီးသော ကိစ္စနှစ်ခုရှိပါသည်။ ပထမ ကိစ္စမှာ ယခုမြန်မာပြည်၏ ဘုန်းကြီးထိပ်တန်းခေါင်းဆောင် ဆိုသူများသည် အမှန်တကယ် ကိုယ့်ကျင့် သိက္ခာ၊ သီလသမာဓိပညာ ရှိ၍ နေရာရလာသည် မဟုတ်ကြောင်း၊ စင်စစ် ခု ငါတို့ ကြုံတွေ့နေရသော ဤခေတ်စနစ်မျိုးတွင် ယုတ်မာသူတို့သာ အကောင်းဆုံးဆိုသော နေရာမျိုးကိုသာ ရဖို့ရှိကြောင်းကို အတိအလင်း အသိပေးရန် ဖြစ်ပါ၏ ။ ဒုတိယကိစ္စမှာ လုံးစည်းစနစ်တွေထဲက အော့နှလုံးနာစရာ အကောင်းဆုံးတခု ဖြစ်သော ဖက်ဆစ်ဝါဒသည် ခု ကျွန်တော်ဖွင့်ပြမည့် သံဃဘေဒကံ (သံဃာသင်းခွဲမှု) ကို မြတ်စွာဘုရားက ဝိနည်းထုတ်ပြန် တားမြစ်ခဲ့ရသော အခင်းကိစ္စနှင့် ပရမတ္တဝိဇ္ဖာဗေဒ (ဝါ) သိခြင်းဗေဒပိုင်းဆိုင်ရာတွင် အခြေခံအကျဆုံး ပရိယာယ်များထဲက တခုဖြစ်သော Transcendental illusion ဗမာလိုအားဖြင့် ဘာမဆိုမှ လွန်မြောက်နိုင်ပြီဟု ထင်ယောင်ထင်မှား ဖြစ်နေခြင်း နှင့် သဘောသွား ချိတ်ဆက်နေသောကြောင့် ပါတည်း။ ဤ ဒုတိယကိစ္စသည် နိုင်ငံရေးရာ၊ လူမှုရေးရာဖြစ်စဉ်တို့ကို မှန်ကန်စွာ သုံးသပ်နိုင်ဖို့ အရေးကြီးဆုံး အခြေခံပရိယာယ်တို့ထဲက တခု ဖြစ်ပြီး ဒါသည် ခုဆက်ရေးတော့မည့် စာများတွင် ထင်ရှားလာပါအံ့။

ညိုထွန်း

(Photo source .. http://lionelash.com/infinite-regression)

No comments: