ဟိုက်ရှာလပတ်ရည် ….။ အပလာဂွီဂွမ် ဥက္ကဋ္ဌဖြစ်လာသော ရေမလာ၊ မီးမမှန် နိုင်ငံသည် အားကစားအရပ်ရပ်၌ ရွှေတံဆိပ်စေလိုသော အလို့ငှာ ခန္ဓာကိုယ်အကောင်းပကတိ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ စားပွဲတင် တင်းနစ်၊ တင်းနစ်၊ ကြက်တောင်၊ ပြေးခုန်ပစ်၊ ဂေါက်သီးရိုက် အစရှိသည့် နိုင်ငံတကာ အိုလံပစ် အားကစားနည်း စာရင်းဝင် အားကစားသမားအားလုံးကို သံကြိုဖြင့်ရိုက် (အဲလေ) သံကြိုးရိုက်ကာ
ဆင့်ခေါ်လိုက်သည်။
ထိုနေ့က နိုင်ငံတော်အဆင့် လူကြီး၊ လူလတ်၊ လူငယ်၊ လူလည်၊ လူမလည့်တလည်၊ စသည်တို့အပြင် တော်တော် စုံလင်လှသည့် အားကစားအရပ်ရပ်၏ ပရိသတ်ကြား ထင်ရှားသော အားကစားသမားများ ပေါင်းစုံတို့ကိုလည်း တစ်နေရာတည်း၌ မြင်ကြရသည်။ မကြာမီပင် အပလာဂွီဂွမ် ဥက္ကဋ္ဌ ဦးပြောင်စိန်က မိန့်ခွန်းခြွေရာတွင် “ကျနော်တို့ ရေမလာ၊ မီးမမှန်နိုင်ငံသည် အိုလံပစ်အားကစားနည်းစာရင်းဝင် အားကစားနည်းအရပ်ရပ်၌ ခန္ဓာကိုယ်အကောင်းပကတိအတိုင်း ယှဉ်ပြိုင်ကြည့်ရာမှာ ရွှေတံဆိပ်ကိုမဆိုထားနှင့်၊ ဒဏ်တံဆိပ်ကိုပင် ကြက်တန်းက ကုလား လာပြ၍ မြင်ကြရကြောင်း၊ အားကစားပြိုင်ပွဲဝင်ရာတွင် ပရိဿတ်အသည်းစွဲ ဘောလုံးပြိုင်ပွဲ၌ ဘောလုံးသမားများသည် အလှူတကာ့ အလှူ၌ ဂိုးအလှူသည် အမြတ်ဆုံးဟု မြင့်မြင့်မြတ်မြတ် သဘောထား ကာကစားခဲ့ကြကြောင်း၊ သို့ဖြစ်၍ ကိုယ်ခန္ဓာသန်စွမ်းကျန်းမာနေပါလျက် အဖက်ဖက်က နိမ့်ကျလျက်ရှိသော ဘောလုံးကစားနည်းအပါအ၀င် နိုင်ငံတကာအိုလံပစ် အားကစားနည်းစာရင်းဝင် အားကစားနည်းပေါင်းစုံတို့တွင် လာမည့် အပလာဂွီဂွမ် နိုင်ငံများဖိတ်ခေါ် အားကစား ပွဲတော်၌ ကျိန်းသေပေါက် ရွှေတံဆပ်ရစေရန် မိမိတို့နိုင်ငံတော်က အထူးစီမံချက်ကို မနက်ဖြန်မှ စတင်အကောင်ထည်ဖော်မည်ဖြစ်ကြောင်း” အလေးအနက် (လည်ပင်း ကျောက်တုံးကြီးချိတ်ဆွဲလျက်) ပြောကြားသွားသည်။
အဲ… မနက်ဖြန်ဆိုသော မနက်ဖြန်တစ်ရက်တွင်ဖြင့် ခန္ဓာကိုယ်အကောင်းပကတိရှိနေကြသော ပရိသတ်အသည်းစွဲ ဘောလုံးအကျော်အမော်များ၊ ပြေးခုန်ပစ်သမားများ၊ ဘော်လီဘောကစားသမားများ၊ စသည်ဖြင့် အိုလံပစ်အားကစားနည်း စာရင်းဝင်အားကစားသမားအားလုံးတို့သည် အပလာဂွီဂွမ်နိုင်ငံ၏ မြို့တော်ဖြစ်သော နေပူတော်မှ အတော်ကြီးဝေးကွာသော နေရာဒေသများသို့ လေယာဉ်ပျံဖြင့် အပို့ခံရပြီးနောက် ရောက်ရှိရာ ဒေသများတွင်ရေညှိများအလိမ်းလိမ်းတက်နေသော ဘုန်းကြီးကျောင်းအို ကျောင်းပျက်များ၊ ဘုရားအိုဘုရားပျက်များတွင်လည်းကောင်း၊ ကျိုးပဲ့ပျက်စီးနေသော ရွာလယ်ချောင်းကူး တံတားများတွင်လည်းကောင်း၊ တောင်ခြေများရှိ လယ်ကွင်းများတွင်လည်းကောင်း၊ အသီးသီး အသက အသက ဆိုင်ရာဆိုင်ရာ အားကစားနည်းများကို နည်းပြများနှင့် အတူအထက်က ညွှန်ကြားချက်အတိုင်း နေ့စဉ် ကစားကြရ၏။
ဟုတ်ကဲ့… ။ မကြာမီသော ခရစ်သက္ကရာဇ် (၅၀၁၃) တွင် ကျင်းပသော အပလာဂွီဂွမ် အားကစားပွဲတော်ကြီးတွင် ရေမလာ၊ မီိးမမှန်၊ နိုင်ငံမှ အားကစားသူရဲကောင်းအသီးသီးတို့သည် နိုင်ငံဂုဏ်ကို ဆောင်ကာ ရှေ့နှစ်များကထက် ရွှေတံဆိပ်များတိုးပွားရရှိကြလေ သတတ်။
အံမာ… ဘယ်မရရှိပါ့မလဲ ပရိသတ်၊ အနှီ အားကစားပြိုင်ပွဲကြီးကိုက ခန္ဓာကိုယ်အကောင်းပကတိ ရှိကြသူတွေ ပြိုင်ပွဲဝင်တာမှ မဟုတ်တာ။ နိုင်ငံတော်က အထူးချမှတ်ပေးထားတဲ့ အဲဒီ ၅၀၁၃ ခုနှစ်အားကစား ဆောင်ပုဒ်ကိုက …
“ဒို့ခေတ်ကျိုးမှ ရွှေတံဆိပ်တိုးရမှာလား” တဲ့ဗျာ။ ဒါမှ ဒို့ရေမလာ မီးမမှန်နိုင်ငံကွ၊ ဘယ့်နှယ်ရှိစ။
ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)
No comments:
Post a Comment