1 Feb 2014 | ကေမြိုင် | နေ့သစ်
မြဝတီမြို့ဘက်ခြမ်း ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားထပ်မှာ ရွှေမြန်မာ ကားလိုင်းနဲ့ ကလိုထူးဘော ကားလိုင်းက ကားသမားတွေ ဇန်နဝါရီလ ၃၁ ရက်နေ့က စကားများပြီး ရိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ခရီးသွားတွေရဲ့ ပြောပြချက်အရ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၇ နာရီလောက်က ချစ်ကြည်ရေးတံတား မုဒ်ဦးဝမှာ လူ ၂ ဦးက ရပ်ပြီး ထိုင်းဘက်ကို သွားမယ့် ကားတွေကို ကြိမ်းမောင်းနေတာတွေ့ရတယ် သူတို့ ၂ ဦးပြောနေတာတွေက “မင်းတို့ ကလိုထူးဘောကားတွေ ထိုင်းဘက်ကိုသွားရဲ သွားကြည့် ခဲနဲ့ထုမယ်၊ ကားထဲက ခရီးသည်တွေကို ဆွဲချ၊ ဒီကားတွေကိုမစီးနဲ့ ရွှေမြန်မာကားကိုပဲ စီးရမယ်လို့ဆိုပြီး ပြောတယ်။ ထိုင်းဘက်သွားမယ် ကလိုထူးဘောကားတွေထဲက ကားသမား ၃ ဦး ဆင်းလာပြီး ခုန ကားတွေကို တားနေတဲ့ သူတွေနဲ့ စကားပြောဖြေရှင်းရာက မပြေမလည်ဖြစ်ပြီး အပြန်အလှန်ထိုးကုန်ပြီး၊ အုပ်စုလိုက် ရိုက်ပွဲမျိုး ဖြစ်သွားတယ်။ ပြီးတော့ ရဲတွေရောက်လာပြီး ရဲစခန်းကို ခေါ်သွားကြတယ်”
ကားသမားတွေ ဖြစ်ပွားခဲ့တဲ့ ပြသနာကို ကလိုထူးဘော ကားအသင်းက ကားဆရာတဦး ပြောပြတာက ..
“အဲဒီနေ့မနက် ရွှေမြန်မာကားလိုင်းအသင်း ဥက္ကဋ္ဌ ဦးချစ်ဝိုင်းနဲ့ ဦးသန်းဦး တို့ ၂ ယောက်က ကလိုထူးဘောကားတွေ ထိုင်းဘက်မသွားရဘူးလို့ တားတာကနေစတာပဲ၊ ကျနော်တို့ကားလိုင်းက ဒီကေဘီအေအဖွဲ့က ဦးစီးပြီး တည်းထောင်ပေးထားတဲ့ ကားလိုင်းပါ၊ ကျနော်တို့ကားတွေက ခရီးသည်တွေကို သူတို့ဆီက လုတာလဲ မဟုတ်ဘူး၊ ကိုယ့်မိတ်နဲ့ကို ဖုန်းနဲ့ ကြိုတင်မှာပြီး သွားနေတဲ့ ခရီးသည်တွေ ဖြစ်တယ်။ ဒါကို သူတို့က ခရီးသည်လုတယ်လို့ မြင်လာကြပုံရတယ်။ အဲဒါနဲ့ ကားတွေကို တာတယ် ခဲနဲ့ထုမယ်လုပ်တယ်၊ ခရီးသည်တွေဆွဲချတယ်။ ကျနော်တို့ဘက်ကလူက မခံနိုင်လို့ ဖြစ်ကုန်ကြတာ၊ နောက်ပြီး ရဲစခန်းကိုရောက်တော့ ပြသနာကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကပဲ ကိုယ့်ဟာကို အဆင်ပြေအောင် ရှင်းကြပါလို့ ရဲမှူးက ပြောပါတယ်။ အဲဒါနဲ့ပဲ ပြသနာဖြစ်တဲ့ ကလိုထူးဘောကားလိုင်း ထဲက ကားတစီးကိုပဲ ကလိုထူးဘောအဖွဲ့က ဒဏ်ငွေ ၂ သိန်း ဆောင်ခိုင်တယ်။ ကိုယ့်အဖွဲ့အစည်းက ကိုယ့်ကို ဒဏ်ငွေပြန်ဆောင်ခိုင်းတယ်ဆိုတော့ ကျနော်တို့လဲ ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူး။ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ တံတားထိပ်မှာ ထိုင်းဘက်ကိုသွားမယ့် ကျနော်တို့ကားတွေမှာပါတဲ့ ခရီးသည်တွေကို ရွှေမြန်မာအသင်းက ဥက္ကဋ္ဌနဲ့အဖွဲ့က ဆွဲချ နေတုန်းပဲ” လို့ ပြောပြပါတယ်။
ရွှေမြန်မာကားလိုင်းဟာ ယခင် မြဝတီမြို့က ထောက်လှမ်းရေးနဲ့ စစ်တပ်အသိုင်းအဝိုင်းက တည်ထောင်ထားတာဖြစ်ပြီး ယခုလက်ရှိ ကားလိုင်းအသင်း ဥက္ကဋ္ဌ က ဦးချစ်ဝိုင်း ဖြစ်တယ်လို့ သိရှိရပါတယ်။ “အရင်းတုန်းက ကျနော်တို့ ရွှေမြန်မာကားလိုင်းတခုပဲ မဲဆောက်နဲ့ မြဝတီကို လိုင်းဆွဲတယ်။ ကားကလည်း နည်းတော့ အဆင်ပြေတယ်။ အခုက ကလိုထူးဘောဆိုတဲ့ ကားအသင်းပေါ်လာတယ်။ ကားကများလာတော့ အရင်ကလို ခရီးသည်သိပ်မရဘူး။ ကျနော်တို့ ဖြစ်စေချင်တာက ကားတွေကို ဂိတ်ထိုးပြီး အလှည့်ကျသွားစေချင်တယ်။” လို့ ရွှေမြန်မာကားလိုင်းက ကားဆရာတဦးက ရှင်းပြပါတယ်။
မြဝတီကနေ မဲဆောက်ကို ခရီးသည်ပို့ဆောင်ဖို့ အတွက် မြဝတီမြို့မှာ ကားလိုင်း ၂ ခုရှိပါတယ်။ ရွှေမြန်မာနဲ့ ကလိုထူးဘော ဆိုတဲ အသင်းနှစ်ခုဖြစ်ပါတယ်။ ဒီကားတွေဟာ ထိုင်းဘက်ကို သွားဖို့အတွက် လိုင်းကြေးအဖြစ် တာဝန်ခံတဲ့ အသင်း သို့မဟုတ် အဖွဲ့အစည်းကို ကျပ်ငွေ ၁၀ သိန်းနဲ့ လစဉ်ကြေးအဖြစ် ကျပ်ငွေ ၂ သောင်း ပေးရပြီး၊ ထိုင်းနိုင်ငံဘက်ကိုတော့ လိုင်းကြေး တနှစ်ကို ဘတ်ငွေ ၁၇၀၀ ပေးရတဲ့အပြင်၊ ကားတခေါက်ထွက်မယ်ဆိုရင် ထိုင်း လဝက ကို ထိုင်းဘက်ငွေ ၈၅ ဘတ် နဲ့ မြန်မာဘက်က ကညန ကို ကျပ်ငွေ ၂၅၀၀ ကျပ် ပေးဆောင်ကြရတယ်လို့ သိရှိရပါတယ်။
No comments:
Post a Comment