Saturday, February 1, 2014
၆၅ နှစ်မြောက် ကရင့်တော်လှန်ရေးအခမ်းအနားမှာ ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ ပူးတွဲစစ်ရေးပြ
ေFeb 1,2014 | ဒေါန | နေ့သစ်
အကြောင်းအမျိုးမျိုးကြောင့် ကွဲပြားနေကြတဲ့ ကရင့်တော်လှန်ရေး တပ်ဖွဲ့ဝင်တွေစုပေါင်းပြီး ၆၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ လက်နက်ကိုင် စစ်ရေးပြအခမ်းအနားတရပ်ကို ဇန်နဝါရီလ ၃၁ ရက်နေ့က ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ဌာနချုပ်မှာ ကျင်းပခဲ့ကြပါတယ်။
အခမ်းအနားကို KNDO ၊ ကရင့်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ KNU/KNLA (PC) ငြိမ်းချမ်းရေးကောင်စီ တို့
ပူးတွဲကာ စစ်ရေးပြအခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
ကရင့်တော်လှန်ရေးဟာ ကရင်တမျိုးသားလုံးအတွက် အသက်ရှင်ရပ်တည်ရေးအတွက် အထူးအရေးကြီးကြောင်းနဲ့ အမျိုးသားသွေးစည်းညီညွတ်မှုဟာ အရေးကြီးကြောင်း ကေအန်ဒီအို ဦးစီးချုပ် ဗိုလ်မှူးချုပ် နေဒါးမြ ပြောပြတာက ...
“ကရင့်တော်လှန်ရေး ၆၅ နှစ်ရှိပြီ အခုလိုတော်လှန်ရေးရှိနေလို့ ကရင်လူထုက ရှိနေနိုင်တာ ရပ်တည်နိုင်တာ ဖြစ်တယ်။ ကျနော်တို့ အမျိုးသားတွေရဲ့ ရည်မှန်ချက်က ကိုယ့်ကြမာကိုယ်ဖန်တီးဖို့ တိုက်ပွဲဝင်နေတာ၊ ကျနော်တို့ ဗမာလူမျိုးကို တိုက်နေတာမဟုတ်ဘူး၊ စစ်အာဏာရှင်ကို တိုက်နေတာ၊ စစ်အာဏာရှင်စနစ်ရှိနေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ အခုလို့ အားလုံးစုစည်းနေတဲ့အနေအထားမှာ ရပ်မှန်းချက်ကမဝေးတော့ဘူး။ ဒီနေ့ဆိုရင်
ကရင်လက်နက်ကိုင်တွေဖြစ်တဲ့ ဒီကေဘီအေ ၊ knu knla ငြိမ်းချမ်းရေးကောင်စီ တို့ ပူးပေါင်းပြီး ဒီလို အခမ်းအနားမျိုးကို ကျင်းပနိုင်တဲ့ အနေအထားတွေရှိနေပြီး ဒါ အလာအလား ကောင်းတွေဖြစ်တယ်” လို့ ပြောပြသွားပါတယ်။
အရင်တုန်းက ညီညွတ်ရေးပျက်ပြားပြီး အချင်းချင်းတိုက်နေခိုက်နေရာက အခုလို ကရင်ညီအကိုတွေ ပူးပေါင်းစည်းလုံးလာတဲ့ လမ်းစကိုမြင်ရတာ အထူးပဲ ဝမ်းသာကြောင်းကို DKBA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေး ရှင်းပြတာက ...
“၆၅ နှစ်မြောက်တဲ့အထိ ကြံ့ကြံ့ခံရပ်တည်ခဲ့တဲ့ ကရင့်တော်လှန်ရေးအပေါ် ဂုဏ်ယူတယ်။ မပြိုမလဲ ရပ်တည်နိုင်တဲ့ နေ့တနေ့ပေါ့။ ဒါပေမယ့် အားမရဘူး။ ဘာလို့လဲဆိုတော့ ရည်မှန်းချက်ပန်းတိုင်းကို မရောက်သေးလို့ဘဲ။ လူထုတွေအနေနဲ့လည်း တော်လှန်ရေးမှာ တတပ်တအားပါဝင်စေချင်တယ်။ အခုလို့ ကရင်ညီအကိုတွေ ပေါင်းစည်းကျင်းပနိုင်ခဲ့တာကို အများကြီးနှစ်လိုဖွယ်ရှိတယ်။ ညီညွတ်ရေးကို ပါးစပ်နဲ့ ပြောဖို့လွယ်တယ်။ လက်တွေ့မှာ အကောင်အထည်ဖေါ်ရတာ အခက်အခဲရှိပါတယ်။ ဒီလို လုပ်ဖြစ်တဲ့ အခမ်းအနား ဖြစ်ဖို့ဟာလဲ သိပ်မလွယ်ဘူး။ ဖြစ်စေချင်တာကြာပြီး၊ ဝမ်းသာတယ်၊ သိပ်ဝမ်းသာတယ်” လို့ ရှင်းပြပါတယ်။
ဒီနေ့ ကျရောက်တဲ့ ကရင့်တော်လှန်ရေး ၆၅ နှစ်မြောက်အခမ်းအနာကို KNU ဒူးပလာယာခရိုင်၊ KNDO ဌာနချုပ်မှာကျင်းပခဲ့ရာ ကရင့်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လူထုအင်အား ၂၀၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ကရင့်တော်လှန်ရေး အခမ်းအနားတွေကို KNU ရဲ့ ခရိုင် ၊ မြို့နယ်၊ တပ်မဟာ ၊ တပ်ရင်း အသီးသီးမှာ ကျင်းပခဲ့ကြတယ်လို့ သိရှိရပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment