Monday, January 18, 2010
ကျောက်ဖြစ်သွားတဲ့ .. နှင်း
အပိုင်း(၁)
နှင်းများက ဒီဇင်ဘာ၏ ဝန်တာကိုထမ်းဆောင် ရင်း ဝန်းကျင်တခိုတွင် ဆိုင်း၍နေလေသည်။ လာမည့်လေးငါးရက်ဆိုလျှင် ကျနော်တို့ နိုင်ငံ တော်၏ လွတ်လပ်ရေးနေ့ အခါသမယ
(၆၂) နှစ်တာကာလသို့ ရောက်ပေဦးတော့မည်။ အ ခြားအရာများ အသာထား၍ “လွတ်လပ်ရေးနေ့” သို့ရောက်လေတိုင်း ကျနော့်တွင် မှတ်မှတ်ရရ ရှိ ခဲ့ဖူးလေသော ငယ်သူငယ်ချင်း တယောက်ကို သတိရနေမိတတ်သည်။ ထိုသို့ သတိရမိတိုင်း လည်း သူနှင့် ကျနော့် အကြားရှိခဲ့ဖူးလေသော ကတိစကားတလုံးကပါ တပါတည်း ပါလာတတ် ပါသည်။ ပြန်ပြောင်းတွေးကြည့်တော့ နှစ်ပေါင်း ၃ဝ ပင် ကျော်ခဲ့ပါပြီကော။ ယခုအချိန်၌ ကျနော့် သူငယ်ချင်း ခင်မောင်ထွန်းပင်လျှင် သည်လော က မြေမဟီ တနေရာတွင် သက်ရှိထင်ရှား ရှိ ရှိ တော့ပါလေစ။ ထို့အတူ ခင်မောင်ထွန်းကလည်း တချိန်တခါလေးများ ကျနော့်အား သတိရနေ တတ်သေးလျှင် ဘဖေငြိမ်းတယောက် ဒီကမ္ဘာလောကကြီး၌ ရှိမှ ရှိပါလေတော့အံ့ဟု တွေးမိလိမ့်မည်ထင်ပါသည်။
အော် .. သူငယ်ချင်း ခင်မောင်ထွန်း၊ လွတ်လပ်ရေးနေ့အခါသမယကိုရောက်လေတိုင်း မင်းကိုသတိရနေ ပါသေးတယ် “လောကကြီး” ရေ။
●
(၁)
ခင်မောင်ထွန်းမှာ ကျနော်နှင့် ကိုးတန်းဆယ်တန်း ၂ နှစ်ဆက်တိုက် တတန်းထဲတခုံထဲ အတူထိုင်ခဲ့ကြသည့် အတန်းဖော်သူငယ်ချင်း ဖြစ်သည်။ ကျနော်တို့နှစ်ယောက်ထဲတော့မဟုတ်။ ဝင်းတင်ဆိုသည့် ခပ်အေးအေးခပ်ငေါင်ငေါင် သူငယ်ချင်းတယောက်လည်း တခုံထဲ အတူထိုင်ကြရာတွင် ပါပါသည်။ ကျောင်းတွင် ကျောင်းသားနှင့် စာသင်ခုံမလုံလောက်၍ နှစ်ယောက်စာခုံတန်းရှည်တွင် ကျနော်တို့ သုံးဦး အတူထိုင်ကြရခြင်း ဖြစ်သည်။
ဒီနေရာတွင် ထူးခြားသည်မှာ တူရာတူရာစုတတ်ကြသည့် သဘောသဘာဝကြောင့်ပေလား၊ အခြားအခြားသော အကြောင်းကြောင်း များကြောင့်ပေလားတော့မသိ။ ကျနော်တို့ သုံးဦးသားက အတွဲညီလှသည်ဟု ဆိုနိုင်သည်။ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ ဥပဓိများ မှာ တတန်းလုံးတွင် တော်တော်လေး မွဲတိမွဲပြာ စုတ်တိစုတ်ချာနိုင်လှခြင်း ဖြစ်သည်။ ကိုယ့်ဂုဏ်ကိုယ်ဖော်၍ ပြောဆိုရမည်ဆိုလျှင် တော့ ကျနော်တို့ ၉ တန်း (ဒီ) အခန်းထဲတွင် လူမွဲစာရင်းကောက်ယူမည်ဆိုပါက ကျနော်တို့သုံးဦး ရှေ့ဆုံးတန်းက စာရင်းပေါက်မည် မှာ အငြင်းပွားဖွယ်ရာမရှိနိုင်။ တိုတိုပြောရလျှင် ကျနော်တို့မှာ ခပ်မွဲမွဲမိသားစုများက ဆင်းသက်လာရကြောင်း ရုပ်သွင်အရရော ဝတ် စားမှု အရပါ ထင်းထင်းကြီးပေါ်လွင်လှသည်။ ကျနော်မှတ်မိသလောက် လက်သမားဆရာကြီးတဦး၏သား ခင်မောင်ထွန်း တွင် နွမ်း ဖတ်ဖတ်ကော်လံကတုံးအင်္ကျီလေးတထည်၊ မိုးပြာရောင်လွင့်လွင့် ရှပ်လက်တိုလေးတထည်တို့သာ စာသင်နှစ်တနှစ်တာလုံး ထည်လဲ ဝတ်နေရလေ့ရှိပြီး ကျနော်ကလည်း ပခုံးစွန်းတွင် ဖာရာထေးရာဗလပွနှင့် တက်ထရွန် ရှပ်လက်တိုလေးတထည်၊ အမေ့မောင် ကျနော့် ဦးလေးအကျ အကွက်စင်းအင်္ကျီလေးတထည်တို့နှင့်သာ တနှစ်တာ စခန်းသွားခဲ့ရပါသည်။ ထိုနည်းနှင်နှင် သာမန်အစိုးရဝန်ထမ်း တ ဦး၏သားဖြစ်သူ ဝင်းတင်မှာလည်း ကျနော်တို့နှင့် ပိန်မသာလိန်မသာအစားထဲကဖြစ်ပြီး သည်လိုပုံသည်လိုမျိုးနှင့် ကျနော်တို့၏ အ ထက်တန်းကျောင်း ကျောင်းသားဘဝကို ခရီးနှင်ခဲ့ကြရခြင်းကို မှတ်မိနေသည်။
စင်စစ် ကျနော်တို့သုံးဦးသားအနက် အသွင်တူဆုံးမှာ ခင်မောင်ထွန်းနှင့် ဝင်းတင် ဖြစ်သည်။ သူတို့နှစ်ယောက်က ပုံမှန်အားဖြင့် လူ အေးများဟု ဆိုနိုင်ပြီး စကားနည်းကြပုံချင်းတူသည်။ ဝင်းတင်စကားပြောလျှင် လေသံအေးအေးတိုးတိုးလေးပြောတတ်ပြီး ခင်မောင် ထွန်း က စကားထစ်သည်။ တော်တော်ပင် ထစ်ရှာသည်။ ဒါပေမင့် တာထွက်မှန်ပြီး အရှိန်ရသွားလျှင်တော့ ဖြောင့်သွားတော့၏။ ခင်မောင်ထွန်း စကားပြောဖို့ချီလျှင် “လောကကြီးကကွာ လောကကြီးမှာကွာ..” စသဖြင့် အစချီကာပြောလေ့ရှိရာ သူဘာပြောပြော လောကကြီးမပါဘဲ မနေတတ်။ ဒီတော့ သူ့ကိုကျနော်က “လောကကြီး” ဟု အမည်ပြောင် ပေးထားသည်။
ပြောရလျှင် သူတို့နှင့်ကျနော်က အကွာကြီးကွာသည်။ ကျနော်က စကားများသော ကြွက်။ လူကလည်း သိပ်ငြိမ်ငြိမ်မနေတတ်။ ဆရာ မရှိလျှင် စာသင်ခုံကို ဒရမ်လိုသဘောထားပြီး ခေါက်လား ခေါက်နေတတ်သည်။ ဒါမှမဟုတ် သစ်သားစားပွဲခုံပေါ်တွင် ခဲတန်ချွန်သည့် ဓားဦးဖြင့် စိတ်ကူးတည့်ရာ ကနုတ်ပုံတခုခု ထွင်းကောင်း ထွင်းနေတတ်သည်။ တခါတလေ နှစ်ကြိမ်ဆက်တိုက် ဆရာများမလာလျှင် တော့ ကျောင်းနံရံကို ကွန်ပါဒေါက်စူးဖြင့် ဓား ပေါက်တမ်း ကစားတော့၏။ ဆိုပါတော့၊ ခင်မောင်ထွန်းနှင့် ဝင်းတင်တို့က အငြိမ်သမား။ ကျနော်က အလှုပ်။ တော်တော်လေးကိုလှုပ်တဲ့ အလှုပ်။ ဒီတော့ ကျနော်လည်း နာမည်ပြောင်တခု ရလာသည်။
ကျနော့်အမည်က “မျောက်ညို” တဲ့။ ကာတွန်းဦးအောင်ရှိန်၏ ဇာတ်ကောင်များစွာအနက် နာမည်ကျော် ဦးစိတ်တိုနဲ့ မျောက်ညို ဇာတ် ကွက်ထဲမှ ဒေါသကြီးသည့် ဦးစိတ်တို၏ ငှက်ပျောတောကို အလစ်ဝင်ဝင်ခိုးတတ်သော မျောက်တကောင်၏အမည်ကို ကျနော် ထိုက် တန်စွာ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ဝင်းတင် အမည်ပြောင်ကိုတော့ သဲသဲကွဲကွဲ မမှတ်မိတော့။
●
တခါသားမှာတော့ ခင်မောင်ထွန်းက စကားတခုဆိုလာသည်။
“ဟေ့ မျောက်..မျောက်..မျောက်ညို၊ လောကကြီးမှာ ဘာအရေးကြီးဆုံးလို့မင်းထင်သလဲ” တဲ့။
ထိုနေ့က ကျောင်းအစည်းအဝေးရှိ၍ အလှည့်ကျဆရာများမလာသဖြင့် ကျနော်က ဓားပေါက်တမ်း ကစားရကောင်းမလား လုပ်နေစဉ် ခင်မောင်ထွန်းက ထိုစကားကို ဆိုလာခဲ့သည်။ မှန်တာပြောရပါက ထိုအကြောင်းကို ကျနော်စိတ်မဝင်စားလှ။ ဒါပေမယ့် ကျနော့်ကို အ လွန်တွယ်တာသည့် သူငယ်ချင်းမို့ အလိုက်သင့်ဖြစ်ရန် ကျနော် ကြိုးစားရသည်။
“ အများကြီးပဲကွ၊ ငါမပြောတတ်ဘူး ”
“မဟုတ်ဘူးလေ၊ အရေးကြီးတယ်ဆိုတာ အများကြီး ဘယ်ရှိမလဲကွ အရေးပါဆုံးကိုပြောတာ”
တကယ်တော့ ထိုပြဿနာမှာ ကိုယ့်ရှူးကိုယ်ပတ်သည့်ပြဿနာဟုလည်း ဆိုနိုင်သည်။ ဖြစ်ပုံကို ကျနော် လင်းပြချင်သည်။ ကျနော်က အဆော့သန်ပြီး ဂဏှာမငြိမ်လှသော်လည်း တဖက်တွင် စာဖတ်ဝါသနာလည်း ထုံသလို ကဗျာလေးဘာလေးလည်း အရူးထပြီး ရေး သည်။ ထိုစဉ်ထဲက ကျနော်ဖတ်သည့်စာများမှာ သခင်မြသန်းတို့ ဗန်းမော်တင်အောင်တို့ ဖြစ်နေပြီ။ နားလည်လှလို့တော့မဟုတ်။ ကိုယ့်ဘဝက ခပ်မွဲမွဲဆိုတော့ ငမွဲများကို ကိုယ်စားပြုသည့်စာများကို ကျနော် ကြိုက်တတ်သည်။ ဆရာဗန်းမော် တင်အောင်၏ အည တြ ကြက်တောတို့ ငသြတို့ကို သဘောကျသည်။ တခါတခါ ကြက်တောဈာန်ဝင်နေသည့်ကျနော်က စာအုပ်ထဲကဒိုင်ကြောင်တွေ သူ တို့ကို ပြောပြတတ်၏။ ကျနော်ဖတ်ဖူးခဲ့လေသမျှ ဝတ္ထုထဲမှအလုံးတွေကို မနိုင်မနင်းအာလုပ်သွင်းကာ ပြောခြင်းဖြစ်သည်။ ဟဲဟဲ ရ လဒ်ကတော့ ဒီနှစ်ကောင်၏ လွှတ်အထင်ကြီးမှုကို ခံရခြင်း။
တခါတခါကျတော့လည်း ထိုအထင်ကြီးခံရမှုကပင် ပြဿနာဖြစ်တတ်ပြန်သည်။ ခုပင်ကြည့်။ လောကကြီးမှ ဘာအရေးကြီးဆုံးလဲတဲ့။ ဓားဝိဇ္ဇာလုပ်ဖို့ဟန်ပြင်နေစဉ် “လောကကြီး” က ပြဿနာရှာလေပြီ။ သူ့မျက်နှာ ပေါ်တွင်လည်း ခါတိုင်း ကျနော် မမြင်ဖူးသည့် အ ရောင်တမျိုးကို မြင်လိုက်မိ၏။
ကျနော်က ကွန်ပါဒေါက်စူးချွန်ကို ခုံပေါ်တွင်တဒေါက်ဒေါက်လုပ်ရင်း “ဘာလဲ ငွေလား” ဟု ပြန်မေးတော့ ခင်မောင်ထွန်းက ခေါင်းကို လေးတွဲ့တွဲ့ ခါသည်။ မဟုတ်သေးဘူးဆိုသည့်သဘော။ ကျနော် ဘာများတတ်နိုင်ပါဦး မည်နည်း။
“ဒါဆိုလဲ မင်းပဲပြောတော့လောကကြီး၊ လူ့လောကကြီးမှာ ဘာအရေးကြီးဆုံးလဲ၊ ငွေမဟုတ်ရင်ဘာလဲ ”
“ငွေ..ငွေ..ငွေလဲ ပါ..ပါ..ပါတော့..ပါတယ်ကွ၊ ဒါပေမဲ့ ငွေထက် ဂုဏ်..ဂုဏ်..ဂုဏ်က ပိုအရေးကြီးတယ် သိ..သိ..သိလား”
သူ့မှာ အလေးအနက်တခုခုပြောချင်လာလျှင် ခုလိုပဲ ပိုထစ်ငေါ့နေလေ့ရှိရာ ကျနော်နားထောင်ရင်း မောနေသည်။ ထို့နောက်မှာတော့ သူတို့မိသားစု ပတ်ဝန်းကျင်၏အထင်သေးအမြင်သေး ခံရပုံတွေ၊ မျက်နှာငယ်ရပုံတွေ၊ ခွဲခြားဆက်ဆံခံရပုံတွေကို ကျနော့်အား ပြောပြ သည်။ သူတစုံတရာသောကိစ္စနှင့် ခံစားနေရပုံပေါ်သည်။ ဒီ တော့လည်း ကျနော်က ထုံးစံအတိုင်း ကျနော်တို့ဘဝများချင်းမကွာလှပုံ ခါးသီးလှသည့် လောကဓံရိုက်ပုတ်ချက်များ ခံနေရတာချင်း တူညီပုံတွေကို ပြောပြရသည်။
တကယ်လည်းမကွာခြားလှ။ သီတင်းကျွတ်ကျောင်းပိတ်ရက်များအတွင်း ခင်မောင်ထွန်းက သူ့ဖခင်၏ လက်သမားလုပ်ငန်းခွင်သို့ အ ကူလိုက်ရသလို ကျနော်လည်း ဦးလေးနှင့်အတူ ဈေးဆိုင်းထမ်း၍ လမ်းတကာလည် ရောင်းရသည်။ ကံဆိုးသည့်အခါများတွင် လူပျို ပေါက်ဖြစ်စ ကျနော့်မှာ အတန်းဖော်ကောင်မလေးများ၏အိမ်သို့ ဆိုက်ဆိုက်မြှိုက်မြှိုက်ကြီး ရောက်သွားတတ်ရာ မျက်နှာဘယ်လိုထား ရမှန်းမသိအောင်အရှက်ရပြီး ကျောင်းဆက်တက်ရေးကိုပင် တော်တော်အားပြန်မွေးယူရသည်။
ဒါကို ကျနော်ကပြောပြတော့ ခင်မောင်ထွန်းဟူသော လောကကြီး၏မျက်နှာသည် သုန်မှုန်နေရာမှ နည်းနည်းကြည်လာ လင်းလာသ လို။ ဒါပေမင့် သူက အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု လူအများနှုတ်မှာ ပြောဆိုကြသော်လည်း သူ့အဖေလို ရိုးသားစွာလက်သမားလုပ်စား သူတဦးအနေနှင့် နေရာတိုင်း အရာသွင်းခြင်းမခံရသလို အထင် အမြင်သေးမှုပါခံနေရ၍ သူဝမ်းနည်းရကြောင်းတွေ ဆက်ပြောသည်။
မှတ်မှတ်ရရ ထိုနေ့က စာသင်ချိန်ဆရာများပျက်ကွက်သော်လည်း ကျနော့်မှာ ခါတိုင်းလို ဓားပေါက် မကျင့်ခဲ့ရသည့်အပြင် ခင်မောင် ထွန်း ၏ ခံစားမှုဓားပေါက်ချက်များက ရင်ထဲသို့စူးဝင်စိုက်နစ်ကာ ကျန်ရစ်ခဲ့ရလေ သည်ကို မှတ်မိနေပါသေးသည်။
အော် .. လောကကြီးရေ။ သတိရမိပါသေးတော့ သူငယ်ချင်း။
●
ခင်မောင်ထွန်းခေါ် လောကကြီးအပေါ်မှတ်မိနေသေးသည့် အခြားအကြောင်းလေးတွေလည်း ကျနော့် တွင် ရှိနေသေးသည်။
ကျောင်းကထိန်များရာသီတွင် ဖြစ်သည်။ အတန်းပိုင်ဆရာမက ပဒေသာပင်သီးရန် ကျောင်းသားတိုင်း ငွေနှစ်ကျပ်စီထည့်ရမည်ဟု အ မိန့်တော်ချထားခြင်းကို ခင်မောင်ထွန်းက ငြင်းဆန်ခြင်းဖြစ်သည်။ သူ့အကြောင်းပြ ချက်က ဒီလို။ သူ့အဖေတို့ လက်သမားဆိုက်တွင် လက်သမားများစုပေါင်းကာ ဘုံကထိန်လှည့်ကြမည်။ ထို့ကြောင့် သူတို့မိသားစု ဒီကထိန်ရာသီတွင် အလှူတခုလှူပြီးဖြစ်သည်။ ဒါဆို ရပြီ။ သူလည်း အဖေ့ဆိုက်ထဲသို့ လိုက်သွားရမည်။ ငွေနှစ်ကျပ်မထည့်နိုင်။ ဒါပဲ။
ကျနော်တို့ အတန်းပိုင်ဆရာမကလည်း ဆရာမပီသလှပါသည်။ ပြောပုံကကြည့်အုံး။
“ နင်တို့က တော် တော်ပဲ မွဲသလား”..တဲ့။
ဟား ဟား..လောကကြီးမှာ လောကကြီးဟာ..စသည်ဖြင့် ခင်မောင်ထွန်း ပြောမြဲပြောတတ်သလိုသာပြောပြီး ကျနော် ရီပစ်လိုက်ချင် သည်။ ဒါပေမင့် ကျနော်တို့ အတန်းပိုင်ဆရာမမှာ လက်မရွံ့ဂိုဏ်းသားတဦးလို ကျောင်းသားတယောက်ကိုရိုက်ရန် အခါမရွေးတတ် သူဖြစ်ရာ ကျနော် ငြိမ်ကုပ်၍သာနေလိုက်ရသည်။ သို့သော် ခင်မောင်ထွန်း တိုက်ပွဲ အောင်သွားသည်။
ဆရာမကွယ်ရာရောက်တော့ ခင်မောင်ထွန်းကိုဂုဏ်ပြုသည့်အနေဖြင့် ချီးကျူးစကားပြောဖြစ်၏။ ခင်မောင်ထွန်းက ဘဝဆိုတာ တိုက်ပွဲ ပဲလေကွာ နိုင်ရင်နိုင် မနိုင်ရင် ရှုံးပေါ့.. တဲ့။ ထိုစကားကိုပြောခိုက် နည်းနည်းလေးမှ ထစ်ငေါ့နေခြင်းမရှိတာကို ကျနော်မှတ်မိနေသည်။ အော် လွမ်း လွမ်းမိပါသေးတော့ လောကကြီးရေ။
●
သည်လိုနှင့်ရေစက်မကုန်သေးသည့် ခင်မောင်ထွန်းနှင့်ကျနော်သည် ဆယ်တန်း(ဘီ)အတန်းတွင် အတူဆုံကြရပြန်သည်။ ဝင်းတင် နှင့်တော့ အတန်းချင်းကွဲသွားသည်။ ဝင်းတင်က ဆယ်တန်း(ဒီ)။
နွေရာသီကျောင်းပိတ်ရက်များအတွင်း ခင်မောင်ထွန်းသည် သူ့အဖေ၏လက်သမားဆိုက်တွင် တော်တော်ကြီးကူညီခဲ့ရပုံရှိရာ နေ လောင်ထားသည့် ဒဏ်ကြောင့် နဂိုကမှညိုသောအသားမှာ မွဲခြောက် မည်းပြောင်နေသည်။ ဒါပေမင့် ယခင်ပိန်သွယ်သွယ်ကိုယ်ဟန်မှ ပိုအရပ်ထွက်လာသလို မနှစ်ကထက် ကျားကျားလျားလျားလည်း ဖြစ်လာသည်။
“ ဟေ့ကောင် မျောက် မျောက် မျောက်ညို၊ မင်းအသားတွေမဲပြီး ထွားလာတယ်ကွ ”
ခင်မောင်ထွန်းက ကျနော့်ကိုပြန်တွေ့တွေ့ချင်း ပြောသည့်စကား။
“ ဟာ ငါကလဲ မင်းကို ဒီလိုပဲပြောမလို့၊ ဟားဟား လောကကြီးရေ ဒို့နှစ်ယောက်တိုက်ဆိုင်ပုံက တူလွန်း အားကြီးလှပါလား ဟားဟား ”
“ဟား ဟား ”
သူကလည်း ကျနော့်လိုလိုက်ရီသည်။ သည့်နောက်မှာတော့ ကျနော်တို့နှစ်ယောက်သား ဝေးကွာနေခဲ့သည့် နွေကျောင်းပိတ်ရက်ရှည် အတွေ့အကြုံများ ဖလှယ်ကြပြောကြသည်မှာ မမောနိုင် မပမ်းနိုင်အောင်ပင်။ ခင်မောင်ထွန်းက ကျောင်းပိတ်ရက်အတွင်း သူလည်း ကျနော့်နည်းတူ ဝတ္ထုများဖတ်ဖြစ်ကြောင်း၊ ဖတ်တိုင်း ကျနော့်ကို သတိရမိကြောင်း၊ ကျနော်ကလည်း ဂျာနယ်တစောင်တွင် ကဗျာ တပုဒ် စတင်အဖော်ပြခံခဲ့ရ၍ ကြည်နူးမိ ကြောင်းတွေဖြစ်သည်။ ထိုနှစ်တွင် ကျနော်တို့ သိသိသာသာပြောင်းလဲလာမှုမှာ ကျနော်က ဆရာလစ်လျှင် ဓားပေါက်ဝိဇ္ဇာမလုပ်တော့ဘဲ ကဗျာတွေချည်း ထိုင်ရေးမိနေတတ်သလို ခင်မောင်ထွန်းမှာလည်း မနှစ်ကနှင့်မတူ ကျောင်းစာအပေါ် ပိုမိုအလေးထားလာသည်ကို သတိထားမိသည်။
သို့သော်..။ သည်သို့သော်နောက်တွင် ခင်မောင်ထွန်းတယောက် ထူးထူးခြားခြားတခုခုတော့ လုပ်လိမ့်မည်ဟု စာဖတ်သူ ထင်ပါလိမ့် မည်။ မှန်ပါ့ခင်ဗျာ။
ထိုနှစ်သီတင်းကျွတ်ကျောင်းပိတ်ရက်များအပြီး ကျောင်းပြန်ဖွင့်သည့်အခါ အမြဲလိုခပ်နွမ်းနွမ်းခပ်ညှိုးသာ နေလေ့ရှိသည့် ခင်မောင် ထွန်း တွင် မသိမသာထူးခြားမှုလေးများ တွေ့လာရသည်။ ဆံပင်ကိုခေါင်းလိမ်းဆီမွှေး တမျိုးမျိုးလိမ်းကျံကာ သပ်သပ်ရပ်ရပ် ဖီးသင် လာခြင်းနှင့် အင်္ကျီခပ်ကောင်းကောင်းလေး နှစ်ထည်သုံးထည်ကို ပွဲထုတ်ရှိုးများလာခြင်းဖြစ်သည်။ ဒါလည်း သိပ်ထူးလှသည်ဟု မဆို နိုင်သေး။
ကျနော်မသင်္ကာသည်က နေ့စဉ်ကျောင်း တက်ခေါင်းလောင်းမထိုးမီ အခြားအတန်းများရှိရာသို့ မယောင် မလည်သွားလုပ်တတ်ခြင်း နှင့် သူ့မျက်နှာတွင် ကျနော်အမျိုးအစားမခွဲခြားတတ်သည့် အပြုံးလိုလိုဘာလိုလို မျက်နှာပေးတမျိုးကို မြင်တွေ့လာရခြင်းတို့ပင်။
“ဟေ့.လောကကြီး၊ မင်းမျက်နှာကြီးက တမျိုးဖြစ်ဖြစ်နေတယ်လို့ငါထင်တယ်၊ မင်းဘာဖြစ်နေလဲ မှန်မှန် ပြောစမ်း”
တနေ့ အမှတ်မထင်ဗြုန်းစားကြီးမေးချလိုက်သည့်ကျနော့်စကားကြောင့် သူ ကြောင်တိကြောင်တောင် ခဏဖြစ်သွားသည်။ နောက်မှ မချိုမချဉ်မျက်နှာအဖြစ်သို့ တဖြည်းဖြည်းပြောင်းသွားကာ …
“မျောက် မျောက် မျောက်ညို မင်းငါ့ကို ကတိတခုပေး”
“ငါ ပေးနိုင်မှ ပေးမယ်ကွာ မင်းလဲ ပြောချင်မှပြော”
ကျနော်က ဒီလိုဈေးကိုင်လိုက်တော့လည်း လောကကြီးသည် ဘာမှဈေးဆစ်မနေတော့ဘဲ ဖြစ်ကြောင်း ကုန်စဉ် ပြောပြတော့သည်။
“ကဲ ထားပါတော့၊ အဲဒီ့ နီလာဆွေဆိုတဲ့ကောင်မလေးကရောကွာ မင်းအပေါ် ဘယ့်နှယ့် ..”
“မင်း.. မင်း စဉ်းစားကြည့်လေ၊ ငါ..ငါ.. ငါပြောတာ အဲဒါ အမှန်..အမှန်..အမှန်တွေချည်းပဲ”
လောကကြီးအဆိုအရ သီတင်းကျွတ်ကျောင်းပိတ်ရက်အတွင်း သူ့ဖခင်နှင့်အတူ တိုက်တလုံးပြန်ပြင်နေ သည့်လက်သမားဆိုက်ထဲသို့ လိုက်သွားရရာ ထိုတိုက်မှာ ကျနော်တို့ကျောင်းမှ ကောင်မလေးတဦး၏ အိမ်ဖြစ်နေပြီး ကောင်မလေးမိဘများကလည်း အလွန်ဖော်ရွှေ ကြောင်း၊ ပိုက်ဆံချမ်းသာသော်လည်း အဆင့်အတန်းမခွဲကြောင်း၊ နီလာဆွေဆိုသည့်ကောင်မလေးကမူ သူတို့ကိုနေ့စဉ်ပုံမှန် ကော်ဖီ ဖျော်တိုက်လေ့ရှိကြောင်း၊ ထိုမိသားစုသည် မကြာသေးမီကမှ တခြားနယ်မှပြောင်းရွှေ့လာကြသည်ဖြစ်ရာ ခင်မောင်ထွန်းအနေဖြင့် နီလာဆွေ ကို ညီမလေးလို သဘောထား၍ ကျောင်းတွင် အစစအရာရာ ကူညီစောင့်ရှောက်ဖို့လည်း သူ့မိဘများကမှာကြား ကြောင်း..စသဖြင့်။
“မင့်ဟာက ရုပ်ရှင်လိုလို ဝတ္ထုလိုလို”
ထို့နောက် ကျနော့်ကိုမြင်ဖူးစေချင်သည်ဆို၍ နီလာဆွေတို့အတန်းဘက်သို့ လိုက်ကြည့်ရသေးသည်။ ကောင်မလေးက ခပ်မိမိခပ်ချော ချောလေးထဲကဖြစ်ပြီး ကျနော်တို့နှင့်နှိုင်းယှဉ်ပါက တော်တော့်တော်တော် ချမ်းသာမည့်ပုံ။ ဒါပေမင့် အတန်းပြတင်းဝမှာရပ်နေသည့် ကျနော်တို့ကို ထိုကောင်မလေးပြန်ကြည့်လိုက်သည့် အကြည့်တချက်က စူးစူးစားစားနိုင်လွန်းလှသဖြင့် ကျနော်ပင် မျက်လုံးချင်း မ ဆိုင်ရဲတော့ဘဲ မျက်နှာလွှဲခဲ့ရ၏။
ကျနော်တို့လှည့်ပြန်လာစဉ် ခင်မောင်ထွန်းက နီလာဆွေအပေါ်ဘယ်လိုမြင်လဲဟု မရမကမေးလေရာ သားသတ်သမားတဦးက မြိနေအောင်သွေးထားသည့်သူ၏ဓားသွားကို နေရောင်မှာဝင့်၍စစ်ဆေးနေစဉ် အရောင် တလက်လက်ထသွားပုံနှင့်တူလွန်းလှသည့် ထိုကောင်မလေး၏အကြည့်ကို ကျနော်ပြောမနေဖြစ်တော့ဘဲ “ အေး .. တော်တော်တော့လှတယ် ကွ ” ဟုသာ မယုတ်မလွန် ပြောလိုက်ရသည်။
ကျနော်ထင်ခဲ့သလိုပင် ကိုးတန်းတုန်းက အတန်းပိုင်ဆရာမကို ရင်ဆိုင်တိုက်ပွဲဝင်ရာ၌ အောင်ပွဲရခဲ့ဖူးသော ကျနော့်သူငယ်ချင်း လော ကကြီးတယောက် နီလာဆွေနှင့်ပွဲတွင် အရှုံးကြီးရှုံး၍ မရှုမလှအထိနာသွားခဲ့ရသည်ကိုလည်း ယခုအထိ ကျနော်မမေ့ဖျောက်နိုင်သေး။
●
ဒီလိုနှင့် မတ်လဆယ်တန်းစာမေးပွဲကြီးက တဖြည်းဖြည်းနီးလာပြီဖြစ်ရာ တနေ့တော့ ခင်မောင်ထွန်းက ကျနော့်ကို တခုတောင်း ဆို လာပါသည်။
“ဟာကွာ ငါ အဲ့ဒီ့ကဗျာမျိုး မရေးတတ်ဘူးကွ၊ ရေးတတ်မှဖြင့် ငါလဲ စွန်နေရောပေါ့ ”
သူက ကျောင်းပိတ်ရက်တွင် ခွဲကြရတော့မည့်နီလာဆွေကိုပေးရန် ချစ်ရိပ်ချစ်ငွေ့ပါသည့် ကဗျာတပုဒ် ရေးပေးစမ်းပါဟု တောင်းဆိုလာ ခြင်းဖြစ်သည်။ သူ့ဟာက ရည်းစားစာလည်းမကျ သာမန်ခင်မင်မှုထက်လည်း နည်းနည်းပိုပြင်းသည့် အဓိပ္ပာယ်ဆောင်ရမည်ဆိုတော့ ကျနော်လည်း မလုပ်တတ်တော့။
“မင်းရေးတတ်သလို ရေးကွာ၊ ကျောင်း..ကျောင်းပိတ်တော့ ဒို့တွေ ခွဲရတော့မယ်၊ မင်း..မင်းနဲ့ ငါ.. ငါလဲ ခွဲရမယ်၊ လွမ်း..လွမ်းစရာကြီး လေ၊ အဲဒါမျိုးရေး၊ ဟို..ဟို..ငါပြောချင်တာက ချစ်တာတို့ဘာတို့ မဟုတ်ဘူး၊ ငါ..ငါ ပြောတာ မင်းသိမှာပါ ”
ခင်မောင်ထွန်းက တဂျီဂျီပူဆာသည်။ ကျနော်က ဂျာနယ်တစောင်၏စာမျက်နှာပေါ်တွင် ကဗျာတပုဒ် လောလောလတ်လတ်ပါထား သူမဟုတ်လား။ စင်စစ် ကျနော်ကိုယ်၌မှာလည်း အလွမ်းဓာတ်၏ လွှမ်းပတ်ပြုစားမှုကို ကောင်းကောင်းကြီး ခံစားနေရပြီဟု ဆိုနိုင် သည်။
ကျောင်းရှေ့ ကုက္ကိုပင်ကြီးမှရွက်ဝါတို့သည် လေမှာဝဲ၍ တဖွေ့ဖွေ့ ကြွေကျနေကြ၏။ ကျောင်းရှေ့မျက်နှာစာမှ စွယ်တော်ပင်နှင့် စိန် ပန်းများပြွန်းရာ ငုဝါပင်တို့မှာလည်း အဝါရောင်လင်းလင်းနှင့် အပြိုင်းအရိုင်းပွင့်ချေပြီ ဖြစ်ရာ သစ်ရွက်လှုပ်သည်နှင့် ရင်ခုန်တတ်သော ကျနော်တို့လိုအရွယ်များအဖို့ အဝါရောင်လွမ်းလိပ်ပြာတို့ တမင်စေလွှတ်နေသည့်အလား ထင်မှားခံစားနေမိသည်။ ကျောင်း၏အလျား အတိုင်းရှိနေသည့် မြေနီနီလမ်းကလေးသည်လည်း ဝင်းဝါသောနေရောင်အောက်တွင် ဖုန်အလိမ်းလိမ်းထလျက်က သူ့ကျောရိုးအပေါ် နင်းလျှောက်လာကြ သည့် ကျနော်တို့ကျောင်းသားများ၏ခြေအစုံစုံကို လွမ်းမောစွာငံ့လင့်ရင်း ကျန်ရစ်ရရှာပေတော့မည်။
ကျနော့်နှလုံးသားအစုံမှာလည်း ကျောင်းပတ်ပတ်လည်ဝန်းခတ်ထားသည့် သံဆူးကြိုး၏တနေရာတွင် ချိတ်ငြိတွယ်လျက် ကျန်ရစ်နေ ပေတော့မည်လော။ အတန်းထဲသို့ဝင်လာသည့် ဆရာဆရာမတို့အား မင်္ဂလာပါဟု သံပြိုင်ကြိုနှုတ်ခွန်းဆက်လိုက်သံသည် ကျနော့် ရင်ထဲတွင် ဟိန်းထပဲ့တင်နေတော့၏။ ကျောင်းအတက်အဆင်း ထိုးလိုက်သည့် ခေါင်းလောင်းသံချိုလွင်လွင်မှာလည်း အဆွေးဓာတ်ကို ဆောင်ကြဉ်းလာသည့် မှော်ဒြပ်အဖြစ် အသွင်ပြောင်းကာ ကျနော့်သွေးကြောထဲအထိတိုင် တမြေ့မြေ့ချင်း စီးနစ် ဝင်နေခဲ့လေပြီ။
စာမေးပွဲရာသီကုန်ဆုံးချိန်မှာတော့ ကျနော်တို့၏ငယ်ဘဝပုံရိပ်များဖြင့် လွှမ်းထုံနေတော့သည့် ချစ်လှစွာသော ထိုကျောင်းတော်ကြီး သည် ဝင်းတံခါးပိတ်ကာ ဟင်းလင်းဟာလာဗလာကျင်းလျက် ဆိတ်ငြိမ်တိတ်ဆိတ် ခြောက်သွေ့စွာ ထီးထီးကျန်နေရစ်ပေတော့မည် တကား။ အို .. လွမ်းစွ။
ဒီလိုနှင့် ထိုရက်များအတွင်း ကျနော်ကဗျာတပုဒ်ရေးဖြစ်သွားပြီး လောကကြီးကို ပထမဆုံးပေးဖတ်လိုက်သည်။ သူသုံးလိုက သုံးရန်။ ကဗျာက ..
“ စွယ် တော် အ လွမ်း ”
ခေါင်းလောင်းသံတိတ်
သော့အိမ်ချိတ်လို့
ကျောင်းပိတ်ရက်ရှည် နီးပြီကွယ်
စွယ်တော်ပမာ၊ ရွက်နှစ်လွှာလို
ယှက်ဖြာပေါင်းစု၊ သမုဒယမေတ္တာ
တွယ်တာခုံမင်၊ ချစ်ခင်စုံမက်
နှောင်တည်းဘက်ခြင်း၊ ကွေကွင်း ခွဲခွာ
ကျောင်းပိတ်မှာလေ နွေ နွေ နွေ…
အော် နွေပြဿဒါး၊ ရက်များစိမ်းသက်
ကျောင်းရက်ရှည်ဝေး၊ ရင်သိမ့်ဆွေး၏
ခက်သေးပါဘိ အို နွေရယ်..
ကျောင်းရက်ရှည်ဝေး၊ ဆုံလိုသေးလည်း
ချိုတေးတုံးတိ၊ ပြတ်တောင်းဘိသည်
ခက်သေးပါ၏ အို နွေရယ်
အို .. နွေပြဿဒါး၊ ရက်များလုယက်
ကျောင်းတက်လိုသေး
ခက်သေးတော့တယ် အိုနွေရယ်။
ထိုကဗျာမှာ ကျနော်ငယ်ရည်ငယ်သွေးဘဝက တကယ်ပင်ရေးခဲ့သည့်ကဗျာလေးဖြစ်ရာ ခုနေအခါကဗျာ များနှင့်နှိုင်းစာလျှင် ပုံစံ ဟောင်းကြီးဖြစ်နေပြီး အားနည်းကောင်း နည်းနေပါမည်။ ထားပါ။
ကဗျာကို ခင်မောင်ထွန်းကိုပေးဖတ်တော့ “မင်းဟာက သူနဲ့တွေ့ချင်သေးရင် စာမေးပွဲပဲကျရမလိုပါလားကွာ” ဟု ဆိုသေးသော်လည်း သူ့စာအုပ်တနေရာတွင် ကူးယူထားသည်ကိုတော့ ကျနော်မြင်လိုက်၏။
ကျနော်လွမ်းလိုက်သော စွယ်တော်အလွမ်းက ဒီမှာတွင် စခန်းရပ်သွားသည်မဟုတ်။ ကျနော်တို့အတန်းပိုင် ဆရာမဒေါ်ခင်သန်းဝင်း လက်ထဲသို့ပင် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့လေပြီ။ ဖြစ်ပုံက ကျနော့်ဆီမှ ခင်မောင်ထွန်း၊ ခင်မောင်ထွန်းဆီမှ ဆယ်တန်း(အေ) က သူ့ကောင်မလေး နီလာဆွေထံ။ ထိုမှတခါ ကျနော်တို့ အတန်းပိုင်ဆရာမဆီ။ ထိုသို့ အဆင့်ဆင့်ရောက်လာခြင်း။
“မောင်ခင်မောင်ထွန်း၊ အတန်းရှေ့ကို ခဏထွက်ခဲ့ပါအုံး”
တနေ့သား ကျောင်းတက်ခါစမှာပင် အတန်းပိုင်ဆရာမ ဒေါ်ခင်သန်းဝင်းက ခင်မောင်ထွန်းကို အတန်းရှေ့ထွက်လာရန် ခေါ်လိုက်၏။ ပထမတော့ သာမန်ကိစ္စဟုသာ ကျနော်ထင်လိုက်မိသော်လည်း နောက်တော့မှ ကျနော့်ပယောဂပါ မကင်းသည့်ပြဿနာမှန်း သိလိုက် ရ၍ ငါ့ကိုများ အမှုလာပတ်နေဦးမလားဟု တထိတ်ထိတ် တွေးကာ စိုးရိမ်နေမိလေသည်။
“ကဲ မောင်ခင်မောင်ထွန်းက ဟောဒီ့ကဗျာလေးကို တတန်းလုံးကြားအောင်ဖတ်ပြလိုက်ပါအုံး”
စာဖတ်သူများခင်ဗျာ။ စဉ်းစားသာကြည့်ကြပါတော့၊ နဂိုကမှစကားထစ်ရသည့် လောကကြီးတယောက် အပ်ကျသံကြားရလောက် အောင် တိတ်နေသည့် အတန်းရှေ့သို့ထွက်ကာ ကျနော့်ကဗျာကို ဖတ်ပြရရှာသည်မှာ ဘယ်လောက်ဝဋ်ဒုက္ခ ကြီးလိုက်ပါမည်နည်း။ ကျနော်ရေးမပြရက်တော့ပါ။
ကဗျာဖတ်ပြီးသွားစဉ်မှာတော့ ခင်မောင်ထွန်းကို ဆရာမက နှစ်ကိုယ်ကြားအဖြစ် တော်တော်ရှည်ရှည် ဝေးဝေးတွေ ပြောနေပါသေး သည်။ ကျနော်မကြည့်ရက်ရက်ကြည့်မိတော့ လက်ကိုပိုက်ခေါင်းကိုငုံ့ကာရပ်နေသည့် ကျနော့်သူငယ်ချင်း လောကကြီးခေါ် ခင်မောင် ထွန်း တယောက် မျက်ရည်စီးထွေ ကျလျက်ပါတည်း။
“ ငါ .. ငါ.. ရှက် ..ရှက် ရှက်လိုက်တာ မျောက်ညိုရာ၊ ဆရာမက ငါ့ ငါ့ကို …”
ကျနော်တို့အတန်းပိုင်ဆရာမသည် စာအသင်အပြကောင်းသလို ကျောင်းသားများအပေါ် နားလည်မှုပေးလျက် မေတ္တာဖြင့်ချိုသာ သိမ် မွေ့စွာဆက်ဆံလေ့ရှိသော ဆရာတပါးဖြစ်ရာ ခင်မောင်ထွန်းကိစ္စကို ကိုင်တွယ်ပုံကလည်း အင်မတန်လှပသည်ဟု ကျနော်ထင်ပါ သည်။ ထိုအသက် ထိုအရွယ်၌ဖြစ်တတ်သော သဘာဝတရားကိုလည်း ဆရာမကောင်းစွာ သဘောပေါက်ပုံရသည်။ စိတ်ကစားတတ် ကြသည့် အရွယ်များမဟုတ်လား။
“ငါ့.. ငါ့ကို စာကြိုးစားတဲ့၊ အခုဖြစ်ခဲ့တာတွေ မေ့..မေ့..မေ့လိုက်တဲ့။ ကိုယ့်မိဘ ကိုယ့်ဘဝကို နားလည်ရင် ပြင်.ပြင်.ပညာတတ် ဖြစ်အောင်၊ မိဘအတွက်ရော ကိုယ့်ကိုယ်ကိုယ်အတွက်ပါ ဂုဏ် ဂုဏ်ရှိတဲ့လူဖြစ်အောင် ကြိုးစားတဲ့၊ စိတ်..စိတ်.မလေတော့ဘဲ ခုထဲ ကကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်တဲ့ ”
“ ဒါနဲ့ မင်းက ဘာလို့ ငိုနေရတာလဲ၊ နှာရေတွေလဲ ထွက်လို့”
“ ဟာ ငါ ငါလဲ ဝမ်း ..ဝမ်း ဝမ်းနည်းသွားတာပေါ့ကွ၊ ရှက် ရှက်လိုက်တာလဲ အလွန်ပဲ”
“ ဒါနဲ့ ငါ့ကဗျာလေးကိုရော ဆရာမက ဘာပြောသေးလဲ”
ကျနော်က သူ့ကိစ္စထဲမှ ကိုယ့်အတွက်လည်း အမြတ်ရှာရသေး၏။
“ က. က. ကဗျာလေးက ငါရေးတာလားတဲ့၊ ကောင်း..ကောင်းသားပဲ၊ သိမ်းထားတဲ့”
“ အားပါးပျော်စရာကြီး၊ ကျေးဇူးတင်လိုက်တာလောကကြီးရာ မင်းမျက်ရည်ကျရကျိုးနပ်သဟ”
ကျနော်က ဆရာမစကားကြားရ၍ပျော်နေသော်လည်း လောကကြီးကမူ မျက်နှာလေးငယ်နေမြဲဖြစ်ရာ “ဒီကိစ္စတွေ မေ့လိုက်ပါတော့ ကွာ” ဟု ကျနော်နှစ်သိမ့်လိုက်သေးသည်။ သူက “ ဆရာမပြောတဲ့အထဲမှာ ငါဟာ လက်သမားသားတဲ့။ ငါမို့လို့ သူ့ကိုမှန်းရက်တယ်လို့ နီလာဆွေက ဆိုသတဲ့၊ ငါ ငါ ရှက် ရှက် ရှက်လိုက်တာမှ အရမ်းပဲ ” ဟုဆိုလျက် မျက်နှာလေး ညှိုးမြဲ ညှိုးနေသည်။
“ဒီမှာခင်မောင်ထွန်း၊ လောကကြီးမှာ မင်းတခါပြောသလို ဂုဏ်က အရေးကြီးတယ်ဆိုတာ ငါလက်ခံ သွားပြီ။ ပြီးတော့ ဒီစကားကလဲ ဆရာမက မင်းကိုစာကြိုးစားစေချင်လို့ တမင်ထည့်ပြောတာမျိုး ဖြစ်ချင်ဖြစ်မှာ၊ ကဲ သူငယ်ချင်း ဒါတွေမေ့လိုက်တော့၊ မင်းတို့ငါတို့ ဘဝက ဂုဏ်မဲ့ငွေမဲ့တွေမဟုတ်လား၊ ဒီအဖြစ်မျိုးက ကျွတ်အောင် ဒို့တွေ ကြိုးစားကြတာပေါ့လောကကြီးရာ၊ နော်ကွာသူငယ်ချင်း ”
ဤသည်ကား ကျနော်နှင့် ဘဝအခြေချင်းမကွာခြားလှသည့် လက်သမားဆရာကြီးတဦး၏သား ကျနော့် သူငယ်ချင်း ခင်မောင်ထွန်း ခေါ် လောကကြီး၏ ရင်နင့်ခါးသီးဖွယ်သော အရှုံးပွဲပါတည်း။
သူ့စကားနှင့်ဆိုလျှင်တော့ လောကကြီးကား ဂုဏ်ပကာသနတို့သာလျှင် အခရာပါတကား။
●
သည်လိုနှင့် စာမေးပွဲဖြေဖို့ရက်မှာ နီးသထက်နီးလာရာ ကျောင်းတွေပိတ်တော့မည့်ကာလသို့ ရောက်လာခဲ့ချေပြီ။ ကျနော်တို့ကိုယ်စီ၏ စိတ်ထဲတွင် စာမေးပွဲတစ္ဆေနှင့်အတူ အလွမ်းဓာတ်က ပို၍ပို၍ ရစ်ပတ်ချည်နှောင် လာနေသည်။ ဒီနှစ်ကို ဘဝ၏အဆုံးအဖြတ်နှစ်ဟု လည်း မြင်နေသည်။ စာမေးပွဲကျ၍ နောင်တနှစ်ကျောင်း ပြန်တက်ရသည့်တိုင် ဒီဆရာ၊ ဒီဆရာမ ဒီသူငယ်ချင်းတွေနှင့် ဆုံကောင်းမှ ဆုံရပေတော့မည်။ (ဖွဟဲ့ လွဲစေဖယ်စေ)
ထိုအလွမ်းကိုဆယ်သောအရာကား အမှတ်တရအော်တိုစာအုပ်လေးများဖြစ်ပြီး တဦးနှင့်တဦး အပြန်အလှန်ဖလှယ်ရေးသားကာ အ လွမ်းသယ်ခဲ့ကြသည်၊ စိတ်ကူးယဉ်တတ်လွမ်းတတ်နေပြီဖြစ်သည့် ကျနော်တို့မှာ စာအုပ်ကောင်းကောင်းလေးများမဝယ်နိုင်သည့်တိုင် ကျောင်းသုံးဗလာစာအုပ်လေးကိုပင် ကောင်းနိုးရာရာအဖုံး လေးများရှာကြံဖုံး၍ အော်တိုစာအုပ်လေးအဖြစ် ဖန်တီးကြရသည်။ ထိုအ ထဲတွင် ကျနော်တို့နှစ်ယောက်လည်း ပါ သည်ပေါ့။
ထိုအော်တိုစာအုပ်လေးများတွင် တတန်းတည်းသားချင်း တကယ်ခင်ခင်မခင်ခင် တကယ်ခင်ကြောင်း၊ သတိရနေမည်ဖြစ်ကြောင်းတွေ ပါပြီး နောင်တချိန်ချိန် ပြန်လည်ဆုံတွေ့ကြပါက မာနမကြီးကြေး ဆိုတာမျိုးတွေပါသည့်အပြင် ရည်ရွယ်ချက်မှန်သမျှအောင်မြင်ပါစေ ဆိုသည့် ဆုတောင်းမျိုးပါ ထည့်ရေးကြခြင်းဖြစ်သည်။ ဘာပဲပြောပြော ဟုတ်သော်ရှိမဟုတ်သော်ရှိ ပျော်ဖို့လွမ်းဖို့တော့ အကောင်း သား။
လောကကြီး၏စာအုပ်မှာတော့ ကျနော်က မင်းကို ငါတသက်မမေ့ ဟု ခပ်တိုတိုရေးကာ ကျနော်တို့နှစ်ဦး ကြားရာဇဝင်ရှိခဲ့လေသည့် “စွယ်တော်အလွမ်း”ကဗျာကိုပင် တမင်ကျင့်ထားသော ကဗျာဆန်ဆန်လက်ရေးဖြင့် ရေးပြီး လက်မှတ်ပါ ထိုးပေးလိုက်သည်။
“ ကဲ ငါ့အတွက်လဲ မင်း တခုခုရေးပေးအုံးလောကကြီး၊ မင်းကြိုက်တာသာ ရေး ”
အော်တိုစာအုပ်များသမိုင်းတွင် ရှိခဲ့ဖူးလေသလားတော့မသိ။ လောကကြီးက “ငါ့ကို ဒီည မင်းစာအုပ် ပေးလိုက်ကွာ၊ ညကျမှ ငါစဉ်း စားပြီးရေးပေးမယ်” ဆို၍ ကျနော် ပေးလိုက်ရသည်။
နောက်နေ့ကျတော့ သူ့စာကို သည်သို့ ကျနော်ဖတ်ရ၏။
“ အချစ်ဆုံးသူငယ်ချင်း မျောက်ညို ”
ငါ တညလုံးအိပ်မပျော်ဘဲ ဒီစာကိုရေးလိုက်တယ်၊ မင်းနဲ့ခွဲကြရတော့မှာ မကြာခင်ပဲလို့သိနေရတော့ ငါလွမ်းလိုက်တာကွာ။ ငါအဖြစ် ချင်ဆုံးဆန္ဒတခုကို ငါရေးလိုက်တယ်။ ဒါကတော့ နောင်လာမယ့် နှစ် ၂ဝ လောက် မှာ ငါတို့အသက်တွေ ၄ဝ နီးပါးရှိမှာပေါ့။ ဒီအချိန် မှာ ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ငါ တခါ ပြန်ဆုံချင်တယ်။ ဒို့တွေ ဘယ်ဘဝရောက်ရောက် ဘယ်နေရာကိုရောက် ရောက်နေပါစေ တခါ လောက် ပြန်ဆုံချင်တယ်ကွာ။ စိတ်ကူးယဉ်လိုက်တာလို့ မင်းထင်မှာပါသူငယ်ချင်း။ ဘာပဲဖြစ်ဖြစ် ငါ့ဘဝမှာ ဘယ်လိုမှမမေ့နိုင်တဲ့ ချစ် သူငယ်ချင်းတယောက်ကို ငါပြန်ဆုံနိုင်ဖို့ မင်းလဲ ကြိုးစားမယ်လို့ ငါယုံနေပါတယ်။
ဒီတော့ အနှစ်၂ဝ ပြည့်မယ့် ၁၉၉၅-ခုနှစ်၊ မှတ်ရလွယ်တဲ့ ဇန်နဝါရီလ(၄)ရက်နေ့မှာ ဆုံရလွယ်တဲ့ မဟာ ဗန္ဓုလပန်းခြံရှိရာကို မနက် ၁ဝ နာရီတိတိ မရောက်ရောက်အောင်လာခဲ့ပါလို့ ငါတောင်းဆိုပါတယ်သူငယ်ချင်း။ ငါကိုယ်တိုင်လဲ အဲဒီ့နေ့အဲဒီ့အချိန်ကို မရောက်ရောက် အောင်လာခဲ့ပါ့မယ်လို့ ကတိပေးပါတယ်သူငယ်ချင်း။
မင်းကိုချစ်တဲ့ မင်းသူငယ်ချင်း …
ခင်မောင်ထွန်း (သို့မဟုတ်) လောကကြီး
၅.၃.၁၉၇၅
ပင်ကိုယ်လက်ရေးဝိုင်းစက်စက်မှာ မှင်စိမ်းဖြင့်ရေးထားသည့်သူ့စာကိုဖတ်ရင်း ကျနော်ပင် လွမ်းမောမိ သလိုလိုဖြစ်ခဲ့ရကာ တော်တော် နှင့် စကားမပြန်နိုင်ခဲ့။ သူကဘေးမှာထိုင်ရင်းက “မျောက်ညို ငါ ငါ ငါ တကယ်ပြော တာကွ၊ ငါ မင်း မင်းကို အသက် ၄ဝ လောက်မှာ ပြန်တွေ့ချင်သေးတယ်ကွာ။ ၄ဝ မှ ဘဝစတယ်လို့ဆိုတယ် မဟုတ်လား” ဟု ပြော၏။ ကျနော် သူ့မျက်နှာကိုကြည့်မိတော့ သူ့မျက်လုံး အိမ်မှာ မျက်ရည်စိုစို သီသီဝေ့လျက်။
“ကဲပါကွာ ဝမ်းနည်းမနေပါနဲ့၊ နောက်အနှစ် ၂ဝ ဟုတ်လား၊ ငါ မင်းပြောသလို ဆက်ဆက်လာခဲ့မယ် ကွာ၊ ခုတော့ စာမေးပွဲအတွက်ပဲ ဒို့ပြင်ဆင်ကြတာပေါ့၊ ဟိုမှာကြည့်စမ်း၊ စိန်ပန်းပင်တွေ ပွင့်တော့မယ်တွေ့လား၊ ဒါ စာမေးပွဲဖြေရတော့မယ့်နိမိတ်ပဲ၊ ခုချိန်ကစပြီး ဒို့ပြင် ဆင်ကြစို့”
ကျနော်က ကျောင်းခြံစည်းရိုးရှိ စိမ်းရင့်ခက်ဖြာရာမှ ရဲရဲနီနီပွင့်လေတော့မည့် စိန်ပန်းပင်တန်းရှိရာသို့ သူ့ကိုထိုးပြကာအားတင်းပေး လိုက်တော့ ခင်မောင်ထွန်း၏လောကသည် ရဲရင့်မှန်ကန်ခြင်းဆီသို့ ရောက်သည်ထင်၏။ ထိုနှစ်က ရူပသင်္ချာနှစ်ဘာသာဂုဏ်ထူးဖြင့် ဆယ်တန်းတည်းဟူသောနက်ရှိုင်းလှသည့် ဂမ္ဘီရ ချောက်ကမ်းပါးကြီးကို အောင်မြင်စွာ သူကျော်လွှားသွားနိုင်ခဲ့ပါလေသည်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment