Friday, January 22, 2010

ကျောက်ဖြစ်သွားတဲ့ .. နှင်း


အပိုင်း(၂)
နှစ်လရာသီ နာရီရထားသည်ကား သူ့ခရီးစဉ်အ တိုင်း မှန်မှန်ကြီး ချီတက်မောင်းနှင်မြဲ မောင်းနှင် နေရာ ၉ဝ ခုများသို့ပင် စွန်းခဲ့ချေပြီ။ ကာလ ယန္တရားကြီးသည်လည်း ကျနော်တို့ ကိုယ်စီ ကိုယ်စီကို တူရာတန်ရာ
ဘဝဇာတ်ခုံအသီးသီး သို့ သူ့မှာ တာဝန်မကင်းလေသည့်နှယ် တွန်း တင်ပို့ခဲ့လေပြီ။ ကျနော်ပင် စာရေးသူတပိုင်း အယ်ဒီတာတပိုင်းဘဝဖြင့် မိမိစိတ်နှလုံးသား မွေ့ ပျော်ရာ စာပေနယ်တွင် နစ်မျောနေခဲ့ရာ နှစ်အ တန်ကြာရှိခဲ့ပြီ။
တနေ့မှာတော့ မင်္ဂလာဒုံဘက်ရှိ စာရေးဆရာ တဦးနှင့်တွေ့ရန်အသွား မင်္ဂလာဒုံဈေးတွင် “ဟေ့ ကောင် မျောက်ညို ဘဖေငြိမ်း” ဆိုသည့် ခေါ် သံကြောင့်လှည့်ကြည့်ဖြစ်ရာ လေတပ်ယူနီဖောင်းဝတ်စုံနှင့် လူတယောက်။
“ဟာ ဝင်းတင်၊ သူငယ်ချင်း ”
ကျနော် သူ့ရှေ့မှဖြတ်လာခဲ့ခြင်းဖြစ်သော်လည်း တပ်ယူနီဖောင်းနှင့်ဖြစ်နေ၍ သတိမထားမိခဲ့။ ရှစ်လေး လုံးအရေးတော်ပုံကြီးပြီးစ ပူပူ နွေးနွေးကာလမို့ ယူနီဖောင်းဝတ်မှန်သမျှနှင့် ဝေးဝေးမှနေချင်ရာ သူ့ကိုသတိမထားမိခဲ့ခြင်းဖြစ်မည်။
ကျနော်တို့နှစ်ဦးသား နီးရာကဖေးဆိုင်လေးတွင် ခဏတာဝင်ထိုင်ဖြစ်ကြရင်း ကိုယ့်အကြောင်း သူ့အကြောင်းတွေပြောကြရာမှ လော ကကြီးခေါ် ခင်မောင်ထွန်း အကြောင်းလည်းပါလာသည်။ တိရစ္ဆာန်ဆရာဝန် ဖြစ်နေသည့် ခင်မောင်ထွန်းက ရန်ကုန်တဖက်ကမ်းမြို့တ မြို့တွင် အိမ်ထောင်ရက်သားကျလျက် အခြေကျနေပြီဆို တာလောက်တော့ ကျနော်တို့သိသည်။
“မင်းနဲ့ရော အဆက်အသွယ်ရှိသေးလား” ဟု ဝင်းတင်ကမေးတော့ ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့ ဖြေအပြီး ခင်မောင်ထွန်းနှင့် ကျနော်တို့ အပြန်အလှန်အိမ်လိုက်လည်ခဲ့ကြပုံ၊ ကျောင်းပိတ်ပြီးနောက် သုံးလေးလ လောက်အထိလည်း ကျနော့်ဆီ စာအဆက်မ ပြတ်ရေးခဲ့ပုံနှင့် တိမွေးကုတက္ကသိုလ်တက်နေစဉ်မှာလည်း ကျဲကျဲ တခါ စာရေးလေ့ရှိသည်တို့ကို ပြောပြဖြစ်သည်။ နောက်ပိုင်းတော့ အဆက်အသွယ်လုံးဝပြတ်သွားသည်။
“ငါ့ဆီစာလာတိုင်း သူ တက္ကသိုလ်တက်ရတာ တော်တော်ခက်ခဲတာတို့၊ သူ့အဖေက ကျန်းမာရေး မကောင်းတဲ့ကြားကနေ သူ့ကို ဘွဲ့မ ရရအောင်ကြိုးစားခိုင်းတယ် ဆိုတာတို့၊ ကျောင်းမှာ ငွေကြေးချို့ချို့တဲ့တဲ့နဲ့ သူမျက်နှာငယ်ရတာတို့၊ တကယ်တော့ ဒီပညာတွေတတ် မြောက်ဖို့သင်ယူနိုင်တဲ့ လူတန်းစားက ငါတို့မဟုတ်ဘူးဆိုတာတို့၊ ဒါတောင် ဆေးကျောင်းများအမှတ်မီရင် သူတက်နိုင်မှာ မဟုတ်ဘူး ဆိုတာတို့၊ စုံနေတာပါပဲကွာ၊ ဒါတွေဟာ စနစ်ကြီးတခုလုံးရဲ့ အားနည်းချက်ပဲ၊ ပညာရပ်တိုင်းကို လူတကာသင်နိုင်ရမယ်တဲ့။ သူငါ့ဆီ တရားလှမ်းလှမ်း ဟောနေသေးတာ ”
ဝင်းတင်က ကျနော့်စကားဆုံးတော့ ပြုံးထေ့ထေ့လုပ်ကာ “မင်းငယ်ငယ်ကပြောခဲ့တဲ့ဒိုင်ကြောင်တွေနဲ့ မင်းကို တရားပြန်ဟောတာ နေ မှာပေါ့၊ တကယ်လဲ သူက ဘဝနာတယ်လေကွာ၊ ဒို့တွေ ဘာထူးလဲ” ဟု ဆိုသည်။
“ဒါနဲ့မင်းနဲ့ရော ထပ်တွေ့သေးလား”
ဟုမေးတော့ ဝင်းတင်က သူနှင့်လည်းမတွေ့တာကြာပြီဖြစ်ကြောင်း
“ဒီလိုပဲကွာ၊ ကိုယ့်ဘဝ ကိုယ့်လမ်းနဲ့ကိုယ် လျှောက်နေကြရတာပဲသူငယ်ချင်း” ဟုပြောသည်။ ဝင်းတင်မှာ ကလေးနှစ်ယောက်ဖခင်ပင် ဖြစ်နေပြီ။ စစ်တပ်ကထွက်လိုသော်လည်း ထွက်ခွင့်မရ၍ စိတ်ပျက်မိကြောင်း ညည်းပြော လေးလည်း ပြောသွားသေးသည်။
ခွဲကြမည်လုပ်တော့ ဝင်းတင်က “မျောက်ညို၊ မင်းခင်မောင်ထွန်းဆီ တခါလောက် သွားလည်ဖို့ကောင်းတယ်ကွ၊ သူ တော်တော် ချမ်းသာနေပြီလို့ ငါကြားတာပဲ” ဟု ဆိုသည်။ ဝင်းတင် အပြောကြောင့် အထက်တန်းကျောင်းသားဘဝက ခပ်ညှိုးညှိုးမျက်နှာလေးနှင့် နေတတ်ခဲ့လေသော၊ ပိုက်ဆံရှိ မိန်းကလေးတယောက်အတွက် အတန်းရှေ့ထွက်ကာ မျက်ရည်တတွေတွေကျခဲ့ရဖူးလေသော.. ပြီး တော့ ကျနော့် အပေါ်တွယ်တာလွန်းလှသော လောကကြီး၏ ငယ်ဘဝပုံရိပ်ကို ပြန်မြင်နေမိသည်။ တွေးကြည့်တော့ သူချိန်းဆိုခဲ့ဖူးလေ သည့် ၁၉၉၅ လွတ်လပ်ရေးနေ့ပင် တဖြည်းဖြည်းနီးလာကောဟု သတိထားမိလိုက်၏။ အော် အနှစ် ၂ဝ ဆိုတာလည်း ဘာမှ မ ကြာသေးသလိုပါပဲလားလောကကြီးရေ။

လူ့လောကကြီးကပဲ ဆန်းကျယ်တာလား ကျနော့်သူငယ်ချင်းလောကကြီးကပဲ ဆန်းကျယ်သွားခဲ့လေ သည်လားတော့ ဝေခွဲမပြတတ် တော့။
ထိုနေ့ မှတ်မှတ်ရရ သက္ကရာဇ် ၁၉၉၅ ပြည့် ဇန်နဝါရီ (၄) ရက်နေ့မနက် နှင်းတွေမကွဲမီမှာပင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိရာသို့ ကျနော် တကယ်ပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါသည်။ မနက်ကိုးနာရီ မထိုးမီကပင် စောစောစီးစီးကြိုရောက်နှင့်ကာ ကျနော့်သူငယ်ချင်း လောကကြီးခေါ် ခင်မောင်ထွန်းကို စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။
တကယ်တော့ လွန်ခဲ့သော နှစ် ၂ဝ က ငယ်ရွယ်သူတို့၏ စိတ်ကူးယဉ်မှုသည် အသက်အရွယ် ရင့်ကျက် လာသည်နှင့်အမျှ အိပ်မက်ပုံ နှယ် တရေးနိုးအထတွင် ပျောက်ပြယ်သွားတတ်ကြသည် မဟုတ်လား။ ဒါကို ကျနော် မမြင်မတွေးနိုင်ခဲ့သည်မဟုတ်။ သို့တိုင် ကျနော့် သူငယ်ချင်း၏ မျက်ရည်သီသီဝေ့နေလေသည့် ငယ်ဘဝရုပ်ပုံလွှာကို မြင်ယောင်မိတိုင်း ကျနော့်၏တွေးထင်မှုများက အလိုလိုပျယ်လွင့် မှေးမှိန်၍သာ သွားလေမြဲ။
ထိုရက်မတိုင်မီတလလောက်ကလည်း ခင်မောင်ထွန်းကြီးပျင်းခဲ့ရာ မြောက်ဥက္ကလာပ၏ မြို့စွန်ကျကျ ရပ်ကွက်လေးသို့ ကျနော်ရောက် သွားခဲ့သေး၏။ မိတ်ဆွေစာရေးဆရာတယောက်၏ ကျန်းမာရေးသတင်းကိုမေးရင်း အားပေးစကားလည်းပြောရင်း ရောက်ခဲ့ခြင်းဖြစ် သည်။ စိတ်ထဲတွင် ခင်မောင်ထွန်းတို့အိမ်အနားတဝိုက်ဟု ထင်မိသည်နှင့်မေးမြန်းကြည့်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် သွားတွေ့ သည်။
ခင်မောင်ထွန်း ကျောင်းသားဘဝကနေခဲ့သည့် ယခင်အိမ်တော့မဟုတ်။ တထပ်တိုက်ပြားပြားလေးဖြစ်သွားပြီ။ သို့သော် သူ့ဖခင် လက် သမားဆရာကြီးကတော့ မရှိတော့ပြီ။ မိခင်ဖြစ်သူကတော့ သူ့သားသူငယ်ချင်းဖြစ်သည့် ကျနော့်ကို လှိုက်လှိုက်လှဲလှဲ ဆက်ဆံရှာ သည်။ သူ့သားရောက်မလာတာကြာပြီဟုလည်း အလွမ်းသံ သဲ့ သဲ့နှင့်ဆို၏။
“သူက ဆရာဝန်ကြီး သူဌေးကြီးလေကွဲ့၊ အမေတို့ဆီ ခဏခဏဘယ်လာချင်ပါ့မလဲသားရဲ့၊ လာချင်ရင် အနီးလေး၊ မလာချင်ရင်သာ ခရီးဝေးတာမဟုတ်လား” ဟု မျက်ရည်စွက်လျက် ပြောသည်။ ရန်ကုန်တဖက်ကမ်းမှ သိပ်မဝေးလှသည့် ခင်မောင်ထွန်းရှိရာမြို့ကို ရည်ညွှန်းပြောခြင်းဖြစ်ဟန်ရှိသည်။
ထိုညတွင် ကျနော်တို့ဆယ်တန်းကျောင်းသားဘဝက ကျနော့်အော်တိုစာအုပ်လေးထဲမှာ သူရေးခဲ့သလို ၁၉၉၅ ဇန်နဝါရီ (၄) ရက်နေ့ နံနက် ၁ဝ နာရီတွင် သူချိန်းဆိုရာဆီသို့ မပျက်မကွက်သွားစောင့်နေမည့်အကြောင်း သူ့အမေပေးလိုက်သည့်လိပ်စာကို တပ်ကာ ခင်မောင်ထွန်းဆီ စာတစောင်ရေးလိုက်သည်။
ငယ်ငယ်ကလို လွမ်းအားပိုတတ်သေးရင်တော့ လောကကြီးတယောက် မလွဲမသွေပေါက်ချလာမှာပဲဟု ကျနော်ထင်နေသည်။ ဒီ ကောင်လာမည်။ လောကကြီး ပေါက်ချလာမည်ဟု ကျနော်ယုံနေသည်။
သို့သော်….
ထိုနေ့ကမွန်းတည့်ချိန်ထိတိုင် ကျနော်စောင့်မျှော်နေခဲ့သော်လည်း ခင်မောင်ထွန်း ပေါ်မလာခဲ့။ တခုသော လွတ်လပ်ရေးနေ့၏ မွန်း တည့်နေရောင်အောက်မှာ ကျနော်သာ ခြောက်သွေ့နွမ်းလျစွာ လှည့် ပြန်လာခဲ့ရပါသည်။
နှစ်ပရိစ္ဆေဒများကား အရာရာကို ပြောင်းလဲပြုပြင်စီရင်နိုင်တတ်လေသည့် သဘောပါတကား။ အော် လောကကြီးကား ဆန်းကျယ်လွန်း လှသည်ဟု ဆိုနိုင်လေမလား သူငယ်ချင်း။

No comments: