ပြန်လည်တမ်းတလို့ မရသော
ရယ်မောသံတွေနဲ့ တမ်းတမ်းတတ အလွမ်းညတွေဟာ
မဲဆောက် ဖြစ်တယ်။
မဲဆောက်ဟာ
မဲဆောက် ဖြစ်သလို
မဲဆောက်ကို လွမ်း
မဲဆောက် အလွမ်းသမားတွေလဲ
ဒုနဲ့ဒေး ရှိတယ်။
ပြန်လှည့်ကြည့်ပြန်တော့
လွမ်းလိုက်တယ် မဲဆောက်ရယ်လို့ ပြောဆိုပြီး
ဟမ်ပါဘာတကိုက် ဘီယာတကျိုက် သောက်နေသူတွေကိုလည်း
မဲဆောက်က ကြိုဆိုတယ်၊
ပြီးတော့တခါ
မိုက်မိုက်မဲမဲ
မဲဆောက်ကို မေ့သူတွေကိုလည်း မဲဆောက်ဟာ
မမေ့နိုင်ပြန်ရှာသူ မဲဆောက် ရယ်ပါ။
ပြန်လာခဲ့ပါမယ်ဆိုတဲ့ သူတွေရဲ့စကားကို
ယုံကြည်တမ်းတတတ်သူ မဲဆောက်ဟာ
ငါးဘတ်တန် ကျဆိမ့် လဖက်ရည်လေးနဲ့
စောင့်မျော်နေတတ်သူ မဲဆောက်ပါ။
အနာဂါတ်အတွက်လို့ ပြောဆိုပြီး
အနာဂါတ်ကို ဆိုဆုံးမခဲ့တဲ့ မဲဆောက်ဟာ
သူ ကျပျောက်သွားခဲ့တဲ့ အနာဂါတ်ကိုတော့
ဘယ်တော့မှ ပြန်ကောက်မရခဲ့တဲ့ မဲဆောက်ပေါ့။
လူက လူကိုလိမ်ခြင်း
ခေတ်က ခေတ်ကိုလိမ်ခြင်း
စော်ကားမှုက မေတ္တာတရားကိုလိမ်ခြင်း
စေတနာက ဝေဒနာကိုလိမ်ခြင်းတွေနဲ့
ပြည့်နှက်နေတဲ့ မဲဆောက်ဟာ
အင်တာနက်စာမျက်နှာတွေကိုလည်း
ကြည့်ရှုဖို့
ရွံရှာနေရှာသတဲ့။
အိုဘယ့် မဲဆောက် ခင်ဗျာ
မိန်းမတယောက်ရဲ့ ထမီနား ခိုစားခဲ့ပြီး
အဲဒီ မိန်းမကို မှိုချိုး မျှစ်ချိုး
ပြောဆိုနေကြတဲ့
လူတစုကို နားမလည်နိုင်စွာ ငေးမောရင်း
မဲဆောက်ဟာ မဲဆောက်မြို့မှာ
တိတ်တိတ်လေး ငိုကြွေးနေရှာလေရဲ့။

No comments:
Post a Comment